News @ M-Media

Blog

  • ဇီဝ 3D Printing နည်းပညာဖြင့် ထုတ်လုပ်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို ရုရှားက ပထမဆုံး အောင်မြင်စွာ အစားထိုးနိုင်

    ဇီဝ 3D Printing နည်းပညာဖြင့် ထုတ်လုပ်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို ရုရှားက ပထမဆုံး အောင်မြင်စွာ အစားထိုးနိုင်

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    rissia

    – မော်စကိုဓာတ်ခွဲခန်းသည် ရုရှားလုပ်သုံးဘက်မြင်နည်းပညာ ဇီဝပုံတူစက်ဖြင့် ပထမဆုံးအင်္ဂါအစားထိုးမှု ကြွက်တွင် ပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားလိုက်သည်။

    အဆိုပါနည်းပညာသည် လည်ပင်းကြိတ်ရောဂါခံစားနေရသူ သန်းပေါင်းများစွာကို ထိထိရောက်ရောက် အကူအညီပေးနိုင်ပြီး အခြားလူ့အင်္ဂါများကို ပုံတူထုတ်လုပ်ရာတွင် အထောက်အကူပေးနိုင်မည် ဖြစ်သည်။ လည်ပင်းအကြိတ်ဆိုသည်မှာ လည်ပင်းအတွင်းရှိ လိပ်ပြာသဏ္ဍာန်ကဲ့သို့အရာဖြစ်ပြီး ခန္ဓာကိုလုပ်ဆောင်ချက် အတော်များများကို အချက်ကျကျ အကျိုးသက်ရောက်စေနိုင်သော အရည်စစ်ပြွန်တစ်ခု ဖြစ်သည်။

    “ကျွန်မတို့ ရက်သတ္တပတ် ရှစ်ပတ်ကြာမျှ စောင့်ကြည့်ခဲ့ရာမှာ ဟော်မုန်းကြီးထွားမှုအဆင့် တိုးတက်လာပါတယ်” ဟု
    ဓာတ်ခွဲခန်းမှူး အယ်လီနာဘူလာနိုဗာက ပြောကြားသည်။

    ကြွက်များ၌ အဆိုပါ လည်ပင်းကြိတ်အသစ် အစားမထိုးခင် ပထမဆုံး ၎င်းတို့တွင်ရှိနေသည့် လည်ပင်းအကြိတ်ကို
    ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းထိုးသွင်း၍ ပျက်စီးအောင် လုပ်ခဲ့ခြင်းဖြစ်သည်။

    သုတေသနအဖွဲ့ခေါင်းဆောင် ဗလာဒီမာ မီရိုနော့ဗ်က “စမ်းသပ်မှုများ သုံးပတ်ကြာပြီးနောက် တီဖိုးဟော်မုန်းများ
    ပိုများမြင့်တက်လာပြီး ခန္ဓာကိုအပူချိန်လည်း မြင့်တက်လာကြောင်း တွေ့ရှိရပါတယ်” ဟု ပြောကြားခဲ့သည်။

    တီဖိုးဟော်မုန်းသည် ကြီးထွားမှုနှင့် ဇီဝဖြစ်ပျက်မှုများအတွက် တာဝန်ယူဆောင်ရွက်ပေးသော
    ကိုယ်တွင်းဟော်မုန်းဓာတ်တစ်မျိုးဖြစ်သည်။

    အစားထိုးထားသည့် ပြွန်အသစ်ကို ၁၁ ပတ်ကြာစောင့်ကြည့်အပြီးတွင် လုပ်ဆောင်ချက်အပြည့်အ၀ကို
    လုံးဝလုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း တွေ့ရှိရသည်။

    အခြားသောအင်္ဂါများ ပုံတူထုတ်လုပ်ရာတွင် သုတေသီများသည် အရွယ်ရောက်ပြီး သက်ရှိမှ သန္ဓေသားဆဲလ်များနှင့်
    အလွန်တူသည့် မကွဲထွက်သောပင်မဆဲလ်များကို အသုံးပြုရန် စီစဉ်ထားပြီး ဖြစ်သည်။

    “တခြားသောအင်္ဂါအသစ်တွေနဲ့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့အရာတွေ ရှိပါသေးတယ်၊ ဒါပေမယ့်
    အောင်မြင်စွာပြီးစီးဖို့ အင်မတန်ရှုပ်ထွေးပါတယ်။ ဒါဟာ စက်မှုနည်းပညာတိုးတက်မှု အဆင့်တစ်ဆင့်ပါပဲ” ဟု
    သုံးဘက်မြင် ဇီဝအင်္ဂါထုတ်လုပ်မှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ယူဆက်ဖ် ဟီဆွာနီက ပြောခဲ့သည်။

    လည်ပင်းအကြိတ်သည် ခန္ဓာကိုဇီဝရုပ် ဖြစ်ပျက်မှုဆိုင်ရာအတွက် အလွန်အရေးကြီးသည့် အစိတ်အပိုင်း
    ဖြစ်သည့်အတွက် လည်ပင်းအကြိတ်ဝေဒနာရှင် သန်းပေါင်းများစွာအတွက် ဤတီထွင်မှုအသစ်ကို သိပ္ပံပညာရှင်များက
    မျှော်လင့်နေကြသည်။

    Ref: RT

  • ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု သတင်းများထွက်ပေါ်

    ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု သတင်းများထွက်ပေါ်

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    gua

    – ဘိုင်ယန်နည်းပြ ဂွါဒီယိုလာမှာ အသင်းနှင့် သက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပြီး ရာသီကုန်တွင် မန်စီးတီးသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    ဂွါဒီယိုလာမှာ ပြီးခဲ့သည့်လများအတွင်း မန်စီးတီးအသင်းနှင့် ဆက်သွယ်မှုများ ရှိခဲ့ပြီး နောက်ဆုံးတွင် အသင်းပြောင်းတော့မည်ဟု ဂွာဒီယိုလာက ဆုံဖြတ်ခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။ မန်စီးတီး အသင်းပိုင်ရှင်များကမူ မန်နျူယဲလ် ပယ်လီဂရီနီအား ဇန်န၀ါရီတွင် ထုတ်ပယ်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

    ဂွါဒီယိုလာ၏ ဘိုင်ယန်နည်းပြနေရာအား ဆက်ခံရန်အတွက် ချယ်ဆီးနှင့် ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီက ရေပန်းစားနေသည်။

    Ref: Goal

  • Waze နှင့် Google Maps များနှင့်ပတ်သက်၍ မလေးရှားက စိုးရိမ်မှုမြင့်တက်

    Waze နှင့် Google Maps များနှင့်ပတ်သက်၍ မလေးရှားက စိုးရိမ်မှုမြင့်တက်

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    malay

    – မလေးရှားနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များက လမ်းညွှန်အသုံးချ ဆော့ဖ်ဝဲများဖြစ်သော Waze နှင့်Google Maps တို့သည် နိုင်ငံတော်လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှုများကို ခြိမ်းခြောက်နေသည်ဟူသော စိုးရိမ်မှုများရှိကြောင်း နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့ တွင် ထုတ်ဖော်ပြောလိုက်သည်။

    တီနွမ်ဒေသ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ရိုင်မီအန်ဂျီက လွှတ်တော်၌ ဆက်သွယ်ရေး ၀န်ကြီးဌာနအား မေးမြန်းသော မေးခွန်းတစ်ခုတွင် ‘အကယ်၍ မလေးနိုင်ငံသားများသည် အစ္စရေးမှ တီထွင်သောWaze နှင့်Google Maps တို့အား အသုံးပြုခြင်းဖြင့် အမေရိကန်နှင့် အစ္စရေးတို့ကို သတင်းအချက်အလက်များ ပေါက်ကြားစေခြင်းရှိ/မရှိ’ ကို မေးမြန်းခဲ့သည်။
    မလေးရှား ဆက်သွယ်ရေး ၀န်ကြီး ဂျလာနီဂျိုဟာရီက ဤစိုးရိမ်မှုများကို မှေးမှိန်အောင် ပြုလုပ်ခဲ့သည်။

    “ကျွန်တော်တို့ဟာ နည်းပညာအသစ်တွေကို ခြိမ်းခြောက်မှုပေးတဲ့အရာတွေအဖြစ် မမြင်ဖို့လိုပါတယ်” ဟု CNA သို့ ပြောကြားခဲ့သည်။ ဆက်လက်၍ ၎င်းက “ဒီနည်းပညာတွေကို ပြည်သူလူထုက ဆန္ဒရှိရင်သုံး၊ စိုးရိမ်စိတ်ရှိရင်တော့ မသုံးဖို့ ရွေးချယ်ဆုံးဖြတ်နိုင်ပါတယ်”ဟု ဖြေကြားခဲ့ပါသည်။

    မလေးပြည်သူများက အွန်လိုင်းပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို သရော်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည်။

    ကွာလာ ကရိုင်းမှ လွှတ်တော် အမတ်ဖြစ်သူ ဟတ်တာ ရမ်လီကမူ အစိုးရအနေဖြင့် အမေရိကန်က ကျေထောက်နောက်ခံပြုထားသည့် ပစိဖိတ်မိတ်ဖက် ကုန်သွယ်ရေးစာချုပ် TTP ကို လက်မှတ်ထိုးလိုက်ပါက အဆိုပါ လမ်းကြောင်းပြ ဆော့ဖ်ဝဲများမှတစ်ဆင့် မိမိတို့၏ ကိုယ်ရေးအချက်လက်များ ပေါက်ကြားမည့်အန္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ဥပမာအားဖြင့် ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးအချက်အလက်တွေ၊ ကျန်းမာရေးအချက်အလက်တွေ ပြီးတော့ ကျွန်တော်တို့ထဲကတစ်ချို့ ခရီးသွားကြတဲ့အခါ Waze နဲ့ Google maps တွေကို အသုံးပြုတာတွေ၊ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားနိုင်ပြီး နိုင်ငံအပြင်ဘက်ကလူတွေက ရယူသွားနိုင်ပါတယ်”

    Ref: Channelnewsasia

  • တရုတ်နိုင်ငံ အရှေ့ဘက် ကျွန်းစုများအနီး ဂျပန်က စစ်တပ်ချထားမည်

    တရုတ်နိုင်ငံ အရှေ့ဘက် ကျွန်းစုများအနီး ဂျပန်က စစ်တပ်ချထားမည်

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    japan

    – ပိုင်နက်ပိုင်ဆိုင်မှုအတွက် တရုတ်နှင့် အငြင်းပွားမှုများမြင့်တက်နေသည့် အချိန်တွင် ဂျပန်က တောင်ဘက်ကျွန်းတစ်ခုပေါ်တွင် ခြေလျင်တပ်သား ၅၀၀ခန့်ကို ဖြန့်ကျက်ချထားရန် စီစဉ်နေပြီဖြစ်သည်။

    တပ်ဖြန့်ချထားမည့် အီရှီဂါကီ ကျွန်းသို့ ရောက်ရှိနေသည့် ဂျပန်ဒုတိယ ကာကွယ်ရေးဝန်ကြီး ကင်ဂျီ ၀ါကာမီယာကမူ ယမန်နေ့က မြို့တော်ဝန် ယိုရှီတာကာ နာကာယာမာအား ၂၀၁၉ ခုနှစ်မှစတင်ကာ အဆိုပါကျွန်း၌ စစ်သားများ ချထားမည့်အစီအစဉ်ကို ရှင်းပြခဲ့သည်။

    အီရှီဂါကီကျွန်းမှာ ဂျပန်နိုင်ငံက ထိန်းချုပ်ထားပြီး၊ တရုတ်နိုင်ငံကလည်း ပိုင်ဆိုင်ကြောင်း ပြောကြားနေသည့် ဆန်ကာကူကျွန်းစု (တရုတ်အမည် ဒေးယူကျွန်းစု) နှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးမည့် ကျွန်းတစ်ခုလည်းဖြစ်သည်။

    ဂျပန်သည် အငြင်းပွားနေသော ကျွန်းများအနီး တရုတ်စစ်သားများတိုး မြှင့်ချထားမှုနှင့် စစ်ကင်းလှည့်မှုများကို အသင့်ရင်ဆိုင်ရန် ကာကွယ်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

    ပေကျင်းသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်အားလုံးနီးပါးကို အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ရှိကြောင်း အပြင်းအထန် တောင်းဆိုထားသည်။ တောင်တရုတ်ပင်လယ်မှာ ကမ္ဘာ့ရေနံအားလုံး၏ သုံးပုံတစ်ပုံ ဖြတ်သန်းစီးဆင်းရာ မဟာဗျုဟာမြောက် ရေလမ်းကြောင်းတစ်ခုဖြစ်သည်။

    ထိုအငြင်းပွားဖွယ် ရေပြင်ကို ဗီယက်နမ်၊ မလေးရှား၊ ဖီလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်း စသည့်နိုင်ငံများကလည်း တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တစ်ခုလုံးဖြစ်စေ ရပိုင်ခွင့်ရှိသည်ဟု တောင်းဆိုထားမှုများ ရှိသည်။ ထို့ကြောင့် ၎င်းသည် ကမ္ဘာ့စီးပွားရေးနှင့် စစ်အင်အားအကြီးဆုံး နှစ်နိုင်ငံဖြစ်သည့် ပေကျင်းနှင့် ၀ါရှင်တန်တို့အကြား နယ်မြေလုပွဲအတွက် သတ်ကွင်းတစ်ခုဖြစ်လာခဲ့သည်။

    Ref: Aljazeera

  • လီဗာပူးလ် ယူရိုပါ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားသည့်အတွက် ကလော့ပ် ကျေနပ်

    လီဗာပူးလ် ယူရိုပါ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားသည့်အတွက် ကလော့ပ် ကျေနပ်

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    liver

    – အသင်းမှာ ဘော့ဒိုးအား အနိုင်ကစားကာ ယူရိုပါ ရှုံးထွက်ဆင့်ကို တက်ရောက်သွားသည့်အတွက် မိမိအနေဖြင့် အလွန်ပျော်ရွှင်မိသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က အန်ဖီးလ်၌ကစားခဲ့သည့် ထိုပွဲတွင် လီဗာပူးလ်မှာ ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း ဂျိမ်းစ် မီလာ၏ ချေပဂိုးနှင့် ဘန်တီကီ၏ အနိုင်ဂိုးများဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် အုပ်စု B တွင် တစ်ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း လီဗာပူးလ်မှာ ရမှတ် ၉ မှတ်ဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။

    “ရှုံးထွက်အဆင့် တက်သွားတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ အသင်းကလည်း တော်တော် ကျေနပ်နေကြပါတယ်။ ဒါ့ကြောင့် ခင်ဗျားတို့လည်း ပျော်နိုင်ပါတယ်။ အုပ်စုထိပ်ဆုံးနဲ့ အဆုံးသတ်ရတာ အရေးကြီးပါတယ်။ နောက်တစ်ဆင့်မှာ အသင်းကောင်းတွေသာ ရှိမှာဖြစ်တာကြောင့် အုပ်စုထိပ်ဆုံးနေရာက သိပ်တော့ အရေးမပါဘူး” ဟု ပွဲအပြီး သတင်းစာရှင်းလင်ပွဲတွင် ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal