News @ M-Media

Blog

  • ဝေးလ်မှာ အင်္ဂလန်ကို အနိုင်ကစားနိုင်သည်ဟု ဘေးလ်ပြော

    ဝေးလ်မှာ အင်္ဂလန်ကို အနိုင်ကစားနိုင်သည်ဟု ဘေးလ်ပြော

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    wale

    – လာမည့် ယူရို ၂၀၁၆ တွင် အင်္ဂလန်နှင့် ယှဉ်ပြိုင်ကစားရခြင်းအတွက် မိမိအနေဖြင့် ကြောက်ရွံ့နေမည်မဟုတ်ဘဲ အင်္ဂလန်အသင်းအား ဝေးလ်က အနိုင်ယူနိုင်မည်ဟု တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ဝေးလ်မှာ ယူရို ၂၀၁၆ ခြေစစ်ပွဲကို အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ပြီး နှစ်ပေါင်း ၅၈ နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဓိကပြိုင်ပွဲကြီးတစ်ခုကို ၀င်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ယူရို ၂၀၁၆ အုပ်စုမဲခွဲပွဲကို လာမည့်စနေနေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အင်္ဂလန်နှင့်တွေ့ပါက ဝေးလ်မှာ အနိုင်ကစားနိုင်မည်ဟု ဘေးလ်က ယုံကြည်နေသည်။

    “အင်္ဂလန်နဲ့ ကျမယ်ဆိုရင်တော့ ကျွန်တော်တို့ ပျော်ရွှင်မိမှာပါ။ ဘာ့ကြောင့် မပျော်ရမှာလဲ။ အင်္ဂလန်ကို ကျွန်တော်တို့ အနိုင်ကစားနိုင်တယ်လို့ ထင်ပါတယ်။ ပြီးတော့ သူတို့ကို ဖိအားတွေပေးနိုင်မှာပါ။ ဒါပေမယ့် ဘယ်သူနဲ့ ကစားရကစားရ ကျွန်တော်တို့ဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အပေါ်မှာ ဖိအားမရှိပါဘူး။ ပြိုင်ပွဲကို ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး နိုင်ငံဂုဏ်တက်ဖို့ ကြီုးစားမှာဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်နိုင်တာက ဒါပဲဖြစ်ပြီး ပရိတ်သတ်တွေကလည်း ဒါကိုပဲ တောင်းဆိုထားတာပါ” ဟု ဘေးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ တားဆီးထားတဲ့ ၅၉(စ) ယာယီ ဆိုင်းငံ့ ဖို့ဖြစ်လာမှာလား

    ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ တားဆီးထားတဲ့ ၅၉(စ) ယာယီ ဆိုင်းငံ့ ဖို့ဖြစ်လာမှာလား

    daw-aung-san-suu-kyi-attends-parliament

    ဒေါ်အောင်ဆန်းစုကြည်အား  ဖွဲ့စည်းပုံဥပဒေမှ တားဆီးထားသည့် သမ္မတဖြစ်ရေး အခွင့်အလမ်းအတွက် အမြင်သစ်တစ်မျိုးဖြင့် တင်ပြလာသည်ကိုတွေ့ရသည်။

    ပြီးခဲ့သည့်လ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော USDP ပါတီမှ  အမတ်တစ်ဦး ဖြစ်သည့် သူရဦးအောင်ကိုမှ အကြံပြုချက်တခုကို ပြောကြားခဲ့ခြင်းဖြစ်သည်။

    “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉(စ)ကို  ယာယီ ဆိုင်းငံ့ စေမည့် အဆိုတစ်ရပ်ကို လာမယ့် လွှတ်တော်မှာ တင်သွင်းလို့  လွှတ်တော်အမတ် ၅၀ ရာခိုင်နှုန်းအထက်၏ ထောက်ခံမဲ ရရှိခဲ့ရင် အတည်ပြုနိုင်ပါတယ်”  ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကိုယ်စားပြု  လက်ရှိ ပြည်သူ့လွှတ်တော်အမတ် သူရဦးအောင်ကို မှ The Myanmar Times သို့ ၂၀၁၅ ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

