News @ M-Media

Blog

  • ပါလက်စတိုင်းများကို အစ္စရေးက တရားလက်လွတ်သတ်ဖြတ်ခြင်းအတွက် ဆွီဒင်က ပြင်းထန်စွာ ရှုတ်ချ

    ပါလက်စတိုင်းများကို အစ္စရေးက တရားလက်လွတ်သတ်ဖြတ်ခြင်းအတွက် ဆွီဒင်က ပြင်းထန်စွာ ရှုတ်ချ

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media

    pal

    – ဓားဖြင့်တိုက်ခိုက်သည်ဟု စွပ်စွဲသော ကိစ္စများတွင် ပါဝင်ပတ်သက်သည်ဆိုသော ပါလက်စတိုင်းပြည်သူများကို တရားလက်လွတ် သတ်ဖြတ်ခြင်းများအတွက် အစ္စရေးအား ဆွီဒင်နိုင်ငံက ပြင်းထန်စွာ ဝေဖန်ရှုတ်ချလိုက်သည်။

    ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ ဝေါလ်စထရုမ်းကမူ အစ္စရေးစစ်တပ်မှာ ပါလက်စတိုင်းဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့မှုတွင် တရားလက်လွတ်သတ်ဖြတ်ခြင်း သို့မဟုတ် မတန်တဆ အင်အားသုံးခြင်းတို့ကို ဆောင်ရွက်နေပြီး အစ္စရေးမှ သေဆုံးသူများနှင့် ပါလက်စတိုင်းမှ သေဆုံးသူများကို နှိုင်းယှဉ်လျှင် ထိုအချက်ကို ရှင်းရှင်းလင်းလင်း တွေ့ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

    ‘အစ္စရေးရဲ့ တုန့်ပြန်မှုမှာ တရားလက်လွတ် သတ်တာဖြတ်တာတွေ ပါဝင်ပြီး၊ သင့်လျော်မှုလည်း မရှိပါဘူး။ ဒါ့ကြောင့် တစ်ဖက်မှာ (ပါလက်စတိုင်းဖက်မှာ) သေဆုံးတဲ့သူတွေက အဆမတန် များပြားနေပါတယ်’ ဟု သူမက ဆိုသည်။

    ဝေါလ်စထရုမ်း၏ မှတ်ချက်များကို အစ္စရေးအာဏာပိုင်များက လက်မခံခဲ့ဘဲ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ကာ ရှုတ်ချခဲ့သည်။

    ပါလက်စတိုင်းနှင့် အစ္စရေးများအကြား အောက်တိုဘာကတည်းက စတင်ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုများကြောင့် ပါလက်စတိုင်း ၁၁၀ ကျော်နှင့် အစ္စရေး အယောက် ၂၀ နီးပါး သေဆုံးခဲ့သည်။ ထို့ပြင် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်တို့တွင် ပါလက်စတိုင်းဆန္ဒပြသူများနှင့် အစ္စရေးတပ်ဖွဲ့များအကြား တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

    ထိုမတည်ငြိမ်မှုများမှာ သြဂုတ်လအတွင်းက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အား အစ္စရေးတပ်ဖွဲ့များနှင့် တရားမ၀င်အိမ်ယာများ၌ နေထိုင်ကြသည့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်း ၀တ်ပြုသူများအား တိုက်ခိုက်ခဲ့ပြီးနောက် စတင်လာခဲ့ခြင်းဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များကို တစ်စတစ်စ သိမ်းယူနေသည့် အစ္စရေးမှာ မကြာသေးမီကလည်း အနောက်ဖက်ကမ်းရှိ Area C ဟုခေါ်သော နယ်မြေမှ ပါလက်စတိုင်းပိုင် အိမ်များကို ဖြိုချဖျက်ဆီးခဲ့ပြီး ဥရောပသမဂ္ဂက ထိုလုပ်ရပ်အား ရှုတ်ချခဲ့သည်။

    နိုင်ငံတကာအဖွဲ့အစည်းများက ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက အခြေချအိမ်ယာများ တည်ဆောက်ခြင်းမှာ တရားမ၀င်ဟု သတ်မှတ်ထားသည်။ ၁၉၆၇ ကတည်းကစ၍ အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များအတွင်း တရားမ၀င် အခြေချအိမ်ယာ ၁၂၀ ကျော်ကို ဆောက်လုပ်ခဲ့ပြီး ထိုအိမ်ယာများတွင် ဂျူးသန်းဝက်ကျော် နေထိုင်နေကြသည်။

    Ref: Press TV

  • ချယ်ဆီးအနိုင်က သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်ဟု ဘုန်းမောက်နည်းပြ ပြော

    ချယ်ဆီးအနိုင်က သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်ဟု ဘုန်းမောက်နည်းပြ ပြော

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media

    chel– စတမ်းဖို့ဘရစ်ခ်ျတွင် ချယ်ဆီးအား အနိုင်ရခဲ့ခြင်းမှာ မိမိတို့အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်ဖြစ်သည်ဟု ဘုန်းမောက်နည်းပြ အက်ဒီဟိုဝီက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ထိုပွဲတွင် ဘုန်းမောက်မှာ ဂလန်း မာရေး၏ ၈၂ မိနစ် ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး ၆ ပွဲတွင် ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့သည်။ ချယ်ဆီးအတွက်မူ ယခုရာသီ၏ ၈ ပွဲမြောက်အရှုံး ဖြစ်ခဲ့သည်။

    “ဒါဟာ အသင်းရဲ့သမိုင်းတစ်လျှောက်မှာ တစ်ပွဲချင်းအလိုက် အကောင်းဆုံးရလဒ်အဖြစ် ရပ်တည်နေမှာပါ။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီလို့ ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေကိုကြည့်ရင် ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး၊ အရင်ကထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းလာပါတယ်။ ထိုက်တန်တယ်လို့ ခံစားရတဲ့ နိုင်ပွဲကိုတော့ ကျွန်တော်တို့ မရခဲ့ပါဘူး” ဟု ဟိုဝီက ချယ်ဆီးနှင့်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • ကိုယ်လက်လှုပ်ရှားမှုနည်းပြီး တီဗွီကြာကြာကြည့်ခြင်းက ဦးနှောက်ကို ထိခိုက်နိုင်

    ကိုယ်လက်လှုပ်ရှားမှုနည်းပြီး တီဗွီကြာကြာကြည့်ခြင်းက ဦးနှောက်ကို ထိခိုက်နိုင်

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media

    sleep

    – ကယ်လီဖိုးနီးယားတက္ကသိုလ်ရှိ သုတေသီများက အရွယ်ရောက်ခါစတွင် တစ်နေ့လျှင် သုံးနာရီအထက် ရုပ်ရှင်ကြည့်ပါက လူလတ်ပိုင်း၌ မှတ်ဥာဏ်ဆိုင်ရာလုပ်ငန်းများကို ဆိုးရွားစေနိုင်ကြောင်း တွေ့ရှိခဲ့ရပြီး တီဗွီအလွန်အမင်းကြည့်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု လျော့နည်းခြင်းတို့က မွေးရာပါအသိဥာဏ်ကို အလွန်အမင်း နိမ့်ကျစေသည်ဟု ဆိုသည်။

    သုတေသီများက ၁၉၈၅ ခုနှစ်တွင် အသက် ၁၈ နှင့် ၃၀ ကြား အရွယ်ရောက်ပြီးလူငယ် ၃၂၄၇ ယောက်ကို စတင် စမ်းသပ်ခဲ့ပြီး၊ တစ်ယောက်စီကို တနေ့သုံးကြိမ်ထက်ပို၍ နှစ်အစိတ်ကြာ တီဗွီကြည့်ရှုစေခဲ့သည်။

    ၃ မျိုးခွဲ၍ ပြုလုပ်ခဲ့သော ဆိုပါလေ့လာမှုတွင် တစ်နေ့သုံးနာရီထက်ပို၍ တီဗွီကြည့်သူများသည် နားလည်သဘောပေါက်မှုစွမ်းရည် နိမ့်ကျလာကြောင်း တွေ့ရှိခဲ့ရပြီး ကိုယ်လက်လှုပ်ရှားမှုနည်းသူ ၁၆ ဒသမ ၃ ရာခိုင်နှုန်းခန့်မှာလည်း စမ်းသပ်မှုတွင် ရမှတ်နည်းသည်ကို တွေ့ခဲ့ရသည်။

    ကိုယ်လက်လှုပ်ရှားမှုလည်းနည်းပြီး တီဗွီလည်း အလွန်ကြည့်သော ၃ ဒသမ ၃ ရာခိုင်နှုန်းကမူ သိမှတ်နိုင်မှုစွမ်းရည် လျော့ကျသည့်အရေအတွက် နှစ်ဆတိုးမြှင့်လာကြောင်း တွေ့ရှိရသည်။

    “အခုခေတ်ကာလမှာ ထိုင်နေဖို့အတွက် အခွင့်အလမ်းတွေက ပိုများနေပြီး ဒါက စိုးရိမ်မှုတစ်ခုထက်ကို ပိုနေပါပြီ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သိမှတ်နိုင်စွမ်းတွေ ပြောင်းလဲလာတယ်ဆိုတာကို ပြသနေတဲ့ သုတေသနတွေလည်း တော်တော်များများ ရှိနေပါပြီ” ဟု ဆန်ဖရန်စစ္စကိုရှိ Veterans Affairs Medical Center မှ သုတေသနပညာရှင် တီနာ ဟွန်က ပြောကြားခဲ့သည်။

    AG/IINA

  • IS အကြမ်းဖက်အဖွဲ့ကို မွတ်စလင်အားလုံးနီးပါး မုန်းတီးသည်ဟု စစ်တမ်းများက ဖော်ပြ

    IS အကြမ်းဖက်အဖွဲ့ကို မွတ်စလင်အားလုံးနီးပါး မုန်းတီးသည်ဟု စစ်တမ်းများက ဖော်ပြ

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    is

    – ကမ္ဘာကျော် Pew သုတေသနစင်တာမှ မကြာသေးမီက ကောက်ယူခဲ့သည့် စစ်တမ်းများအရ မွတ်စလင်အများစုရှိရာ နိုင်ငံများမှ မွတ်စလင် အားလုံးနီးပါးမှာ အကြမ်းဖက် IS အဖွဲ့ကို ရွံ့ရွာစက်ဆုပ် မုန်းတီးကြသည်ဟု သိရှိခဲ့ရသည်။

    မွတ်စလင် ၁၀ နိုင်ငံ၌ အဆိုပါ စစ်တမ်းကောက်ယူမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ဘနွန်နိုင်ငံတွင် စစ်တမ်းကောက်ယူခံရသူ မွတ်စလင်များမှ အားလုံး၊ ဂျော်ဒန်နိုင်ငံတွင် ၉၄ ရာခိုင်နှုန်းတို့မှာ IS အဖွဲ့အား မုန်းတီးကြသည်ဟု ဖြေကြားခဲ့သည်။

    ပါလက်စတိုင်း၌ စစ်တမ်းကောက်ယူခံရသူများ၏ ၈၄ ရာခိုင်နှုန်းကလည်း အဆိုပါ အကြမ်းဖက်အဖွဲ့ကို မုန်းတီးကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှား၊ တူရကီ၊ နိုက်ဂျီးရီးယား၊ ဘာကီနာဖာဆို၊ မလေးရှားနှင့် ဆီနီဂေါလ်နိုင်ငံများ၌ စစ်တမ်းကောက်ယူမှုများတွင်လည်း မွတ်စလင်အများစုက IS အဖွဲ့အား ရွံရှာသည်ဟု ဖြေကြားခဲ့သည်။

    ပါကစ္စတန်နိုင်ငံနိုင်ငံတွင် ၆၂ ရာခိုင်နှုန်းမှာ တိတိကျကျ ဖြေကြားခြင်း မရှိသော်လည်း IS အဖွဲ့အား စိတ်ဝင်စားမှု မရှိသည်ကို ပြသခဲ့သည်။ ၂၈ ရာခိုင်နှုန်းကမူ လက်မခံကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။

    IS အစွန်းရောက်အကြမ်းဖက်အဖွဲ့မှာ လက်ရှိအချိန်တွင် ဆီးရီးယား၊ အီရတ်နှင့် လစ်ဗျားတို့ရှိ ဒေသအများအပြားကို သိမ်းပိုက်ထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ခေါင်းဖြတ်ခြင်းတို့ အပါအ၀င် စက်ဆုပ်ရွံ့ရှာဖွယ်ရာ ရာဇ၀တ်မှုများကို ကျူးလွန်နေကြသည်။

    ထိုအဖွဲ့မှာ အစ္စလာမ်၏ အမည်နာမကို အလွဲသုံးစားပြု၍ အဆိုပါ ရာဇ၀တ်မှုများကို ကျူးလွန်နေကြခြင်းဖြစ်ပြီး မွတ်စလင်များကမူ ထိုအကြမ်းဖက်အဖွဲ့ကို လုံးဝ လက်မခံဘဲ ၎င်းတို့၏ လုပ်ရပ်များမှာလည်း အစ္စလာမ်နှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိဟု ဖြေရှင်းချက်အများအပြား ထုတ်ခဲ့ကြသည်။

    IS အဖွဲ့မှာ အီရတ်တွင် အမေရိကန်၏ ကျူးကျော်မှုအား မကျေနပ်သူများကို စုစည်း၍ ဖြစ်လာခဲ့သော အလ်ကိုင်းဒါအဖွဲ့ခွဲမှ အသွင်ပြောင်းလာခြင်းဖြစ်ပြီး အီရတ်အား ကျူးကျော်မှုတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကလည်း ထောက်လှမ်းရေးသတင်းအချက်အလက် အမှားများဖြင့် ၎င်းတို့ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အီရတ်ကျူးကျော်စစ်မှာ IS အကြမ်းဖက်အဖွဲ့ ပေါ်ထွက်လာခြင်း၏ အဓိက အကြောင်းအရင်းတစ်ခုဖြစ်သည်ဟု မကြာသေးမီက ၀န်ခံခဲ့သည်။

    Ref: Press TV

  • မလေးရှားခြစားမှုတိုက်ဖျက်ရေးကော်မရှင် ၀န်ကြီးချုပ်နာဂျစ်ဆီမှ ထွက်ချက်ယူခဲ့

    မလေးရှားခြစားမှုတိုက်ဖျက်ရေးကော်မရှင် ၀န်ကြီးချုပ်နာဂျစ်ဆီမှ ထွက်ချက်ယူခဲ့

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    malay

    – မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ဘဏ်အကောင့်တွင် ကန်ဒေါ်လာ သန်း ၇၀၀ ရှိနေမှုနှင့် စပ်လျဉ်း၍ မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် MACC က ယနေ့တွင် ၀န်ကြီးချုပ်နှင့်တွေ့ဆုံကာ ထွက်ချက်ယူခဲ့သည်ဟု သိရသည်။

    MACC မှထုတ်ပြန်သော ကြေငြာချက်တွင် ၎င်းတို့မှာ နာဂျစ်နှင့် ၂ နာရီခွဲကြာ တွေ့ဆုံခဲ့ပြီး ၀န်ကြီးချုပ်ကလည်း ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပြီး အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ခဲ့ခြင်းမရှိချေ။

    ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နာဂျစ်၏ ဘဏ်စာရင်းထဲသို့ လွှဲပြောင်းပေးခဲ့သည်ဟု ယုံကြည်ရသည့် နိုင်ငံတော်ပိုင်ငွေ မလေးရှားရင်းဂစ် ၂.၆ ဘီလီယံနှင့် ပတ်သက်၍ ဇူလိုင်လက စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက် မလေးရှားဝန်ကြီးချုပ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

    Wall Street ဂျာနယ်ကမူ ၎င်းတို့၏ စုံစမ်းစစ်ဆေးသူများကမူ နာဂျစ် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်သည့် အကြွေးပတ်လည်ဝိုင်းနေသော 1MDB ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ ယခင်ကပိုင်ဆိုင်သော SRC International ကုမ္ပဏီ၏ ရန်ပုံငွေများအပါအ၀င် အဆိုပါ ငွေပမာဏမှာ နာဂျစ်၏ သီးခြားဘဏ်စာရင်း ၅ ခုထဲသို့ ရောက်ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

    သြဂုတ်လအတွင်းက MACC မှာ နာဂျစ်၏ ထိုငွေစာရင်းများတွင် ရှိနေသော ငွေများမှာ 1MDB နှင့် ဆက်သွယ်မှုမရှိဘဲ အရှေ့အလယ်ပိုင်းမှ ပေးအပ်သည့် အလှူငွေများဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ယနေ့တွေ့ဆုံမှုမှာ ထိုခြစားမှုကိစ္စနှင့်ပတ်သက်၍ နာဂျစ်ထံမှ ပထမဆုံး ထွက်ချက်ယူခြင်းလည်းဖြစ်သည်။

    Ref: Channelnewsasia