News @ M-Media

Blog

  • ဟိုက်ဒရိုဂျင်ဗုံး ရှိနေပြီဟု မြောက်ကိုရီးကြေငြာ

    ဟိုက်ဒရိုဂျင်ဗုံး ရှိနေပြီဟု မြောက်ကိုရီးကြေငြာ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    north

    – မြောက်ကိုးရီးယားမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်နိုင်ခဲ့ပြီး နျူးကလီယားဒုံးကျည်ထိပ်ဖူးနှင့်အတူ တပ်ဆင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ကြေငြာခဲ့သည်။

    “နျူကလီးယား၊ ဟိုက်ဒရိုဂျင်ဗုံးတွေနဲ့ တိုက်ခိုက်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်နိုင်စွမ်းရှိတဲ့ နျူအင်အားကြီးနိုင်ငံ ဖြစ်လာအောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါပြီ” ဟု မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ပြောကြားမှုကို ကိုးကား၍ သတင်းဌာနက ဖော်ပြခဲ့သည်။

    ထို့ပြင် ကင်ဂျုံအန်က “စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းတွေကို တိုးတက်ဖွံဖြိုးအောင် အဆက်မပြတ် လုပ်ဆောင်သွားပါမယ်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။ အဆိုပါ ကြေငြာမှုမှာ မြို့တော်ပြုံးယမ်ရှိ စစ်ဘက်ဆိုင်ရာလက်နက် အဆင့်မြှင့်တင်ရေးစက်ရုံသို့ ယမန်နေ့က ကင်ဂျုံအန် သွားရောက်စစ်ဆေးပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    သို့သော်လည်း လက်ရှိအချိန်အထိ မြောက်ကိုးရီးယားသည် ဟိုက်ဒရိုဂျင်ဗုံးတီထွင်ပြုလုပ်နိုင်ကြောင်း အတည်မပြုနိုင်သေးပေ။တောင်ကိုးရီးယား ကျွမ်းကျင်ပညာရှင်များကမူ မြောက်ကိုးရီးယားမှာ ဟိုက်ဒရိုဂျင်ဗုံး တီထွင်ပြုလုပ်နိုင်လောက်သည့် သိပ္ပံဆိုင်ရာ အသိပညာ လုံလုံလောက်လောက် မရှိနိုင်သေးသည့်အတွက် ယင်းကိစ္စမှာ မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

    “နျူးကလီးယားဗုံး အသေးစား ထုတ်လုပ်မှုကိုတောင် မအောင်မြင်သေးတဲ့ မြောက်ကိုးရီးယားမှာ ဟိုက်ဒရိုဂျင်ဗုံးထုတ်နိုင်တဲ့ နည်းပညာရှိတယ်ဆိုတာ ဘယ်လိုမှ မယုံနိုင်ပါဘူး”

    ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် မြောက်ကိုးရီးယားသည် နျူးကလီးယားလက်နက်များ ဖန်တီးနိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းကြေညာချက်ကို နိုင်ငံတကာအဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချခဲ့သည်။ မြောက်ကိုးရီးယားသည် နျူးကလီးယား မြေအောက်စမ်းသပ်မှုများ ပြုလုပ်နေသည်မှာ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၃ ခုနှစ်အထိ သုံးကြိမ်ရှိပြီ ဖြစ်သည်။

    Ref: RT

  • ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုအား စီစဉ်ခဲ့သူတစ်ဦးကို ကွန်ဂိုတွင် ဖမ်းဆီးရမိ

    ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုအား စီစဉ်ခဲ့သူတစ်ဦးကို ကွန်ဂိုတွင် ဖမ်းဆီးရမိ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    rawanda

    – ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ထိပ်တန်းသံသယရှိသူ ၀ရမ်းပြေ ၉ ဦးမှ တစ်ဦးဖြစ်ပြီး လူသားထုအပေါ် ရာဇ၀တ်မှုများ ကျူလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသူ မြို့တော်ဝန်တစ်ဦးအား ကွန်ဂိုနိုင်ငံ၌ ဖမ်းဆီးရမိခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    ဘာဒစ်လာ့စ် အန်တာဂန်ဇွာဆိုသူဖြစ်ပြီး “ဒေသအတော်များများတွင် တွတ်ဆီလူမျိုး ထောင်ပေါင်းများစွာအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” ကို ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲခံထားထားရသူဖြစ်သည်ဟု ကုလကျောထောက်နောက်ခံပြု  နိုင်ငံတကာရာဇ၀တ်ခုံရုံး လုပ်ငန်းစဉ်အဖွဲ့ MICT မှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။ အန်တာဂန်ဇွာအား ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    “အမျိုးသမီးတော်တော်များများကို အဓမ္မပြုကျင့်တာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို သူက စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်” ဟု အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားပြီး ဖမ်းဆီးရမိမှု အသေးစိတ်အချက်အလက်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

    ၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့ပြီး ရက်ပေါင်း ၁၀၀ ခန့် ကြာမြင့်ခဲ့သည့် ဟူတူများ၏ လူမျိုးတုန်းသတ်ဖြတ်မှုတွင် လူ ၈ သိန်းခန့် သေဆုံးခဲ့ပြီး အများစုမှာ တွတ်ဆီလူမျိုးများဖြစ်သည်။

    အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သည့် အန်တာဂန်ဇွာမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် ဂျီနီဗာသဘောတူညီချက်အား ချိုးဖောက်မှု စသည့် စွဲချက် ၉ ခုဖြင့် ရ၀မ်ဒါနိုင်ငံ၌ တရားရင်ဆိုင်ရဖွယ် ရှိနေသည်။

    ဆုကြေး ဒေါ်လာ ၅ သန်း

    အမေရိကန် စစ်ရာဇ၀တ်မှု ဆုကြေးငွေထုတ်ရေး အစီအစဉ်အရ အန်တာဂန်ဇွာအတွက် ကန်ဒေါ်လာ ၅ သန်း ဆုကြေးငွေထုတ်ထားပြီး၊ ၎င်းအား လူမျိုးတုန်းသတ်ဖြတ်မှုပြုလုပ်ရန် အဓိက ဆော်သြသူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ထားသည်။

    “အန်တာဂန်ဇွာဟာ ဒေသတွင်းမှာ တွတ်ဆီတွေကို မျိုးဖြုတ်သတ်ဖြတ်ဖို့အတွက် ဆော်သြခဲ့သူအဖြစ်၊ တွတ်ဆီ ဒုက္ခသည်တွေကို သတ်ဖြတ်ဖို့ စီစဉ်ပေးသူအဖြစ် စွပ်စွဲခံထားရပါတယ်” ဟု အမေရိကန် ဆုကြေးငွေအဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။

    ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုနောက်ပိုင်းတွင် အန်တာ ဂန်ဇွာမှာ အိမ်နီးချင်းကွန်ဂိုနိုင်ငံသို့ ထွက်ပြေးခဲ့ပြီး တွတ်ဆီဦးဆောင်သည့် ကွန်ဂိုအစိုးရအား ဖြုတ်ချရန်အတွက် ကြိုးစားနေသော ရ၀မ်ဒါမှ ဟူတူ သူပုန်အုပ်စု FDLR ၏ ကာကွယ်မှုအောက်တွင် နှစ်များစွာကြာ နေထိုင်ခဲ့သည်။

    Ref : Aljazeera

  • အနာဂတ်အား ဖွင့်ထားသည်ဟု ရော်နယ်ဒိုပြော

    အနာဂတ်အား ဖွင့်ထားသည်ဟု ရော်နယ်ဒိုပြော

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    rnd

    – အနာဂတ်တွင် ဘာစီလိုနာသို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိသည်ဆိုသော အမေးကို ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက မငြင်းဆန်ခဲ့ဘဲ နျူးကမ့်သို့ ပြောင်းရွှေ့ရန်မှာ အလွန်ရှုပ်ထွေးသည်ဟု ပြောကြားခဲ့သည်။

    ရော်နယ်ဒို၏ အနာဂတ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကောလဟာလများ ထွက်ပေါ်နေပြီး မာလ်မိုအား ၈ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည့် ယခုတစ်ပတ်ချန်ပီယံလိဂ်ပွဲအပြီးတွင် မိမိမှာ ဘာနေဗျူးတွင် ပျော်ရွှင်နေသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း AP နှင့် ယမန်နေ့အင်တာဗျူးတွင်မူ ၎င်း၏ အနာဂတ်ကို ဖွင့်ထားသည်ဟု ဆိုသည်။

    “ဘာစီလိုနာမှာကစားဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာမျိုး၊ မန်ယူကလွဲလို့ အခြား အင်္ဂလိပ်ကလပ်အသင်းတစ်ခုမှာ ကစားဖို့ မဖြစ်နိုင်ဘူးဆိုတာမျိုး အားလုံးက တွက်ထားကြပါတယ်။ ဒါက တော်တော်လေး ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့တော့ မဆိုနိုင်ပါဘူး။ ကျွန်တော်အရင်က ပြောခဲ့သလိုပါပဲ။ ဘောလုံးမှာ သေချာတယ်ဆိုတာ ဘာမှ မရှိပါဘူး။ အားလုံးဟာ ဖွင့်ထားပါတယ်။ လိဂ်အားလုံးမှာပါ။ ရီးယဲလ်မှာ ကျွန်တော့်ကစားသမားဘ၀ကို အဆုံးသတ်နိုင်ပါတယ်။ ကျွန်တော်ရိုးရိုးသားသားပြောတာပါ။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး” ဟု ရော်နယ်ဒိုက ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal

  • အီရတ်သို့ အမေရိကန်စစ်သား ၂၀၀ ရောက်ရှိ

    အီရတ်သို့ အမေရိကန်စစ်သား ၂၀၀ ရောက်ရှိ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    iraq

    – အီရတ်နိုင်ငံအနောက်ဘက်ရှိ အမ်ဘာပြည်နယ်သို့ အမေရိကန်စစ်တပ်မှ စစ်သား ၂၀၀ ခန့် တပ်ဖြန့်ချထားလိုက်ပြီး IS စစ်သွေးကြွများ သိမ်းပိုက်ထားသော နယ်မြေများ ပြန်လည်ရယူသည့် စစ်ဆင်ရေးများတွင် ပါဝင်မည့်အနေအထား ရှိနေသည်။

    အဆိုပါစစ်သားများမှာ တိုက်ခိုက်မှုများဖြစ်ပွားနေသည့် ခန် အလ်-ဘဂ္ဂါဒါဒီမြို့မှ အနောက်မြောက်ဖက် ၅ ကီလိုမီတာအကွာတွင်ရှိနေကာ အစောင့်အကြပ် တင်းကြပ်စွာချထားသော အိုင်းန် အလ်-အဆဒ် လေတပ်စခန်းသို့ ဗုဒ္ဓဟူးနေ့က ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ တပ်ဖြန့်ချထားခြင်းမှာ လေတပ်စခန်းအနီးရှိ IS စစ်သွေးကြွများ၏ နေရာများကို ဖျက်ဆီးရန် လေတပ်စခန်းအား ၎င်းတို့၏ တိုက်ခိုက်ရန် ကြိုးစားမှုကို တွန်းလှန်ရန်ဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး အရှ်တန် ကာတာက အမေရိကန်မှာ IS များကို ချေမှုန်းရာတွင် အီရတ်စစ်တပ်အား လက်နက်အမြောက်အများနှင့် စစ်သားများ ပေးပို့ကူညီသွားရန် အသင့်ရှိနေသည် ဟု ပြောကြားခဲ့သည်။

    အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက IS များနှင့် စစ်ခင်းရန် မိမိတိုင်းပြည်သို့ မည်သည့်ပြည်ပစစ်တပ်မှ တပ်ဖြန့်ထားခြင်းကို လက်မခံကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်း အမေရိကန်က ယခုကဲ့သို့ စစ်သားများ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

    အီရတ်ရှိ ကာသစ်ဘ်ဟစ်ဇ်ဘိုလာအဖွဲ့၊ ဘာဒါရ်လှုပ်ရှားမှုနှင့် အာဆစ်ဘ် အလ်-ဟက် အဖွဲ့များမှာ ပြဿနာများ ဖြစ်ပွားနေသော အာရပ်နိုင်ငံများတွင် တပ်ဖြန့်ချထားသည့် မည်သည့် အမေရိကန်တပ်ဖွဲ့ကိုမဆို တိုက်ခိုက်သွားမည်ဟု ပြောဆိုထားသည်။

    ”အီရတ်မှာ လာရောက်တပ်ဖြန့်တဲ့ ဘယ်အမေရိကန်တပ်ကိုမဆို ကျွန်တော်တို့ လိုက်လံတိုက်ခိုက်သွားမှာ ဖြစ်ပါတယ်၊ အဲဒီအမေရိကန်တပ်ဟာ ကျွန်တော်တို့အဖွဲ့ရဲ့ ပထမဆုံးပစ်မှတ် ဖြစ်လာပါလိမ့်မယ်။ အရင်ကလည်း သူတို့ကို တိုက်ခဲ့ပြီးပါပြီ။ အခုလည်း ထပ်တိုက်ဖို့ အဆင်သင့်ပါပဲ” ဟု ကာသစ်ဘ် ဟစ်ဇ်ဘိုလာအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

    Ref: PressTV

  • IS အလံလွှင့်ဟု ဝါဒဖြန့်ခဲ့သည့် ဖြစ်ရပ်အမှန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

    IS အလံလွှင့်ဟု ဝါဒဖြန့်ခဲ့သည့် ဖြစ်ရပ်အမှန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၅
    M-Media
    သတင်း-သီဟ
    .Flag
    ရန်ကုန်မြိုတွင် ရှီအာမွတ်စလင်မ်များ၏ ဝမ်းနည်းသည့်လ အထိမ်းအမှတ်များ အဖြစ် အလံအနက်ရောင် လွှင့်ထူထားသည်ကို
    လူမှုကွန်ယက်တွင် IS အလံများလွှင့်ထူထားသည်ဟု လှုံ့ဆော်မှုနှင့် အတူ အစ္စလာမ် ဆန့်ကျင်ရေး ဝါဒဖြန့်မှုများဖြစ်ပေါ်ခဲ့ပါတယ်။

    အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အောက်ပါအတိုင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
    —————————-
    ပန်းဘဲတန်းမြို့နယ်၌ အလံလွှင့်ထူမှု လူမှုကွန်ယက်သတင်းနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြခြင်း

    Yangon Police_Flag
    .
    ရန်ကုန်၊ ဒီဇင်ဘာ ၁၀
    .
    ၁၀.၁၂.၂၀၁၅ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊
    အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း၊ အမှတ်(၆၀/၆၂)၊ ဒုတိယ
    ထပ်တွင် အလျား(၄)ပေ၊ အနံ(၃)ပေခန့်ရှိ အနက်ရောင်ပိတ်စပေါ်တွင်
    ဓါးပုံနှင့် အာရ်ဗီစာများရေးသားထားသည့် အလံလွှင့်ထူထားကြောင်း
    လူမှုကွန်ယက်အင်တာနက်သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
    မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်
    ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်
    စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
    .
    ယင်းသို့ စုံစမ်းဆောင်ရွက်ချက်အရ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်
    လမ်းရှိ အမှတ်(၆၀/၆၂) အဆောက်အအုံမှာ ကရှာရီ(ခ)ကာရှီးဓမ္မာရုံ
    ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ခန့်က အီရတ်နိုင်ငံ၊ ကရဗရ်အရပ်တွင်
    တမန်တော်၏မြေးနှစ်ပါးဖြစ်သူတို့ အသတ်ခံရမှုဝမ်းနည်းခြင်းအထိမ်း
    အမှတ်အဖြစ် အလျား(၄)ပေ၊ အနံ(၃)ပေခန့်ရှိ အဆိုပါအလံအား
    လွှင့်ထူခဲ့ခြင်းဖြစ်ကြောင်း ဓမ္မာရုံအုပ်ချုပ်ရေးမှူး ဖြစ်သူ ပန်းဘဲတန်းမြို့နယ်
    နေ ဦးသူရအေး၊ (၄၁)နှစ်မှပြောပြသိရှိရပါသည်။
    .
    ဖြစ်စဉ်နှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့မှအလံအား ဖြုတ်သိမ်းထားရန်
    ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ၁၄၃၀ အချိန်တွင် ဖြုတ်သိမ်းသွားခဲ့ကြောင်း
    သတင်းရရှိပါသည်။

    မူရင်းလင်ခ်=>https://www.facebook.com/yangonpolice/posts/762172097245393

    ဆက်စပ်သတင်းဖတ်ရန်
    ——————————
    ရှီအာ မွတ်စလင်မ်များ ဘာသာရေး အထိမ်းအမှတ် အလံလွှင့်မှုအား IS အလံလွှင့်ဟု ဝါဒဖြန့်
    http://www.m-mediagroup.com/news/49732