    ပုဒ်မ ၅၉(စ)မတွင် ခင်ပွန်းသည်နှင့် သားသမီးများက နိုင်ငံခြားသား စာရင်းဝင်နေသူကို သမ္မတ ရာထူးအတွက် အမည် တင်သွင်းခွင့် တားဆီးထား၏။

    သို့သော်လည်း စစ်တပ်မှ မိမိ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအတွက် ရေးဆွဲထားခဲ့သည့် ၂၀၀၈ အခြေခံဥပဒေ၌ အဆိုပါပုဒ်မအား ဆိုင်းငံ့ရင် ခွင့်ပြုထားခြင်း မပါရှိသော်လည်း ယခင် အခြေခံဥပဒေများ၌မူ ထိုသို့ပြုလုပ်ခွင့်ရှိကြောင်းတွေ့ရသည်။

    ပုဒ်မ ၅၉(စ) ဖယ်ရှားရန် သို့မဟုတ် အပြောင်းအလဲပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း အထက် ထောက်ခံပေးရန် လိုအပ်နေသည်။ သို့ဖြစ်ရာ လွှတ်တော်နှစ်ရပ်လုံးရှိ စစ်တပ်အုပ်စုက ၂၅ ရာခိုင်နှုန်၏အဆုံးအဖြတ်က အခရာကျနေကြောင်း ပေါ်လွင်လျက်ရှိ၏။

    “လူထုဆန္ဒအရ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆန္ဒအရ NLD ဥက္ကဋ္ဌကို သမ္မတနေရာ တင်မြှောက်ရေးအတွက် လက်ရှိအနေအထားမှာ ပုဒ်မ ၅၉(စ)ကို ပြောင်းလဲလိုက်ဖို့ မလိုအပ်ပါဘူး။ လာမယ့် လွှတ်တော် အစည်းအဝေးမှာ ဒီပုဒ်မကို (အသက်ဝင်မှု ဆိုင်းငံ့ထားရေး) အဆိုပြုချက်တစ်ရပ်ကို တင်သွင်းရပါ့မယ်။ တကယ်လို့ လွှတ်တော် ကိုယ်စားလှယ် ထက်ဝက်ကျော်က ထောက်ခံမယ်ဆိုရင် လွှတ်တော်က ဒီအတိုင်းဖြစ်စေဖို့ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်နိုင်ပြီဖြစ်ပါတယ်” ဟု သူရဦးအောင်ကိုက ပြောပြသည်။

    သူရဥိးအောင်ကိုသည် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် နီးစပ်သူဖြစ်ပြီး၊ ပြီးခဲ့သည့်သြဂုတ်လအတွင်း ပါတီတွင်းအာဏာသိမ်းပွဲ၌ အခြားသော USDP ခေါင်းဆောင်များနှင့် သဘောထားကွဲလွဲခဲ့သူတစ်ဦးဟု ကျော်ကြားသည်။ ၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းကို ဆက်လက် ထိန်းသိမ်းလိုသူဖြစ်ကာ လွှတ်တော်ထဲတွင် ဘေးချင်းယှဉ် အတူထိုင်လေ့ရှိသည်။ သို့သော် သူသည် ဤအခွင့်အရေးကို ကြာရှည်ရတော့မည် မဟုတ်။ သူနှင့်ဦးရွှေမန်း နှစ်ဦးစလုံး နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၌ ရှုံးနိမ့်သွားခဲ့၍ဖြစ်သည်။

    ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေး စိတ်ကူးနှင့်ပတ်သက်ပြီး ဥပဒေကျွမ်းကျင်ပညာရှင်များအကြား အမြင်အမျိုးမျိုးဖြင့် ဆွေးနွေးလျက်ရှိကြသည်။

    “စစ်တပ်အတွက်ကတော့ စွန့်စားရမယ့် ခြေလှမ်းပါ။ ဒီအချက်က အခြေခံဥပဒေ အပြောင်းအလဲအပေါ်ရှိတဲ့ ဗီတို အာဏာကို ထိခိုက်သွားနိုင်လို့ပါပဲ၊ အဲ့ဒီဗီတိုအာဏာကိုလည်း ဆိုင်းငံ့ရမယ့်အနေအထား ဖြစ်နေပါတယ်” ဟု ၀ါရင့်  နိုင်ငံရေး သုံးသပ်သ တစ်ဦးက သုံးသပ်သည်။

    NLD ၏ ဥပဒေအကြံပေး ဦးကိုနီက လွှတ်တော် ကိုယ်စားလှယ်အများစု၏ ထောက်ခံမှုအားဖြင့် ပုဒ်မ ၅၉(စ) ယာယီဆိုင်းငံ့မှုမှာ နည်းပညာအယူအဆပိုင်းအရ ဖြစ်နိုင်သည်ဟု မိမိ ယုံကြည်ကြောင်း၊ သို့သော် ၎င်းတို့ထက် အရေးအကြီးဆုံးမှာ စစ်တပ်၏ သဘောတူထောက်ခံမှုဖြစ်နေသဖြင့် ဖြစ်နိုင်ဖွယ် နည်းပါးကြောင်း  မြန်မာတိုင်းမ်သို့ ပြောကြားသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနေရာ တင်မြှောက်နိုင်ရေးအတွက် ပုဒ်မ ၅၉(စ)အား ဖျက်သိမ်းခြင်းထက် ယာယီဆိုင်းငံ့ခြင်းကို စစ်တပ်မှ သဘောတူလိုလားနိုင်ခြေရှိသည်ဟုလည်း နိုင်ငံရေး သုံးသပ်သူ အချို့မှ သုံးသပ်နေကြသည်။

    လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းနီးပါး ရရှိထားသည့် NLD ပါတီ၏ခေါင်းဆောင် အသက် ၇၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်က သူမသည် သမ္မတ နေရာ ရသည်ဖြစ်စေ မရသည်ဖြစ်စေ အနာဂတ်အစိုးရကို ပဲ့ကိုင် ထိန်းကျောင်းပေးသွားမည်ဟု ရှင်းလင်းစွာ ဆိုထားခဲ့ပြီးဖြစ်သည်။

    ဒီဇင်ဘာ ၄ ရက်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် NLD ခေါင်းဆောင်တို့၏ ရှောင်တခင်တွေ့ဆုံခဲ့ချိန်ကစပြီး ဖြစ်ပေါ်လာနိုင်သည့် ရလဒ်များအပေါ် ငြင်းခုံခန့်မှန်းချက် အမျိုးမျိုးဖြစ်နေသည်။

    ကြားဝင်သူအဖြစ်ဆောင်ရွက်ခဲ့သော အာဏာရှင်ဟောင်း၏ မြေးဖြစ်သူ၏စကားများအရ “ရွေးကောက်ပွဲအနိုင်ရပြီးသည့်နောက် မြန်မာ့ အနာဂတ်ခေါင်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်ပါမည်” ဟု ဦးသန်းရွှေမှ ပြောကြားခဲ့ကြောင်း သိရသည်။

    အဆိုပါပြောကြားချက်များ၊ ဒီဇင်ဘာ ၂ ရက်က သမ္မတဦးသိန်းစိန်နှင့် စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ သူရဦးရွှေမန်းနှင့် ဆွေးနွေးနွေးမှုများ အပေါ်မူတည်ပြီး ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေးဖြစ်နိုင်ဖွယ်ရာ မြင့်မားနေသည်ဟူ၍ မိမိဖက်မှခံစားရကြောင်း၊ အဆိုပါဆွေးနွေးမှုများမှ ရလဒ်ကောင်းများ ထွက်ရှိခဲ့ကြောင်း၊ နာမည်ပျက် စာရင်းဝင် အေးရှားဝေါလ်ရန်ကုန်ဆိပ်ကမ်းနှင့်အခြားအခရာကျသည်များအပေါ် အမေရိကန်၏ ပိတ်ဆို့မှုလျှော့ချမည့် ဆုံးဖြတ်ချက်ဖြစ်လာသည်ကို တွေ့လာရကြောင်း  တရားစီရင်ရေးနှင့်ဥပဒေရေးရာစိစစ်ရေး ကော်မတီခေါင်းဆောင်သူရဦးအောင်ကိုက ဆိုသည်။

    “ဆိုင်းငံ့တယ်ဆိုတာ ရုပ်သိမ်းလိုက်တာ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ သံတမန်ရေးရာတွေမှာတော့ အခွင့်အာဏာ တည်နေဦးမှာပါ။ တကယ်လို့ တိုင်းပြည်နောက်ပြန်ဆုတ်ခဲ့ရင်တော့ အဲ့ဒါတွေက ပြန်လည်အသက်ဝင်လာမှာပဲ”။

    ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က သူမသည် သူရဦးအောင်ကို၏ အမြင်ကို ထောက်ခံကြောင်း မြန်မာတိုင်းမ်သို့ ပြောကြားသည်။

    “ဒါဟာ ပြောင်းလဲဖို့အခွင့်အရေးပါပဲ။ တကယ်လို့ လူတိုင်းက လက်ခံသဘောတူမယ်ဆိုရင် လက်ရှိလွှတ်တော်သက်တမ်း မကုန်ဆုံးခင် ဖြစ်ပေါ်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လူတိုင်းက မြင်တွေ့ချင်နေကြတာလေ”။

    သို့သော်လည်း ယင်းအဆိုပြုချက်အပေါ် USDP အတွင်းပိုင်း၌လည်း အတိုက်အခံပြုနေသူများ ရှိသည်။

    ဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးဇော်မြင့်ဖေက “ဒီ(အခြေခံဥပဒေ ဆိုင်းငံ့ခြင်း)ကိစ္စကို ကျွန်တော် ကြားပြီးပါပြီ။ ဒါပေမယ့် ကျွန်တော့်အမြင်အရ ဒါဟာ မဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။

    ယင်းအရေးအရာကို ဥပဒေကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးပြီးဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားလိုက်ပါသည်။

    “ဆွေးနွေးမှုတွေကတော့ ရှိနေဦးမှာပါပဲ။ အဲ့ဒီနောက် အဖြေတစ်ခုကို ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်”။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxx

    The Myanmar Times မှ ထူးသန့် ရေးသားသော New idea floated to allow NLD leader to assume presidency သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • သွေလွန်တုပ်ကွေး ကာကွယ်ဆေးကို မက္ကဆီကိုတွင် ပထမဆုံး အသုံးပြုမည်

    သွေလွန်တုပ်ကွေး ကာကွယ်ဆေးကို မက္ကဆီကိုတွင် ပထမဆုံး အသုံးပြုမည်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    dan

    – အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့တွင် နှစ်စဉ် လူသန်းပေါင်း ၃၉၀ ခန့်အထိ ကူးစက်မှုဖြစ်ပွားသော
    သွေးလွန်တုပ်ကွေးရောဂါပိုး တိုက်ဖျက်ရာတွင် အသုံးပြုရမည့် ကာကွယ်ဆေးများ တရားဝင် လက်ခံရရှိပြီဖြစ်ကြောင်း မက္ကဆီကို ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။

    ဖဒရယ် ဆေးဘက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး အေဂျင်စီကမူ အဆိုပါ ကာကွယ်ဆေးကို ကမ္ဘာတစ်ဝှမ်းရှိ လူနာ ၂၉၀၀၀ ကျော်အား စမ်းသပ်ထားသည်ဟု ပြောကြားခဲ့သည်။ ဆေးအမည်ကို မက္ကဆီကိုအာဏာပိုင်များက ဖော်ပြခဲ့ခြင်း မရှိသော်လည်း ပြင်သစ်အခြေစိုက် Sanofi Pasteur က Dengvaxia ဆေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံသို့ ရောက်ရှိလာသည့် ထိုကာကွယ်ဆေးများကို သွေးလွန်တုပ်ကွေးရောဂါပိုး အများဆုံးတွေ့ရလေ့ရှိသည့် ဒေသများ၌ အသက် ၉ နှစ်မှ ၄၅ နှစ်အတွင်း ရှိသူများအတွက် ရည်ရွယ်အသုံးပြုသွားမည် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြောကြားချက်အရ အဆိုပါကာကွယ်ဆေး၏ ထိရောက်မှုမှာ ပျှမ်းမျှ ၆၅ ဒသမ ၈ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။ ဤရာခိုင်နှုန်းမှာ ကာကွယ်ဆေးတစ်ခုအတွက် နည်းပါးသော ပမာဏဖြစ်သည်။ ၀က်သက်နှင့် ပိုလီယိုကဲ့သို့သော ကာကွယ်ဆေးသည်ပင် ၉၅ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိသည်။

    သို့သော် Dengvaxia ကာကွယ်ဆေးမှာ အထူးသဖြင့် ရောဂါပြင်းထန်မှုမှ ကာကွယ်ပေးပြီး ကိုယ်တွင်း သွေးယိုစီးခြင်း၊ ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်ခြင်းတို့ ဖြစ်ပွားမည့် အန္တရာယ်တို့မှ ထိရောက်စွာ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

    “စမ်းသပ်သုံးစွဲမှုတွေကရရှိတဲ့ အထောက်အထားအရ ကာကွယ်ဆေးထိုးထားသူ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဆေးရုံတက်ပြီးကုသဖို့ လိုမှာမဟုတ်ပါဘူး။ သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် အဓိကလျှော့ချရာမှာ ကျယ်ပြန့်စွာအသုံးပြုဖို့လိုအပ်ပါတယ်” ဟု မဲလ်ဘုန်းတက္ကသိုလ်မှ ပါမောက္ခ ကင်မရွန်ဆင်မွန်က ပြောဆိုခဲ့သည်။

    Ref: Aljazeera

  • အနိုင်ရမည့်ဖော်မြူလာ တွေ့ရှိပြီဟု နယူးကာဆယ်နည်းပြ ပြော

    အနိုင်ရမည့်ဖော်မြူလာ တွေ့ရှိပြီဟု နယူးကာဆယ်နည်းပြ ပြော

    ဒီဇင်ဘာ ၁၁၊ ၂၁၀၅
    M-Media

    news

    – မိမိတို့အသင်းမှာ ပွဲအား အနိုင်ကစားနိုင်မည့် ဖော်မြူလာတစ်ခုကို တွေ့ရှိခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်က ပုံစံအတိုင်း
    ကစားနိုင်ပါက ပွဲတိုင်းကို အနိုင်ရရှိလိမ့်မည်ဟု နယူးကာဆယ်နည်းပြ စတီဗ် မက္ကလာရင်က ပြောကြားလိုက်သည်။

    လီဗာပူးလ်နှင့် ကစားခဲ့သည့် ထိုပွဲတွင် နယူးကာဆယ်မှာ စကာတယ်၏ ကိုယ့်ဂိုးကိုယ်သွင်းမှု၊ ဂျော်ဂီနီယို ၀စ်ဂ်ျနာလ်ဒမ်၏ သွင်းဂိုးတို့ဖြင့် ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နယူးကာဆယ်မှာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ဇယား၌ အဆင့် ၁၈ နေရာတွင် ရှိနေပြီး ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် စပါးအသင်း၏ အိမ်ကွင်းသို့ သွားရောက်ကစားရမည် ဖြစ်သည်။

    “အနိုင်ရဖို့ အဓိကအကြောင်းအရာတွေထဲက တစ်ခုဟာ အလုပ်ကြိုးစားပြီး၊ အားသွန်ခွန်စိုက်ဖို့ပါ။ ပြီးခဲ့တဲ့တစ်ပတ်က အရာတော်တော်များများ ဖြစ်ပျက်ခဲ့တယ်။ ဒါပေမယ့် အဓိကအကြောင်းအရာကတော့ တည်ငြိမ်မှုနဲ့ နေရာလွတ်တွေအပါအ၀င် လီဗာပူးလ်ကို နေရာတိုင်းမှာ ကျောနိုင်ခဲ့ပါတယ်။ အသင်းက ဒါမျိုးလုပ်နိုင်တာ တိုက်ဆိုင်မှုမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုသာ ထပ်လုပ်နိုင်ရင် ပွဲတွေကိုနိုင်ဖို့ အခွင့်အရေးကောင်း ရှိလာမှာပါ” ဟု မက္ကလာရင်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • ဟိုက်ဒရိုဂျင်ဗုံး ရှိနေပြီဟု မြောက်ကိုရီးကြေငြာ

    ဟိုက်ဒရိုဂျင်ဗုံး ရှိနေပြီဟု မြောက်ကိုရီးကြေငြာ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    north

    – မြောက်ကိုးရီးယားမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်နိုင်ခဲ့ပြီး နျူးကလီယားဒုံးကျည်ထိပ်ဖူးနှင့်အတူ တပ်ဆင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ကြေငြာခဲ့သည်။

    “နျူကလီးယား၊ ဟိုက်ဒရိုဂျင်ဗုံးတွေနဲ့ တိုက်ခိုက်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်နိုင်စွမ်းရှိတဲ့ နျူအင်အားကြီးနိုင်ငံ ဖြစ်လာအောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါပြီ” ဟု မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ပြောကြားမှုကို ကိုးကား၍ သတင်းဌာနက ဖော်ပြခဲ့သည်။

    ထို့ပြင် ကင်ဂျုံအန်က “စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းတွေကို တိုးတက်ဖွံဖြိုးအောင် အဆက်မပြတ် လုပ်ဆောင်သွားပါမယ်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။ အဆိုပါ ကြေငြာမှုမှာ မြို့တော်ပြုံးယမ်ရှိ စစ်ဘက်ဆိုင်ရာလက်နက် အဆင့်မြှင့်တင်ရေးစက်ရုံသို့ ယမန်နေ့က ကင်ဂျုံအန် သွားရောက်စစ်ဆေးပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    သို့သော်လည်း လက်ရှိအချိန်အထိ မြောက်ကိုးရီးယားသည် ဟိုက်ဒရိုဂျင်ဗုံးတီထွင်ပြုလုပ်နိုင်ကြောင်း အတည်မပြုနိုင်သေးပေ။တောင်ကိုးရီးယား ကျွမ်းကျင်ပညာရှင်များကမူ မြောက်ကိုးရီးယားမှာ ဟိုက်ဒရိုဂျင်ဗုံး တီထွင်ပြုလုပ်နိုင်လောက်သည့် သိပ္ပံဆိုင်ရာ အသိပညာ လုံလုံလောက်လောက် မရှိနိုင်သေးသည့်အတွက် ယင်းကိစ္စမှာ မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

    “နျူးကလီးယားဗုံး အသေးစား ထုတ်လုပ်မှုကိုတောင် မအောင်မြင်သေးတဲ့ မြောက်ကိုးရီးယားမှာ ဟိုက်ဒရိုဂျင်ဗုံးထုတ်နိုင်တဲ့ နည်းပညာရှိတယ်ဆိုတာ ဘယ်လိုမှ မယုံနိုင်ပါဘူး”

    ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် မြောက်ကိုးရီးယားသည် နျူးကလီးယားလက်နက်များ ဖန်တီးနိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းကြေညာချက်ကို နိုင်ငံတကာအဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချခဲ့သည်။ မြောက်ကိုးရီးယားသည် နျူးကလီးယား မြေအောက်စမ်းသပ်မှုများ ပြုလုပ်နေသည်မှာ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၃ ခုနှစ်အထိ သုံးကြိမ်ရှိပြီ ဖြစ်သည်။

    Ref: RT