News @ M-Media

Blog

  • ဆီးရီးယားအရှေ့ပိုင်းရှိ လေကြောင်းတိုက်ခိုက်မှုအတွင်း အစိုးရစစ်သားများ သေဆုံး

    ဆီးရီးယားအရှေ့ပိုင်းရှိ လေကြောင်းတိုက်ခိုက်မှုအတွင်း အစိုးရစစ်သားများ သေဆုံး

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒီအက်ဇိုရ်ပြည်နယ် အေယက်ရှ်မြို့၌ ယနေ့တွင် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဆီးရီးယားစစ်သား ၃ ဦး သေဆုံးခဲ့ပြီး ဆီးရီးယားအစိုးရကမူ အမေရိကန်ဦးဆောင်သည့် မဟာမိတ်များက တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က တိုက်ခိုက်မှုမှာ စစ်စခန်းတစ်ခုအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်းစုံမှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဆီးရီးယားတွင် ထိုတိုက်ခိုက်မှုအား မည်သူက ပြုလုပ်သည်ဆိုသည်ကို အတည်ပြုနိုင်ခြင်းမရှိဟု ပြောကြားခဲ့သည်။ အမေရိကန်ကမူ ထိုတိုက်ခိုက်မှုတွင် ၎င်းပါဝင်မှုကို ငြင်းဆိုခဲ့သည်။

    ဒီအက်ဇိုရ်ပြည်နယ်မှာ IS အဖွဲ့၏ အဓိကထိန်းချုပ်ရာဒေသဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်သည့် ဒေသလည်း ဖြစ်နေသည်။ ဆီးရီးယားအစိုးရ၏ လေတပ်ကလည်း ထိုဒေသတွင် စစ်ဆင်ရေးဆောင်ရွက်မှုများ ရှိပြီး ၎င်းတို့၏ မဟာမိတ်ဖြစ်သော ရုရှားလေတပ်မှာလည်း ပြီးခဲ့သည့် စက်တင်ဘာလ နှောင်းပိုင်းမှ စတင်ကာ ဒီအက်ဇိုရ်ပြည်နယ်၌ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

    ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့မှ တိုက်လေယာဉ် ၄ စင်းမှာ ဆီးရီးယား စစ်စခန်းသို့ ဒုံးကျည် ၉ စင်းနှင့် ပစ်ခတ်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ကုလသို့လည်း ၀န်ကြီးဌာနက စာပို့ခဲ့ပြီး ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။

    Ref: Aljazeera

  • အကြမ်းဖက်ဆန့်ကျင်ရေး အမေရိကန်မွတ်စလင်များ ဆန္ဒပြ

    အကြမ်းဖက်ဆန့်ကျင်ရေး အမေရိကန်မွတ်စလင်များ ဆန္ဒပြ

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    al kha

    – အမေရိကန်ပြည်ထောင်စု ကန်ဆက်စ်မြို့ အရှေ့မြောက်ဖက်တွင် မွတ်စလင် ဒါဇင်ပေါင်းများစွာမှာ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အကြမ်းဖက်ဝါဒကို ရှုတ်ချကြောင်း စနေနေ့က လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ၎င်းတို့မှာ Not in my Name ခေါင်းစဉ်ဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များကလည်း လူမှုကွန်ရက်များပေါ်တွင် အစ္စလာမ်သာသနာသည် ငြိမ်းချမ်းသောသာသနာဖြစ်သည်ဆိုသော သတင်းစကားကို ပျံ့နှံ့စေမည့် ကမ်ပိန်းတစ်ခု စတင်ပြုလုပ်ခဲ့ကြသည်။

    “ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးအတွက် ဒီရောက်နေကြတာပါ၊ ကျွန်တော်တို့ IS ကို ဆန့်ကျင်ပါတယ်။ ကျွန်တော်တို့ဟာ ပန်းပျိုးလက်တွေပါ။ ဗုံးထုတ်တဲ့လက်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းမှုကို မြတ်နိုးပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန်နိုင်ငံသားကောင်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်ပြီး အခွန်ဆောင်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ အီရတ်နဲ့ ဆော်ဒီနွယ်ဖွားတွေပါဝင်တဲ့ အဖွဲ့အစည်း သေးသေးလေးတစ်ခု သာဖြစ်ပါတယ်။ အပြစ်မဲ့ အသတ်ခံရတဲ့ လူတိုင်းအတွက် ကျွန်တော်တို့ ဒီရောက်နေခြင်းဖြစ်ပါတယ်’ ဟု မူကြိုကျောင်းဆရာဖြစ်သူ ဟူဒါအလီဆာဝီက ပြောကြားခဲ့သည်။

    လမ်းလျှောက်မှုကို ကက်ဆလာဥယျာဉ်တွင် စတင်ခဲ့ပြီး အလ်ကာ့ဖ်အစ္စလာမ့်စင်တာတွင် အဆုံးသတ်ခဲ့သည်။

    အမေရိကန်တွင် လူဖြူအစွန်းရောက်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ IS နှင့် အလ်ကိုင်းဒါးတို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် သေဆုံးမှုများထက် ပိုမိုများပြားသည်ဟု စစ်တမ်းများအရ သိရသည်။

    Ref: IINA News

  • အိုအိုင်စီ၏ ပထမကြိမ် မိခင်နှင့်ကလေး ကျန်းမာရေးဆွေးနွေးပွဲကို တူရကီတွင် ကျင်းပ

    အိုအိုင်စီ၏ ပထမကြိမ် မိခင်နှင့်ကလေး ကျန်းမာရေးဆွေးနွေးပွဲကို တူရကီတွင် ကျင်းပ

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    oic

    – လူဦးရေတိုးပွားမှုဆိုင်ရာ၊ မျိုးဆက်ပွားကျန်းမာရေး၊ မိခင်နှင့် ကလေ ကျန်းမာရေး စသည်တို့နှင့် ပတ်သက်၍ ကျွမ်းကျင်သူများက တွေ့ဆုံဆွေးနွေးခဲ့သည့် OIC ၏ ပထမအကြိမ် အစည်းအဝေးကို တူရကီနိုင်ငံ အန်ကာရာမြို့တွင် ဒီဇင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့သည်ဟု သိရသည်။

    OIC အဖွဲ့ဝင်နိုင်ငံများမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှာ အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးမှာ OIC နိုင်ငံများအကြား ကျန်းမာရေးနှင့်ပတ်သက်၍ တီထွင်ဖန်တီးမှုများ ပေါ်ထွက်လာရေး၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာရေးတို့ကို ဆောင်ရွက်ပေးမည့် ကွန်ယက်တစ်ခု တည်ဆောက်ရေးအတွက် ပထမခြေလှမ်းလည်း ဖြစ်သည်။

    ဆွေးနွေးပွဲတွင် မျိုးဆက်ပွားကျန်းမာရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးကဏ္ဍများအတွက် မတူညီသောအမြင်များ တင်ပြဆွေးနွေးခဲ့ကြသည်။ လူဦးရေဆင့်ကဲတိုးတက်မှုနှင့် စာရင်းဇယားအညွှန်းကိန်းများ၊ မိခင်နှင့်ကလေး ကျန်းမာရေးအပေါ် မျက်မှောက်ခေတ်နှင့် နှိုင်းယှဉ်၍ ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။

    Ref: IINA News

  • တူရကီ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆုကို ကာဇခ်စတန်မှ သင်္ချာပညာရှင်တစ်ဦး ရရှိ

    တူရကီ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆုကို ကာဇခ်စတန်မှ သင်္ချာပညာရှင်တစ်ဦး ရရှိ

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    turkey

    – တူရကီနိုင်ငံ သိပ္ပံနှင့် နည်းပညာ သုတေသနကောင်စီ၏ ထိပ်တန်းဂုဏ်ပြုဆုကို ကာဇခ်စတန် နိုင်ငံမှ သင်္ချာပါမောက္ခ ဒေါက်တာ မာရက် အခ်မက်က ရရှိခဲ့သည်ဟု သိရသည်။

    ဆုချီးမြှုင့်ပွဲအခမ်းအနားကို မြို့တော်အန်ကာရာ ဆင်ခြေဖုံးရှိ Aksaray သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်က တက်ရောက်ကာ ဆုချီးမြှင့်ပေးခဲ့သည်။ ပါမောက္ခအခ်မက်ကလည်း ယခုကဲ့သို့ ဂုဏ်ပြုခြင်းခံရခြင်းအတွက် ကောင်စီကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေက ကာဇခ်စတန်တွင်သာ မကဘဲ နိုင်ငံရပ်ခြားမှာပါ အခုလို အောင်မြင်တဲ့အတွက် ကြည်နူးဝမ်းသာမိပါတယ်။ အခ်မက်ရဲ့ စံနမူနာကိုကြည့်ပြီး ကျွန်ုပ်တို့ ကာဇခ်စတန်နိုင်ငံသားတွေဟာ သိပ္ပံပညာရပ်မှာ ထူးချွန်ပေါက်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ကာဇခ်စတန် သံအမတ် ဇန်စီတ် တူမီဘာအယက်ဗ်က ပြောကြားခဲ့သည်။

    သိပ္ပံနည်းကျ ဆန်းသစ်မှုများနှင့် differential equations ၏ ယေဘုယျဆိုင်ရာ သီအိုရီ ပေါ်ထွက်လာစေရန်အတွက် နိုင်ငံတကာအဆင့်တွင် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့ခြင်းတို့ကြောင့် ပါမောက္ခ အခ်မက်အား အဆိုပါသိပ္ပံဂုဏ်ပြုဆုကို ချီးမြှင့်ခြင်းဖြစ်သည်ဟု သိရသည်။

    သင်္ချာဘာသာရပ်တွင် ၎င်း၏ သုတေသနပြုချက်များကို တူရကီနိုင်ငံတွင်သာမက ဥရောပနိုင်ငံများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မည် ဖြစ်သည်။ ထပ်မံ၍ ၎င်း၏ သုတေသနပြုချက်များကို တူရကီ၊ ဥရောပ၊ အမေရိကန်နိုင်ငံတို့တွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။

    Ref: IINA News

  • အေစီမီလန်မှာ အမှတ် ၂ မှတ် ဖြုန်းတီးခဲ့သည်ဟု နည်းပြပြော

    အေစီမီလန်မှာ အမှတ် ၂ မှတ် ဖြုန်းတီးခဲ့သည်ဟု နည်းပြပြော

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    ac

    – တန်းတက် ကာရ်ပီအသင်းအား ဂိုးမရှိသရေကျခဲ့သည့် ယမန်နေ့ စီးရီးအေပွဲအတွက် အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်ခ်ျက ဒေါသထွက်ခဲ့ပြီး မိမိတို့အသင်းမှာ အမှတ် ၂ မှတ်ကို ဖြုန်းတီးခဲ့သည်ဟု ပြောကြားခဲ့သည်။

    အဝေးကွင်းတွင် သွားရောက်ကစားခဲ့ရသည့် ထိုပွဲတွင် ခံစစ်အားပြုကစားသည့် ကာရ်ပီအသင်းကို အေစီမီလန်မှာ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းမရှိဘဲ နောက်ဆုံးအချိန်များတွင် ဖိအားပေးနိုင်ခဲ့သော်လည်း လိုချင်သည့်ဂိုးကို မရရှိခဲ့ပေ။ ထိုပွဲမှာ ယခုနှစ် စီးရီးအေတွင် အေစီမီလန် ဂိုးမသွင်းနိုင်သည့် ၇ ပွဲမြောက်လည်း ဖြစ်ခဲ့သည်။

    “ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့ရမှာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ တိုးတက်လာခဲ့ပြီး အနိုင်နဲ့လည်း ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဂိုးသွင်းခွင့်တော်တော်များများကို ဖန်တီးခဲ့ပေမယ့် ကာရ်ပီက ခံစစ်ကို အထိုင်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဖန်တီးနိုင်စွမ်းနဲ့ ကံတရား လိုအပ်ခဲ့ပါတယ်။ ဂိုးရှေ့မှာ ကျွန်တော်တို့ ဆုံးဖြတ်ချက် ပိုပြတ်သားဖို့လိုပြီး ဒီလိုပွဲမျိုးဟာ ဖောက်ထွက်ရမယ့် ပွဲမျိုးပါ။ ကျွန်တော်တို့ အမှတ် ၂ မှတ်ကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ ၀မ်းနည်းစရာပါပဲ။ ဒါပေမယ့် နောက်ပွဲကို ကျွန်တော်တို့ အာရုံစိုက်ရပါမယ်” ဟု မီဟိုင်းလိုဗစ်ခ်ျက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal