News @ M-Media

Blog

  • စပါးတွင်ပြသသည့် ခြေစွမ်းမျိုး မရဟု ရီးယဲလ်တိုက်စစ်မှူး ဘေးလ် ၀န်ခံ

    စပါးတွင်ပြသသည့် ခြေစွမ်းမျိုး မရဟု ရီးယဲလ်တိုက်စစ်မှူး ဘေးလ် ၀န်ခံ

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media

    bale

    – စပါးအသင်း၌ နောက်ဆုံးနှစ်တွင် ရရှိခဲ့သည့် စွမ်းဆောင်ရည်မျိုး ယခုအချိန်တွင် မရရှိတော့ဟု ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ၀န်ခံပြောကြားခဲ့သည်။

    ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်း ၈၅ သန်းဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် ပြောင်းရွှေ့ခဲ့သည့် ဘေးလ်မှာ ရီးယဲလ်အသင်းအတွက် ၁၀၃ ပွဲ ကစားခဲ့ပြီး ၄၃ ဂိုး သွင်းယူထားပေးထားသည်။ ယခုရာသီတွင်မူ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အသင်းအတွက် ၁၁ ပွဲသာ ကစားပေးထားနိုင်သည်။ ယမန်နေ့က ဂီတာဖေးအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဘေးလ်မှာ အသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

    “အခုအချိန်အထိ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ကျွန်တော် ဒဏ်ရာနည်းနည်း ရခဲ့တယ်။ ဒါပေမယ့် အခုတော့ အကောင်းဆုံးနဲ့ ပြန်လာခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကောင်းမွန်တယ်လို့လည်း ကျွန်တော် ခံစားရပါတယ်။ စပါးမှာလို ကစားပုံမျိုး ဘာ့ကြောင့်မရလဲဆိုတာ ကျွန်တော် မသိပါဘူး။ (လာလီဂါဟာ) ပရီးမီးယားလိဂ်နဲ့မတူတဲ့ လိဂ်တစ်ခုပါ။ သီးခြားဘောလုံးစတိုင်တစ်ခု ရှိပြီး ဒီအကြောင်းကြောင့်ပဲ ခြားနားတာ နေပါလိမ့်မယ်” ဟု ဘေးလ်က ပြောကြားခဲ့သည်။

    ရော်နယ်ဒို၏ ဆက်ဆံရေးနှင့်ပတ်သက်၍ ဘေးလ်က “သိပ်ကောင်းပါတယ်။ ထွက်နေတဲ့သတင်းတွေက အမှန်မဟုတ်ပါဘူး။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူက အကောင်းဆုံးလားဆိုတာကတော့ ခင်ဗျားတို့ရဲ့ သဘောထားပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် သူက တကယ့်ကို ကြီးကျယ်တဲ့ ကစားသမားတစ်ဦးပါပဲ”

    Ref: Goal

  • ယူကေတွင် ဗောက်စ်ဝဂွန်ကားရောင်းချမှု ကျဆင်း

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    vol

    – ကာဘွန်ထုတ်လွှတ်မှု စမ်းသပ်သည့်လုပ်ငန်းစဉ်တွင် လိမ်ညာမှုများရှိခဲ့သည်ဟု မကြာသေးမီက သတင်းထွက်ပေါ်ခဲ့သည့် ဗောက်စ်ဝဂွန်ကားများ ရောင်းချမှုမှာ ပြီးခဲ့သည့်နှစ်ကထက် နှိုင်းယှဉ်ပါက ယူကေ၌ ယခုနှစ် နိုဝင်ဘာလတွင် ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။

    ယူကေတွင် ၂၀၁၄ နိုဝင်ဘာလ၌ ဗောက်စ်ဝဂွန်ကားများ ရောင်းချရမှုမှာ ၁၆၁၉၆ စီးခန့် ရှိခဲ့သော်လည်း ပြီးခဲ့သည့်လတွင် ၁၂၉၅၈ စီးခန့်သာ ရှိတော့ကြောင်း မော်တော်ကားထုတ်လုပ်ရောင်းချသူများအဖွဲ့ ပြောကြားခဲ့သည်။

    ဗြိတိန်ရှိ ကားဈေးကွက်မှာ ၃.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့သော်လည်း ဗောက်ဝက်ဂွန်၏ ဈေးကွက်ဝေစုသည် ပြီးခဲ့သည့်နှစ်က ၉.၄ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် ၇.၂ ရာခိုင်နှုန်းသို့ ထိုးကျသွားကြောင်း တွေ့ရသည်။ ဗောက်စ်ဝဂွန်ထုတ် အခြားသောကားများဖြစ်သည့် SEAT၊ Skoda နှင့် Porsche ကားများမှာလည်း ယူကေတွင် အရောင်းကျဆင်းခဲ့သည်။

    ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ကို ပိုင်ဆိုင်ထားသော တိုယိုတာနှင့် ပြိုင်ဘက်ဖြစ်သည့် ဗောက်စ်ဝဂွန်မှာ ၎င်း၏ ဒီဇယ်ကားများတွင် အမေရိကန်၏ ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ စမ်းသပ်မှုများကို ဆော့ဖ်ဝဲတပ်ဆင်ကာ လိမ်ညာလှည့်ဖြားခဲ့သည်ဟု စက်တင်ဘာလက ၀န်ခံခဲ့သည်။

    ဥရောပတွင် အဆိုပါ ဒီဇယ်ကား ၈ သန်းခွဲခန့်ရှိပြီး ၎င်းကားများတွင် လိမ်ညာမှုများ ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိကို ဗောက်စ်ဝဂွန်က အတည်ပြုပြောကြားထားခြင်း မရှိပေ။

    Ref: Arabnews

  • ယခုနှစ်တွင် မန်ယူ ချန်ပီယံလိဂ်မရနိုင်ဟု ဗန်ဂါးလ်ပြော

    ယခုနှစ်တွင် မန်ယူ ချန်ပီယံလိဂ်မရနိုင်ဟု ဗန်ဂါးလ်ပြော

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media

    vnagal

    – ယခုရာသီတွင် ချန်ပီယံလိဂ်၌ ဗိုလ်စွဲနိုင်သည့် စွမ်းဆောင်ရည်မျိုး မိမိတို့တွင်မရှိဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်ပြီး လာမည့်နွေရာသီတွင် လူအင်အားဖြည့်တင်းရန် လိုအပ်သည်ဟု ဆိုသည်။

    ချန်ပီယံလိဂ် အုပ်စု B တွင် ဒုတိယနေရာ ရရှိထားသော်လည်း မန်ယူမှာ နောက်တစ်ဆင့်တက်ရေးအတွက် မသေချာသေးဘဲ အင်္ဂါနေ့ ၀ုလ်ဖ်ဘာ့ဂ်အသင်းနှင့်ပွဲအား အနိုင်ရမှ သေချာမည်ဖြစ်သည်။ ဗန်ဂါးလ်ကမူ မိမိတို့အသင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ချန်ပီယံလိဂ် ဖလားအား စိန်ခေါ်နိုင်ခြင်းမရှိဟု ဆိုသည်။

    “အခုအချိန်မှာ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့လူစာရင်းကို တောင့်တင်းအောင်လုပ်နိုင်တဲ့ နောက်နှစ်လောက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ တွေ့လာသမျှ ပြိုင်ဘက်တွေကို အနိုင်ကစားနိုင်ပေမယ့် ပုံမှန်ဆိုရင်တော့ ချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့ လုံလောက်အောင် မကောင်းသေးပါဘူး။ ဒါပေမယ့် အရာရာတိုင်းကို ကြိုးစားသွားမှာပါ” ဟု ယမန်နေ့က ၀က်စ်ဘရွန်းအသင်းအား ဂိုးမရှိသရေကျခဲ့သည့် ပွဲအပြီးတွင် ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ပါလက်စတိုင်းများကို အစ္စရေးက တရားလက်လွတ်သတ်ဖြတ်ခြင်းအတွက် ဆွီဒင်က ပြင်းထန်စွာ ရှုတ်ချ

    ပါလက်စတိုင်းများကို အစ္စရေးက တရားလက်လွတ်သတ်ဖြတ်ခြင်းအတွက် ဆွီဒင်က ပြင်းထန်စွာ ရှုတ်ချ

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media

    pal

    – ဓားဖြင့်တိုက်ခိုက်သည်ဟု စွပ်စွဲသော ကိစ္စများတွင် ပါဝင်ပတ်သက်သည်ဆိုသော ပါလက်စတိုင်းပြည်သူများကို တရားလက်လွတ် သတ်ဖြတ်ခြင်းများအတွက် အစ္စရေးအား ဆွီဒင်နိုင်ငံက ပြင်းထန်စွာ ဝေဖန်ရှုတ်ချလိုက်သည်။

    ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ ဝေါလ်စထရုမ်းကမူ အစ္စရေးစစ်တပ်မှာ ပါလက်စတိုင်းဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့မှုတွင် တရားလက်လွတ်သတ်ဖြတ်ခြင်း သို့မဟုတ် မတန်တဆ အင်အားသုံးခြင်းတို့ကို ဆောင်ရွက်နေပြီး အစ္စရေးမှ သေဆုံးသူများနှင့် ပါလက်စတိုင်းမှ သေဆုံးသူများကို နှိုင်းယှဉ်လျှင် ထိုအချက်ကို ရှင်းရှင်းလင်းလင်း တွေ့ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

    ‘အစ္စရေးရဲ့ တုန့်ပြန်မှုမှာ တရားလက်လွတ် သတ်တာဖြတ်တာတွေ ပါဝင်ပြီး၊ သင့်လျော်မှုလည်း မရှိပါဘူး။ ဒါ့ကြောင့် တစ်ဖက်မှာ (ပါလက်စတိုင်းဖက်မှာ) သေဆုံးတဲ့သူတွေက အဆမတန် များပြားနေပါတယ်’ ဟု သူမက ဆိုသည်။

    ဝေါလ်စထရုမ်း၏ မှတ်ချက်များကို အစ္စရေးအာဏာပိုင်များက လက်မခံခဲ့ဘဲ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ကာ ရှုတ်ချခဲ့သည်။

    ပါလက်စတိုင်းနှင့် အစ္စရေးများအကြား အောက်တိုဘာကတည်းက စတင်ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုများကြောင့် ပါလက်စတိုင်း ၁၁၀ ကျော်နှင့် အစ္စရေး အယောက် ၂၀ နီးပါး သေဆုံးခဲ့သည်။ ထို့ပြင် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်တို့တွင် ပါလက်စတိုင်းဆန္ဒပြသူများနှင့် အစ္စရေးတပ်ဖွဲ့များအကြား တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

    ထိုမတည်ငြိမ်မှုများမှာ သြဂုတ်လအတွင်းက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အား အစ္စရေးတပ်ဖွဲ့များနှင့် တရားမ၀င်အိမ်ယာများ၌ နေထိုင်ကြသည့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်း ၀တ်ပြုသူများအား တိုက်ခိုက်ခဲ့ပြီးနောက် စတင်လာခဲ့ခြင်းဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များကို တစ်စတစ်စ သိမ်းယူနေသည့် အစ္စရေးမှာ မကြာသေးမီကလည်း အနောက်ဖက်ကမ်းရှိ Area C ဟုခေါ်သော နယ်မြေမှ ပါလက်စတိုင်းပိုင် အိမ်များကို ဖြိုချဖျက်ဆီးခဲ့ပြီး ဥရောပသမဂ္ဂက ထိုလုပ်ရပ်အား ရှုတ်ချခဲ့သည်။

    နိုင်ငံတကာအဖွဲ့အစည်းများက ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက အခြေချအိမ်ယာများ တည်ဆောက်ခြင်းမှာ တရားမ၀င်ဟု သတ်မှတ်ထားသည်။ ၁၉၆၇ ကတည်းကစ၍ အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များအတွင်း တရားမ၀င် အခြေချအိမ်ယာ ၁၂၀ ကျော်ကို ဆောက်လုပ်ခဲ့ပြီး ထိုအိမ်ယာများတွင် ဂျူးသန်းဝက်ကျော် နေထိုင်နေကြသည်။

    Ref: Press TV

  • ချယ်ဆီးအနိုင်က သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်ဟု ဘုန်းမောက်နည်းပြ ပြော

    ချယ်ဆီးအနိုင်က သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်ဟု ဘုန်းမောက်နည်းပြ ပြော

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media

    chel– စတမ်းဖို့ဘရစ်ခ်ျတွင် ချယ်ဆီးအား အနိုင်ရခဲ့ခြင်းမှာ မိမိတို့အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်ဖြစ်သည်ဟု ဘုန်းမောက်နည်းပြ အက်ဒီဟိုဝီက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ထိုပွဲတွင် ဘုန်းမောက်မှာ ဂလန်း မာရေး၏ ၈၂ မိနစ် ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး ၆ ပွဲတွင် ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့သည်။ ချယ်ဆီးအတွက်မူ ယခုရာသီ၏ ၈ ပွဲမြောက်အရှုံး ဖြစ်ခဲ့သည်။

    “ဒါဟာ အသင်းရဲ့သမိုင်းတစ်လျှောက်မှာ တစ်ပွဲချင်းအလိုက် အကောင်းဆုံးရလဒ်အဖြစ် ရပ်တည်နေမှာပါ။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီလို့ ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေကိုကြည့်ရင် ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး၊ အရင်ကထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းလာပါတယ်။ ထိုက်တန်တယ်လို့ ခံစားရတဲ့ နိုင်ပွဲကိုတော့ ကျွန်တော်တို့ မရခဲ့ပါဘူး” ဟု ဟိုဝီက ချယ်ဆီးနှင့်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal