News @ M-Media

Blog

  • အစ္စရေးအား အမေရိကန်ပညာရေးအဖွဲ့ကြီးတစ်ခုက သပိတ်မှောက်

    အစ္စရေးအား အမေရိကန်ပညာရေးအဖွဲ့ကြီးတစ်ခုက သပိတ်မှောက်

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    pla

    – ဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် အစ္စရေးအား သပိတ်မှောက်သည့် လူ့အခွင့်အရေးအဖွဲ့များတွင် အမေရိကန် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ လေ့လာမှုအသင်း NWSA လည်း ပါဝင်လာသည်ဟု သိရသည်။

    နိုဝင်ဘာအစောပိုင်းတွင် ပြုလုပ်ခဲ့သည့် အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးတွင် မဲခွဲကာ ထောက်ခံမဲ ၆၅၃ မဲ၊ ကန့်ကွက်မဲ ၈ ဖြင့် အစ္စရေးအား နိုင်ငံတကာမှ သပိတ်မှောက်သည့် လှုပ်ရှားမှုဖြစ်သော Boycott, Divestment and Sanctions (BDS) သို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ထိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    NWSA မှာ အစ္စရေးမှ ပညာရေးဆိုင်ရာ အသင်းအဖွဲ့များကိုသာ သပိတ်မှောက်မည်မဟုတ်ဘဲ အစ္စရေး၏ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ အသင်းအဖွဲ့များ၊ အစ္စရေးက စပွန်ဆာပေးထားသော စီမံကိန်းများကိုလည်း သပိတ်မှောက်သွားမည် ဖြစ်သည်။

    အဆိုပါ BDS လှုပ်ရှားမှုတွင် ပါဝင်ရန်အတွက် ၂၀၁၄ ခုနှစ် ပေါ်တိုရီကိုတွင် ပြုလုပ်ခဲ့သည့် NWSA ၏ ညီလာခံ၌ ဖွဲ့စည်းခဲ့သော ပါလက်စတိုင်းအမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးအဖွဲ့က အကြံပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သူများတွင် အပါအ၀င်ဖြစ်ခဲ့သည့် ဆီမွန်နာ ရှာရိုနီကမူ NWSA ၏ ထိုကဲ့သို့ ပါဝင်မှုမှာ ပါလက်စတိုင်းများနှင့် တစ်သားတည်းရှိကြောင်း ပြသရာတွင် အရေးပါသည်ဟု ဆိုသည်။

    “အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြှောင်၊ အစ္စရေးနဲ့ ဂိုလန်တောင်ကုန်းတွေမှာ ရှိကြတဲ့ ပါလက်စတိုင်းတွေ၊ အခြားအာရပ်တွေကို လိင်ပိုင်းဆိုင်ရာနဲ့ အမျိုးသား၊ အမျိုးသမီးကွဲပြားမှုကို အခြေခံတဲ့ အကြမ်းဖက်မှုတွေအပါအ၀င် တရားမဲ့မှုတွေ၊ အကြမ်ဖက်းမှုတွေကို ကျွန်မတို့ လစ်လျူရှုလို့မရပါဘူး။ အဲလိုပဲ ၁၉၄၈ ခုနှစ် Nakba (ပါလက်စတိုင်းဒေသမှ ပါလက်စတိုင်းများကို အစ္စရေးက အစုလိုက်အပြုံလိုက် မောင်းထုတ်သည့် လုပ်ရပ်) အတွင်းမှာ သိန်းနဲ့ချီတဲ့ပါလက်စတိုင်းတွေ ကိုလိုနီအပြုခံရပြီး ပြောင်းရွှေ့ခဲ့ရတာကိုလည်း မေ့လို့မရပါဘူး” ဟု NWSA က အတည်ပြုခဲ့သည့် အကြံပေးချက်တွင် ဖော်ပြထားသည်။

    NWSA အပြင် အမေရိကန်ရှိ အခြားသော အသင်းအဖွဲ့များကလည်း ပါလက်စတိုင်းများပေါ် ကျူးလွန်းမှုများနှင့်ပတ်သက်၍ အစ္စရေးအား ဆန့်ကျင်သပိတ်မှောက်သည့် BDS လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ အမေရိကန်အခြေစိုက် ပညာရေးနှင့် သိပ္ပံအသင်းအဖွဲ့ ဒါဇင်ဝက်ခန့်မှာလည်း အစ္စရေးအား သပိတ်မှောက်ခဲ့ကြသည်။

    ထိုလှုပ်ရှားမှုမှာ ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက ကိုလိုနီပြုခြင်းနှင့် သိမ်းပိုက်ခြင်းတို့ကို အဆုံးသတ်ရန်နှင့် ပါလက်စတိုင်းဒုက္ခသည်များ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ခြေချခွင့်ကို အစ္စရေးက လေးစားလာရန်ဖြစ်သည်။

    Ref: Press TV

  • ကလော့ပ်ကြောင့် ယုံကြည်မှုရှိလာသည်ဟု လီဗာပူးလ်နောက်ခံလူဆို

    ကလော့ပ်ကြောင့် ယုံကြည်မှုရှိလာသည်ဟု လီဗာပူးလ်နောက်ခံလူဆို

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    liver

    – အသင်းသို့ ရောက်ရှိလာသည့် နည်းပြသစ် ဂျာဂန်ကလော့ပ်က မိမိအား ယုံကြည်မှုရှိစေခဲ့သည်ဟု လီဗာပူးလ်နောက်ခံလူ နသန်နီယဲလ် ကလိုင်းက ပြောကြားလိုက်သည်။

    အသက် ၂၄ နှစ်အရွယ်ကလိုင်းမှာ ပြီးခဲ့သည့် နွေရာသီက ဆောက်သက်တမ်အသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် ၁၄ ပွဲစလုံးတွင် ပါဝင်ကစားခွင့် ရထားသည်။ ကလိုင်းက မိမိမှာ လီဗာပူးလ်သို့ စရောက်သည့်အချိန်က ခြေစွမ်းအကုန်မထုတ်ခဲ့ဟု ဆိုသည်။

    “အသင်းသစ်ကို ရောက်တဲ့အချိန်မှာ လျှိုထားတတ်ပြီး အန္တရာယ်တွေကို သိပ်ပြီး မရင်ဆိုင်ချင်ပါဘူး။ ဒါပေမယ့် အခု ကျွန်တော် ပွဲနည်းနည်းကစားထားပြီး စိန်ခေါ်မှုတွေကို ကျွန်တော် ထပ်ပြီး ရင်ဆိုင်နိုင်တော့မှာပါ။ ကျွန်တော် ကွင်းထဲကိုဝင်လာပြီး စွမ်းရည်ပြသနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဘောလုံးလွတ်သွားလည်း သူ(ကလော့ပ်)က ယုံကြည်မှု မပျောက်ပါဘူး။ အဲဒါကြောင့် စိုးရိမ်စရာမလိုပါဘူး။ သူက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ကို ပိုပြီး ယုံကြည်မှုရှိလာအောင် ကြိုးစားပေးခဲ့ပါတယ်” ဟု ကလိုင်းက The Guardian သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ဆော်ဒီက ဆီးရီးယားကလေးများ ပညာရေးအတွက် ဒေါ်လာ ၅ သန်း လှူဒါန်း

    ဆော်ဒီက ဆီးရီးယားကလေးများ ပညာရေးအတွက် ဒေါ်လာ ၅ သန်း လှူဒါန်း

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားနိုင်ငံတွင် စစ်ဘေးဒဏ်ခံနေရသော ကလေးငယ်များ ပညာသင်ကြားရေးအတွက် ဆော်ဒီအာရေဗျက ဒေါ်လာ ၅ သန်း လှူဒါန်းခဲ့သည်ဟု သိရသည်။

    အဆိုပါအစီအစဉ်အတွက် ယူနီဆက်ဖ်နှင့် ဆော်ဒီတိုးတက်ရေး ရံပုံငွေအဖွဲ့ (SFD) တို့အကြား နားလည်မှုစာချွန်လွှာ(MOU) ကို ပြီးခဲ့သည့်တစ်ပတ်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ စာချွန်လွှာအရ ရံပုံငွေများကို မူလတန်းတွင် ပညာသင်ကြားနေသော စစ်ဘေးသင့် ကလေးငယ်များအတွက် အသုံးပြုမည် ဖြစ်သည်။

    အဆိုပါ ပညာရေးတိုးမြှင့်မှု စီမံကိန်းသည် ပညာရေးအဆောက်အအုံများနှင့် ဆက်စပ်နေသော ကလေးငယ် ၆ သောင်းကျော်၊ ဆရာ၊ ဆရာမ ၂၄၀၀ ဦး၊ ၀န်ထမ်း ၁၀၀ ၀န်းကျင်ခန့်တို့ အကျိုးခံစားရမည်ဖြစ်သည်။

    ဆော်ဒီတိုးတက်ရေးရံပုံငွေအဖွဲ့ (SFD) နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ယူနီဆက်ဖ်က ထပ်မံကူညီမှုများဖြင့် ပညာရေးဏ္ဍတွင် ပြန်လည်ထောင်မတ်လာစေရန် ရည်ရွယ်သည်။

    ‘အင်မတန်ကြပ်တည်းနေတဲ့အချိန်မျိုးမှာ ဆော်ဒီအာရေးဗျကနေ ထောက်ပံ့ကူညီမှုတွေ ရောက်လာတဲ့အတွက် အလွန်ပဲဝမ်းသာပျော်ရွှင်မိပါတယ်။’ ဟု ယူနီဆက်ဖ်ကိုစားလှယ် အီဘရာဟင် အလ်ဇစ်က ပြောကြားခဲ့သည်။

    ဆော်ဒီနိုင်ငံသည် ပဋိပက္ခနှင့် သဘောဝဘေးအန္တရာယ်များ ကြုံတွေ့နေရသော နိုင်ငံအတော်များများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နေသသည့် နိုင်ငံဖြစ်သည်။ ယီမင်သို့လည်း လွန်ခဲ့သည့် ငါးနှစ်အတွင်း ဒေါ်လာ ၃ ဘီလီယံ ကျော် အကူအညီများ ပေးအပ်ခဲ့ပြီး၊ ဆော်ဒီ၏ ဘဏ္ဍာရေးခွဲဝေမှု ကတိပြုမှုမှ ၉၃ ရာနှုန်းကျော် ရှိပြီဖြစ်သည်။

    SDF သည် ယီမင်တွင် အထင်ရှားဆုံးသော ထောက်ပံ့ရေးအဖွဲ့ဖြစ်ပြီး ချေးငွေများကို ပေးအပ်ခြင်း၊ ကဏ္ဍအသီးသီးတွင် ၀င်ရောက်ကြီးကြပ်ပေးခြင်း၊ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သောက်သုံးရေများတွင် ဖြစ်သည်။

    ဤဖွံ့ဖြိုးရေးစီမံကိန်းများသည် ယီမင်အစိုးရအဖွဲ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးဖြစ်ထွန်းစေသည်။
    ဆော်ဒီသည် ယီမင်နှင့် နှစ်နိုင်ငံအကြား သမိုင်းကြောင်းဆက်နွယ်မှုများ အခိုင်အမာရှိနေသည့်အတွက် ညီအကိုရင်းပမာ ထောက်ပံ့ကူညီများ ပြုလုပ်ပေးပြီး ယီမင်တွင် အေးချမ်းတည်ငြိမ်မှုများရရှိရန်လည်း ရည်ရွယ်သည်ဟု ဆော်ဒီက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: IINA News

  • လိဂ်ဖလား ဆီမီးရောက် အဲဗာတန်အား နည်းပြချီးကျူး

    လိဂ်ဖလား ဆီမီးရောက် အဲဗာတန်အား နည်းပြချီးကျူး

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    ever

    – လိဂ်ဖလား ဆီးမီးဖိုင်နယ်သို့ ရောက်ရှိအောင် အားထုတ်နိုင်ခဲ့သည့် အသင်းအား အဲဗာတန်နည်းပြ မာတီနက်ဇ်က ချီးကျူးပြောဆိုလိုက်ပြီး အသင်းပရိတ်သတ်များအတွက် ကြီးကျယ်သည့် အောင်မြင်မှုဟု ကင်ပွန်းတပ်ခဲ့သည်။

    ယနေ့မနက်က ကစားခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် အဲဗာတန်မှာ ချန်ပီယံရှစ်မှ မင်ဒယ်ဘရော့အသင်းအား ဒူလိုဖူနှင့် လူကာကူတို့၏ အဆင့်မြင့်ဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    “ဆီးမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အိတ်သွန်ဖာမှောက်ခဲ့ကြတာပါ။ ပရိတ်သတ်တွေလည်း ဒီအထဲမှာပါဝင်ခဲ့ပြီး ကျွန်တော်တို့ဘောလုံးအသင်းအတွက် ကြီးကျယ်တဲ့အောင်မြင်မှုပါပဲ” ဟု ပွဲအပြီးတွင် မာတီနက်ဇ်က Sky Sports သို့
    ပြောကြားခဲ့သည်။

    ထိုပွဲတွင် ခြေစွမ်းပြခဲ့သည့် လူကာကူကလည်း “ကောင်းမွန်တဲ့ရလဒ်ပါ။ ကျွန်တော်တို့ ၂ ဂိုးပဲ ပြတ်ခဲ့ပေမယ့် Clean sheet ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးများများ ရခဲ့သင့်တာပါ။ ဒါပေမယ့် အခုလည်း ရလဒ်ကောင်းပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ငယ်ရွယ်ပြီး အောင်ပွဲကို ဆာလောင်နေကြတဲ့ ကစားသမားတွေပါ” ဟု ပြောကြားခဲ့သည်။
    Ref: Goal

  • သကြားလွတ်ဖျော်ရည်များသည် သွားပိုးစားခြင်း ဖြစ်ပေါ်နိုင်

    သကြားလွတ်ဖျော်ရည်များသည် သွားပိုးစားခြင်း ဖြစ်ပေါ်နိုင်

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    teeth

    – သြစတြေးလျတွင် ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်တွင် သကြားလွတ်ဖျော်ရည်များနှင့် မုန့်အချိုများသည် လူများယုံကြည်နေသကဲ့သို့ သွားပိုးစားမှုအန္တရာယ် လျော့ကျစေနိုင်သည်မဟုတ်ဘဲ သကြားပါဝင်သောပစ္စည်းများနည်းတူ သွားပိုးစားခြင်း ဖြစ်ပေါ်စေနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

    သွားပိုးစားခြင်းဆိုသည်မှာ သွားအပေါ်ယံကြွေလွှာမှစတင်၍ သွား၏ တစ်သျှူးအမာများအား အက်ဆစ်စားသွားခြင်းကို ခေါ်သည်။ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများက သကြား သို့မဟုတ် ကာဘိုဟိုက်ဒရိတ်များကို စားသုံးလိုက်ပြီး အက်ဆစ်များထုတ်ပေးသည်။ ထိုကြောင့် သကြားပါဝင်မှုနည်းသော အစားအသောက်များကို စားသုံးခြင်းဖြင့် အက်ဆစ်ထုတ်လုပ်မှု နည်းပါးသွားစေကြောင်း ယုံကြည်စေသည်။

    မဲလ်ဘုန်းတက္ကသိုလ်၏ လေ့လာမှုအသစ်တစ်ရပ်တွင် သကြားပါသော ဖျော်ရည်များနှင့် သကြားမပါဝင်သော ဖျော်ရည်များကို နှိုင်းယှဉ်ကြည့်သည့်အခါ သွားပိုးစားစေနိုင်သော ပမာဏသည် သိသိသာသာ ကွာခြားခြင်းမျိုး မရှိသည်ကို တွေ့ရသည်။

    “သကြားလျှော့စားရင် သွားပိုးစားနိုင်တဲ့ အန္တရာယ်နည်းတယ်လို့ လူတွေကထင်နေကြတယ်၊ တကယ်တော့ တချို့အစားအစာတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေ ရောသွားပြီး အက်ဆစ်ဖြစ်လို့ သွားကို တစ်ဖြည်းဖြည်း တိုက်စားသွားတာမျိုး ဖြစ်ပါတယ်”ဟု မဲလ်ဘုန်းတက္ကသိုလ်ပါမောက္ခဖြစ်ပြီး ခံတွင်းကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု သုတေသနအဖွဲ့ ဥက္ကဌ ဖြစ်သူ ဒေါက်တာအဲရစ် ရိန်းနိုးက ပြောကြားခဲ့သည်။

    သုတေသီများက သွား၏ကြွေလွှာတွင် ပြောင်းလဲမှုများကို စောင့်ကြည့်ရန် Knoop ဟု ခေါ်သော အနုကြည့်မှန်ဘီလူးဖြင့် လူ့အံသွား အခု ၇၀ နှင့် ဖျော်ရည် ၂၃ မျိုးကို စမ်းသပ်ခဲ့ကြသည်။

    အားလုံးစမ်းသပ်ပြီးသည့်နောက်တွင် သကြားပါသောဖျော်ရည်နှင့် မပါသောဖျော်ရည်များက သွားများ ပျက်စီးစေမှုတွင် ခြားနားမှု သိပ်မရှိဘဲ ရေနှင့် နို့ပါသော ဖျော်ရည်များက သွားကြွေလွှာပေါ်တွင် အန္တရာယ်ဖြစ်နိုင်ခြေမှာ အလွန်နည်းသည်ကို တွေ့ခဲ့ရသည်။

    ဖျော်ရည်များကို အုပ်စုနှစ်ခုခွဲ၍ စမ်းသပ်ခဲ့သည်။ ပထမအုပ်စုတွင် သြစတြေးလျ ကျောင်းများ၌ အလွယ်တကူ ၀ယ်ယူနိုင်သော ဖျော်ရည် ၁၅ မျိုးကို နှိုင်းယှဉ်ပြသည်။ ကျောင်းဝင်းအတွင်း ရောင်းချသော ဖျော်ရည်များအနက် သကြားပါပါ၊ မပါပါ (နို့ပါသောဖျော်ရည်မှလွဲ၍) အားလုံးသည် သွားပိုးစားစေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ကိုကာကိုလာသည် အဓိကသွားပိုးစေနိုင်ပြီး ရေမှာ သွားပိုးစားခြင်းမရှိပေ။

    သုတေသီများသည် သကြားလွတ်ကိတ်မုန့်နှင့် မုန့်အချိုများကိုလည်း စမ်းသပ်ခဲ့ပြီး ထိုစားသောက်ကုန်များ ၃၂ ခုမှ ၂၀ လောက်မှာ အထက်တွင် ဖော်ပြခဲ့သော သကြားလွတ်ဖျော်ရည်များကဲ့သို့ပင် အက်ဆစ်ပါဝင်မှု တူညီကြောင်း တွေ့ရှိခဲ့သည်။

    လေ့လာမှုတွင် သစ်သီးအရသာပါသော ကိတ်များ၊ အထူးသဖြင့် သံပုရာအရသာရှိသော ကိတ်များသည် အလွန်ပင်အန္တရာယ်ရှိကြောင်း တွေ့ခဲ့ရသည်။ သုတေသီများက အက်ဆစ်ဓာတ်များသော ဖျော်ရည်များထက် ရေကိုသာ သောက်သုံးသင့်ပြီး စစ်ထရစ်အက်ဆစ်နှင့် ဖော့စ်ဖော့ရပ်စ် အက်ဆစ်ကဲ့သို့သော ပါဝင်ပစ္စည်းများကို အထူးဂရုပြု၍ ရှောင်ကျဉ်ခြင်းသည် သွားများမပျက်စီးစေရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း နိဂုံးချုပ် ပြောကြားခဲ့သည်။

    Ref: INNA News