News @ M-Media

Blog

  • အသင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြပြော

    အသင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    klopp

    – လိဂ်ဖလားတွင် ဆောက်သက်တမ်အသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းမှာ မှော်ဆန်သည့် အတွေးအခေါ်ကြောင့် မဟုတ်ဘဲ မိမိတို့၏အလုပ်ကို ကြိုးစားလုပ်နိုင်ခြင်းကြောင့်သာ ဖြစ်ပြီး အသင်းမှာ ဆုဖလားများကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ကွာတားဖိုင်နယ်ပွဲအဖြစ် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒီဗွတ်က် အိုရီဂီက ဟက်ထရစ်၊ စတားရစ်ခ်ျက ၂ ဂိုးနှင့် ဂျော်ဒန် အိုဘီတို့က ၁ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည့် လီဗာပူးလ်မှာ စတုတ်စီးတီးအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    “ကျွန်တော်တို့မှာ မှော်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး။ ကျွန်တော်တို့ အလုပ်ကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တာကြောင့်ပါ” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကံကောင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဖလားစိန်ခေါ်သူဖြစ်ဖို့အတွက်တော့ ကျွန်တော်တို့အသင်းဟာ အင်အားတောင့်တင်းပါတယ်”

    အခြားကွာတားဖိုင်နယ်ပွဲစဉ်တွင် မန်စီးတီးအသင်းက ဟားလ်စီးတီးအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ အဲဗာတန်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Goal

  • အစ္စလာမ်က လူနည်းစုများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို အာမခံထားသည်ဟု ပါကစ္စတန် သာသနာရေးဝန်ကြီး ပြော

    အစ္စလာမ်က လူနည်းစုများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို အာမခံထားသည်ဟု ပါကစ္စတန် သာသနာရေးဝန်ကြီး ပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    paki

    – အစ္စလာမ်သာသနာမှာ လူနည်းစုများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံရေးကို အာမခံထားသည်ဟု ပါကစ္စတန် ဖက်ဒရယ် သာသနာရေးဝန်ကြီး ဆာဒါရ် မိုဟာမက် ယူဆွဖ်က ပြောကြားလိုက်ပြီး အကြမ်းဖက်ဝါဒကို အမြစ်ဖြတ်သုတ်သင်ရေး စစ်ပွဲအတွင်း အစိုးရနှင့် စစ်တပ်တို့အား ဘာသာရေးခေါင်းဆောင်များက ထောက်ပံ့ပေးကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။

    အင်္ဂါနေ့ကပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံညီလာခံတွင် ယူဆွဖ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ဘာသာရေးပညာရှင်တွေ၊ ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်နေတဲ့၊ နိုင်ငံအတွင်းမှာ အကြမ်းဖက်ဝါဒကို အမြစ်ဖြတ်ဖယ်ရှားနေတဲ့ အစိုးရနဲ့စစ်တပ်ကို အပြည့်အ၀ ထောက်ခံဖို့ လိုပါတယ်” ဟု ယူဆွဖ်က ဆိုပြီး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအနေဖြင့် အစ္စလာမ့်သွန်သင်မှု အလင်းတန်းများဖြင့် တိုင်းပြည်အား ဦးဆောင်လမ်းပြသင့်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “လက်ရှိတိုင်းပြည်ရဲ့အခြေအနေက ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုကို ရှာဖွေရမှာပါ။ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှု မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုမှာ အစ္စလာမ်၊ ခရစ်ယာန်။ ဟိန္ဒူနဲ့ ဆစ်ခ်ဘာသာဝင်တွေဟာ သူတို့ရဲ့ အခန်းကဏ္ဍအလိုက် ပါဝင်နေကြတာဟာ ကောင်းမွန်တဲ့ ရှေ့ပြေးနိမိတ်ပါပဲ”

    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုတို့တွင်လည်း ပါကစ္စတန်ရှိ ဘာသာတရားအားလုံး၏ နောက်လိုက်များမှာ ပူးပေါင်းဆောင်ရွက်မှုများ ယခင်ကတည်းက ပြုလုပ်ခဲ့ကြသည်ဟုလည်း ယူဆွဖ်က ထည့်သွင်းပြောကြားခဲ့သည်။

    “အစ္စလာမ်ဟာ လူနည်းစုတွေအတွက် လွတ်လပ်မှုနဲ့ လုံခြုံမှုကို အာမခံပေးထားပါတယ်။ အစိုးရကလည်း တိုင်းပြည်အတွင်းမှာရှိနေတဲ့ လူနည်းစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေအတွက် လုံခြုံမှုနဲ့ ကာကွယ်မှုတွေကိုလည်း အသေအချာ လုပ်ဆောင်ပေးခဲ့ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ သည်းခံမှု၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုတွေကို မြှင့်တင်ခြင်းအားဖြင့် အကြမ်းဖက်ဝါဒနဲ့ ဂိုဏ်းဂန၀ါဒတွေကို ကျွန်တော်တို့ လုံးဝ အမြတ်ဖြုတ်နိုင်ပါတယ်” ဟု ပါကစ္စတန် သာသနာရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    ပါကစ္စတန်မှာ နိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံညီလာခံကို မြို့တော် အစ္စလာမ်မာဘတ်၌ မကြာခင် ပြုလုပ်ရန်ရှိနေပြီး နိုင်ငံတစ်ဝှမ်းရှိ ဘာသာပေါင်းစုံမှ ထင်ရှားသည့် ခေါင်းဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်သည်။

    Ref: IINA News

  • တစ်ပတ်အတွင်း ဒုတိယမြောက်အဖြစ် အမေရိကန်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြန်

    တစ်ပတ်အတွင်း ဒုတိယမြောက်အဖြစ် အမေရိကန်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြန်

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ ဆန် ဘာရ်နာဒီနိုမြို့တွင် သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    မသန်းစွမ်းသူများ စင်တာတွင် အားလပ်ရက်ပါတီ ပြုလုပ်နေချိန် နေ့လည်ပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုတွင် သေနတ်သမား ၃ ဦးခန့် ပါဝင်ခဲ့ကာ လိုက်လံဖမ်းဆီးမှုအတွင်း သံသယရှိသူ ၂ ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ တတိယ တစ်ဦးကိုမူ ဖမ်းဆီးရမိထားသော်လည်း ၎င်းမှာ သေနတ်ပစ်မှုတွင် ပါဝင်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

    ထိုပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသူမှာ ၁၇ ဦးရှိခဲ့ပြီး အနက်ရောင်ဇိမ်ခံကားနှင့် ထွက်ပြေးသွားသည့် သေနတ်သမားများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်ခဲ့သည်။

    ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဆန်ဘာရ်နာဒီနို ရဲတပ်ဖွဲ့အကြီးအကဲ ဂျာရော့ဒ် ဘာရ်ကွမ်က သေဆုံးသွားသည့် သံသယရှိသူ ၂ ဦးမှာ တိုက်ခိုက်ရေးသမားဆန်ဆန် ၀တ်စုံများကို ၀တ်ဆင်ထားပြီး ရိုင်ဖယ်များ၊ ပစ္စတိုများ ကိုင်ဆောင်ထားကြသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ပစ်ခတ်ခံခဲ့ရသည့် စင်တာတွင်လည်း ပေါက်ကွဲစေတတ်သည့် ပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

    အာဏာပိုင်များကမူ ထိုတိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး လော့စ်အိန်ဂျလိစ်ရှိ FBI ၏ ရုံးခန်းမှ လက်ထောက်ဒါရိုက်တာဖြစ်သူ ဒေးဗစ် ဘောင်ဒစ်ခ်ျက ထိုတိုက်ခိုက်မှုမှာ အလုပ်နှင့်သက်ဆိုင်သည့် တိုက်ခိုက်မှု ဖြစ်နိုင်သကဲ့သို့ အကြမ်းဖက်ဝါဒနှင့်လည်း ပတ်သက်နိုင်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် တစ်ပတ်ကလည်း ကိုလိုရာဒိုပြည်နယ် ကိုလိုရာဒိုစပရင်းမြို့ရှိ ဆေးခန်းတစ်ခုကို လူဖြူအစွန်းရောက်တစ်ဦးက ၀င်ရောက်ပစ်ခတ်သောကြောင့် လူ ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

    Ref: Aljzaeera

  • ချီလီတွင် ဝေလငါးအသေ ရာပေါင်းများစွာ တွေ့ရှိ

    ချီလီတွင် ဝေလငါးအသေ ရာပေါင်းများစွာ တွေ့ရှိ

    ဒီဇင်ဘာ ၃၊ ၁၂
    M-Media

    whale

    – ချီလီတောင်ပိုင်း ပါတာဂိုးနီးယားပြည်နယ်ရှိ ဝေးလံခေါင်ဖျားသော ရေလက်ကြားတွင် ဝေလငါး ၃၀၀ ကျော်ကို အသေတွေ့ရှိရခဲ့ရပြီး ဝေလငါး စံချိန်တင် သေဆုံးမှုဖြစ်ကြောင်း သုတေသီများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    ‘ကမ္ဘာပျက်လောက်စရာ မြင်ကွင်းပါပဲ၊ ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး’ ဟု သိပ္ပံပညာရှင်တစ်ဦးက ဆိုသည်။ ဧပြီလအတွင်းက မြို့တော် ဆန်တီယာဂိုတောင်ပိုင်း မိုင်ပေါင်း ၁၂၀၀ ခန့်ဝေးသည့် ဝေးလံခေါင်ဖျား ဒေသတစ်ခုတွင် ဝေလငါးအသေ အကောင် ၂၀ တွေ့ရှိခဲ့ရဖူးသည်။

    ယခုတွေ့ရှိမှုမှာ အလွန်များပြားသည့် ပမာဏဖြစ်ပြီး ကိုယ်ထည်ရော အရိုးစုပါ အပါအ၀င် အနည်းဆုံး ၃၃၇ ကောင် ရှိသည်ဟု ခန့်မှန်းထားသည်။

    ‘ကျွန်မတို့ မရောက်ပေါက်တဲ့ နေရာအများအပြား ရှိပါသေးတယ်၊ ဝေလငါးအသေတွေ ဒီထက် ပိုရှိနိုင်မယ်လို့ ထင်ပါတယ်’ ဟု သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဟော်ဆာမန်က အေအဖ်ပီ သတင်းဌာနသို့ပြောကြားသည်။

    သိပ္ပံသမိုင်းတွင် တွေ့ရှိခဲ့ရသမျှ ဝေလငါးသေဆုံးမှုများအတွင်း အကြီးဆုံးဖြစ်သည့် အဆိုပါကိစ္စအတွက် အရေးကြီး စုံစမ်းစစ်ဆေးမှုတစ်ခုကိုလည်း ပြုလုပ်သွားရန် ရှိနေသည်။

    သိပ္ပံပညာရှင်များကမူ ဝေလငါးများမှာ မည်သည့်အနာတရမျှမရှိဘဲ ဗိုင်းရပ်စ် သို့မဟုတ် ‘ရပ်ဒ်တိုက်’ ဟုခေါ်သည့် အန္တရာယ်ရှိ ရေညှိပွင့်တွေကြောင့် သေဆုံးခြင်းဖြစ်နိုင်သည်ဟု စောစောပိုင်းက ခန့်မှန်းခဲ့သည်။ ဤ ကြောက်မက်ဖွယ်ကောင်းသည့် တွေ့ရှိမှုမှာ ပဲရစ်တွင်ကျင်းပမည့် ရာသီဥတုဆိုင်ရာဆွေးနွေးပွဲတွင် နိုင်ငံတကာ၏ အရေးတကြီး ပြောဆိုစရာ ဖြစ်လာဖွယ်ရှိသည်။

    အဏ္ဏ၀ါဗေဒပညာရှင်များက ကမ္ဘာ့သမုဒ္ဒရာပူနွေးလာမှုသည် ဝေလငါးများ အစာရေစာပြတ်တောက်စေပြီး ဝေလငါးတိုးပွားမှုကို အန္တရာယ်ကြီးစွာ ဖိအားပေးလျက်ရှိနေသည့်အပြင် ၎င်းတို့ရဲ့ကျက်စားရာ လမ်းကြောင်းကိုလည်း ပြောင်းလဲပစ်စေသည်။

  • မြန်မာနိုင်ငံဆိုင်ရာ ကန်သံအမတ်လောင်း ပိတ်ဆို့မှုလျော့ချရေး မမျှော်လင့်

    မြန်မာနိုင်ငံဆိုင်ရာ ကန်သံအမတ်လောင်း ပိတ်ဆို့မှုလျော့ချရေး မမျှော်လင့်

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    – မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အိုဘားမားက အမည်စာရင်း တင်သွင်းထားသည့် စကော့ မာစီယဲလ်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများနှင့်ပတ်သက်၍ အဓိက ပြောင်းလဲမှုမျိုး မမျှော်လင့်ထားဟု ယမန်နေ့က ပြောကြားလိုက်သည်။

    “သိသာတဲ့ ဘယ်လိုပြောင်းလဲမှုကိုမှ ကျွန်တော် မျှော်လင့်မထားသလို အကြံလည်း ပြုမှာမဟုတ်ပါဘူး” ဟု မာစီယဲလ်က ဆီးနိတ်လွှတ်တော်ရှိ နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ ကော်မတီ၏ ရှေ့မှောက်တွင် ပြောကြားခဲ့သည်။ မာစီယဲလ်မှာ လက်ရှိတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ဒုတိယလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ယခင်က အင်ဒိုနီးရှားနိုင်ငံတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

    သို့သော်လည်း ပိတ်ဆို့မှုစနစ်မှာ အပြောင်းအလဲရှိနေသည့် အရာဖြစ်ပြီး သိသာသည့်ပြောင်းလဲမှုမျိုး ဖြစ်လာရန် ပစ်မှတ်ထားသည့် ကိစ္စများကို တွေ့ရပါက ထိုပိတ်ဆို့မှုအား ဖြေလျော့ရန် ခွင့်ပြု၍ ရသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    နိုဝင်ဘာရွေးကောက်ပွဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့သော်လည်း အမေရိကန်က မိမိတို့မှာ ကျန်ရှိနေသည့် ပိတ်ဆို့မှုများကို ဖယ်ရှားရေးအတွက် ဒီမိုကရက်တစ်လုပ်ငန်းစဉ်များကို စောင့်ကြည့်နေသည်ဟု ပြောကြားခဲ့သည်။

    အိုဘားမားမှာ မာစီယဲလ်အား မြန်မာနိုင်ငံသို့စေလွှတ်မည့် သံအမတ်သစ်အဖြစ် ပြီးခဲ့သည့်အောက်တိုဘာလက သတ်မှတ်ခဲ့ပြီး ဆီးနိတ်၏ နိုင်ငံခြားရေးရာ ကော်မတီက အတည်ပြုပါက တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ အဆိုပါကော်မတီကမူ မာစီယဲလ်အား ကန့်ကွက်မည့်အလားအလာ မရှိပေ။

    Ref: Reuters