News @ M-Media

Blog

  • ပက်ရှ်ဝါရ် စာသင်ကျောင်း အကြမ်းဖက်မှုတွင် ပါဝင်သူ တာလီဘန်လေးဦးကို ပါကစ္စတန်က ကြိုးပေးကွပ်မျက်

    ပက်ရှ်ဝါရ် စာသင်ကျောင်း အကြမ်းဖက်မှုတွင် ပါဝင်သူ တာလီဘန်လေးဦးကို ပါကစ္စတန်က ကြိုးပေးကွပ်မျက်

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Mediaူ

    – ပြီးခဲ့သည့်နှစ်အတွင်း ပက်ရှ်ဝါရ်မြို့၌ စစ်တပ်က ဖွင့်လှစ်ထားသော စာသင်ကျောင်းအတွင်းသို့ ၀င်ရောက်ပစ်ခတ်၍ ကလေးငယ် ၁၄၃ ဦးကို သတ်ဖြတ်မှုတွင် ပါဝင်သူ တာလီဘန် ၄ ဦးကို ပါကစ္စတန်က ယနေ့တွင် ကွပ်မျက်လိုက်သည်ဟု သိရသည်။

    ကြိုးပေးကွပ်မျက်ခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန် စစ်ဖက်ဆိုင်ရာတရားရုံးမှ အရပ်သားများအား ပထမဆုံးကွပ်မျက်မှုလည်း ဖြစ်သည်။ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်မှာ ထိုကဲ့သို့ စစ်ဖက်က တရားစီရင်ခွင့်ရရန် ဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့သည်။

    ထိုကွပ်မျက်မှုကို ပါကစ္စတန်လုံခြုံရေး ရင်းမြစ်များကလည်း အတည်ပြုခဲ့ပြီး ၎င်းတို့လေးဦးစလုံးကို ယနေ့မနက်ပိုင်းတွင် ကိုဟတ်မြို့ရှိ အရပ်ဖက်က ကိုင်တွယ်သော ဗဟိုအကျဉ်းထောင်တွင် ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့ကို သြဂုတ်လ ၁၃ ရက်နေ့က စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ယခုသီတင်းပတ်အစောပိုင်းက ပါကစ္စတန်စစ်တပ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။ အားလုံးက ၎င်းတို့မှာ ပါကစ္စတန်တာလီဘန်လက်အောက်ရှိ တိုဟီဒ်ဝါလ် ဂျီဟတ် ဂရုပ် TWG မှ အဖွဲ့ဝင်များဟု ပြောကြားခဲ့သည်။ ထိုအဖွဲ့ကို ယခင်က ကြားဖူးခြင်းမရှိချေ။

    Ref: Alarabiya

  • နိုင်ငံလုံခြုံရေး ခြိမ်းခြောက်သည်ဟုဆိုကာ အမေရိကန်ဘီလျံနာ၏ ဖောင်ဒေးရှင်းကို ရုရှား ပိတ်ပင်

    နိုင်ငံလုံခြုံရေး ခြိမ်းခြောက်သည်ဟုဆိုကာ အမေရိကန်ဘီလျံနာ၏ ဖောင်ဒေးရှင်းကို ရုရှား ပိတ်ပင်

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    jorg

    – အမေရိကန်မှ လစ်ဘရယ်ဘီလီယံနာ ဂျော့ဂ်ျဆိုးရော့စ် တည်ထောင်ထားသည့် ဒီမိုကရေစီလိုလားသော ဖောင်းဒေးရှင်းနှစ်ခုကို ရုရှားအစိုးရက ပိတ်ပင်လိုက်ပြီး အဆိုပါ ဖောင်ဒေးရှင်းများမှာ ရုရှား၏ အမျိုးသားလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်သည်ဟု ပြောကြားခဲ့သည်။

    ပိတ်ပင်ခံရသည့် အဖွဲ့နှစ်ခုမှာ ဆိုးရော့စ်၏ Open Society Foundations နှင့် ထိုဖောင်ဒေးရှင်း၏ မဟာမိတ်အဖွဲ့ Open Society Institute Assistance Foundation တို့ ဖြစ်သည်။ ရုရှားမှာ ယခုနှစ်နွေရာသီကတည်းက စ၍ နိုင်ငံအတွင်း ဆောင်ရွက်နေသည့် နိုင်ငံခြား NGO များကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။

    “Open Society Foundations နဲ့ Open Society Institute Assistance Foundation တို့ဟာ ရုရှား ဖွဲ့စည်းပုံအခြေခံဥဒေနဲ့ နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုရှိနေတယ်လို့ တွေ့ခဲ့ရပါတယ်” ဟု ရုရှား တရားသူကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာရီနာ ဂရစ်နီဗာက ပြောကြားခဲ့သည်။

    အတိုက်အခံအဖွဲ့များကို ဖိနှိပ်သော သမ္မတပူတင်၏ မှတ်တမ်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများပြင်းထန်နေစဉ် ထိုဆောင်ရွက်မှုက အမေရိကန်နှင့် ရုရှားတို့အကြား တင်းမာမှုကို မြင့်တက်စေမည့် အလားအလာရှိနေသည်။

    ကမ္ဘာတစ်ဝှမ်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသည့် ဆိုးရော့စ်၏ Open Society Foundations ကို ၁၉၉၃ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အရှေ့ဥရောပနှင့် ယခင် ဆိုဗီယက်နိုင်ငံဟောင်းများတွင် ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ၁.၆ ဘီလီယံ ကုန်ကျမှုပါအ၀င် စုစုပေါင်း ကန်ဒေါ်လာ ၁၂ ဘီလီယံ နီးပါး သုံးစွဲထားပြီးဖြစ်သည်။

    နိုင်ငံပေါင်း ၃၀ ခန့်တွင် ဆောင်ရွက်နေသည့် ဆိုးရော့စ်၏ Soros Foundations မှာ ၂၀၀၃ ခုနှစ်ကတည်းက ရုရှားတွင် အပိတ်ခံခဲ့ရသော်လည်း လူမှုအဖွဲ့အစည်းများအား ကူညီထောက်ပံ့ခွင့်ကိုမူ ခွင့်ပြုထားသည်။

    “Open Society Foundations ကို မနှစ်မြို့စရာကောင်းတဲ့ အဖွဲ့အစည်းအဖြစ် ရုရှားတရားရုံးချုပ်က ဒီနေ့ ဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ စိတ်ပျက်မိပါတယ်” ဟု အဆိုပါဖောင်ဒေးရှင်းမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မိမိတို့ အဖွဲ့အစည်းမှာ ရုရှားတွင် ၁၉၈၇ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပညာရေးအတွက် ထောက်ပံ့ခြင်းနှင့် တက္ကသိုလ် ၃၃ ခုတွင် အင်တာနက်စင်တာများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    မစ္စတာဆိုးရော့စ် ကိုယ်တိုင်ကလည်း “ဒီဆောင်ရွက်မှုဟာ ယာယီ မှားယွင်းဆောင်ရွက်မှုလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် ရုရှားပြည်သူတွေရဲ့ တက်မက်မှုကို ဖိနှိပ်လို့ရမှာမဟုတ်ပါဘူး။ လုံးဝ အောင်မြင်မှာပါပဲ” ဟု ပြောကြားခဲ့သည်။

    ရုရှားတွင် လုပ်ငန်းများဆောင်ရွက်နေသည့် NGO တစ်ဒါဇင်ခန့်မှာ ရုရှားအစိုးရ၏ နှိပ်ကွပ်မှုကို ခံခဲ့ရပြီး ထိုအထဲတွင်
    National Endowment for Democracy နှင့် Freedom House အဖွဲ့များလည်း ပါဝင်ခဲ့သည်။

    Ref: washingtontimes

  • အစ္စရေးအား အမေရိကန်ပညာရေးအဖွဲ့ကြီးတစ်ခုက သပိတ်မှောက်

    အစ္စရေးအား အမေရိကန်ပညာရေးအဖွဲ့ကြီးတစ်ခုက သပိတ်မှောက်

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    pla

    – ဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် အစ္စရေးအား သပိတ်မှောက်သည့် လူ့အခွင့်အရေးအဖွဲ့များတွင် အမေရိကန် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ လေ့လာမှုအသင်း NWSA လည်း ပါဝင်လာသည်ဟု သိရသည်။

    နိုဝင်ဘာအစောပိုင်းတွင် ပြုလုပ်ခဲ့သည့် အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးတွင် မဲခွဲကာ ထောက်ခံမဲ ၆၅၃ မဲ၊ ကန့်ကွက်မဲ ၈ ဖြင့် အစ္စရေးအား နိုင်ငံတကာမှ သပိတ်မှောက်သည့် လှုပ်ရှားမှုဖြစ်သော Boycott, Divestment and Sanctions (BDS) သို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ထိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    NWSA မှာ အစ္စရေးမှ ပညာရေးဆိုင်ရာ အသင်းအဖွဲ့များကိုသာ သပိတ်မှောက်မည်မဟုတ်ဘဲ အစ္စရေး၏ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ အသင်းအဖွဲ့များ၊ အစ္စရေးက စပွန်ဆာပေးထားသော စီမံကိန်းများကိုလည်း သပိတ်မှောက်သွားမည် ဖြစ်သည်။

    အဆိုပါ BDS လှုပ်ရှားမှုတွင် ပါဝင်ရန်အတွက် ၂၀၁၄ ခုနှစ် ပေါ်တိုရီကိုတွင် ပြုလုပ်ခဲ့သည့် NWSA ၏ ညီလာခံ၌ ဖွဲ့စည်းခဲ့သော ပါလက်စတိုင်းအမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးအဖွဲ့က အကြံပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သူများတွင် အပါအ၀င်ဖြစ်ခဲ့သည့် ဆီမွန်နာ ရှာရိုနီကမူ NWSA ၏ ထိုကဲ့သို့ ပါဝင်မှုမှာ ပါလက်စတိုင်းများနှင့် တစ်သားတည်းရှိကြောင်း ပြသရာတွင် အရေးပါသည်ဟု ဆိုသည်။

    “အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြှောင်၊ အစ္စရေးနဲ့ ဂိုလန်တောင်ကုန်းတွေမှာ ရှိကြတဲ့ ပါလက်စတိုင်းတွေ၊ အခြားအာရပ်တွေကို လိင်ပိုင်းဆိုင်ရာနဲ့ အမျိုးသား၊ အမျိုးသမီးကွဲပြားမှုကို အခြေခံတဲ့ အကြမ်းဖက်မှုတွေအပါအ၀င် တရားမဲ့မှုတွေ၊ အကြမ်ဖက်းမှုတွေကို ကျွန်မတို့ လစ်လျူရှုလို့မရပါဘူး။ အဲလိုပဲ ၁၉၄၈ ခုနှစ် Nakba (ပါလက်စတိုင်းဒေသမှ ပါလက်စတိုင်းများကို အစ္စရေးက အစုလိုက်အပြုံလိုက် မောင်းထုတ်သည့် လုပ်ရပ်) အတွင်းမှာ သိန်းနဲ့ချီတဲ့ပါလက်စတိုင်းတွေ ကိုလိုနီအပြုခံရပြီး ပြောင်းရွှေ့ခဲ့ရတာကိုလည်း မေ့လို့မရပါဘူး” ဟု NWSA က အတည်ပြုခဲ့သည့် အကြံပေးချက်တွင် ဖော်ပြထားသည်။

    NWSA အပြင် အမေရိကန်ရှိ အခြားသော အသင်းအဖွဲ့များကလည်း ပါလက်စတိုင်းများပေါ် ကျူးလွန်းမှုများနှင့်ပတ်သက်၍ အစ္စရေးအား ဆန့်ကျင်သပိတ်မှောက်သည့် BDS လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ အမေရိကန်အခြေစိုက် ပညာရေးနှင့် သိပ္ပံအသင်းအဖွဲ့ ဒါဇင်ဝက်ခန့်မှာလည်း အစ္စရေးအား သပိတ်မှောက်ခဲ့ကြသည်။

    ထိုလှုပ်ရှားမှုမှာ ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက ကိုလိုနီပြုခြင်းနှင့် သိမ်းပိုက်ခြင်းတို့ကို အဆုံးသတ်ရန်နှင့် ပါလက်စတိုင်းဒုက္ခသည်များ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ခြေချခွင့်ကို အစ္စရေးက လေးစားလာရန်ဖြစ်သည်။

    Ref: Press TV

  • ကလော့ပ်ကြောင့် ယုံကြည်မှုရှိလာသည်ဟု လီဗာပူးလ်နောက်ခံလူဆို

    ကလော့ပ်ကြောင့် ယုံကြည်မှုရှိလာသည်ဟု လီဗာပူးလ်နောက်ခံလူဆို

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    liver

    – အသင်းသို့ ရောက်ရှိလာသည့် နည်းပြသစ် ဂျာဂန်ကလော့ပ်က မိမိအား ယုံကြည်မှုရှိစေခဲ့သည်ဟု လီဗာပူးလ်နောက်ခံလူ နသန်နီယဲလ် ကလိုင်းက ပြောကြားလိုက်သည်။

    အသက် ၂၄ နှစ်အရွယ်ကလိုင်းမှာ ပြီးခဲ့သည့် နွေရာသီက ဆောက်သက်တမ်အသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် ၁၄ ပွဲစလုံးတွင် ပါဝင်ကစားခွင့် ရထားသည်။ ကလိုင်းက မိမိမှာ လီဗာပူးလ်သို့ စရောက်သည့်အချိန်က ခြေစွမ်းအကုန်မထုတ်ခဲ့ဟု ဆိုသည်။

    “အသင်းသစ်ကို ရောက်တဲ့အချိန်မှာ လျှိုထားတတ်ပြီး အန္တရာယ်တွေကို သိပ်ပြီး မရင်ဆိုင်ချင်ပါဘူး။ ဒါပေမယ့် အခု ကျွန်တော် ပွဲနည်းနည်းကစားထားပြီး စိန်ခေါ်မှုတွေကို ကျွန်တော် ထပ်ပြီး ရင်ဆိုင်နိုင်တော့မှာပါ။ ကျွန်တော် ကွင်းထဲကိုဝင်လာပြီး စွမ်းရည်ပြသနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဘောလုံးလွတ်သွားလည်း သူ(ကလော့ပ်)က ယုံကြည်မှု မပျောက်ပါဘူး။ အဲဒါကြောင့် စိုးရိမ်စရာမလိုပါဘူး။ သူက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ကို ပိုပြီး ယုံကြည်မှုရှိလာအောင် ကြိုးစားပေးခဲ့ပါတယ်” ဟု ကလိုင်းက The Guardian သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ဆော်ဒီက ဆီးရီးယားကလေးများ ပညာရေးအတွက် ဒေါ်လာ ၅ သန်း လှူဒါန်း

    ဆော်ဒီက ဆီးရီးယားကလေးများ ပညာရေးအတွက် ဒေါ်လာ ၅ သန်း လှူဒါန်း

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားနိုင်ငံတွင် စစ်ဘေးဒဏ်ခံနေရသော ကလေးငယ်များ ပညာသင်ကြားရေးအတွက် ဆော်ဒီအာရေဗျက ဒေါ်လာ ၅ သန်း လှူဒါန်းခဲ့သည်ဟု သိရသည်။

    အဆိုပါအစီအစဉ်အတွက် ယူနီဆက်ဖ်နှင့် ဆော်ဒီတိုးတက်ရေး ရံပုံငွေအဖွဲ့ (SFD) တို့အကြား နားလည်မှုစာချွန်လွှာ(MOU) ကို ပြီးခဲ့သည့်တစ်ပတ်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ စာချွန်လွှာအရ ရံပုံငွေများကို မူလတန်းတွင် ပညာသင်ကြားနေသော စစ်ဘေးသင့် ကလေးငယ်များအတွက် အသုံးပြုမည် ဖြစ်သည်။

    အဆိုပါ ပညာရေးတိုးမြှင့်မှု စီမံကိန်းသည် ပညာရေးအဆောက်အအုံများနှင့် ဆက်စပ်နေသော ကလေးငယ် ၆ သောင်းကျော်၊ ဆရာ၊ ဆရာမ ၂၄၀၀ ဦး၊ ၀န်ထမ်း ၁၀၀ ၀န်းကျင်ခန့်တို့ အကျိုးခံစားရမည်ဖြစ်သည်။

    ဆော်ဒီတိုးတက်ရေးရံပုံငွေအဖွဲ့ (SFD) နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ယူနီဆက်ဖ်က ထပ်မံကူညီမှုများဖြင့် ပညာရေးဏ္ဍတွင် ပြန်လည်ထောင်မတ်လာစေရန် ရည်ရွယ်သည်။

    ‘အင်မတန်ကြပ်တည်းနေတဲ့အချိန်မျိုးမှာ ဆော်ဒီအာရေးဗျကနေ ထောက်ပံ့ကူညီမှုတွေ ရောက်လာတဲ့အတွက် အလွန်ပဲဝမ်းသာပျော်ရွှင်မိပါတယ်။’ ဟု ယူနီဆက်ဖ်ကိုစားလှယ် အီဘရာဟင် အလ်ဇစ်က ပြောကြားခဲ့သည်။

    ဆော်ဒီနိုင်ငံသည် ပဋိပက္ခနှင့် သဘောဝဘေးအန္တရာယ်များ ကြုံတွေ့နေရသော နိုင်ငံအတော်များများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နေသသည့် နိုင်ငံဖြစ်သည်။ ယီမင်သို့လည်း လွန်ခဲ့သည့် ငါးနှစ်အတွင်း ဒေါ်လာ ၃ ဘီလီယံ ကျော် အကူအညီများ ပေးအပ်ခဲ့ပြီး၊ ဆော်ဒီ၏ ဘဏ္ဍာရေးခွဲဝေမှု ကတိပြုမှုမှ ၉၃ ရာနှုန်းကျော် ရှိပြီဖြစ်သည်။

    SDF သည် ယီမင်တွင် အထင်ရှားဆုံးသော ထောက်ပံ့ရေးအဖွဲ့ဖြစ်ပြီး ချေးငွေများကို ပေးအပ်ခြင်း၊ ကဏ္ဍအသီးသီးတွင် ၀င်ရောက်ကြီးကြပ်ပေးခြင်း၊ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သောက်သုံးရေများတွင် ဖြစ်သည်။

    ဤဖွံ့ဖြိုးရေးစီမံကိန်းများသည် ယီမင်အစိုးရအဖွဲ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးဖြစ်ထွန်းစေသည်။
    ဆော်ဒီသည် ယီမင်နှင့် နှစ်နိုင်ငံအကြား သမိုင်းကြောင်းဆက်နွယ်မှုများ အခိုင်အမာရှိနေသည့်အတွက် ညီအကိုရင်းပမာ ထောက်ပံ့ကူညီများ ပြုလုပ်ပေးပြီး ယီမင်တွင် အေးချမ်းတည်ငြိမ်မှုများရရှိရန်လည်း ရည်ရွယ်သည်ဟု ဆော်ဒီက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: IINA News