News @ M-Media

Blog

  • ကမ္ဘာချစ် စိတ်ဓာတ်နှင့် လူသားဝါဒ

    ကမ္ဘာချစ် စိတ်ဓာတ်နှင့် လူသားဝါဒ

    ဒီဇင်ဘာ ၃ ၊ ၂၀၁၅
    ဂျက်ဖရီတင်အုန်း ( ရန်ကုန်စက်မှုတက္ကသိုလ် R.I.T)
    world-peace1
    လူနှင့်တိရစ္ဆာန်ကွဲပြားခြားနားခြင်းသည် အသိဥာဏ်ပညာ၊ ဆင်ခြင်တုံတရားဖြစ်သည်။ အကြောင်းနှင့်အ ကျိုး၊ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော စွမ်းအား၊ တိရစ္ဆာန်တွင် မရှိပါ။ လူတွင်ရှိသည်။

    လူအချို့တွင် အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ ဘာသာအယူဝါဒ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ဘာသာစကား အမျိုးမျိုးရှိသည်။ ထို့ကြောင့် လူရှိလျှင် ပြဿနာရှိကောင်းရှိနိုင်သည်။ ပြဿနာရှိလျှင်၊ ဆင်ခြင်ဥာဏ်နှင့် မဖြေရှင်းပဲ ဒေါသရှေ့ထား၊ စိတ်လိုက်မာန်ပါ၊ ပြုလုပ်မိပါက ရာဇ၀တ်မှုတစ်ခုခုကို ကျူးလွန်မိပေမည်။ ကျူးလွန်သူကို အရေးယူ အပြစ်ပေးနိုင်ရန်၊ တရားဥပဒေရှိသည်။ ကျူးလွန်သည့် အမှုပေါ် မူတည်၍ ငွေဒဏ်၊ ထောင်ဒဏ်၊ သေဒဏ် စသည်ဖြင့် တရားဥပဒေ စိုးမိုးရေးအတွက် ကျူးလွန်သူတိုင်းကို အရေးယူ အပြစ်ပေးနိုင်ရန်၊ နိုင်ငံတိုင်းမှာ တရားဥပဒေ ရှိပြီးဖြစ်သည်။

    ဥပဒေသည် နိုင်ငံသားတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရာတွင် “မဟာတံတိုင်းတစ်ခုသဖွယ်” ဖြစ်သည်။ အားကိုးရာ မိဘသဖွယ်ဖြစ်သည်။ ဥပဒေနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရရွှေမန်း က “ဥပဒေရဲ့အထက်မှာ ဘယ်သူမျှမရှိစေရ” ဟူ၍ မြန်မာနိုင်ငံ၏ တရားရေးဝန်ထမ်းများအား မှာကြားခဲ့ ဖူးသည်။

    တရားဥပဒေသည် အုပ်ချုပ်သူအစိုးရနှင့် အုပ်ချုပ်ခံပြည်သူလူထုအပေါ် လွှမ်းမိုးမှုရှိရမည်။ ဩဇာသက် ရောက်မှုရှိရမည်။ အသက်ဝင်မှုရှိရမည်။ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးနိုင်ငံတစ်ခုအနေဖြင့်၊ ကမ္ဘာ အလယ် နှစ်(၇၀)မျှ ဦးဆောင်နိုင်ခဲ့သော အမေရိကန်နိုင်ငံတွင် သမ္မတ ဘစ်လ်ကလင်တန်သည် အိမ်ဖြူတော် White House ၀န်ထမ်းမော်နီတာ လူဝစ်စကီးဆိုသူ အမျိုးသမီးနှင့် လိင်ကိစ္စတရားစွဲ ခံရ၍သမ္မတကိုယ်တိုင် အာဏာရှိစဉ်အတွင်း တရားရုံးကို သွားခဲ့သည်။ ကမ္ဘာ့အင်းအားအကြီးဆုံးနိုင်ငံ
    အမေရိကန်သမ္မတကြီးလည်း တရားရုံးတော်ကို လေးစားသည်။ ဥပဒေကို လေးစားသည်ကို ကမ္ဘာ့တလွှားနိုင်ငံခေါင်းဆောင်များ အတုယူသင့်သည်။

    ယဉ်ကျေးသောနိုင်ငံ၊ ယဉ်ကျေးသောလူ့အဖွဲ့အစည်းတိုင်းသည် တရားဥပဒေကို လေးစားသည်။ တရား ဥပဒေ၏အကာအကွယ်ကို ရယူသည်။ တရားရေးဝန်ထမ်းများသည်လည်း၊ တရားစီရင်ရာ၌ ဆင်းရဲချမ်းသာမကြည့် အာဏာ power ကိုမကြည့်၊ တရားမျှတမှု (Justice) ကိုသာကြည့်သည်။

    အတိတ်ဟောင်း၊ စနစ်ဟောင်းမှ လူသားများသည် “အင်အားသည် အမှန်တရား” (Might is Right) ဟု လွှဲမှားစွာ လက်ခံယုံကြည်ခဲ့ကြသည်။ အင်အားရှိသူ၊ အာဏာရှိသူတို့က၊ အင်အားချို့တဲ့သူ အာဏာမဲ့သူ တို့အပေါ်၊ အနိုင်ကျင့်၊ ဗိုလ်ကျ၊ လုယက်တိုက်ခိုက်၊ သိမ်းပိုက်ရာမှ၊ အရသာတွေ့သွားကာ ပဒေသရာဇ်စ နစ်၊ အာဏာရှင်စနစ်တို့ ကမ္ဘာတလွှားပေါ်ပေါက်ခဲ့ကြသည်။

    ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၃၀ ကျော်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၂၀၀ နီးပါးရှိ သည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် စစ်အာဏာရှင်များ အုပ်ချုပ်သော တိုင်းပြည်များ မပါသလောက် ဖြစ်သည်။ ဥပမာပြရလျှင် မြောက်ကိုရီးယားနိုင်ငံ၊ ကျူးဘားနိုင်ငံနှင့် ဇင်ဘာဘွေ၊ ဆူဒန် စသည့်နိုင်ငံများကို လေ့လာတွေ့ရှိနိုင်သည်။

    ကမ္ဘာ့ Media များ၏ ကျေးဇူးကြောင့် ကမ္ဘာ့ပြည်သူလူထုသည် လူထုကိုအခြေခံသော လူထုကတင် မြှောက်ရွေးကောက်သော ဒီမိုကရေစီစနစ်အရသာကို မြည်းစမ်းမိကြသည်။ လိုလားတောင့်တ လာကြသည်။ ထို့ကြောင့်လည်း အဖိနှပ်ခံ ကမ္ဘာတ၀န်းမှ ပြည်သူလူထုသည် အသက်သွေး၊ ချွေးတို့ကို စွန့်လွှတ် အနစ်နာခံကာ၊ ဒီမိုကရေစီ ပန်းတိုင်အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

    ဒီမိုကရေစီစနစ်တွင် “အမှန်တရားသည် အင်အား” (Right is Might) ဖြစ်သည်။ လူဖြူ၊ လူမဲ၊ ဘာသာအယူဝါဒ၊ ဆင်းရဲချမ်းသာ မည်မျှပင် ကွဲပြားခြားနားပါစေ လူထုရွေးကောက်ပွဲများတွင် “အသည်းကြားက မဲတစ်ပြား” သည် အရေးပါလာသည်။ သက်ဆိုင်ရာဒီမိုကရက်တစ် အစိုးရများသည်၊ ပြည်သူလူထု၏ဆန္ဒကို အလေးထားရသည်။ သို့သော်လည်း ဥာဏ်နီ၊ ဥာဏ်နက်၊ ကလိမ်ကကျစ်၊ ဥာဏ်ဆင်သုံးပြီး မဲလိမ်၊ မဲခိုး၊ ကြိုတင်မဲ စသည်ဖြင့် လူထု၏ဆန္ဒကို ဥပက္ခာပြုကာ၊ လူထု၏ခုံကို အချောင်လုထိုင်ချင်သူ၊ ထင်ရာစိုင်း ရာဇ၀င်ရိုင်းအောင် ပြုလုပ်နေသည့် အာဏာရှင်များလည်း၊ ကမ္ဘာတ၀န်းမှာ ကျန်နေသေးသည်။

    ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင်၊ ဇင်ဘာဘွေ အာဏာရှင် ရောဘတ်မူဂါဘီ၏အတွင်းရေးများကို လူမှုရေးကွန်ရက် Facebook ပေါ်တွင် ဖော်ထုတ်တင်ပြမှုကြောင့်၊ ထိုအာဏာရှင်ကြီးသည် အကြီးအကျယ်ဒေါသအိုးပေါက်ကွဲကာ Post တင်သူအား ဖော်ထုတ်ပေးနိုင်သူအား ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်းပေးမည်ဟု ဆုငွေထုတ်ခဲ့သည်။ ထို့ကြောင့် အာဏာရှင်များသည် Media ကိုကြောက်ကြသည်။ ဥာဏ်နီ၊ ဥာဏ်နက် မီးကုန်ယမ်းကုန်သုံး၍ Media ကိုထိန်းချုပ်ဖို့ ကြိုးစားကြသည်။

    Media ကြောင့်လည်း ၎င်းတို့၏ အဓမ္မလုပ်ရပ်သည် “ဘူးပေါ်သလို” ပေါ်ခဲ့သည်။ ယနေ့လူထုသည် Media ကိုအားပေးသည်။ အားကိုးသည်။ Media သည်လူထုအတွက် နားမျက်စိ ဖြစ်လာသည်။ ထို့ကြောင့်လည်းMedia ကို နိုင်ငံ၏စတုတ္ထမဏ္ဍိုင် ဟုတင်စားပြောဆိုကြခြင်းဖြစ်သည်။ Media ကြောင့် ယနေ့ကမ္ဘာကြီး သည် ရွာပုံစံ (Globalization) မြင်လာရသည်။

    ကမ္ဘာပေါ်ရှိ ဘာသာတရားများကို စေ့စေ့စပ်စပ်လေ့လာကြည့်လျှင် မည်သည့်ဘာသာတရားကမျှ အစွန်းရောက်သူများ (Extremists)၊ အကြမ်းဖက်သူများ (terrorists)ကို လုံးဝအားပေးခြင်း မရှိကြောင်း တွေ့ရသည်။ ဘာသာတရားတိုင်းသည် ယုံကြည်သူတိုင်းကို လိမ္မာယဉ်ကျေးအောင် အကျင့်စာရိတ္တကောင်းမွန်အောင် လောဘ၊ ဒေါသ၊ မောဟတို့ကို ထိန်းချုပ်နိုင်အောင် သင်ကြားပေးသည်။ မယုတ်၊ မလွန်၊ အလယ်၊ အလတ် လမ်းစဉ်သည် လောကလူအားလုံးအတွက် အကောင်းဆုံးဖြစ်ကြောင်းကို သင်ကြားပေးသည်။

    လူမျိုးရေး၊ ဘာသာရေးမှာ အစွန်းရောက်လျှင် လူ့ဘောင်အဖွဲ့အစည်း၏ အပြင်ဖက်ကို ရောက်သွားတက်သည်။ လူမျိုးစွဲ ဘာသာစွဲ အစွန်းရောက်မှိုင်းမိနေသူများသည် “စိတ်ရောဂါဝေဒနာရှင်များနှင့် တူသည်”ဟု ကမ္ဘာကျော် အမေရိကန်စိတ်ပညာပါရဂူတစ်ဦးက မိန့်ဆိုခဲ့ဖူးသည်။ ထိုသူများကို ဘာသာရေး၊ နိုင်ငံရေး”အဆိပ်မှိုင်းများ” သွတ်သွင်းရန် အလွန်လွယ်ကူသည်။ ထိုသူများသည် ထိလွယ်၊ ရှလွယ်၊ ခံစားလွယ်တက်ပြီး၊ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ကင်းဝေးတတ်သည်ဟု ထိုပညာရှင်ကြီးက မှတ်ချက်ချ ပြောဆိုခဲ့ပါသည်။

    ကမ္ဘာပေါ်တွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ အမျိုးမျိုးရှိသည့်အနက်စေ့စပ်၊ ဆွေးနွေး၊ အဖြေရှာသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အချိန်အကြာဆုံးပွဲစဉ် ဖြစ်ကြောင်းတွေ့ရမည်။ နှစ်ဦးနှစ်ဘက် အလျော့၊ အတင်း၊ အပေး၊ အယူဖြင့်သာ  “ငြိမ်းချမ်းရေးပန်းတိုင်” ကို ရောက်နိုင်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ အတ္တစိတ်များ ပါဝင်လာပါက ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေမည်။

    ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်ရှိသည်။ လူမျိုးပေါင်း ၅၀၀၀ ကျော်ရှိသည်။ ဘာသာစကားပေါင်း ၆၀၀၀ ကျော်ရှိသည်။ အရှေ့တောင် အာရှတွင် လူဦးရေ အများဆုံး သန်း ၂၀၀ ကျော် ရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြောဆိုသုံးစွဲသည့် ဘာသာစကား ၂၅၀ ကျော်ရှိသည်ကို ထောက်ရှုလျှင် တိုင်းရင်းသား မျိုးနွယ်ပေါင်း မြောက်မြားစွာ နေထိုင်လျက်ရှိသည် သိနိုင်သည်။

    B.B.C အသံလွှင့်ဌာန၏ မှတ်တမ်းအရ ကမ္ဘာ့လူဦးရေ၏ သန်းပေါင်း ၂၀၀၀ ကျော်သည် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြသည်။ သန်းပေါင်း ၁၆၀၀ ကျော်သည် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသည်။ သန်းပေါင်း ၈၀၀ ကျော်သည် ဟိန္ဒူဘာသာကို သက်ဝင်ယုံကြည်သည်။ သန်းပေါင်း ၅၀၀ ကျော်သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်။ မည်သည့်ဘာသာကိုမျှ သက်ဝင်ယုံကြည်ခြင်းမရှိသည့်သူပေါင်း သန်း ၈၀၀ ကျော် ရှိသည်။ ဂျူးဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျိန်းဘာသာ၊ ကွန်ဖြူးရှပ်ဝါဒနှင့် နတ်ကိုးကွယ်သည့်သူများလည်း ဒုနဲ့ဒေးရှိသည်။

    လူမျိုး၊ ဘာသာ၊ ရိုးရာအစဉ်အလာ ယဉ်ကျေးမှု မတူကွဲပြားခြင်း (Diversity) ကို “ငါနှင့်မတူ ငါ့ရန်သူ” ဟု မျက်မှန်စိမ်းတပ် ကြည့်နေမည့်အစား “မတူကွဲပြားခြားနားခြင်းကို” အင်အားတစ်ရပ် အလှအပတစ်ရပ်၊ ဂုဏ်ယူဖွယ်ရာတစ်ခုအနေနှင့် အသုံးချသင့်ပါတယ်ဟု ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိစဉ် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သမိုင်းဝင် မိန့်ခွန်းတစ်ခုမြွက်ကြားခဲ့ပါတယ်။ ထိုအခမ်းအနားကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ညာနိသရ၊ “၈၈” မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းတို့ တက်ရောက်ခဲ့ကြသည်။

    လူတစ်ယောက်တွင် လက်ချောင်းငါးမတူကွဲပြား၊ ပုံသဏ္ဍာန်ရှိနေခြင်းသည် လက်တွေ့တွင် အသုံးတည့်ခြင်းကိုဖြစ်စေသည်။ သဘာဝကျသည်။ အဓိပ္ပါယ်ရှိသည်။ “ငြိမ်းချမ်းရေး၊ စမ်းရေအေးအေးကို သောက်သုံးလိုလျှင် ကမ္ဘာပြည်သူလူထုသည် လူသားဝါဒ(Humanism) ကို ကျင့်သုံးဆောက်တည်ရမည်။ လူသားဝါဒဟူသည် လောကတွင် လူကို လူလိုမြင်၊ လူလူချင်း တန်ဖိုးထားဆက်ဆံသည့် လမ်းစဉ်ဖြစ်သည်။နိုဘယ်ဆုရှင် ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး ပါမောက္ခ အိုင်းစတိုင်းက “အကြမ်းဖက်ခြင်းသည် အကြမ်းဖက်ခြင်းကို ဖြစ်စေသည်။” (Violence breeds Violence) ဟု ပြောခဲ့ဖူးသည်။

    ထို့ကြောင့် နေရာဒေသတစ်ခုတွင် မတူကွဲပြားခြားနားသည့် လူများ ထာဝရအတူ ယှဉ်တွဲနေထိုင်လိုလျှင်တစ်ဦးနှင့်တစ်ဦးပြင်ပ ပရောဂများ၊ သွေးထိုးလှုံ့ဆော်မှုများ၊ သံသယများကို အသိနှင့်ယှဉ်ပြီး လက်ခံရမည်။ ဘာသာအယူဝါဒ၊ ဓလေ့ထုံးစံမတူကွဲပြားသူများ အချင်းချင်း ပွင့်လင်းမှုရှိရမည်။ နားလည်မှုရှိရမည်။ အပြန်အလှန် လေးစားချစ်ခင်မှုရှိရမည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ဘာသာရေးခေါင်းဆောင်များ ဦးဆောင်၍ လူထုတရားပွဲများကို စုပေါင်းကျင်းပခြင်းသည် ပွင့်လင်းမြင်သာမှုကို ဖြစ်စေပြီး ဘာသာရေး ပဋိပက္ခများကို ဖြေရှင်းပေးနိုင်သည်။

    “သည်းခံခွင့်လွှတ်ခြင်းသည် နိဗ္ဓာန်၏ သော့ကိုပိုင်ဆိုင်ခြင်း “(Patience is the key of paradise) ဖြစ် သည်။ အကောင်းဆုံးသော ကလဲ့စားချေခြင်းသည် သည်းခံခွင့်လွှတ်ခြင်း (The best revenge is forgiveness) ဖြစ်သည်ဟူသော ဘာသာရေး အဆုံးအမများသည် ကမ္ဘာကြီးကို ငြိမ်းချမ်းစေသောငြိမ်းချမ်းရေး တရားများ ဖြစ်ကြသည်။ ငြိမ်းချမ်းရေးတရားများကို လက်ကိုင်ထားပြီး၊ လူသားအချင်းချင်း၊လူသား ၀ါဒကို ကျင့်သုံးမည်။ လူပီသအောင် နေထိုင်ကြမည်။ “မိမိကြောင့် ကမ္ဘာကြီး၏ ရေ၊ မြေ၊ လေ၊တော၊ တောင်၊ သဘာဝအလှတရားများ (Natural Beauty) ဘယ်တော့မှ မပျက်စီးစေရ” ဟူသော စိတ်ဓာတ်မျိုး ကမ္ဘာချစ်စိတ်ဓာတ် (Global spirit) လူတိုင်းရင်မှာ ထားနိုင်လျှင်၊ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အစွန်းရောက်ဝါဒ (Extremism) အကြမ်းဖက်ဝါဒ (Terrorism) များ အနှေးနှင့် အမြန်ပပျောက်သွားပြီး၊ သာယာဝပြောသော ငြိမ်းချမ်းသောကမ္ဘာကြီးတစ်ခုကို မုချဧကန် တည်ဆောက်နိုင်ပေမည်။

    ဆောင်းပါးရှင် ဂျက်ဖရီတင်အုန်း ( ရန်ကုန်စက်မှုတက္ကသိုလ် R.I.T) ပေးပို့လာသည့် ဆောင်းပါးဖြစ်ပါသည်။

  • ဆီးရီးယားစစ်ပွဲတွင် ပါဝင်နေသည်ဟု အစ္စရေး ၀န်ခံ

    ဆီးရီးယားစစ်ပွဲတွင် ပါဝင်နေသည်ဟု အစ္စရေး ၀န်ခံ

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    – အီရန်ကျောထောက်နောက်ခံပေးသော အစိုးရက IS အပါအ၀င် သူပုန်များနှင့် စစ်ဖြစ်နေသည့် ဆီးရီးယားနိုင်ငံတွင် မိမိတို့တပ်များမှာ စစ်ဆင်ရေးများ ပြုလုပ်နေဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အင်္ဂါနေ့တွင် ပထမဆုံးအကြိမ် ၀န်ခံပြောကြားလိုက်သည်။

    ‘ကျွန်တော်တို့ရဲ့ အတိုက်အခံ မဖြစ်လာအောင် ကာကွယ်တဲ့အနေနဲ့ ဆီးရီးယားမှာ ကျွန်တော်တို့ဟာ မကြာခဏ စစ်ဆင်ရေးတွေ ပြုလုပ်ပါတယ်။ ဆီးရီးယားကနေ လက်ဘနွန်ကို သယ်ဆောင်နေတဲ့ သေစေနိုင်တဲ့လက်နက်တွေကို အဓိကတားဆီးဖို့ ကျွန်တော်တို့ဘာမဆိုလုပ်ပါတယ်’ ဟု နေတန်ယာဟုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    သို့သော်လည်း နေတန်ယာဟုက အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိဘဲ၊ ယခုပြောဆိုမှုမှာလည်း ပဋိပက္ခများ ဖြစ်ပွားနေသည့် ဆီးရီးယားတွင် အစ္စရေးက ပါဝင်နေမှုကို ပထမဆုံး လူသိရှင်ကြား ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ဆီးရီးယားမှ လက်ဘနွန်သို့ အီရန်လုပ် လက်နက်များ သယ်ဆောင်မှုကို ပစ်မှတ်ထား၍ လွန်ခဲ့သော လများတွင် မြောက်များစွာသော တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    သို့သော် ယင်းတိုက်ခိုက်မှုများကို အစ္စရေးအာဏာပိုင်များက ၎င်းတို့လုပ်သည်ဟု တရားဝင် ၀န်ခံထားခြင်း မရှိပေ။ မတ်လ ၂၀၁၁ ကတည်းက လက်နက်ကိုင်သူပုန်များနှင့် စစ်ဖြစ်နေသည့် ဆီးရီးယားသမ္မတ အာဆတ်အဖွဲ့အား အစ္စရေးက ဆန့်ကျင်ထားသော်လည်း ထိုစစ်ပွဲတွင် ပါဝင်ခြင်းမှ ရှောင်ရှားခဲ့သည်။

    အစ္စရေးမှာ ၁၉၆၇ ခုနှစ် စစ်ပွဲတွင် ဆီးရီးယားရှိ ဂိုလန်တောင်ကုန်း နေရာအများစုကို ရရှိခဲ့ပြီး နောက်ပိုင်းတွင် ထိုနေရာကို သိမ်းပိုက်ခဲ့ကာ အစ္စရေး၏ ထိုလုပ်ရပ်အား နိုင်ငံတကာအဖွဲ့အစည်းက လုံးဝအသိအမှတ် မပြုခဲ့ပေ။

    Ref: Alarabiya

  • အသင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြပြော

    အသင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    klopp

    – လိဂ်ဖလားတွင် ဆောက်သက်တမ်အသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းမှာ မှော်ဆန်သည့် အတွေးအခေါ်ကြောင့် မဟုတ်ဘဲ မိမိတို့၏အလုပ်ကို ကြိုးစားလုပ်နိုင်ခြင်းကြောင့်သာ ဖြစ်ပြီး အသင်းမှာ ဆုဖလားများကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ကွာတားဖိုင်နယ်ပွဲအဖြစ် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒီဗွတ်က် အိုရီဂီက ဟက်ထရစ်၊ စတားရစ်ခ်ျက ၂ ဂိုးနှင့် ဂျော်ဒန် အိုဘီတို့က ၁ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည့် လီဗာပူးလ်မှာ စတုတ်စီးတီးအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    “ကျွန်တော်တို့မှာ မှော်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး။ ကျွန်တော်တို့ အလုပ်ကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တာကြောင့်ပါ” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကံကောင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဖလားစိန်ခေါ်သူဖြစ်ဖို့အတွက်တော့ ကျွန်တော်တို့အသင်းဟာ အင်အားတောင့်တင်းပါတယ်”

    အခြားကွာတားဖိုင်နယ်ပွဲစဉ်တွင် မန်စီးတီးအသင်းက ဟားလ်စီးတီးအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ အဲဗာတန်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Goal

  • အစ္စလာမ်က လူနည်းစုများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို အာမခံထားသည်ဟု ပါကစ္စတန် သာသနာရေးဝန်ကြီး ပြော

    အစ္စလာမ်က လူနည်းစုများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို အာမခံထားသည်ဟု ပါကစ္စတန် သာသနာရေးဝန်ကြီး ပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    paki

    – အစ္စလာမ်သာသနာမှာ လူနည်းစုများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံရေးကို အာမခံထားသည်ဟု ပါကစ္စတန် ဖက်ဒရယ် သာသနာရေးဝန်ကြီး ဆာဒါရ် မိုဟာမက် ယူဆွဖ်က ပြောကြားလိုက်ပြီး အကြမ်းဖက်ဝါဒကို အမြစ်ဖြတ်သုတ်သင်ရေး စစ်ပွဲအတွင်း အစိုးရနှင့် စစ်တပ်တို့အား ဘာသာရေးခေါင်းဆောင်များက ထောက်ပံ့ပေးကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။

    အင်္ဂါနေ့ကပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံညီလာခံတွင် ယူဆွဖ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ဘာသာရေးပညာရှင်တွေ၊ ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်နေတဲ့၊ နိုင်ငံအတွင်းမှာ အကြမ်းဖက်ဝါဒကို အမြစ်ဖြတ်ဖယ်ရှားနေတဲ့ အစိုးရနဲ့စစ်တပ်ကို အပြည့်အ၀ ထောက်ခံဖို့ လိုပါတယ်” ဟု ယူဆွဖ်က ဆိုပြီး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအနေဖြင့် အစ္စလာမ့်သွန်သင်မှု အလင်းတန်းများဖြင့် တိုင်းပြည်အား ဦးဆောင်လမ်းပြသင့်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “လက်ရှိတိုင်းပြည်ရဲ့အခြေအနေက ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုကို ရှာဖွေရမှာပါ။ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှု မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုမှာ အစ္စလာမ်၊ ခရစ်ယာန်။ ဟိန္ဒူနဲ့ ဆစ်ခ်ဘာသာဝင်တွေဟာ သူတို့ရဲ့ အခန်းကဏ္ဍအလိုက် ပါဝင်နေကြတာဟာ ကောင်းမွန်တဲ့ ရှေ့ပြေးနိမိတ်ပါပဲ”

    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုတို့တွင်လည်း ပါကစ္စတန်ရှိ ဘာသာတရားအားလုံး၏ နောက်လိုက်များမှာ ပူးပေါင်းဆောင်ရွက်မှုများ ယခင်ကတည်းက ပြုလုပ်ခဲ့ကြသည်ဟုလည်း ယူဆွဖ်က ထည့်သွင်းပြောကြားခဲ့သည်။

    “အစ္စလာမ်ဟာ လူနည်းစုတွေအတွက် လွတ်လပ်မှုနဲ့ လုံခြုံမှုကို အာမခံပေးထားပါတယ်။ အစိုးရကလည်း တိုင်းပြည်အတွင်းမှာရှိနေတဲ့ လူနည်းစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေအတွက် လုံခြုံမှုနဲ့ ကာကွယ်မှုတွေကိုလည်း အသေအချာ လုပ်ဆောင်ပေးခဲ့ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ သည်းခံမှု၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုတွေကို မြှင့်တင်ခြင်းအားဖြင့် အကြမ်းဖက်ဝါဒနဲ့ ဂိုဏ်းဂန၀ါဒတွေကို ကျွန်တော်တို့ လုံးဝ အမြတ်ဖြုတ်နိုင်ပါတယ်” ဟု ပါကစ္စတန် သာသနာရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    ပါကစ္စတန်မှာ နိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံညီလာခံကို မြို့တော် အစ္စလာမ်မာဘတ်၌ မကြာခင် ပြုလုပ်ရန်ရှိနေပြီး နိုင်ငံတစ်ဝှမ်းရှိ ဘာသာပေါင်းစုံမှ ထင်ရှားသည့် ခေါင်းဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်သည်။

    Ref: IINA News

  • တစ်ပတ်အတွင်း ဒုတိယမြောက်အဖြစ် အမေရိကန်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြန်

    တစ်ပတ်အတွင်း ဒုတိယမြောက်အဖြစ် အမေရိကန်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြန်

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ ဆန် ဘာရ်နာဒီနိုမြို့တွင် သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    မသန်းစွမ်းသူများ စင်တာတွင် အားလပ်ရက်ပါတီ ပြုလုပ်နေချိန် နေ့လည်ပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုတွင် သေနတ်သမား ၃ ဦးခန့် ပါဝင်ခဲ့ကာ လိုက်လံဖမ်းဆီးမှုအတွင်း သံသယရှိသူ ၂ ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ တတိယ တစ်ဦးကိုမူ ဖမ်းဆီးရမိထားသော်လည်း ၎င်းမှာ သေနတ်ပစ်မှုတွင် ပါဝင်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

    ထိုပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသူမှာ ၁၇ ဦးရှိခဲ့ပြီး အနက်ရောင်ဇိမ်ခံကားနှင့် ထွက်ပြေးသွားသည့် သေနတ်သမားများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်ခဲ့သည်။

    ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဆန်ဘာရ်နာဒီနို ရဲတပ်ဖွဲ့အကြီးအကဲ ဂျာရော့ဒ် ဘာရ်ကွမ်က သေဆုံးသွားသည့် သံသယရှိသူ ၂ ဦးမှာ တိုက်ခိုက်ရေးသမားဆန်ဆန် ၀တ်စုံများကို ၀တ်ဆင်ထားပြီး ရိုင်ဖယ်များ၊ ပစ္စတိုများ ကိုင်ဆောင်ထားကြသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ပစ်ခတ်ခံခဲ့ရသည့် စင်တာတွင်လည်း ပေါက်ကွဲစေတတ်သည့် ပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

    အာဏာပိုင်များကမူ ထိုတိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး လော့စ်အိန်ဂျလိစ်ရှိ FBI ၏ ရုံးခန်းမှ လက်ထောက်ဒါရိုက်တာဖြစ်သူ ဒေးဗစ် ဘောင်ဒစ်ခ်ျက ထိုတိုက်ခိုက်မှုမှာ အလုပ်နှင့်သက်ဆိုင်သည့် တိုက်ခိုက်မှု ဖြစ်နိုင်သကဲ့သို့ အကြမ်းဖက်ဝါဒနှင့်လည်း ပတ်သက်နိုင်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် တစ်ပတ်ကလည်း ကိုလိုရာဒိုပြည်နယ် ကိုလိုရာဒိုစပရင်းမြို့ရှိ ဆေးခန်းတစ်ခုကို လူဖြူအစွန်းရောက်တစ်ဦးက ၀င်ရောက်ပစ်ခတ်သောကြောင့် လူ ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

    Ref: Aljzaeera