News @ M-Media

Blog

  • ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုအား စီစဉ်ခဲ့သူတစ်ဦးကို ကွန်ဂိုတွင် ဖမ်းဆီးရမိ

    ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုအား စီစဉ်ခဲ့သူတစ်ဦးကို ကွန်ဂိုတွင် ဖမ်းဆီးရမိ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    rawanda

    – ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ထိပ်တန်းသံသယရှိသူ ၀ရမ်းပြေ ၉ ဦးမှ တစ်ဦးဖြစ်ပြီး လူသားထုအပေါ် ရာဇ၀တ်မှုများ ကျူလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသူ မြို့တော်ဝန်တစ်ဦးအား ကွန်ဂိုနိုင်ငံ၌ ဖမ်းဆီးရမိခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    ဘာဒစ်လာ့စ် အန်တာဂန်ဇွာဆိုသူဖြစ်ပြီး “ဒေသအတော်များများတွင် တွတ်ဆီလူမျိုး ထောင်ပေါင်းများစွာအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” ကို ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲခံထားထားရသူဖြစ်သည်ဟု ကုလကျောထောက်နောက်ခံပြု  နိုင်ငံတကာရာဇ၀တ်ခုံရုံး လုပ်ငန်းစဉ်အဖွဲ့ MICT မှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။ အန်တာဂန်ဇွာအား ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    “အမျိုးသမီးတော်တော်များများကို အဓမ္မပြုကျင့်တာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို သူက စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်” ဟု အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားပြီး ဖမ်းဆီးရမိမှု အသေးစိတ်အချက်အလက်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

    ၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့ပြီး ရက်ပေါင်း ၁၀၀ ခန့် ကြာမြင့်ခဲ့သည့် ဟူတူများ၏ လူမျိုးတုန်းသတ်ဖြတ်မှုတွင် လူ ၈ သိန်းခန့် သေဆုံးခဲ့ပြီး အများစုမှာ တွတ်ဆီလူမျိုးများဖြစ်သည်။

    အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သည့် အန်တာဂန်ဇွာမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် ဂျီနီဗာသဘောတူညီချက်အား ချိုးဖောက်မှု စသည့် စွဲချက် ၉ ခုဖြင့် ရ၀မ်ဒါနိုင်ငံ၌ တရားရင်ဆိုင်ရဖွယ် ရှိနေသည်။

    ဆုကြေး ဒေါ်လာ ၅ သန်း

    အမေရိကန် စစ်ရာဇ၀တ်မှု ဆုကြေးငွေထုတ်ရေး အစီအစဉ်အရ အန်တာဂန်ဇွာအတွက် ကန်ဒေါ်လာ ၅ သန်း ဆုကြေးငွေထုတ်ထားပြီး၊ ၎င်းအား လူမျိုးတုန်းသတ်ဖြတ်မှုပြုလုပ်ရန် အဓိက ဆော်သြသူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ထားသည်။

    “အန်တာဂန်ဇွာဟာ ဒေသတွင်းမှာ တွတ်ဆီတွေကို မျိုးဖြုတ်သတ်ဖြတ်ဖို့အတွက် ဆော်သြခဲ့သူအဖြစ်၊ တွတ်ဆီ ဒုက္ခသည်တွေကို သတ်ဖြတ်ဖို့ စီစဉ်ပေးသူအဖြစ် စွပ်စွဲခံထားရပါတယ်” ဟု အမေရိကန် ဆုကြေးငွေအဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။

    ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုနောက်ပိုင်းတွင် အန်တာ ဂန်ဇွာမှာ အိမ်နီးချင်းကွန်ဂိုနိုင်ငံသို့ ထွက်ပြေးခဲ့ပြီး တွတ်ဆီဦးဆောင်သည့် ကွန်ဂိုအစိုးရအား ဖြုတ်ချရန်အတွက် ကြိုးစားနေသော ရ၀မ်ဒါမှ ဟူတူ သူပုန်အုပ်စု FDLR ၏ ကာကွယ်မှုအောက်တွင် နှစ်များစွာကြာ နေထိုင်ခဲ့သည်။

    Ref : Aljazeera

  • အနာဂတ်အား ဖွင့်ထားသည်ဟု ရော်နယ်ဒိုပြော

    အနာဂတ်အား ဖွင့်ထားသည်ဟု ရော်နယ်ဒိုပြော

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    rnd

    – အနာဂတ်တွင် ဘာစီလိုနာသို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိသည်ဆိုသော အမေးကို ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက မငြင်းဆန်ခဲ့ဘဲ နျူးကမ့်သို့ ပြောင်းရွှေ့ရန်မှာ အလွန်ရှုပ်ထွေးသည်ဟု ပြောကြားခဲ့သည်။

    ရော်နယ်ဒို၏ အနာဂတ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကောလဟာလများ ထွက်ပေါ်နေပြီး မာလ်မိုအား ၈ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည့် ယခုတစ်ပတ်ချန်ပီယံလိဂ်ပွဲအပြီးတွင် မိမိမှာ ဘာနေဗျူးတွင် ပျော်ရွှင်နေသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း AP နှင့် ယမန်နေ့အင်တာဗျူးတွင်မူ ၎င်း၏ အနာဂတ်ကို ဖွင့်ထားသည်ဟု ဆိုသည်။

    “ဘာစီလိုနာမှာကစားဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာမျိုး၊ မန်ယူကလွဲလို့ အခြား အင်္ဂလိပ်ကလပ်အသင်းတစ်ခုမှာ ကစားဖို့ မဖြစ်နိုင်ဘူးဆိုတာမျိုး အားလုံးက တွက်ထားကြပါတယ်။ ဒါက တော်တော်လေး ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့တော့ မဆိုနိုင်ပါဘူး။ ကျွန်တော်အရင်က ပြောခဲ့သလိုပါပဲ။ ဘောလုံးမှာ သေချာတယ်ဆိုတာ ဘာမှ မရှိပါဘူး။ အားလုံးဟာ ဖွင့်ထားပါတယ်။ လိဂ်အားလုံးမှာပါ။ ရီးယဲလ်မှာ ကျွန်တော့်ကစားသမားဘ၀ကို အဆုံးသတ်နိုင်ပါတယ်။ ကျွန်တော်ရိုးရိုးသားသားပြောတာပါ။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး” ဟု ရော်နယ်ဒိုက ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal

  • အီရတ်သို့ အမေရိကန်စစ်သား ၂၀၀ ရောက်ရှိ

    အီရတ်သို့ အမေရိကန်စစ်သား ၂၀၀ ရောက်ရှိ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    iraq

    – အီရတ်နိုင်ငံအနောက်ဘက်ရှိ အမ်ဘာပြည်နယ်သို့ အမေရိကန်စစ်တပ်မှ စစ်သား ၂၀၀ ခန့် တပ်ဖြန့်ချထားလိုက်ပြီး IS စစ်သွေးကြွများ သိမ်းပိုက်ထားသော နယ်မြေများ ပြန်လည်ရယူသည့် စစ်ဆင်ရေးများတွင် ပါဝင်မည့်အနေအထား ရှိနေသည်။

    အဆိုပါစစ်သားများမှာ တိုက်ခိုက်မှုများဖြစ်ပွားနေသည့် ခန် အလ်-ဘဂ္ဂါဒါဒီမြို့မှ အနောက်မြောက်ဖက် ၅ ကီလိုမီတာအကွာတွင်ရှိနေကာ အစောင့်အကြပ် တင်းကြပ်စွာချထားသော အိုင်းန် အလ်-အဆဒ် လေတပ်စခန်းသို့ ဗုဒ္ဓဟူးနေ့က ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ တပ်ဖြန့်ချထားခြင်းမှာ လေတပ်စခန်းအနီးရှိ IS စစ်သွေးကြွများ၏ နေရာများကို ဖျက်ဆီးရန် လေတပ်စခန်းအား ၎င်းတို့၏ တိုက်ခိုက်ရန် ကြိုးစားမှုကို တွန်းလှန်ရန်ဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး အရှ်တန် ကာတာက အမေရိကန်မှာ IS များကို ချေမှုန်းရာတွင် အီရတ်စစ်တပ်အား လက်နက်အမြောက်အများနှင့် စစ်သားများ ပေးပို့ကူညီသွားရန် အသင့်ရှိနေသည် ဟု ပြောကြားခဲ့သည်။

    အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက IS များနှင့် စစ်ခင်းရန် မိမိတိုင်းပြည်သို့ မည်သည့်ပြည်ပစစ်တပ်မှ တပ်ဖြန့်ထားခြင်းကို လက်မခံကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်း အမေရိကန်က ယခုကဲ့သို့ စစ်သားများ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

    အီရတ်ရှိ ကာသစ်ဘ်ဟစ်ဇ်ဘိုလာအဖွဲ့၊ ဘာဒါရ်လှုပ်ရှားမှုနှင့် အာဆစ်ဘ် အလ်-ဟက် အဖွဲ့များမှာ ပြဿနာများ ဖြစ်ပွားနေသော အာရပ်နိုင်ငံများတွင် တပ်ဖြန့်ချထားသည့် မည်သည့် အမေရိကန်တပ်ဖွဲ့ကိုမဆို တိုက်ခိုက်သွားမည်ဟု ပြောဆိုထားသည်။

    ”အီရတ်မှာ လာရောက်တပ်ဖြန့်တဲ့ ဘယ်အမေရိကန်တပ်ကိုမဆို ကျွန်တော်တို့ လိုက်လံတိုက်ခိုက်သွားမှာ ဖြစ်ပါတယ်၊ အဲဒီအမေရိကန်တပ်ဟာ ကျွန်တော်တို့အဖွဲ့ရဲ့ ပထမဆုံးပစ်မှတ် ဖြစ်လာပါလိမ့်မယ်။ အရင်ကလည်း သူတို့ကို တိုက်ခဲ့ပြီးပါပြီ။ အခုလည်း ထပ်တိုက်ဖို့ အဆင်သင့်ပါပဲ” ဟု ကာသစ်ဘ် ဟစ်ဇ်ဘိုလာအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

    Ref: PressTV

  • IS အလံလွှင့်ဟု ဝါဒဖြန့်ခဲ့သည့် ဖြစ်ရပ်အမှန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

    IS အလံလွှင့်ဟု ဝါဒဖြန့်ခဲ့သည့် ဖြစ်ရပ်အမှန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၅
    M-Media
    သတင်း-သီဟ
    .Flag
    ရန်ကုန်မြိုတွင် ရှီအာမွတ်စလင်မ်များ၏ ဝမ်းနည်းသည့်လ အထိမ်းအမှတ်များ အဖြစ် အလံအနက်ရောင် လွှင့်ထူထားသည်ကို
    လူမှုကွန်ယက်တွင် IS အလံများလွှင့်ထူထားသည်ဟု လှုံ့ဆော်မှုနှင့် အတူ အစ္စလာမ် ဆန့်ကျင်ရေး ဝါဒဖြန့်မှုများဖြစ်ပေါ်ခဲ့ပါတယ်။

    အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အောက်ပါအတိုင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
    —————————-
    ပန်းဘဲတန်းမြို့နယ်၌ အလံလွှင့်ထူမှု လူမှုကွန်ယက်သတင်းနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြခြင်း

    Yangon Police_Flag
    .
    ရန်ကုန်၊ ဒီဇင်ဘာ ၁၀
    .
    ၁၀.၁၂.၂၀၁၅ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊
    အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း၊ အမှတ်(၆၀/၆၂)၊ ဒုတိယ
    ထပ်တွင် အလျား(၄)ပေ၊ အနံ(၃)ပေခန့်ရှိ အနက်ရောင်ပိတ်စပေါ်တွင်
    ဓါးပုံနှင့် အာရ်ဗီစာများရေးသားထားသည့် အလံလွှင့်ထူထားကြောင်း
    လူမှုကွန်ယက်အင်တာနက်သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
    မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်
    ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်
    စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
    .
    ယင်းသို့ စုံစမ်းဆောင်ရွက်ချက်အရ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်
    လမ်းရှိ အမှတ်(၆၀/၆၂) အဆောက်အအုံမှာ ကရှာရီ(ခ)ကာရှီးဓမ္မာရုံ
    ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ခန့်က အီရတ်နိုင်ငံ၊ ကရဗရ်အရပ်တွင်
    တမန်တော်၏မြေးနှစ်ပါးဖြစ်သူတို့ အသတ်ခံရမှုဝမ်းနည်းခြင်းအထိမ်း
    အမှတ်အဖြစ် အလျား(၄)ပေ၊ အနံ(၃)ပေခန့်ရှိ အဆိုပါအလံအား
    လွှင့်ထူခဲ့ခြင်းဖြစ်ကြောင်း ဓမ္မာရုံအုပ်ချုပ်ရေးမှူး ဖြစ်သူ ပန်းဘဲတန်းမြို့နယ်
    နေ ဦးသူရအေး၊ (၄၁)နှစ်မှပြောပြသိရှိရပါသည်။
    .
    ဖြစ်စဉ်နှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့မှအလံအား ဖြုတ်သိမ်းထားရန်
    ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ၁၄၃၀ အချိန်တွင် ဖြုတ်သိမ်းသွားခဲ့ကြောင်း
    သတင်းရရှိပါသည်။

    မူရင်းလင်ခ်=>https://www.facebook.com/yangonpolice/posts/762172097245393

    ဆက်စပ်သတင်းဖတ်ရန်
    ——————————
    ရှီအာ မွတ်စလင်မ်များ ဘာသာရေး အထိမ်းအမှတ် အလံလွှင့်မှုအား IS အလံလွှင့်ဟု ဝါဒဖြန့်
    http://www.m-mediagroup.com/news/49732

     

  • မွတ်စလင်ဆန့်ကျင်ရေးအုပ်စုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်လိုက်တဲ့ ဗြိတိန်စစ်သား

    မွတ်စလင်ဆန့်ကျင်ရေးအုပ်စုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်လိုက်တဲ့ ဗြိတိန်စစ်သား

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    herbert
    ခရစ်ဟာဘာ့တ်

    – “IS၊ တာလီဘန်တို့လို အုပ်စုတွေရဲ့ လုပ်ရပ်တွေအတွက် မွတ်စလင်အားလုံးကို အပြစ်တင်တာဟာ KKK ဂိုဏ်း အကြမ်းဖက်အဖွဲ့ ဒါမှမဟုတ် Westboro Baptist Church တို့လို အုပ်စုတွေရဲ့ လုပ်ရပ်တွေအတွက် ခရစ်ယာန်အားလုံးကို အပြစ်တင်သလိုပါပဲ”

    ဒီစကားကိုပြောခဲ့သူကတော့ အီရတ်နိုင်ငံမှာ တာဝန်ထမ်းဆောင်စဉ် ဗုံးခွဲခံရမှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့တဲ့ ဗြိတိန်စစ်သား ခရစ်ဟာဘာ့တ်ဖြစ်ပြီး အစ္စလာမ်ကြောက်ရောဂါနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောဆိုလိုက်တာပါ။

    ဘာဆရာမြို့မှာ ဗြိတိန်စစ်တပ်နဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟာဘာ့တ်ဟာ ၂၀၀၇ ခုနှစ်က သူ့ရဲ့ Land Rover ကားနားမှာ ဗုံးပေါက်ကွဲမှုကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။

    သူ့ရဲ့ ရဲဘော်ရဲဘက်တစ်ဦးဟာ အဲဒီပေါက်ကွဲမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး အခြား ၂ ဦးဟာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဟာဘာ့တ်တစ်ယောက် အသက် ၁၉ နှစ်အရွယ်သာရှိပါသေးတယ်။ ဟာဘာ့တ်ရဲ့ ဒီအဖြစ်အပျက်ကို အမုန်းတရားဖြန့်ချီသူတွေက ထောက်ပြပြီး သူ့ကို လူမျိုးရေးခွဲခြားသူတစ်ယောက်အဖြစ် ပုံသွင်းလာတဲ့အခါမှာ သူက လုံးဝ လက်မခံပါဘူး။

    အကြမ်းဖက်ဝါဒကို အစ္စလာမ်ဘာသာက တာဝန်ယူရမယ်လို့ ပြောကြသူတွေကို သူပြန်ပြောလိုက်တာက “ကိုယ့်အကျင့်ကိုယ်ပြင်ပါ၊ မိသားစုကိုပြန်ကြည့်ပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ” ဆိုတာပါပဲ။

    နောက်ပြီး သူရဲ့ခြေတစ်ဖက်ဆုံးရှုံးမှုကို အရင်းတည်ပြီး အမုန်းတရားဖြန့်ချင်တဲ့သူတွေကိုလည်း သူက ဆိုရှယ်မီဒီယာကနေ သတိပေးခဲ့ပါသေးတယ်။

    herbert 3
    မွတ်စလင်ဆန့်ကျင်ရေးအဖွဲ့များကို တုန့်ပြန်

    “ဟုတ်တယ်။ မွတ်စလင်တစ်ယောက်က ဗုံးခွဲလို့ ကျုပ် ခြေတစ်ဖက်ဆုံးရှုံးခဲ့တယ်။ ဗြိတိန်စစ်တပ်က မွတ်စလင်စစ်သား တစ်ယောက်လည်း အဲဒီတိုက်ခိုက်မှုမှာ လက်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်အခင်းဖြစ်တဲ့နေရာကနေ ကျုပ်ကို သယ်သွားတဲ့ ရဟတ်ယာဉ်မှာ မွတ်စလင်ဆေးမှူးတစ်ယောက်က ကျုပ်ကို ကုသပေးခဲ့ပါတယ်။ ကျုပ်အသက်ဆက်ရှင်ဖို့ မွတ်စလင်ခွဲစိတ်ဆရာဝန်တစ်ယောက်က ခွဲစိတ်ပေးခဲ့တယ်။ ယူကေကိုပြန်ရောက်ပြီး ထူထူထောင်ထောင်ဖြစ်လာဖို့ ကူညီပေးခဲ့တဲ့ အဖွဲ့မှာ မွတ်စလင်သူနာပြုတစ်ယောက် ပါတယ်။ ကျုပ်လမ်းပြန်လျှောက်ဖို့ ကြိုးစားတဲ့အချိန် နေ့စဉ်လုပ်ဖို့လိုအပ်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ပေးတဲ့ အဖွဲ့မှာလည်း မွတ်စလင် ကျန်းမာရေးအကူ တစ်ယောက် ပါတယ်။ အိမ်ပြန်ရောက်ပြီး အဖေနဲ့ ပထမဆုံးဘီယာသောက်ဖို့ သွားတဲ့အချိန် မွတ်စလင်တက္ကဆီသမားတစ်ယောက်က ပိုက်ဆံမယူဘဲ လိုက်ပို့ပေးခဲ့တယ်။ စားသောက်ဆိုင်တစ်ခုမှာ မွတ်စလင်ဆရာဝန်တစ်ယောက်က ကျုပ်ရဲ့ ဆေးသောက်ရမှာတွေ၊ ဘေးထွက်ဆိုးကျိုးတွေမသိတဲ့ ကျုပ်အဖေကို နှစ်သိမ့်ပြီး အကြံဥာဏ်ပေးခဲ့တယ်”

    ဒါဟာ မွတ်စလင်ဆန့်ကျင်ရေးသမားတွေကို သူတုန့်ပြန်လိုက်တဲ့ စကား ဖြစ်ပါတယ်။

    ကိုယ့်အလုပ်ကိုယ်လုပ်ပါ

    cc 2
    ယခုနှစ်ဇူလိုင်လ ဘွဲ့ယူစဉ်က

    ဟာဘာ့တ်ရဲ့ ဒီပို့စ်ဟာ အမေရိကန်က ရီပက်ဘလစ်ကန်သမ္မတလောင်းဖြစ်မယ်လို့ ရေပန်းစားနေတဲ့ ဒေါ်နယ်ထရမ့်ကို ယူကေ၀င်ခွင့်ပိတ်ပင်ဖို့ ပြည်သူတွေက တောင်းဆိုလွှာ ထုတ်ပြန်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

    လက်ရှိအချိန်အထိ အဲဒီတောင်းဆိုလွှာကို လူပေါင်း ၄ သိန်းလောက် လက်မှတ်ရေးထိုးခဲ့ပြီး ပါလီမန်မှာဆွေးနွေးရေးအတွက် စဉ်းစားဖို့ လိုအပ်တဲ့လက်မှတ်ထက်ကို ၃ ဆ လောက် ကျော်သွားခဲ့ပါတယ်။

    ထရမ့်က ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေဟာ ကြောက်ကြတာကြောင့် လန်ဒန်ရဲ့အစိတ်အပိုင်းတွေဟာ အစွန်းရောက်တွေရဲ့ သိမ်းသွင်းခြင်းကို ခံခဲ့ရပြီလို့ ပြောကြားခဲ့သူပါ။ ဗြိတိန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ ဒီပြောကြားမှုကို ပယ်ချခဲ့ပါတယ်။

    မဲဆွဲပွဲတွေမှာ မက်ဆီကန်တွေကို မုဒိမ်းကောင်တွေ၊ လူမည်းတွေကို မျောက်တွေလို့ စကားလုံးနဲ့ရော အမူအရာနဲ့ပါ စော်ကားပြောဆိုခဲ့တဲ့ ထရမ့်ဟာ မသန်စွမ်း သတင်းထောက်တစ်ယောက်ကိုလည်း လှောင်ပြောင်ခဲ့သူပါ။ ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအပြီးနောက်ပိုင်း သူ့ရဲ့ နောက်ဆုံးပစ်မှတ်က မွတ်စလင်တွေဖက် လှည့်လာခဲ့ပြီး အမေရိကန်က ဗလီတွေကိုစောင့်ကြည့်ဖို့၊ အမေရိကန်မွတ်စလင်တွေကို သီးသန့်စာရင်းပြုစုဖို့နဲ့ မွတ်စလင်တွေကို အမေရိကန်ထဲပေးမ၀င်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ဟာဘာ့တ်က ထရမ့်ကို Facebook ကနေတစ်ဆင့် ဝေဖန်ပြောဆိုခဲ့ပါတယ်။

    “သူက သောက်ရူးပါ။ အမေရိကန်ဖွဲ့စည်းပုံရဲ့ ပထမအကြောင်းမှာပဲ ပြည်သူတွေကို ဘာသာတရားကြောင့် ဖယ်ကျဉ်ထားခွင့်မရှိဘူးလို့ ပါပါတယ်။ တကယ်လို့ သူသမ္မတဖြစ်ရင်တောင် သူပြောတာတွေထဲက တစ်ဝက်တောင်မှ လုပ်ခွင့်ရှိမှာ မဟုတ်ပါဘူး”

    အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတမ်းမြို့ဖြစ်တဲ့ ပို့စ်မောက်မှာနေတဲ့ ဟာဘာ့တ်က အစ္စလာမ်ကြောက်အုပ်စုတစ်စုက သူ့ကို လာရောက်သိမ်းသွင်းခဲ့တာကြောင့် သူက ဒီလိုတုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

    ယူကေကိုပြန်ရောက်ပြီးတဲ့နောက်ပိုင်းမှာ သူဟာ အခမ်းအနားတော်တော်များများမှာ “ဗြိတိန် လူဖြူတွေ” ရဲ့ စော်ကားမှု၊ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရတယ်လို့လည်း ပြောခဲ့ပါတယ်။

    “လူဖြူတစ်ယောက်က ဓာတ်လှေကားအရင်စီးရဖို့ ကျွန်တော့် ဘီးတပ်ကုလားထိုင်ကို အဝေးကို တွန်းပစ်ခဲ့တယ်။ IS၊ တာလီဘန်တို့လို အုပ်စုတွေရဲ့ လုပ်ရပ်တွေအတွက် မွတ်စလင်အားလုံးကို အပြစ်တင်တာဟာ KKK ဂိုဏ်း (လူဖြူအစွန်းရောက် အကြမ်းဖက်အဖွဲ့) ဒါမှမဟုတ် Westboro Baptist Church (လိင်တူချစ်သူများ၊ ဂျူးများကို ဆန့်ကျင်သည့် ခရစ်ယာန်အစွန်းရောက်အဖွဲ့) တို့လို အုပ်စုတွေရဲ့ လုပ်ရပ်တွေအတွက် ခရစ်ယာန်အားလုံးကို အပြစ်တင်သလိုပါပဲ။ ကိုယ့်အကျင့်ကိုယ်ပြင်ပါ။ မိသားစုကိုပြန်ကြည့်ပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ”

    သူရဲ့ ဒီလိုရေးသားမှုကို လူသိန်းနဲ့ချီ ပြန်လည်မျှဝေခဲ့ကြပြီး Facebook နဲ့ Twitter စာမျက်နှာတွေမှာ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အလက်စ်တဲရ် ကမ်းဘဲလ်က “ထောက်ခံပါတယ် ဘရို။ မင်းက ဖနောင့်ပေါက်လိုက်တာပဲ” လို့ ရေးသားခဲ့ပါတယ်။

    နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အဲလက်စ် အဲလ်ဘုန်းကတော့ “မင်းရဲ့စကားတွေက မင်း ဘယ်လိုလူလဲဆိုတာ ပဲ့တင်ထပ်လိုက်တာပါပဲ။ အမုန်းသမားတွေရဲ့ အောက်ကို ဘယ်တော့မှ မရောက်စေနဲ့ဟေ့။ သူများတွေရဲ့ မှိုင်းလည်း မမိစေနဲ့။ မင်းလို သူငယ်ချင်းတစ်ယောက်ရှိရတာ ငါ ဂုဏ်ယူတယ်ကွ” လို့ ရေးသားကာ ဟာဘာ့တ်ရဲ့ ပြောကြားမှုတွေကို ထောက်ခံခဲ့ပါတယ်။

    Ref: CNN