News @ M-Media

Blog

  • ဆီးရီးယားတွင် IS အား တိုက်ခိုက်မှုအတွင်း ဂျာမနီ ပါဝင်မည်

    ဆီးရီးယားတွင် IS အား တိုက်ခိုက်မှုအတွင်း ဂျာမနီ ပါဝင်မည်

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    german

    – ဆီးရီးယားတွင် IS ကို ချေမှုန်းရန် ရည်ရွယ်သော စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန်အတွက် ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်၏ အစီအစဉ်ကို ပါလီမန်က ယမန်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ဂျာမနီသည် IS ဆန့်ကျင်ရေး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ကို အထောက်အပံ့ပေးရန် Tornado ထောက်လှမ်းရေးဂျက်လေယာဉ် ခြောက်စီးနှင့် ဆီဖြည့်လေယာဉ်တစ်စီးကို ပေးပို့မည် ဖြစ်သော်လည်း ဂျာမန်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများတွင် ၀င်ရောက်စွက်ဖက်မည်မဟုတ်ပေ။

    ဒေါ်လာ ၁၄၂ သန်း ကုန်ကျမည့် အဆိုပါ နှစ်ရှည်စီမံကိန်းတွင် စစ်သား ၁၂၀၀ ထိ တပ်ဖြန့်ထားမှုများ အပါအ၀င် ဆီးရီးယားသို့ စေလွှတ်ထားသည့် ပြင်သစ်လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါကို စောင့်ကြပ်လိုက်ပါပေးမည့် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးလည်း ပါဝင်မည်ဖြစ်သည်။

    IS ကို တိုက်ခိုက်ချေမှုန်းနေသော ပြင်သစ်နှင့် အခြားသော မဟာမိတ်အဖွဲ့များကို ထောက်ပံ့ရန်အတွက် အစိုးရ၏ ထိုအစီအစဉ်ကို ပြည်သူအများစုကလည်း ထောက်ခံခဲ့ကြသည်။ လူထုဆန္ဒကောက်ခံမှုစစ်တမ်းတွင် IS ကို ချေမှုန်းတိုက်ခိုက်နေသည့် တပ်ဖွဲ့များအား စစ်ရေးအကူအညီပေးသင့်ကြောင်း ၅၈ ရာခိုင်နှုန်းကသဘောတူခဲ့ပြီး ၃၇ ရာခိုင်နှုန်းကမူ ငြင်းဆိုခဲ့သည်။

    Ref: Aljazeera

  • မတူကွဲပြားသည့် ဘာသာတရားများရဲ့ အလှတရားများအတွက် အနုပညာပြပွဲကျင်းပ

    မတူကွဲပြားသည့် ဘာသာတရားများရဲ့ အလှတရားများအတွက် အနုပညာပြပွဲကျင်းပ

    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media
    မိုးစက်
    5
    ရန်ကုန်။    ။ မတူကွဲပြားသည့် ဘာသာတရားများရဲ့ အလှတရားများကို ဖော်ညွှန်းထားသည့် The Beauty of Religious  Diversity ဆိုသည့် ခေါင်းစဉ်ဖြင့် အနုပညာ ပြပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ ဘာသာရေး အဆောက်အအုံများတွင် ကျင်းပပြုလုပ်လျှက် ရှိနေပါတယ်။

    ထိုပြပွဲကို Smile Education မှ ဦးဆောင်ကျင်းပပြီး ဘာသာရေး အဆောက်အအုံများမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ပူးပေါင်းဆောင်ရွက်ကြောင်း သိရပါတယ်။

    “မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့ လူငယ်တွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ လူငယ်အနုပညာရှင်တွေက ကိုယ်ပိုင်ဖန်တီးပြီးတော့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးကို ဆောင်ရွက်တာဖြစ်ပါတယ်” လို့ ယခုကဲ့သို့ ပွဲပြုလုပ်ရခြင်းနှင့် ပတ်သတ်ပြီး Smile Education မှ Project Co-coordinator ဖြစ်သူ မမြတ်ဖြိုးဖြိုးရှိန်က M-Media ကိုပြောပါတယ်။

    ဘာသာပေါင်းစုံက မတူညီပေမယ့်လည်း အလှတရားပေါင်းစုံရှိတယ်ဆိုတာကို ဖော်ကျူးထားတဲ့ အနုပညာတွေဖြစ်ပြီး ဘာသာရေးလွတ်လပ်ခွင့်အနေနှင့် ပရောဂျက်တစ်ခု ပြုလုပ်ခြင်း ဖြစ်ကြောင်းကိုလည်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    အဆိုပါအနုပညာပြပွဲတွင် ဘာသာပေါင်းစုံအလှတရားကို ဖော်ကျူးထားသည့် ပန်းချီကားများ၊ ကဗျာများ၊ ဓာတ်ပုံများ ပါဝင်ပါတယ်။

    “ဒီပြပွဲလေးမှာ ဘာသာတရားတို့ရဲ့ ကွဲပြားစုံလင်မှုနဲ့ အလှတရားတွေ ပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပူးပေါင်း ပါဝင်ရတာလည်း မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာရေး အမုန်းတရားတွေကို ပျောက်ပျက်စေချင်လို့ပါ” ၅၉လမ်း ဆုတောင်းပြည့် ဗလီဝတ်ကျောင်းတော် ကုရ်အာန် အသိပညာပြန့်ပွားရေး အဖွဲ့ မှ ဦးဆန်းအောင်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

    ထိုအနုပညာပြပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့ထိ ဓမ္မပီယဘုန်းကြီးကျောင်း၊ ၅၉လမ်း ဆုတောင်းပြည့် ဗလီဝတ်ကျောင်းတော်၊ မဟာသျှီဝ ဟိန္ဒူဘုရားကျောင်း၊ စိန်မေရီကာဒီနယ် ချာလ်ဘိုကျောင်း တို့တွင် တစ်ရက်စီ ပြသသွားမှာ ဖြစ်ပါတယ်။

    1 2 4

  • ခွဲခြား ဆက်ဆံခံရမှုမှသည် နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာဖြစ်လာသူ

    ခွဲခြား ဆက်ဆံခံရမှုမှသည် နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာဖြစ်လာသူ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၅
    M-Media
    မိုးဝေ တင်ဆက်သည်။
    9143f7007fa14c86ae4d67bcdff724e8_18
    – ကမ္ဘာတစ်ဝှမ်းတွင် H&M ဟုသိကြသည့် ဆွီဒင်ဖက်ရှင်ကုမ္ပဏီ Hennes & Mauritz က ၂၀၁၅ ခုနှစ် ၎င်းတို့၏ ဈေးကွက်မြှင့်တင်ရေး ဗီဒီယိုတွင် ဟီဂျဘ်ပုဝါ ၀တ်ဆင်ထားသော မွတ်စလင်အမျိုးသမီးတစ်ဦးအား ထည့်သွင်းဖော်ပြမှုက ပြီးခဲ့သည့်သတင်းပတ်များအတွင်း မီဒီယာများ၌ ခေါင်းကြီးသတင်း ဖြစ်ခဲ့သည်။

    ထိုကဲ့သို့ ဟီဂျဘ်ဝတ်ဆင်မှုကို ပရိုမိုရှင်းလုပ်ပေးသော ဆွီဒင်ဖက်ရှင်လုပ်ငန်းများတွင် H&M က ပထမဆုံးတော့မဟုတ်။ Ahlens လက်လီအရောင်းဆိုင်ကြီးကလည်း ၎င်းတို့၏ ၂၀၁၅ အရောင်းမြှင့်တင်ရေး ဗီဒီယိုတွင် ဟီဂျဘ်ဝတ်ဆင်ထားသည့် မွတ်စလင်အမျိုးသမီးအား ထည့်သွင်းဖော်ပြခဲ့သည်။

    အဆိုပါ အဖြစ်အပျက်နှစ်ခုစလုံးအတွက် ချီးကျူးမှုများ ရရှိခဲ့သော်လည်း ဝေဖန်မှုများ ရှိခဲ့ပြီး တစ်ချို့က ထိုကုမ္ပဏီများမှာ “ဟီဂျဘ်ပုဝါကို သာမန်ဝတ်စားဆင်ယင်မှုမျိုး ဖြစ်အောင်လုပ်ကာ အမျိုးသမီးများအား ဖိနှိပ်ချုပ်ချယ်မှုကို အားပေးနေသည်” ဟု စွပ်စွဲကြသည်။

    ဂျော်ဒန်မိဘမှ ဆွီဒင်တွင် မွေးဖွားခဲ့သည့် မွတ်စလင်ဒီဇိုင်နာ အီမန် အလ်ဒီဘီကတော့ ထိုသဘောထားများနှင့်ပတ်သက်၍ နေသားကျနေပြီ ဖြစ်သည်။

    သူမ၏ ဒီဇိုင်းတော်တော်များများက အရည်အသွေးကောင်းပြီး ဈေးကြီးသည့် ခေါင်းဆောင်းပုဝါများဖြစ်ပြီး ဆွီဒင်၊ ပဲရစ်၊ နယူးယောက်နှင့် ဒူဘိုင်းတို့ရှိ သီးသန့်ဆိုင်ကြီးများတွင် ရောင်းချကြသည်။

    ရှေ့ဆောင်အီမာမ်၏ သမီး
    ———————————
    သို့သော်လည်း ဖက်ရှယ်နယ်ပယ်သို့ သူမ၏ ခြေချမှုမှာ ပန်းခင်းသောလမ်း မဟုတ်ခဲ့။ မကြာသေးမီက အငြိမ်းစားယူသွားခဲ့သည့် ရှေ့ဆောင်အီမာမ်၏ သမီးတစ်ယောက်အဖြစ် အလ်ဒီဘီမှာ စတော့ဟုမ်းရှိ ဘာသာရေးကိုင်းရှိုင်းသော မိသားစုတွင် ကြီးပြင်းလာသူဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များက စတော့ဟုမ်းရှိ  တစ်ခုတည်းသော ဗလီဝတ်ကျောင်းတော်မှာ အဆောက်အအုံတစ်ခု၏ မြေအောက်ခန်းတွင် ရှိပြီး လူမှုရေးစင်တာနှင့် ပူးတွဲဖွင့်လှစ်ထားသည့် နေရာသာ ဖြစ်သည်။

    စုပေါင်းဝတ်ပြုရန်၊ ဓမ္မစာအုပ်များ ၀ယ်ရန်၊ ကုရ်အာန်ကျမ်းတော်မြတ် သင်ကြားရန်နှင့် ဟာလာအစားအသောက်များ ၀ယ်ယူရန်တွက် တစ်နိုင်ငံလုံးမှ မွတ်စလင်များမှာ ထိုဝတ်ကျောင်းတော်အတွင်းသို့ လာရောက်ကြရသည်။ စနေ၊ တနင်္ဂနွေနှင့် အခြားပိတ်ရက်များတွင် ထိုဗလီဝတ်ကျောင်းတော်၌ စုရုံးကြပြီး သာသနာရေးအသိပညာများကို မျှဝေကြသည်။

    ထို အသိုင်းအ၀ိုင်းလေးထဲတွင် ရှေ့ဆောင်အီမာမ်တစ်ဦး၏ သမီးက မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ဆိုသည့် သတ်မှတ်ချက်များလည်း ရှိနေသည်။

    “ကျွန်မ အသက် ၆ နှစ်အရွယ်မှာ ဟီဂျဘ်ပုဝါ စ၀တ်တယ်။ အရွယ်ရောက်လာတဲ့အထိ ကျွန်မကို မိသားစုက စောင့်ကြည့်ခဲ့ကြပါတယ်။ မိတ်ကပ်လိမ်းတာ၊ ကျန်တဲ့မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ ခြားနားတဲ့ ကိစ္စတွေ ဆောင်ရွက်တာကို မိသားစုက လက်မခံခဲ့ပါဘူး။ ကျွန်မမှာ တာဝန်တွေ တစ်ပုံတစ်ပင်ရှိနေတယ်၊ ဖြည့်ဆည်းရမယ့် အခန်းကဏ္ဍတစ်ခုလည်း ရှိနေတယ်လို့ ကျွန်မ ခံစားခဲ့ရပါတယ်” ဟု အသက် ၃၀ ရှိဖြစ်သည့် အလ်ဒီဘီက ပြောကြားခဲ့သည်။
    ae35b0b4e9674e90b2aaac5504af4cb2_18
    သို့သော်လည်း ဖက်ရှင်အပေါ် သူမ၏ စိတ်ဝင်စားမှုက တစ်ဖြည်းဖြည်းဖြင့် ကြီးထွားလာခဲ့သည်။

    “အမေနဲ့ အမေ့သူငယ်ချင်းတွေဝတ်တဲ့ တူညီခြုံထည်တွေ၊ တစ်ရောင်တည်းသာဖြစ်နေတဲ့ ခေါင်းဆောင်းပုဝါတွေကို ကြည့်ပြီး ကျွန်မ နှစ်သက်လေ့မရှိတာကို မှတ်မိပါတယ်။ သူတို့ဟာ အမြဲတမ်း ပုံတုံးကြီးတွေ ၀တ်လေ့ရှိပြီး အဲဒီအချိန်တုန်းကလည်း အိနြေ္ဒသိက္ခာရှိတဲ့ ၀တ်စုံဆိုလို့ ဆိုင်တွေမှာ ဒါမျိုးတွေပဲရှိတာကိုး” ဟု သူမက ရှင်းပြသည်။

    အသက် ၁၆ နှစ်အရွယ်တွင် အလ်ဒီဘီတစ်ယောက် အထက်တန်းကျောင်း၌ ဖက်ရှင်ပညာကို စတင်သင်ကြားခဲ့ပြီး အ၀တ်အစားများဖန်တီးရေး သူမ၏ ၀ါသနာအတွက် စွန့်ဦးတီထွင်မှုအခန်းကဏ္ဍ ရှိနေသည်ကိုလည်း သူမက အလျင်အမြန် သဘောပေါက်ခဲ့လေသည်။ ထို့နောက် ဘွဲ့ဝတ်စုံနှင့် မင်္ဂလာဆောင်ဝတ်စုံများကို တီထွင်ဖန်တီးခဲ့ပြီး ထိုလက်ရာများမှာ ဖက်ရှင်ကျသလောက် အိနြေ္ဒသိက္ခာရှိသည့် ၀တ်စုံများလည်း ဖြစ်ခဲ့သည်။

    “သူငယ်ချင်းတွေ ဆွေမျိုညာတကာတွေလို ကျွန်မနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက မှာယူမှုအနည်းငယ်တော့ ရှိခဲ့ပါတယ်”

    တက္ကသိုလ်တွင် အလ်ဒီဘီတစ်ယောက် ဂျာနယ်လစ်နှင့် ဥပဒေဘာသာရပ်ကို သင်ယူခဲ့သည်။ သို့သော်လည်း တစ်နှစ်တာ ကျင်လည်ခဲ့ပြီးနောက် တစ်နှစ်နားရန် ဆုံးဖြတ်ခဲ့လေသည်။

    fdc41ca293f346f4a3c186e4afc12219_18

    ဟီဂျဘ် ဘက်သို့ တစ်ဖန်ပြန်လှည့်
    ———————————
    ကျောင်းနားသည့် ထိုတစ်နှစ်က သူ့အမတွက် အလွန်တန်ဖိုးရှိခဲ့ပြီး ဖက်ရှင်လောက တကယ့်လက်တွေ့ ရောင်းချမှုတွင် မည်သို့ အလုပ်လုပ်သည်ဆိုသည်ကိုလည်း သိခဲ့ရသည်။ သို့သော်လည်း ထိုကာလတွင်ပင် အလ်ဒီဘီမှာ ဟီဂျဘ်ဆန့်ကျင်ရေး ခွဲခြားဆက်ဆံမှုများကိုလည်း ပထမဆုံး ခံစားခဲ့ရလေသည်။

    ဖက်ရှင်ဆိုင်ငယ်တစ်ခု၏ အပြင်ဘက်တွင် အရောင်းစာရေးအလုပ်အတွက် လူခေါ်ထားသည့် ကြော်ငြာကြောင့် အလုပ်သွားလျှောက်သည်ကို သူမ မှတ်မိနေသည်။

    “အဲဒီနေရာအတွက် စုံစမ်းဖို့ ကျွန်မ အထဲဝင်သွားတော့ လူခန့်ထားပြီးပြီလို့ အပြောခံခဲ့ရပါတယ်။ ကျွန်မ သိပ်မယုံတာကြောင့် ဟီဂျဘ်မ၀တ်ထားတဲ့ သူငယ်ချင်းတစ်ယောက်ကို အဲဒီဆိုင်ကို ပြန်လွှတ်ခဲ့ပါတယ်။ သူက မေးတဲ့အခါမှာတော့ ဘယ်တော့လောက် အလုပ်စ၀င်လို့ရမလဲလို့ ဆိုင်က ပြန်ပြောခဲ့တယ်” ဟု သူမက ပြောကြားခဲ့သည်။

    အလုပ်အကိုင်ရှာဖွေပေးသည့် စင်တာမှတစ်ဆင့် အရောင်းစာရေးအလုပ်ကို သူမ ရှာဖွေခဲ့ရသည့် အချိန်လည်း ရှိခဲ့သည်။ ထိုအချိန်တွင်တော့ တာဝန်ခံက အလုပ်လုပ်ရာတွင် ဘာသာရေးမပါရဟု သူမကို ပြောခဲ့သည်။

    “အဲဒီလူက ကျွန်မကို ဟီဂျဘ်ချွတ်လိုက်တာ ပိုကောင်းမယ်လို့ ပြောခဲ့ပါတယ်” ဟု သူမ တွေ့ကြုံရမှုကို အလ်ဒီဘီက ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်များအတွက် စိတ်ပျက်အားလျော့ရသော်လည်း ဆုံးဖြတ်ချက် ပြတ်သားသည့် အလ်ဒီဘီမှာ တက္ကသိုလ်ပြန်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ရုပ်သံဂျာနာလစ်ဇင် ဘာသာရပ်၊ ဥပဒေဘာသာရပ်တို့ဖြင့် ဘွဲ့ရခဲ့သည်။

    နောက်ဆုံးတွင်တော့ ဖက်ရှင်ဆိုင်ငယ်တစ်ခုတွင် အချိန်ပိုင်းအလုပ် ရခဲ့သည်။ သို့သော်လည်း ပထမဆုံးအနေဖြင့် သူမ၏ ခေါင်းဆောင်းပုဝါအတွက် ဆန်းသစ်မှုအချို့ ပြုလုပ်ခဲ့ရလေသည်။

    “(ဟီဂျဘ်ဝတ်တဲ့ပုံစံကို) ပြောင်းလဲဖို့ ကျွန်မ ကြိုးစားခဲ့ရပါတယ်။ မျက်နှာတစ်ဝိုက်မှာ ရစ်ပတ်ရမယ့်အစား အာဖရိကရိုးရာ ခေါင်းဆောင်ပုဝါတွေလို အားလုံးကို အနောက်မှာ စုချည်ခဲ့တယ်။ အဲဒီပုံစံအတိုင်း အင်တာဗျူးသွားခဲ့ပြီး အလုပ်ရခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

    ဈေးဝယ်သူများက သူမ၏ ဒီဇိုင်းအား ချီးကျူးမှုကိုလည်း အလ်ဒီဘီက ပြန်ပြောင်းပြောပြခဲ့သည်။

    db289e652e51454297f6ee7a8e11d5a1_18

    “ကျွန်မရဲ့ ယုံကြည်ချက် အယူဝါဒကို မထိခိုက်စေတဲ့ ပြောင်းလဲမှုအချို့ကို လုပ်နိုင်ခဲ့တယ်လို့ ကျွန်မ ခံစားရပါတယ်။ ပြီးတော့ ဒီပြောင်းလဲမှုကို ကျွန်မရဲ့ သာသနာနဲ့ ဆွီဒင်လူ့အဖွဲ့အစည်းကလည်း လက်ခံနိုင်ပါလိမ့်မယ်” ဟု သူမက ပြောကြားခဲ့သည်။

    ၂၀၀၆ ခုနှစ်တွင် ဆွီဒင်ရုပ်သံလိုင်း TV4 ၏ ဟီဂျဘ်ပုဝါစတိုင်များအကြောင်း ဆွေးနွေးသော မနက်ပိုင်း အစီအစဉ်တွင် အခြားသော မွတ်စလင်ဒီဇိုင်နာများနှင့်အတူ အလ်ဒီဘီတစ်ယောက် ပေါ်လာခဲ့သည်။

    “ထိုအစီအစဉ်ပြီး နောက်ပိုင်းမှာ ဆွီဒင်ထိပ်တန်းသတင်းစာ Aftonbladet က ဆွီဒင်မှာရှိတဲ့ ကုန်တိုက်တွေကို သွားပြီး ခေါင်းဆောင်းပုဝါ ရောင်းချဖို့နဲ့ မွတ်စလင်ဖက်ရှင်တွေအတွက် နေရာပေးဖို့ စဉ်းစားနေလားလို့ မေးမြန်းခဲ့ပါတယ်” ဟု အလ်ဒီဘီက ရှင်းပြခဲ့သည်။

    အဖြေကတော့ “No” ဟု ရခဲ့ကြောင်း သတင်းစာက သူမကို ပြန်ပြောခဲ့လေသည်။

    ထို့နောက်တွင်တော့ အလ်ဒီဘီက မွတ်စလင်ဖက်ရှင်များကို ပိုမိုခေတ်မီအောင် ဆောင်ရွက်ရေးနှင့် ပတ်သက်၍ အသေအချာကို စဉ်းစားလာခဲ့သည်။ ထိုးဖောက်မှုမရှိသေးသည့် မွတ်စလင်အမျိုးသမီးများ၏ အ၀တ်အစားဈေးကွက်ကြီးမှာ မည်မျှလောက် ကြီးမားသည်ကို သိရှိလာသည့်အချိန်တွင် ကုန်တိုက်များက ၎င်းတို့၏ သဘောထားကို ပြောင်းလဲမည်ဟု သူမက အသေအချာ သိလာခဲ့သည်။ ထို့ကြောင့် အလ်ဒီဘီမှာ “ရိုးရိုးယဉ်ယဉ်” ဖက်ရှင်စီးပွားရေးလုပ်ငန်းကို စတင်ခဲ့လေတော့သည်။

    723c5361fc1e4d35870cf8db99c05993_18

    လစ်ဟာမှုတစ်ခု ဖြည့်ဆည်းခြင်း
    ———————————
    “နှစ်အနည်းငယ်က ဟီဂျဘ်ခေါင်းဆောင်းပုဝါကို ရောင်းချဖို့ ငြင်းဆိုခဲ့တဲ့ ကုန်တိုက်အချို့ဟာ အခုတော့ လိုလိုလားလားကို ရောင်းချနေပြီး မွတ်စလင်ဖက်ရှင်တွေကနေ အကျိုးအမြတ်တွေ ရယူနေတာကို ကြည့်ရမြင်ရတာ စိတ်ဝင်စားစရာပါပဲ” ဟု အလ်ဒီဘီက ပြောကြားခဲ့သည်။

    ထိုဖက်ရှင်ဈေးကွက်က ကြီးထွားလာနေသည့် ဈေးကွက်တစ်ခုဖြစ်သည်။ Thomson Reuters မှ ၂၀၁၄-၁၅ အတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ၂၀၁၃ ခုနှစ် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက အ၀တ်အစားနှင့် ဖိနပ်တို့အတွက် သုံးစွဲမှုမှာ ကန်ဒေါ်လာ ၂၂၆ ဘီလီယံရှိသည်ဟု ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်တွင် ၄၈၄ ဘီလီယံအထိ တိုးတက်မည်ဟုလည်း ခန့်မှန်းထားသည်။

    ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသော မွတ်စလင်ဈေးဝယ်သူများအတွက် Mango နှင့် DKNY ကဲ့သို့သော တံဆိပ်များက မွတ်စလင်များ ဥပုသ်သီလဆောက်တည်သည့် ရမ်ဇာန်ဥပုသ်လတွင် အီးဒ်ပွဲတော်အတွက် အဆင်များကိုသာ ရောင်းချပေးသည်။

    အလ်ဒီဘီက ထို ဈေးကွက်လစ်ဟာမှုကြီးကို သတိပြုမိခဲ့လေသည်။ သူမက ဖောက်သည်များကို မေးမြန်းဆန်းစစ်ပြီးနောက် အများစုက အသင့်ဝတ် ခေါင်းဆောင်းပုဝါများကို ၀ယ်ယူဝတ်ဆင်ချင်သည်ကို သူမက သိရှိခဲ့သည်။ ထိုအချက်က ခေါင်းပေါင်းများဖန်တီးရန် ရရှိသည့် အတွေးလည်း ဖြစ်ခဲ့သည်။ အခုလက်ရှိတွင် Happy Turan ဟုခေါ်သည့် သီးသန့် ခေါင်းပေါင်းအဆင်ဒီဇိုင်းတစ်ခု သူမတွင် ရှိနေပြီဖြစ်သည်။ ထူးခြားသည့် ပုံစံများဖြင့် ဖန်တီးထားသော အဆိုပါခေါင်းပေါင်းများကို မွတ်စလင်များတင်မဟုတ်ဘဲ မွတ်စလင်မဟုတ်သူများအကြားတွင်ပင် ရေပန်းစားနေသည်။

    သို့သော်လည်း အဆိုပါ ခေါင်းဆောင်းပုဝါများကိုသာ အလ်ဒီဘီက ဒီဇိုင်းထုတ်သည်မဟုတ်။

    “မွတ်စလင်ဖက်ရှင်သမားတွေအတွက် သင့်တော်တဲ့ အ၀တ်အစားတွေကိုလည်း ကျွန်မ ဖန်တီးပါတယ်” ဟု အလ်ဒီဘီက ပြောကြားခဲ့သည်။

    သို့သော်လည်း သူမ၏ ဖန်တီမှုများမှာ လွယ်လွယ်နှင့် ပေါက်ခဲ့သည်မဟုတ်။

    “ကျွန်မလုပ်နေတာတွေကို လူတွေလက်ခံလာဖို့ နှစ်တော်တော် ကြာခဲ့ပါတယ်”

    ၂၀၀၁ ခုနှစ်တွင် ခေတ်ပေါ်မွတ်စလင်ဖက်ရှင်အား စတင်ဖော်ထုတ်ခဲ့သည့်အချိန်က ရင်ဆိုင်ခဲ့ရသည့် ဝေဖန်မှုများကိုလည်း သူမက ပြန်ပြာင်းပြောပြသည်။ သူမကိုဝေဖန်သူများက အုပ်စုနှစ်စုဖြစ်ပြီး မွတ်စလင်များနှင့် ဆွီဒင်အမျိုးသားရေးဝါဒီများဖြစ်သည်။

    ၎င်း၏ တီထွင်ဆန်းသစ်မှုများကို မနှစ်မြို့သည့် မွတ်စလင်အချို့နှင့်ပတ်သက်၍ အလ်ဒီဘီက “ဥရောပကိုရောက်လာတဲ့ မွတ်စလင်အချို့က ဖယ်ကျဉ်ခံရမှုကို ခံစားနေရတယ်လို့ ကျွန်မ ထင်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရား ကဏ္ဍတိုင်းကိုလည်း တတ်နိုင်သမျှ လက်မလွှတ်ချင်ကြဘူး။ အဲဒီလို လက်လွှတ်လိုက်ရပြီဆိုရင် ဆုံးရှုံးသွားတယ်လို့ သူတို့ ခံစားရပါတယ်” ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း သူမအား သံသယမျက်စိဖြင့် ကြည့်ကြသူများကို အလ်ဒီဘီက အနိုင်ယူခဲ့သည်။

    “တစ်ချိန်က ကျွန်မကို တော်တော်ဝေဖန်ခဲ့ကြတဲ့သူတွေဟာ ဒီနေ့မှာတော့ ကျွန်မဖောက်သည်တွေ ဖြစ်နေပါပြီ” ဟု သူမက ဖွင့်ဟခဲ့သည်။

    ၉/၁၁ တိုက်ခိုက်မှု နောက်ပိုင်းတွင် အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်ဟု အလ်ဒီဘီက ဆိုသည်။

    မွတ်စလင်များအပေါ် ရန်လိုတိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး ဟီဂျဘ်ပုဝါ ၀တ်ဆင်ထားသည့် အမျိုးသမီးများမှာလည်း မလုံမခြုံ ခံစားရလာသည်။ တစ်ချို့က ဟီဂျဘ်အား မ၀တ်ဆင်တော့ရန် ရွေးချယ်ခဲ့သည်။ အလ်ဒီဘီကဲ့သို့ အခြားသူများကတော့ အဆိုပါဟီဂျဘ်ကို ခေတ်မီဆန်းသစ်အောင် ဆောင်ရွက်ကြလေတော့သည်။

    အလ်ဒီဘီအတွက် ထိုသို့ဆောင်ရွက်ခြင်းက ဖက်ရှင်ဒီဇိုင်း တီထွင်ဖန်တီးခြင်းထက်ကို ပိုလေသည်။ ယခင်က ဆွီဒင်တွင် ၀တ်စားဆင်ယင်မှုနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကြောင့် မွတ်စလင်အမျိုးသမီးများမှာ အလုပ်လျှောက်ရာတွင် မည်မျှ အခက်အခဲနှင့် ရင်ဆိုင်ရသည်ကို သူမက ရှင်းပြခဲ့သည်။

    သို့သော်လည်း ရဲတပ်ဖွဲ့ဝင် မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်ရန်အတွက် ယူနီဖောင်း ဟီဂျဘ်ပုဝါကို ဖန်တီးရန်  ၂၀၀၇ ခုနှစ်တွင် ဆွီဒင်ရဲတပ်ဖွဲ့က အလ်ဒီဘီအား တာဝန်ပေးခဲ့သည်။ ယခုအချိန်တွင်တော့ သူမ၏ ဟီဂျဘ်ပုဝါ ဒီဇိုင်းက ဆွီဒင်မွတ်စလင်ရဲမေများအတွက် ယူနီဖောင်းအဖြစ် အသုံးပြုနေပြီဖြစ်သည်။ ထို့ပြင် ဆွီဒင်စစ်တပ်၊ မီးသတ်၊ ဆေးဘက်ဆိုင်ရာနှင့် ဆေးရုံများတွင် အသုံးပြုရန်အတွက် ဟီဂျဘ်ပုဝါကိုလည်း သူမပင် ဒီဇိုင်းဆွဲ ဖန်တီးနေသည်။

    “မွတ်စလင်တွေအပေါ်မှာရှိနေတဲ့ မကောင်းမြင်မှုတွေကို ဖယ်ရှားဖို့အတွက် ကျွန်မက ဖက်ရှင်ကို လက်နက်တစ်ခုအဖြစ် အသုံးချပါတယ်။ မွတ်စလင်အမျိုးသမီးတွေဟာ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ အနောက်တိုင်းက မြင်နေတဲ့ပုံရိပ်နဲ့၊ အဲဒီပုံရိပ်ကြောင့် မွတ်စလင်အမျိုးသမီးတွေ လူ့အဖွဲ့အစည်းကနေ ကင်းကွာသွားတာကိုလည်း ကျွန်မ တွန်းလှန်ချင်ပါတယ်။ ကျွန်မတို့ဟာ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကို လူ့အဖွဲ့အစည်းက သတ်မှတ်တာမျိုးထက် အဖြေရှာဖွေခြင်းအားဖြင့် လူ့အဖွဲ့အစည်းမှာ ထူခြားမှုတစ်ခုကို လုပ်ဆောင်ဖို့ ကျွန်မ ကြိုးစားခဲ့ပါတယ်”

    ဖက်ရှင်ဖြင့်ပြောင်းလဲခြင်း
    ———————————
    သူမ၏ ကြိုးပမ်းမှုက လူတိုင်းအပေါ်တွင်တော့ လွှမ်းမိုးနိုင်းခြင်းမရှိ။ မွတ်စလင်ဖက်ရှင်များကို ခေတ်မီအောင် ဖန်တီးမှုကို ရှေးရိုးစွဲ မွတ်စလင်များနှင့် ဆွီဒင်လက်ယာစွန်းရောက်များက မကြိုက်လှ။

    “၂၀၁၁ ကစလို့ ဆွီဒင်အမျိုးသားရေးဝါဒီတွေက ကျွန်မကိုဦးတည်တဲ့ အမုန်းတရားဖြန့်ဖြူးမှုကို လုပ်ဆောင်ကြပြီး ခြိမ်ခြောက်တာမျိုးတွေလည်း ရှိပါတယ်”

    ဖုန်း၊ မက်ဆေ့ခ်ျ၊ Facebook၊ အီးမေးလ်ဖြင့်လည်းကောင်း ၎င်း၏ ဘလော့ဂ်တွင် မှတ်ချက်ရေးခြင်းဖြင့် လည်းကောင်း အလ်ဒီဘီက ခြိမ်းခြောက်မှုများစွာကို ခံခဲ့ရသည်။

    “သတိထားနေ ခင်ဗျားအိမ်ရဲ့ ၀ရန်တာမှာရပ်နေရင်း ခြေချော်ကျသေသွားမယ်။ ဘာမှတ်နေလဲ” ဟူသော မှတ်ချက်များလည်း ပါသည်။

    အချို့သော အင်တာနက်စကားဝိုင်းများတွင် အလ်ဒီဘီမှာ အသက်ရှင်ရန် မထိုက်တန်ဟုပင် ဆွေးနွေးမှုများ ရှိခဲ့သည်။ မွတ်စလင်ရဲမေများအတွက် ဟီဂျဘ်ပုဝါဒီဇိုင်း အပ်နှံခံရပြီးနောက်ပိုင်းတွင် ခြိမ်းခြောက်မှုက ပိုမိုများပြားလာသည်ဟု သူမက ပြောကြားခဲ့သည်။ သို့သော်လည်း အလ်ဒီဘီတစ်ယောက် ဆိတ်ဆိတ်သာ နေခဲ့လေသည်။

    “ဆွီဒင်ရဲတပ်ဖွဲ့မှာ ဟီဂျဘ်ပုဝါ ၀တ်ဆင်ထားတဲ့ မွတ်စလင်အမျိးသမီးတွေကို တွေ့မြင်ရတဲ့အတွက် သိပ်ကိုဂုဏ်ယူပြီး အရမ်းလည်း လေးစားအားကျပါတယ်။ တစ်ခုခုမှာ စွန့်ဦးလုပ်ဆောင်သူဖြစ်ဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ တာဝန်ခံမှုက အရမ်းကြီးတယ်။ ဒါပေမယ့် ကျွန်မတို့ မဖြစ်မနေလုပ်ရပါမယ်”

    ယနေ့တွင်တော့ အလ်ဒီဘီ၏  Haute Couture ခေါင်းပေါင်းများကို ဆွီဒင်ရှိ နာမည်ကြီးကုန်တိုက်များတွင် ရောင်းချနေပြီဖြစ်သည်။ သူမက ယူကေဈေးကွက်ကို ထိုးဖောက်ရန် မျှော်လင့်နေသည်။

    “အခုအချိန်မှာ ကျွန်မရဲ့အ၀တ်အစားတွေ၊ ခေါင်းပေါင်းတွေကို ဘာသာပေါင်းစုံက၊ မျိုးရိုးပေါင်းစုံက အမျိုးသမီးတွေ ၀တ်ဆင်နေကြ ပါတယ်။ တစ်ချို့တွေက အဲဒီခေါင်းပေါင်းတွေကို စုဆောင်းကြတယ်။ ဖိနှိပ်ချုပ်ချယ်မှု အရာတစ်ခုလို့ ရှုမြင်နေရာကနေ နှစ်ခြိုက်စရာ ဖက်ရှင်တစ်ခုအဖြစ် ပြောင်းလဲသွားတာမျိုးကို တွေ့ရတာဟာ သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဟီဂျဘ်ပုဝါ ၀တ်ဆင်သည့် မွတ်စလင်အမျိုးသမီးများမှာ ၎င်းတို့၏ ၀တ်စားဆင်ယင်မှုကို မပြောင်းလဲဘဲ ဖက်ရှင်လုပ်ငန်းနှင့် အခြားသောလုပ်းငန်များတွင် ၀င်ရောက်လုပ်ကိုင်လာနိုင်ပြီဟု အလ်ဒီဘီက ၀န်ခံပြောကြားခဲ့သည်။

    သို့သော်လည်း သူမက “လူတိုင်းဟာ ကိုယ့်အထုပ်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ် လျှောက်ရတာပါပဲ။ ဆွီဒင်မှာ အရာရာတိုင်း ပြောင်းလဲသွားမယ့် နောက်နှစ် ၁၀၀ လောက်ကို ကျွန်မ မစောင့်နိုင်ပါဘူး။ ပြောင်းလဲမှုအချို့ကို ကျွန်မ လုပ်ခဲ့ရတယ်။ ပြီးတော့ ကျွန်မအတွက် အလုပ်ဖြစ်မယ့် အဖြေတွေကို ရှာဖွေခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

    “ကျွန်မဟာ မိန်းမဆန်တယ်လို့ ခံစားရပြီး အရောင်းအသွေးစုံတဲ့၊ သဘာပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ အ၀တ်အစားတွေကို ၀တ်ချင်တယ်။ ဒါ့ကြောင့် ကျွန်မ အဲဒါတွေကို တီထွင်ဖန်တီးခဲ့ပါတယ်” ဟု ဥရောပအမျိုးသမီးငယ်အဖြစ် စတိုင်ကျမှုအတွက် သူမ၏ ဆန္ဒကို ပြောပြခဲ့သည်။

    “ပြသနာတွေကို ဖြေရှင်းဖို့၊ မွတ်စလင်အမျိုးသမီးတွေ အလုပ်ခွင် ပိုဝင်ရေးကို ခွင်ပြုဖို့အတွက် နိုင်ငံရေးနည်းလမ်းအရ အဖြေရှာဖို့ အချိန်တော်ကြာမယ်ဆိုတာ ကျွန်မ စောစောပိုင်းကတည်းက သတိပြုမိခဲ့ပါတယ်။ ဖက်ရှင်ကနေ တစ်ဆင့် ပြဿနာ တော်တော်များများကို ဖြေရှင်းနိုင်မယ်၊ လူ့အဖွဲ့အစည်းမှာ ပိုမိုဝင်ဆံ့လာနိုင်မယ်လို့လည်း ကျွန်မ ခံစားမိပါတယ်”

    “ဖက်ရှင်ဟာ အနုပညာဖြစ်တယ်။ အနုပညာဟာ အပြုသဘောဆောင်ပြီး (မွတ်စလင်အမျိုးသမီးတွေဟာ) ဖိနှိပ်ခံနေရတယ်ဆိုတာ့ တစ်လွဲယူဆချက်တွေကိုလည်း ချေဖျက်မောင်းထုတ်နိုင်ပါတယ်။ ကျွန်မကတော့ ဆက်ပြီး အ၀တ်အစားတွေကို ဖန်တီးသွားချင်ပါတယ်။ ဒါက လူတွေအတွက် အခွင့်အလမ်းတွေ ပြောင်းလဲမှုတွေကို ဆောင်ကျဉ်းပေးလာပါလိမ့်မယ်”

    ref:Al Jazeera

  • ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြောင်း BBC ပြော

    ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြောင်း BBC ပြော

    ဒီဇင်ဘာ ၄ ၊ ၂၀၁၅

    2337724-3x2-940x627
    လွန်ခဲ့သည့် ၁၂ နှစ် အရင် ၂၀၀၃ ခုနှစ်က ဗိုလ်ချူပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့စဉ် Photo-AFP

    ယခင် စစ်ခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချူပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေ့လည် ၁ နာရီက နေပြည်တော် စစ်ရုံးမှာ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်နေတယ်လို့ ဒီကနေ့ ည ထုတ်လွှင့်တဲ့ BBC ရဲ့ သတင်း အရသိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခင် ဦးသန်းရွှေနှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ကြောင်း BBC သတင်းမှာ ပြောပါတယ်။

    NLD ထိပ်တန်းခေါင်းဆောင်တွေကို ဆက်သွယ်ရာမှာတော့ တွေ့ဆုံတဲ့ သတင်းကို ငြင်းပယ်ခြင်းမရှိပေမယ့် အတည်ပြုပြောခွင့် မရှိဘူးလို့ BBC ကပြောပါတယ်။

  • IS လက်မှ လွတ်မြောက်သည့်ဒေသများတွင် စွန်နီပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

    IS လက်မှ လွတ်မြောက်သည့်ဒေသများတွင် စွန်နီပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media

    is

    – IS အဖွဲ့၏ ထိန်းချုပ်မှုလက်မှ လွတ်မြောက်လာသည့် နယ်မြေများတွင် စွန်နီပြည်များမှာ အတင်းအဓမ္မ မောင်းထုတ်ခံရခြင်း၊ ပြန်ပေးဆွဲခံရခြင်းနှင့် အခြား ဆိုးရွားသည့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကို ခံစားနေရသည်ဟု ကုလသမဂ္ဂက ယနေ့တွင် ပြောကြားလိုက်သည်။

    လေ့လာဆန်းစစ်သူများကမူ အီရတ်တွင် ဆွန်နီအာရပ်များမှာ ဘဂ္ဂဒတ်၌ ရှီယာလူမျိုးစု ဦးဆောင်သည့် အစိုးရ၏ ခွဲခြားဆက်ဆံမှု ခံရသလို၊ နိုင်ငံမြောက်ပိုင်းတွင်လည်း ကာ့ဒ်တပ်ဖွဲ့များ၏ ခွဲခြားမှုကို ခံနေရပြီး ထိုသို့ ခံစားရမှုများက လူ့အဖွဲ့အစည်းများအား အစွန်းရောက်စေကာ IS အဖွဲ့အား နှိမ်နှင်းရေးတွင် နောက်ပြန်သွားစေသည်ဟု ဆိုသည်။

    “စွန်နီအာရပ် လူ့အဖွဲ့အစည်းတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လုယက်တာ၊ ဖျက်ဆီးတာတွေအတွက် အီရတ်(ရှီအာ) တပ်ဖွဲ့တွေနဲ့ ကာ့ဒ်တပ်ဖွဲ့တွေမှာ တာဝန်ရှိပါတယ်။ အတင်းအဓမ္မ မောင်းထုတ်တာ၊ ပြန်ပေးဆွဲတာ၊ တရားမ၀င် ဖမ်းဆီးထိန်းသိမ်းတား၊ တစ်ချို့ကိစ္စတွေမှာဆို တရားလက်လွတ်သတ်ဖြတ်တာတွေတောင် ရှိပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ စီစီလီ ပူအီလီက ပြောကြားခဲ့သည်။

    “သူတို့တွေဟာ အခြေခံလိုအပ်ချက်တွေနဲ့ ရေ၊ အစားအစာ၊ နေထိုင်စရာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလို အဓိကကျတဲ့ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ ရရှိတယ်ဆိုတဲ့ သတင်းတွေလည်း ကျွန်တော်တို့ ကြားရပါတယ်”

    ဆီးရီးယားနှင့် အီရတ်တို့ရှိ ဆွန်နီအာရပ်အချို့မှာ IS အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည်ဟု ကာ့ဒ်တပ်ဖွဲ့ဝင်များက စွပ်စွဲပြောဆိုထားသည်။ ကုလကမူ ဆီးရီးယားနိုင်ငံ ဆင်ဂျာမြို့တွင် ကာ့ဒ်တပ်ဖွဲ့ဝင်များနှင့် IS များထိန်းချုပ်ရာ ဒေသနှစ်ခုအကြားရှိ ပလဒေသတစ်ခု၌ ပိတ်မိနေသော စွန်နီ ၁၃၀၀ ခန့်အတွက်လည်း စိုးရိမ်မှုများရှိနေသည်ဟု ဖော်ပြခဲ့သည်။

    IS လက်မှ မကြာသေးမီကမှ လွတ်မြောက်ပြီး ကာ့ဒ်တပ်ဖွဲ့က ထိန်းချုပ်ထားသော ဆင်ဂျာဒေသတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားသည့်နေရာ ၁၆ ခုကို တွေ့ရှိခဲ့ရသည်ဟု ကုလက ပြောကြားခဲ့သည်။

    IS က ထိန်းချုပ်ထားသော ဒေသများတွင်လည်း အရပ်သားများအား ပြန်ပေးဆွဲခြင်း၊ မီးရှို့ခြင်း၊ ခေါင်းဖြတ်ခြင်းတို့အပါအ၀င် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု ပူအီလီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera