News @ M-Media

Blog

  • မန်စီးတီးကို ပိုင်ဆိုင်သူများတွင် တရုတ်ကုမ္ပဏီ ပါဝင်လာ

    မန်စီးတီးကို ပိုင်ဆိုင်သူများတွင် တရုတ်ကုမ္ပဏီ ပါဝင်လာ

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    city

    – မန်စီးတီးအသင်းအား ပိုင်ဆိုင်သော City Football Group (CFG) က မိမိတို့မှာ တရုတ်ကုမ္ပဏီအုပ်စုတစ်ခု၏ ကန်ဒေါ်လာ သန်း ၄၀၀ ဖိုး ရင်းနှီးမြှုပ်နှံမှုကို သဘောတူညီခဲ့သည်ဟု ကြေငြာခဲ့သည်။

    အဆိုပါ တရုတ်ကုမ္ပဏီမှာ မီဒီယာ၊ အင်တာတိန်းမန့်၊ အားကစားနှင့် အင်တာနက်လုပ်ငန်းများကို လုပ်ဆောင်နေသည့် CMC Holdings and CITIC Capital ကုမ္ပဏီဖြစ်ပြီး ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကြောင့် CFG ၏ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်မည်ဖြစ်သည်။

    မန်စီးတီးအသင်းကို ၂၀၀၈ ခုနှစ်တွင် ရှိခ်မန်ဆူရ် ဘင် ဇေအဒ် အလ် နဟ်ယန်က ပေါင်း သန်း ၂၁၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ တရုတ်ကုမ္ပဏီမှ ပါဝင်လာခြင်းကြောင့် ၎င်းမှာ အဘူဒါဘီယူနိုက်တက် အုပ်စုမှတစ်ဆင့် တစ်ဦးတည်းသော ရှယ်ယာပိုင်ရှင် မဟုတ်တော့ပေ။

    CMC ဥက္ကဌ ရူဂန်လီမှာ City Football Group ဘုတ်အဖွဲ့၏ အဖွဲ့ ၀င်တစ်ဦးဖြစ်လာခဲ့ပြီး ဘုတ်အဖွဲ့ဝင်မှာလည်း ၇ ဦးအထိ ရှိလာပြီဖြစ်သည်။ City Football Group မှာ မန်စီးတီးအသင်းနှင့်အတူ အမေရိကန်မေဂျာလိဂ်မှ နယူးယောက်စီးတီး၊ သြစတေးလျ အေ-လိဂ်မှ မဲလ်ဘုန်းစီးတီးအသင်းတို့ကိုလည်း ပူးတွဲပိုင်ဆိုင်ပြီး ဂျပန်လိဂ် ယိုကိုဟားမားအသင်းတွင်လည်း ရှယ်ယာ ပါဝင်ထားသည်။

    Ref: Goal

  • ပြည်နယ် ၅ ခုအား ကပ်ဆိုက်သော ဒေသအဖြစ် တောင်အာဖရိက ကြေငြာ

    ပြည်နယ် ၅ ခုအား ကပ်ဆိုက်သော ဒေသအဖြစ် တောင်အာဖရိက ကြေငြာ

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    south

    – ရာသီဥတု ခြောက်သွေ့မှုက လယ်သမားများအား စီးပွားရေးကြပ်တည်းမှု ဖြစ်စေပြီး နိုင်ငံတစ်ဝှမ်း အစားအစာ မလုံလောက်မှုများ ဖြစ်အောင် ခြိမ်းခြောက်မှုများရှိနေသောကြောင့် တောင်အာဖရိကမှာ ပြည်နယ် ၅ ခုကို မိုးခေါင်ရေရှား ကပ်ဆိုက်နေသာ ဒေသများအဖြစ် ကြေငြာလိုက်သည်။

    ကွာဇူလူနာတယ်၊ ပူမာလမ်ဂါ၊ နော့သ်ဝက်စ်၊ လင်ပိုပို၊ ဖရီးစတိတ် စသော ပြည်နယ်များတွင် မိုးခေါင်ရေရှားမှုကို အလွန်အမင်း ခံစားနေရကြောင်း အစိုးရက ထုတ်ဖော်ကြေငြာခဲ့ပြီး မိုးခေါင်မှုကြောင့် နိုင်ငံ၏ အစိတ်အပိုင်းတော်တော်များများတွင် ပြည်သူများမှာ သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။

    လယ်သမားများအပေါ်တွင် အဓိကသက်ရောက်မှုရှိနေပြီး ကောက်ပဲသီးနှံရိတ်သိမ်းမှုများ မပြုလုပ်နိုင်ခြင်း၊ တိရစ္ဆာန်များကို အစားမကျွေးမွေးနိုင်ခြင်းများလည်း ရှိနေကြသည်။ မြို့တော် ဂျိုဟန်နစ္စဘတ်သည်ပင် ရေပြတ်လပ်မှုမှာ သာမန်ထက် အဆမတန် ဆိုးရွားသောကြောင့် အလွန်အမင်း ထိခိုက်မှုများ ရှိနေသည်။

    ဌာနဆိုင်ရာများက ရေပြတ်လပ်မှုသည် အပူလှိုင်းဖြတ်ခြင်းနှင့် မိုးရွာသွန်းမှုမရှိသည့် အကျိုးဆက်ဖြစ်သည်ဟု ဆိုသည်။
    အယ်နီညိုရာသီဥတုကြောင့် အပူလှိုင်းသည် နွေအကုန်အထိ ရှိမည်ဟု မျှော်လင့်ရသည့်အတွက် ပြည်သူများမှာ ရေကို အလွန်ခြွေတာ သုံးစွဲနေရသည်။

    အယ်နီညိုဆိုသည်မှာ အရှေ့တောင်အာရှ၊ အာဖရိက၊ သြစတြေးလျတို့တွင် ခြောက်သွေ့မှုနှင့် ဆက်စပ်နေပြီး အပူပိုင်းအရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာတွင် ရေမျက်နှာပြင်များ ပူနွေးလာမှုကြောင့် ဖြစ်ပေါ်သော ရာသီဥတုဖြစ်သည်။

    တောင်အာဖရိကသည် ၁၉၈၂ တွင် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနှင့်ကြုံတွေ့ခဲ့ရဖူးပြီး နိုင်ငံတ၀ှမ်းရှိ လူနေအိမ် ၂ ဒသမ ၇ သန်း ကျော်သည် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

    Ref: Press TV

  • စင်ကာပူ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး တစ်ဦးလျှင် ဒေါ်လာ ၈၀ စီ လခတိုးမည်

    စင်ကာပူ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး တစ်ဦးလျှင် ဒေါ်လာ ၈၀ စီ လခတိုးမည်

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    sg

    – ဒီဇင်ဘာ ၁ ရက် အင်္ဂါနေ့မှစ၍ အချိန်ပြည့်လက်နက်ကိုင်ဝန်ထမ်းများနှင့် အရန် လက်နက်ကိုင်ဝန်ထမ်းများ အားလုံးကို ရာထူးတိုင်းအတွက် လစဉ် စင်ကာပူဒေါ်လာ ၈၀ စီ တိုးမြှင့်မည်ဟု စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေငြာလိုက်သည်။

    တိုးမြှင့်မှုသည် စင်ကာပူလက်နက်ကိုင်တပ်ဖွဲ့၊ စင်ကာပူရဲတပ်ဖွဲ့၊ စင်ကာပူမြို့ပြလုံခြုံရေးတပ်ဖွဲ့များရှိ အချိန်ပြည့်ဝန်ထမ်းနှင့် အရန်ဝန်ထမ်းများအားလုံး ခံစားခွင့်ရှိမည်ဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ အခြေခံအသုံးစားရိတ်ကို အထောက်ပံ့ဖြစ်စေတဲ့ ခံစားခွင့်ကို အခါအားလျော်စွာ ဆန်းစစ်မှုတွေ ပြုလုပ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    စင်ကာပူလက်နက်ကိုင်တပ်ဖွဲ့ရှိ အနိမ့်ဆုံးအဆင့်ဖြစ်သော တပ်သားသစ်တစ်ယောက်မှာ တစ်လလျှင် စင်ကာပူဒေါ်လာ ၄၈၀ ရရှိရာမှ ယခုကဲ့သို့ တိုးမြှင့်မှုကြောင့် ၅၆၀ ရရှိမည်ဖြစ်သည်။

    Ref: Channelnewsasia

  • Ballon d’Or စာရင်းတွင် ဆွာရက်ဇ်ပါသင့်သည်ဟု မက်ဆီနှင့် နေးမာပြော

    Ballon d’Or စာရင်းတွင် ဆွာရက်ဇ်ပါသင့်သည်ဟု မက်ဆီနှင့် နေးမာပြော

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    baca

    – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမာဆု Ballon d’Or ၏ ဇကာတင်စာရင်းတွင် မိမိတို့အသင်းဖော် ဆွာရက်ဇ် ပါဝင်သင့်သည်ဟု ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် နေးမာတို့က ပြောကြားလိုက်သည်။

    ၂၀၁၄-၁၅ လာလီဂါအကောင်းဆုံးဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုဆုပေးပွဲတွင် မက်ဆီမှာ အကောင်းဆုံး ကစားသမားနှင့် အကောင်းဆုံး တိုက်စစ်မှူးဆု ၂ ဆုကို ဆွတ်ခူးနိုင်ခဲ့ကာ နေးမာမှာ အကောင်းဆုံး အမေရိက ကစားသမားဆုကို ရရှိခဲ့သည်။

    ရော်နယ်ဒိုမှာ ပြီးခဲ့သည့်နှစ်က Ballon d’Or ဆုကို ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း မက်ဆီ၊ နေးမာတို့နှင့်အတူ ဇကာတင်စာရင်းတွင် ပါဝင်နေသည်။

    မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့၏ MSN အတွဲမှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တစ်နှစ်လုံးတွင် စုစုပေါင်း ၁၂၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဥရောပရှိ အခြားမည်သည့်အသင်းမှ ထိုစံချိန်ကို လိုက်မမီခဲ့ပေ။

    “Ballon d’Or ဇကာတင်စာရင်းမှာ ပါဝင်ခွင့်ရတာဟာ တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်။ ဆွာရက်ဇ်ကလည်း အဲဒီအထဲမှာ ပါဝင်သင့်ပါတယ်။ ဒါပေမယ့် မက်ဆီကတော့ ရေပန်းအစားဆုံးပါ။ သူဟာ ကျွန်တော့်အတွက် နံပါတ် ၁ ပါပဲ။ MSN အတွဲရဲ့ လျှို့ဝှက်ချက်လား – သူငယ်ချင်းသံယောဇဉ်နဲ့ တည်ငြိမ်မှုပါပဲ။ လီယို (မက်ဆီ) နဲ့ လူးဝစ် (ဆွာရက်ဇ်) တို့ဟာ သူငယ်ချင်းကောင်းတွေပါ” ဟု နေးမာက ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

    ဆုရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသည့် မက်ဆီကလည်း “Ballon d’Or ယှဉ်ပြိုင်မှုမှာ ကျွန်တော်ဟာ နေးမာနဲ့ လူးဝစ်တို့နဲ့အတူ ဖြစ်ချင်ပါတယ်။ လူးဝစ်က အဲဒါနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ခရစ္စတီယာနိုလည်း ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့အချိန်တွေ ရရှိမှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dailymail

  • IS ထံမှ ရေနံအများစုကို အစ္စရေးက အောက်ဈေးဖြင့် ၀ယ်ယူနေ

    IS ထံမှ ရေနံအများစုကို အစ္စရေးက အောက်ဈေးဖြင့် ၀ယ်ယူနေ

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    is

    – ဆီးရီးယားနှင့် အီရတ်တို့ရှိ IS အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားသည့်ဒေသများမှ ရေနံများကို ကာ့ဒ်နှင့် တူရကီ မှောင်ခိုသမားများမှတစ်ဆင့် အစ္စရေးက အဓိကထား ၀ယ်ယူနေသည်ဟု အာရပ်နှင့် ရုရှားမီဒီယများက ဖော်ပြခဲ့ကြသည်။

    IS က သိမ်းပိုက်ထားသည့် ဒေသများမှ တစ်နေ့လျှင် ရေနံစည် ၂ သောင်းမှ ၄သောင်းခန့်အထိ ထွက်ရှိပြီး ၎င်းတို့အတွက် ကန်ဒေါ်လာ ၁ သန်းမှ ၁.၅ သန်းအထိ အကျိုးအမြတ် ရရှိနေသည်။

    ဆီရီးယားရှိ ဒီအက်ဇိုရ်မြို့နှင့် အီရတ်ရှိ ရေနံတွင်တွင်းနှစ်ခုတို့မှ ထွက်ရှိသော ရေနံများကို ဆီးရီးယား၊ အီရတ်နှင့် တူရကီ ၃ နိုင်ငံကြားရှိ တြိဂံဒေသမှ ကာ့ဒ်မြို့ဖြစ်သော ဇာခူမြို့သို့ ပို့ဆောင်ကြသည်။ အစ္စရေးနှင့် တူရကီပွဲစားများက ထိုမြို့သို့လာရောက်ကာ ဈေးသဘောတူညီမှုရရှိပါက ထိုရေနံများကို တူရကီနိုင်ငံရှိ စီလော့ပ်မြို့သို့ မှောင်ခိုပို့ဆောင်ကြသည်ဟု ဆိုသည်။

    ထို့နောက် တစ်စည်ကို ကန်ဒေါ်လာ ၁၅ ဒေါ်လာနှင့် ၁၈ ဒေါ်လာကြားဖြင့် အစ္စရေးပွဲစားတစ်ဦးဖြစ်သော အသက် ၅၀ ကျော်အရွယ် ဒေါက်တာဖာရစ်ဆိုသူက ၀ယ်ယူသည်ဟု သိရသည်။ (ကမ္ဘာ့ရေနံဈေးကွက်တွင် လက်ရှိပေါက်ဈေးမှာ တစ်စည်လျှင် ၄၁ ဒေါ်လာနှင့် ၄၅ ဒေါ်လာကြား ရှိသည်) ထို့နောက် ၎င်းမှာ ထိုရေနံများကို တူရကီရှိ ဆိပ်ကမ်းများသို့ ပို့ဆောင်ပြီး ထို့မှတစ်ဆင့် အခြားသောနိုင်ငံများသို့ ပို့ဆောင်ကာ အစ္စရေးမှာ အဓိက ပို့ဆောင်ရာနေရာများထဲမှ တစ်ခုဖြစ်သည်။

    ပြီးခဲ့သည့် သြဂုတ်လကလည်း Financial Times က အစ္စရေးမှာ ၎င်းတို့၏ ရေနံဝယ်ယူမှုမှ ၇၅ ရာခိုင်နှုန်းကို အီရတ်ရှိ ကာ့ဒ်လူမျိုးများထံမှ ရရှိသည်ဟု ဖော်ပြခဲ့သည်။ ထိုကဲ့သို့ တင်သွင်းမှု၏ သုံးပုံတစ်ပုံမှာ စေဟန်ဆိပ်ကမ်းမှ တင်ပို့ခြင်းဖြစ်ပြီး အဆိုပါဆိပ်ကမ်းမှာ IS ပိုင်နက်များမှ ထွက်လာသည့် ရေနံစိမ်းများ အပြင်သို့ထွက်ရာ အဓိကလမ်းကြောင်းဖြစ်သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    “အစ္စရေးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ IS ရဲ့ရေနံတွေကို အဓိက ၀ယ်ယူသူ ဖြစ်လာပါတယ်။ သူသာမရှိရင် IS ကထုတ်လုပ်တဲ့ ရေနံတွေဟာ အီရတ်၊ ဆီးရီးယားနဲ့ တူရကီနိုင်ငံတွေမှာပဲ ရှိနေမှာပါ။ အစ္စရေးက ၀ယ်လာဘ်မရှိဘဲနဲ့ ကုမ္ပဏီ ၃ ခုလောက်တောင်မှ အဲဒီရေနံတွေကို ရမှာမဟုတ်ပါဘူး” ဟု Financial Times သတင်းစာမှ ရေနံရေးရာ တာဝန်ရှိသူ အလ်-အာရာဘီ အလ်-ဂျဒီးဒ်က ပြောကြာခဲ့သည်။

    Ref: Globes