News @ M-Media

Blog

  • သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသူ ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့် ပိတ်ရေး ဆွေးနွေးရန် ယူကေ ပါလီမန် စဉ်းစားနေ

    သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသူ ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့် ပိတ်ရေး ဆွေးနွေးရန် ယူကေ ပါလီမန် စဉ်းစားနေ

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    uk

    – မက္ကဆီကန်တွေ၊ လူမည်းတွေ၊ ပြောင်းရွှေ့အခြေချသူတွေနဲ့ မသန်စွမ်းသူတွေကို တောက်လျှောက် လူမျိုးရေးခွဲခြားမှု၊ စော်ကားမှုတွေ ပြုလုပ်လာခဲ့ပြီး နောက်ဆုံးမှာ မွတ်စလင်တွေဖက် လှည့်လာခဲ့တဲ့ အမေရိကန် ရီဘက်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရေပန်းစားနေသူ ဒေါ်နယ်ထရမ့်ကို တိုင်းပြည်အတွင်း ၀င်ရောက်ခွင့် ပိတ်ပင်ရေး ဗြိတိန်ပြည်သူတွေက လက်မှတ်ထိုး တောင်းဆိုမှုနဲ့ပတ်သက်ပြီး ဗြိတိန်ပါလီမန်မှာ ဆွေးနွေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

    Block Donald J Trump from UK entry လို့ အမည်ပေးထားတဲ့ အဲဒီတောင်းဆိုလွှာကို ဗြိတိန်ပြည်သူတွေ လက်မှတ်ရေးထိုးနေရာမှာ မနေ့ကဆိုရင် ၃ သိန်း ကျော်သွားခဲ့ပါပြီ။

    ပြည်သူ ၁ သိန်းကျော်လက်မှတ်ရေးထိုးရင် အဲဒီကိစ္စကို ပါလီမန်မှာ ဆွေးနွေးပေးရမယ်ဆိုတဲ့ မူအရ ထရမ့်ကို ပြည်ဝင်ခွင့်ပိတ်ဖို့ တောင်းဆိုတဲ့ အဲဒီကိစ္စကို ဗြိတိန်ပါလီမန်မှာ ဆွေးနွေးဖို့ စဉ်းစားနေကြပြီး အစိုးရက တရားဝင်တုန့်ပြန်မှုသာ လိုအပ်ပါတော့တယ်။

    “အမုန်းတရားဖြန့်ချီမှုနဲ့ပတ်သက်ပြီး ဗြိတိန်က ပြည်ဝင်ခွင့်ပိတ်ခဲ့တဲ့သူတွေ တော်တော်များများ ရှိပါတယ်။ အဲဒီ စည်းမျဉ်းတွေဟာ ယူကေကို ၀င်ရောက်ဖို့ ဆန္ဒရှိသူတိုင်းအပေါ်မှာ သက်ရောက်သင့်ပါတယ်” လို့ ပြည်သူတွေရဲ့ ဒီတောင်းဆိုလွှာမှာ ထည့်သွင်းရေးသားထားပါတယ်။

    “တကယ်လို့ ယူကေဟာ နိုင်ငံအတွင်းကို ၀င်ရောက်လာတဲ့သူတွေအပါ် “လက်မခံနိုင်တဲ့အပြုအမူ” စံနှုန်းတွေကို ဆက်လက်သတ်မှတ်လိုတယ်ဆိုရင်တော့ ဆင်းရဲ၊ ချမ်းသာ၊ အာဏာရှိသူ၊ မရှိသူ မရွေး မျှမျှတတ သတ်မှတ်ရပါလိမ့်မယ်”

    အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမေရိကန်သူဌေးကြီး ဒေါ်နယ် ထရမ့်က အမေရိကန်နိုင်ငံအတွင်းကို မွတ်စလင်တွေဝင်ရောက်မှု ပိတ်ပင်ရမယ်လို့ ယခုတစ်ပတ် စောစောပိုင်းက ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း ယူကေပြည်သူတွေရဲ့ ဒီလိုတုန့်ပြန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    uk 2

    ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ထရမ့်က မွတ်စလင်တွေ အမေရိကန်ထဲဝင်ရောက်ခွင့်ကို လုံးဝပိတ်ပြီး အဲဒီနောက်ပိုင်းမှာ ဘာဖြစ်မလဲဆိုတာကို အစိုးရက စောင့်ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။

    ဒါပေမယ့် သူ့ရဲ့အဲဒီမှတ်ချက်ကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အပါအ၀င် ကမ္ဘာတစ်ဝှမ်းက နိုင်ငံရေးသမားတွေ၊ တာဝန်ရှိသူတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ပါတယ်။ ကင်မရွန်းကတော့ ထရမ့်ရဲ့ မှတ်ချက်တွေဟာ “သင်းကွဲအောင်လုပ်နေတာဖြစ်ပြီး အကျိုးမရှိတဲ့ မှားယွင်းတဲ့” ပြောဆိုမှုတွေပဲလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    အဓိပတိ ဂျော့ဂ်ျ အော့စ်ဘွန်းက ထရမ့်ရဲ့မှတ်ချက်တွေဟာ “အမေရိကန်ကို ထူထောင်ထားတဲ့ စည်းမျဉ်းတွေကို ကဖျက်ယဖျက်လုပ်နေတာဖြစ်ပြီး ဒီလို မဟုတ်တရုတ်တွေကို ချေဖျက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ သူ့ရဲ့ ခရီးသွားလာခွင့်ကို ပိတ်ပင်တာမျိုးမဟုတ်ဘဲ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ လုပ်ဖို့သာ” ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

    အတိုက်အခံလေဘာပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျယ်ရီမီ ကော်ဘန်က “မွတ်စလင်တွေကို အမေရိကန်ထဲဝင်ရောက်မှု ပိတ်ပင်ဖို့ ထရမ့်ရဲ့ ဆော်သြမှုဟာ ဒီမိုကရက်တစ်တန်းဖိုးတွေကို တိုက်ခိုက်လိုက်တာဖြစ်ပြီး ဘုံလူသားဆန်မှုကို စော်ကားလိုက်တာပါ။ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြပါစို့” လို့ သူ့ရဲ့ Twitter စာမျက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

    ဗြိတိန်မွတ်စလင်ကောင်စီက အထွေထွေအတွင်းမရေးမှူးဖြစ်သူ မစ်က်ဒဒ် ဗာဆီကလည်း ထရမ့်ကို ဝေဖန်ခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရဖို့အရေး ဒီလို ငါ့စကားနွားရပြောတာ ဖြစ်ပေမယ့် ဒါဟာ ယူကေက မွတ်စလင်တွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    “သူရဲ့မှတ်ချက်တွေက အစွန်းတစ်ဖက်ရောက်နေတဲ့ အယူသည်းမှုကို လူတွေက အကျိုးအကြောင်းဆီလျော်တယ်၊ အလယ်အလတ်ကျတယ်လို့ မြင်လာစေပါလိမ့်မယ်။ ဒါဟာ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာနေတဲ့ ယူကေလိုနေရာမျိုးမှာ စိုးရိမ်စရာဖြစ်ပါတယ်”

    “အလုံးစုံတည်ငြိမ်ဖို့ဟာ အရေးအကြီးဆုံးပါ။ တကယ်လို့ အစိုးရဟာ အမုန်းတရား ဟောပြောလှုံ့ဆော်နေတဲ့သူတွေကို ပြည်ဝင်ခွင့်ပိတ်ဖို့ ရွေးချယ်မယ်ဆိုရင်တော့ အမေရိကန်သမ္မတလောင်း ဒါမှမဟုတ် အယူဝါဒတစ်ခုက တရားဟောဆရာ မခွဲခြားပဲ အားလုံးအပေါ် တစ်ပြေးညီသတ်မှတ်သင့်ပါတယ်” လို့ ဗာဆီက ပြောခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီလိုပါးစပ်သရမ်းမှုကြောင့် သူပိုင်တဲ့လုပ်ငန်းတွေနဲ့ တွဲလုပ်နေတဲ့သူတွေကလည်း လုပ်ငန်းရပ်ဆိုင်းတာမျိုးတွေရှိနေပြီး Gulf – Lifestyle က မှန်ချပ်တွေ၊ လက်ဝတ်လက်စားထည့်တဲ့ ဘူးတွေအပါအ၀င် ထရမ့်ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းတွေအားလုံး ရောင်းချမှုကို ရပ်ဆိုင်းပစ်လိုက်ပါတယ်။

    ယူကေ အဘာဒီန်းမှာရှိတဲ့ Robert Gordon တက္ကသိုလ်ကလည်း ၂၀၁၀ ခုနှစ်မှာ ထရမ့်ကို ပေးအပ်ထားတဲ့ ဂုဏ်ပြုဆုတစ်ခုကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး “မစ္စတာထရမ့်ရဲ့ မှတ်ချက်တော်တော်များများဟာ တက္ကသိုလ်ရဲ့ ကျင့်ဝတ်၊ တန်ဖိုးတွေနဲ့ လုံးဝ ဖီလာဆန့်ကျင်ဖြစ်နေပါတယ်” လို ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ယူရိုပါပြိုင်ပွဲမှာ ပြည်တွင်းလိဂ်ကိုပါ ထိခိုက်မည်ဟု မန်ယူကို စပါး သတိပေး

    ယူရိုပါပြိုင်ပွဲမှာ ပြည်တွင်းလိဂ်ကိုပါ ထိခိုက်မည်ဟု မန်ယူကို စပါး သတိပေး

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    spur

    – ယူရိုပါလိဂ်မှာ ခက်ခဲမည်ဖြစ်ပြီး ပြည်တွင်းအမှတ်ပေးပြိုင်ပွဲကိုပါ ထိခိုက်နိုင်သည်ဟု စပါးနည်းပြ ပိုချက်တီနိုက မန်ယူအား သတိပေး ပြောဆိုလိုက်သည်။

    ယမန်နေ့မနက်က ၀ုလ်ဖ်ဘာ့ဂ်အသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် မန်ယူမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ဥရောပ၏ ဒုတိယအဆင့်အမြင့်ဆုံးဖြစ်သော ယူရိုပါလိဂ်တွင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ စပါးမှာ ယူရိုပါလိဂ်ပြိုင်ပွဲ စတင် ကစားခဲ့ပြီးနောက်ပိုင်းတွင် ရှုံးပွဲမရှိခဲ့ပေ။ သို့သော်လည်း ကြာသာပတေးနေ့ည ကစားရမည့် ယူရိုပါပွဲများမှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်မှုများ ရှိစေမည်ဟု ပိုချက်တီနိုက ဆိုသည်။

    “ဒါဟာ ထိခိုက်နိုင်တဲ့ အကြောင်းအရာတစ်ခုပါ။ ဒါဟာ တော်တော်လေးကို ခြားနားမှုရှိမယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ကြာသာပတေးနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ကစားရတာဟာ စိတ်ပိုင်းဆိုင်ရာနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။ ကြာသာပတေးနေ့ကျရင် အဝေးကြီးသွားကစားရမယ်၊ တနင်္ဂနွေကျရင်လည်း ထပ်ကစားရအုံးမယ်ဆိုတာ အမြဲတမ်း စဉ်းစားနေရမှာပါ” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

    ထို့ပြင် ပရီးမီးယားလိဂ်၏ နားချိန်မရှိသော ပြိုင်ဆိုင်မှုနှင့် ဇယားတွင် အမှတ်ကွာဟမှု ကျဉ်းမြောင်းခြင်းတို့က အင်္ဂလိပ်အသင်းများအတွက် အားနည်းချက်ကြီးတစ်ခု ဖြစ်နေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒါက ခြေစွမ်းကိုထိန်းသိမ်းဖို့ ခက်ခဲပါတယ်။ ဘာစီလိုနာ၊ ရီးယဲလ်နဲ့ ပီအက်စ်ဂျီလိုအသင်းမျိုးတွေရဲ့ လိဂ်မှာ အမှတ်ကွာခြားချက်က ၁၀ မှတ် ဒါမှမဟုတ် ၁၂ မှတ်လောက် ရှိကောင်းရှိနိုင်ပါတယ်။ ပြီးတော့ သူတို့ အသင်းသားတွေကို အနားပေးနိုင်ပြီး ချန်ပီယံလိဂ်မှာ အကောင်းဆုံးအခြေအနေရဖို့ ပြင်ဆင်နိုင်ပါတယ်”

    Ref: Goal

  • စင်ကာပူတွင် ဆေးလိပ်များကို ၂၀၁၇ မှစ၍ ခင်းကျင်းပြသခွင့် ရှိတော့မည်မဟုတ်

    စင်ကာပူတွင် ဆေးလိပ်များကို ၂၀၁၇ မှစ၍ ခင်းကျင်းပြသခွင့် ရှိတော့မည်မဟုတ်

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    smoke

    – ဆေးလိပ်လက်လီရောင်းချသူများ ၎င်းတို့၏ဆိုင်တွင် ဆေးလိပ်ခင်းကျင်းပြသထားခြင်းကို ၂၀၁၇ မှစ၍ ခွင့်ပြုမည်မဟုတ်တော့ဟု စင်ကာပူ ကျန်းမာရေးဝန်ကြီးက ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

    လက်လီရောင်းချသူများမှာ ဆေးလိပ်အား လက်ရှိထည့်သွင်းသိမ်းဆည်းထားသည့် နေရာများ(စင် သို့မဟုတ် ဘီဒို) ဆက်လက်အသုံးပြုခြင်း၊ သို့မဟုတ် ၎င်းတို့အား ပြုပြင်မွမ်းမံခြင်း သို့မဟုတ် အလုံပိတ်၊ တစ်ဝက်ပိတ်ကာ ထည့်သွင်းသိမ်းဆည်းသည့် ပုံစံအသစ်များကို အသုံးပြုခြင်း စသည့် နည်းလမ်းများကို ရွေးချယ် အသုံးပြုနိုင်မည်ဖြစ်သည်။

    အဆိုပါ စင် သို့မဟုတ် ဘီဒိုများမှာ ဆေးလိပ်များကို လူထု၏မြင်ကွင်းမှ မည်သည့်အချိန်တွင်မဆို ဖျောက်ထားရမည်ဟူသော သတ်မှတ်ချက်ကို လိုက်နာရမည်ဖြစ်သည်။

    ရောင်းချမည့်ဆေးလိပ်များကို ၀ယ်ယူထည့်သွင်းခြင်း လုပ်ငန်းစဉ် သို့မဟုတ် ရောင်းချသည့်လုပ်ငန်းစဉ်တို့တွင် ၀န်ထမ်းမှာ တစ်ခုခုလုပ်ရန် ထိုလုပ်ငန်းစဉ်အား (တစ်ဝက်တစ်ပြတ်နှင့်) မရပ်သမျှကာလပတ်လုံး ဆေးလိပ်များ လူမြင်ကွင်းတွင် ရှိနေမှုကို ချွင်းချက်အဖြစ် ခွင့်ပြုထားသည်။

    ကျန်းမာရေးဝန်ကြီးဌာနက ဈေးနှုန်းကပ်ရာတွင် စာသားများသာပါဝင်သည့် “စံ” ပုံစံဖြင့်ရိုက်နှိပ်ထားသော ဈေးနှုန်းစာရင်းများကိုသာ ခွင့်ပြုရန် စီစဉ်ထားပြီး ထိုသို့ခွင့်ပြုမှုမှာ အရောင်းအ၀ယ်ကို လွယ်ကူစေရန်နှင့် ဈေးနှုန်းစတစ်ကာများအား ကြော်ငြာပုံစံတစ်ခုအဖြစ် အသုံးချခြင်းကို တားဆီးနိုင်ရန်ဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် ဆေးလိပ်များ ထားရှိရာနေရာများ(စင် သို့မဟုတ် ဘီဒို) ကိုလည်း အတွင်းအပြင် အရောင်တစ်ရောင်တည်းသာ အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး အဆိုပါ အရောင်မှာလည်း စားသုံးသူအား ဆွဲဆောင်နိုင်သည့်အရောင်မျိုး မဖြစ်ရဟု ကျန်းမာရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    “အဓိကရည်ရွယ်ချက်ကတော့ ဆေးလိပ်မသောက်သူတွေ အထူးသဖြင့် လူငယ်တွေကို ဆွဲဆောင်မှုရှိတဲ့ ကြော်ငြာတွေနဲ့ ဆိုင်တွေက ဆေးလိပ်ရောင်းကောင်းအောင် လုပ်တာကို ကာကွယ်ဖို့ရယ်၊ ပြီးတော့ ဆေးလိပ်ဖြတ်ဖို့ကြိုးစားနေတဲ့သူတွေကိုလည်း ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးချင်တာရယ်ကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်လက်လီရောင်းချတဲ့သူတွေ စီးပွားရေးမှာ အဆင်မပြေဖြစ်တာတွေကို လျော့ချတဲ့နေရမှာလည်း ကျွန်တော်တို့ဟာ ကြိုးစားကူညီချင်ပါတယ်” ဟု စင်ကာပူကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူ ဒေါက်တာ အေမီခေါရ်က ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ၄၈ လမ်း ဗလီတွင် လူစိမ်းများရှိဟူသော သတင်းအမှားဖြင့် လူမျိုးရေး၊ ဘာသာရေး လှုံဆော်မှုများ ပြုလုပ်နေ

    ၄၈ လမ်း ဗလီတွင် လူစိမ်းများရှိဟူသော သတင်းအမှားဖြင့် လူမျိုးရေး၊ ဘာသာရေး လှုံဆော်မှုများ ပြုလုပ်နေ

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၅
    M-Media
    သတင်း- ညီညီဇော်

    48
    မူရင်းပိုစ်- Link

    – ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ၁၀ ရပ်ကွက် ၄၈ လမ်း ဗလီတွင် တရားမ၀င် ၀င်ရောက်လာသည့် လူစိမ်း ၁၀၀ ကျော်ကို တွေ့ရှိရသည်ဆိုသည့် အွန်လိုင်းသတင်းမှာ လုပ်ကြံသတင်းသာဖြစ်ပြီး အမှန်တကယ် မဟုတ်ကြောင်း စုံးစမ်းသိရှိရသည်။

    အဆိုပါ လုပ်ကြံသတင်းကို လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အမုန်းတရားများကို ပုံမှန်ဖြန့်ဖြူးနေသော Wira Mos Sess ဟု အမည်ရသည့် Facebook စာမျက်နှာတွင် အွန်လိုင်းမှ ရရှိသော ပုံတစ်ပုံဖြင့်တွဲ၍ လွှင့်တင်ထားခြင်းဖြစ်သည်။

    အဆိုပါပို့စ်တွင် “ဗိုလ်တစ်ထောင် ၄၈ လမ်း ဗလီသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ရှောင်တခင် ၀င်ရောက်စစ်ဆေးရာတွင် မှတ်ပုံတင်မရှိ ဧည့်စာရင်းဖြင့်နေထိုင်သည့် မွတ်စလင် လူစိမ်း ၁၀၀ ကျော် ကိုတွေ့ရှိပြီး၊ သက်ဆိုင်ရာသို့ အကြောင်းကြားသော်လည်း သတင်း မပေါက်ကြားရန်သာ ပြောဆိုပြီး အရေးယူဆောင်ရွက်ခြင်းမရှိ” ဟု ဖော်ပြထားသည်။

    အဆိုပါ ဝါဒဖြန့်လှုံဆော်သည့် သတင်းအမှားကို ၁၂ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေသူ (၁၅,၀၀၀) ကျော်ရှိသွားပြီဖြစ်သည်။

    M-Media ၏ ဆက်သွယ်မေးမြန်းမှုများအရ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း၊ မိမိတို့ဗလီဝတ်ကျောင်းနှင့် ပူးတွဲရှိသည့်  အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွင် လာရောက်သင်ယူနေသော အနယ်နယ်အရပ်ရပ်မှ မိဘမဲ့ ကျောင်းသားများသာရှိပြီး ထိုကျောင်းသားများ စာရင်းကိုလည်း သက်ဆိုင်ရာသို့ ပုံမှန်သွားရောက် သတင်းပို့ကြောင်း ဗလီနှင့် နီးစပ်သည့် ရင်းမြစ် မှ တဆင့် စုံစမ်းသိရှိရပါသည်။

    ထို့ပြင် ဒီဇင်ဘာ ၁၀ ရက်နေ့(ယနေ့) မနက်ပိုင်းကလည်း ရပ်ကွက်၊ မြို့နယ်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ၉ ယောက်ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှာ စာသင်ကျောင်းသို့ လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။ ထိုကြည့်ရှုမှုမှာ ပုံမှန်လာရောက်ကြည့်မှုသာဖြစ်သည်ဟု ဆိုသည်။

    Wira Mos Sess ၏ ပို့စ်တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်မှ ခိုးဝင်လာသည့် မွတ်စလင်များအား ဗလီများက ဗမာစကားသင်ပေးကာ မြို့နယ်နှင့် ရပ်ကွက်များသို့ ဖြန့်ကျက်ကြောင်း၊ ၎င်းတို့အား မွတ်စလင် လုပ်ငန်းများတွင် အလုပ်ပေးကြောင်း၊ လမ်းခရီးတွင် ဖမ်းမိခဲ့ပါက ဆော်ဒီနှင့် အာရပ်နိုင်ငံများမှ ငွေများဖြင့် လိုက်လံဖြေရှင်းပေးသည်ဟုလည်း လုပ်ကြံရေးသားထားသည်။

    ဆိုရှယ်မီယာမှ တဆင့် အစ္စလာမ်ဆန့်ကျင်ရေး လှုံ့ဆော်မှုများ ၂၀၁၂ ခုနှစ် စတင်ကြီးထွားလာပြီး ယခု ၃ နှစ်ကျော်ကာလ အချိန်ထိ သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်စွာ ကိုင်တွယ် အရေးယူဆောင်ရွက်မှု အားနည်းလျက်ရှိသည်။

  • ယခုနှစ်မှာ အာဆင်နယ်၏ ချန်ပီယံလိဂ် ကံကောင်းသည့်နှစ် ဖြစ်နိုင်သည်ဟု ၀င်းဂါးပြော

    ယခုနှစ်မှာ အာဆင်နယ်၏ ချန်ပီယံလိဂ် ကံကောင်းသည့်နှစ် ဖြစ်နိုင်သည်ဟု ၀င်းဂါးပြော

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    winger

    – ယခုနှစ်မှာ ချန်ပီယံလိဂ်တွင် မိမိတို့ အာဆင်နယ်အသင်းအတွက် ကံကောင်းသည့်နှစ် ဖြစ်နိုင်သည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အဖွင့်ပွဲ နှစ်ပွဲစလုံး ရှုံးနိမ့်မှုနှင့်အတူ အုပ်စု F တွင် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးအနည်းဆုံး အာဆင်နယ်မှာ ယနေ့မနက် အိုလံပီယာကော့စ်နှင့်ပွဲတွင် ဂျရူး၏ ဟက်ထရစ်ဖြင့် ၃ ဂိုးပြတ် အနိုင်ရခဲ့ပြီး အုပ်စုဒုတိယဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။

    “ရှေ့၊ လယ်၊ နောက် ပြောစရာကိုမရှိတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ နေ့စဉ်နေ့တိုင်း အားထုတ်မှုတွေကို တောင်းဆိုနေတာပါ။ အခုတော့ ကျွန်တော်တို့ အုပ်စုအဆင့်ကနေ လွတ်မြောက်ခဲ့ပြီး ဒီနှစ်ဟာ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့အတွက် ကံကောင်းတဲ့နှစ်တစ်နှစ် ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ ဒီနေ့ပွဲထွက်လာတဲ့ကစားသမားတွေ၊ သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုကြည့်ရင် လက်ဖျားခါလောက်တယ်ဆိုတာ တွေ့ရမှာပါ” ဟု ၀င်းဂါးက ပွဲအပြီးတွင် BT Sport သို့ ပြောကြားခဲ့သည်။

    ဟက်ထရစ်သွင်းကာ အသင်းအား ကူညီနိုင်ခဲ့သည့် တိုက်စစ်မှူး ဂျရူးကလည်း မိမိ၏ စွမ်းဆောင်ရည်ကို ကျေနပ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်အတွက်ရော၊ အသင်းအတွက်ပါ တော်တော်လေးကောင်းခဲ့ပါတယ်။ နောက်တစ်ဆင့် တက်သွားတဲ့အတွက်လည်း ကျွန်တော်တို့ ကျေနပ်ပါတယ်”

    Ref: Goal