News @ M-Media
Blog
  • ၁၆ သင်းအဆင့်တက်မယ့် လေးသင်း ပေါ်ထွက်လာတဲ့ ယနေ့မနက် ချန်ပီယံလိဂ်ပွဲများ
    ၁၆ သင်းအဆင့်တက်မယ့် လေးသင်း ပေါ်ထွက်လာတဲ့ ယနေ့မနက် ချန်ပီယံလိဂ်ပွဲများ
    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    cham
    – ဒီနေ့မနက်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပထမအုပ်စု ၄ ခုရဲ့ ပဉ္စမမြောက်ပွဲမှာတော့ နောက်တစ်ဆင့်တက်မယ့် အသင်းလေးသင်း ပေါ်ထွက်လာခဲ့ပြီး အက်သလက်တီကို၊ ဘင်ဖီကာ၊ ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီတို့ပဲ ဖြစ်ပါတယ်။ ဗန်ဂါးလ်ရဲ့ မန်ယူကတော့ ၁၆ သင်းအဆင့် ရောက်ရှိရေးအတွက် အုပ်စုအနောက်ဆုံးပွဲအထိ ရုန်းကန်ရမှာ ဖြစ်ပါတယ်။
    အုပ်စု A
    ရှက်တာဒိုးနက် ၃-၄ ရီးယဲလ်မက်ဒရစ်
    မာလ်မို ၀-၅ ပီအက်စ်ဂျီ
    ရော်နယ်ဒိုခြေစွမ်းပြတဲ့ ရီးယဲလ် ၅၂ မိနစ်မှာတင် လေးဂိုးပြတ်ခဲ့ပေမယ့် ၇၇ မိနစ်ကနေ ၈၃ မိနစ်အထိ ၇ မိနစ်တွင်းမှာ ၃ ဂိုး လွယ်လွယ်ပေးလိုက်ရတာက ဘင်နီတက်ဇ်လက်ထက်မှာ ပိုကျစ်လစ်လာတယ်ဆိုတဲ့ ရီးယဲလ်နောက်တန်းအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အတွက် ဂိုးတွေကိုတော့ ရော်နယ်ဒိုက ၂ ဂိုး၊ မိုဒရစ်နဲ့ ကာဗာဂျဲလ်တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    ပီအက်စ်ဂျီကတော့ မာလ်မိုကို အခက်အခဲမရှိ ၅ ဂိုးပြတ်အနိုင်ယူပြီး အုပ်စုဒုတိယနေရာကိုရယူကာ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဂိုးတွေကိုတော့ ဒီမာရီယာက ၂ ဂိုး၊ ရာဘီယော့၊ အီဗာရာဟီမိုဗစ်နဲ့ လူးကက်စ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    အုပ်စု B
    မန်ယူ ၀-၀ ပီအက်စ်ဗီ
    စီအက်စ်ကေအေ ၀-၂ ၀ုလ်ဖ်ဘာ့ဂ်
    အိုးထရက်ဖို့ဒ်မှာ မန်ယူတို့ အသာရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ ပီအက်စ်ဗီအတွက်တော့ သရေရလဒ်ဟာ ထိုက်တန်ခဲ့ပြီး ၁၆ သင်းအဆင့်အတွက်လည်း မျှော်လင့်ချက် ပိုရှိလာပါတယ်။ ၈ မှတ်ရထားတဲ့ မန်ယူက နောက်ဆုံးပွဲမှာ အုပ်စုကို ၉ မှတ်နဲ့ ဦးဆောင်နေတဲ့ ၀ုလ်ဖ်ဘာ့ဂ်နဲ့ တွေ့ရမှာဖြစ်ပြီး အနိုင်ကစားနိုင်မှ နောက်တစ်ဆင့်ကို လွတ်လွတ် ကျွတ်ကျွတ် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ၇ မှတ်နဲ့ တတိယနေရာရနေတဲ့ ပီအက်စ်ဗီကတော့ အုပ်စုတက်ဖို့ မျှော်လင့်ချက်မရှိတော့တဲ့ စီအက်စ်ကေအေနဲ့ ကစားရမှာ ဖြစ်တာကြောင့် အလားအလာ ပိုကောင်းနေပါတယ်။
    အုပ်စု C
    အက်သလက်တီကို ၂-၀ ဂါလာတာစာရေး
    အက်စ်တာနာ ၂-၂ ဘင်ဖီကာ
    အက်သလက်တီကိုက ဂါလာတာစာရေး အနိုင်ရတာကြောင့် အက်သလက်တီကိုရော ဘင်ဖီကာပါ နောက်တစ်ဆင့် တက်ရောက်သွားပြီဖြစ်ပါတယ်။ အိမ်ကွင်းမှာ ဖိကစားနိုင်ခဲ့တဲ့ အက်သလက်တီကိုအတွက် ဂရီဇ်မန်းတစ်ဦးတည်းက ၁၃ မိနစ်နဲ့ ၆၅ မိနစ်တွေမှာ ၂ ဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။
    ဘင်ဖီကာကတော့ အားအနည်းဆုံး အက်စ်တာနာကို ၂ ဂိုးအရှုံးနဲ့ နောက်က လိုက်ကစားခဲ့ရပြီး နောက်ပိုင်း ၂ ဂိုး ပြန်သွင်းနိုင်ခဲ့လို့သာ သရေကျခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုရဲ့ အနိုင်ကြောင့် နောက်တစ်ဆင့်တက်တဲ့ ဘင်ဖီကာ အုပ်စုနောက်ဆုံးပွဲမှာ အုပ်စုဗိုလ် လုရမှာဖြစ်ပါတယ်။
    အုပ်စု D
    ဂျူဗင်တပ်စ် ၁-၀ မန်စီးတီး
    မိုချန်ဂလာဘက်ခ်ျ ၄-၂ ဆီးဗီးလား
    နောက်တစ်ဆင့်တက်သွားပြီးဖြစ်တဲ့ မန်စီးတီးကို မန်ဇူကစ်ရဲ့ စောစောပိုင်း ဂိုးတစ်ဂိုးနဲ့ အနိုင်ယူပြီး ဂျူဗင်တပ်စ်တို့ နောက်တစ်ဆင့် တက်သွားခဲ့ပါပြီ။
    အုပ်စုကတက်ဖို့ အခွင့်အရေးမရှိတော့ပေမယ့် မိုချန်ဂလာဘက်ခ်ျတို့ ဂုဏ်သိက္ခာအတွက် အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပြီး ယူရိုပါချန်ပီယံကို ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဆီးဗီးလားကတော့ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ယဲ့ယဲ့လေး ပျက်သုဉ်းသွားခဲ့ပါတယ်။
  • ဆော်ဒီတွင် IS အဖွဲ့အား အားပေးသူကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်
    ဆော်ဒီတွင် IS အဖွဲ့အား အားပေးသူကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်
    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    saudi
    ဆော်ဒီ တရားရုံးချုပ်
    – အထူးရာဇ၀တ်မှုတရားရုံးက ဆော်ဒီနိုင်ငံသားတစ်ဦးအား နိုင်ငံတော်ကိုဆန့်ကျင်သည့် ဟောပြောမှုများတွင် လူစုပေးခဲ့ခြင်းနှင့် ပါဝင်ခဲ့ခြင်းတို့အတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပြီး ခရီးသွားလာခွင့်ကိုလည်း ၁၅ နှစ် ပိတ်ပင်တားမြစ်ခဲ့သည်။
    ထိုစည်းရုံးဟောပြောမှုများကို ဓာတ်ပုံရိုက်ယူပြီး Twitter ပေါ်တင်ခဲ့ခြင်း၊ ငွေစက္ကူများအပေါ်တွင် စည်းရုံးသည့် စာသားများ ရေးသားခဲ့ခြင်းနှင့် ကျောင်းများအပါအ၀င် အဆောက်အုံများပေါ်တွင် ဆန္ဒပြပိုစတာများ ချိတ်ဆွဲထားခြင်းတို့အပေါ် တရားရုံးမှ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
    အစိုးရကိုဆန့်ကျင်ခြင်းကြောင်း ထုတ်ဖော်ခြင်း၊ အကြမ်းဖက် IS အုပ်စုကို ထောက်ပံ့ကူညီခဲ့ခြင်း၊ ဆီးရီးယားတွင် တိုက်ခိုက်ခဲ့သူများကို ၀ှက်ထားပြီး ၎င်းတို့နှင့် Twitter တွင် ဆက်သွယ်နေမှုများ စသဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် ဆန္ဒပြ ဟောပြောမှုများထဲတွင် ပါဝင်သူများကို ဖုံးကွယ်ထားပေးရန် ကူညီပေးခဲ့သည့်အတွက်လည်း တရားစီရင်ခံခဲ့ရသည်။
    Ref: IINA News
  • ၈ နာရီ အိပ်ခြင်းသည် မျက်နှာနှင့် အမည်ကို ပိုမိုမှတ်မိစေနိုင်
    ၈ နာရီ အိပ်ခြင်းသည် မျက်နှာနှင့် အမည်ကို ပိုမိုမှတ်မိစေနိုင်
    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    sleep
    လူတစ်ဦးသည် ၈ နာရီကြာ အိပ်စက်ခြင်းဖြင့် မျက်နှာနှင့် အမည်နာမများ မှတ်မိရာတွင် ထူးခြားစွာတိုးတက်လာဟု သုတေသီများက မကြာသေးမီက ရှာဖွေတွေ့ရှိထားသည်။
    ဘော်စတွန်ရှိ ဘရီဟမ်နှင့် အမျိုးသမီးဆေးရုံရှိ လက်ထောက် အာရုံကြောသိပ္ပံပညာရှင် ဒေါက်တာဂျင်းနီ ဒက်ဖီက ‘အိပ်စက်ခြင်းကြောင့် ပိုမိုကောင်းမွန်လာသော မှတ်ဥာဏ်အမျိုးမျိုးအကြောင်း ကျွန်တော်သိပြီဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း Mail Online ၏ ကျန်းမာရေးကဏ္ဍတွင် ဖော်ပြခဲ့သည်။
    “တရေးတမော အိပ်စက်ခြင်းကနေ မျက်နှာအသစ်တွေရယ်၊ နာမည်အသစ်တွေကို ဘယ်လောက်ထိ မှတ်မိနိုင်စွမ်းရှိမရှိ လေ့လာမှုနှစ်ခုလောက် လုပ်ထားပေမဲ့လည်း ညလုံးပေါက်အိပ်စက်မှုကနေ ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲ ဆိုတာကိုတော့ လေ့လာထားတာမျိုး မရှိသေးပါဘူး။ စမ်းသပ်ခံပုဂ္ဂိုလ်တစ်ချို့ကို အိပ်ရေး၀၀ အိပ်စက်စေပြီး မျက်နှာနှင့်တွဲလျက် နာမည်တွေကို မေးမြန်းစစ်ဆေးကြည့်ရာမှာတော့ မှန်ကန်စွာဖြေဆိုနိုင်ပြီး ယုံကြည်မှု ပိုမိုရရှိလာစေသည်ကိုလည်းတွေ့ခဲ့ရပါတယ်” ဟု ဒက်ဖီက ထည့်သွင်းပြောကြားခဲ့သည်။
    စမ်းသပ်ခံမည့် လူအချို့ကို ဆေးရုံထဲ၌ နေစေပြီး အရောင် ၆၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော လူမျက်နှာဓာတ်ပုံ ၂၀ ခန့်ကို ပြသခဲ့ကာ အလွတ်မှတ်ခိုင်းခဲ့သည်။ ၁၂ နာရီကြာသည့်အခါတွင် ဓာတ်ပုံနဲ့ အမည်နာမများအား အမှန်၊ အမှား ပြသ၍ မေးမြန်းခဲ့သည်။ ပါဝင်သူများကို နှစ်ကြိမ် စမ်းသပ်ခဲ့သည်။
    တစ်ကြိမ်တွင် အချိန်အပိုင်းအခြားဖြင့် အိပ်စေပြီး နောက်တစ်ကြိမ်တွင်တော့ ပုံမှန်အတိုင်းပင် အိပ်စေခဲ့ပါတယ်။ ၈ နာရီကြာသည်အထိ အိပ်ခိုင်းခဲ့ရာတွင် မျက်နှာနှင့် အမည်များ ကို ၁၂ ရာခိုင်နှုန်းအထိ တိုးတက်မှန်ကန်ခဲ့သည်။
    သုတေသီများက အိပ်ချိန်အပိုင်းအခြားနှင့် အိပ်စက်မှုအဆင့်များသည် မျက်နှာများနှင့် အမည်များကို မှန်မှန်ကန်ကန် မှတ်မိနိုင်စွမ်းအပေါ် မလွှမ်းမိုးနိုင်ပါဟု ပြောကြားခဲ့သည်။
    ယခုစမ်းသပ်မှုတွင် လူ အယောက် ၂၀ ခန့် ပါဝင်ခဲ့သော်လည်း သုတေသနအဖွဲ့မှာ သက်ကြီးရွယ်အိုများအပါအ၀င် အရွယ်အစုံကို စမ်းသပ်ချင်သေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
    အိပ်စက်ခြင်းသည် အချက်အလက်အသစ်များ သင်ယူရန်အတွက် အလွန်အရေးကြီးကြောင်း ဒေါက်တာဒက်ဖီက ဆိုသည်။ လူများမှာ အသက်ကြီးရင့်လာသည်နှင့်အမျှ အိပ်စက်မှုလျော့နည်းလာပြီး အိပ်စက်သည့်ပုံစံ ကစဥ့်ကလျား ဖြစ်လာသည့်အတွက် မှတ်ဥာဏ်ဆိုင်ရာ လုပ်ငန်းစဉ်ကို ထိခိုက်စေသည်ဟု ဆိုသည်။ အိပ်စက်ခြင်းကို အထူးပြုလေ့လာခြင်းဖြင့် အသက်အရွယ်မရွေး လေ့လာသင်ယူနိုင်စွမ်းကို အကျိုးသက်ရောက်မှု ရှိလာစေမည်ဖြစ်သည်။
    Ref: IINA News
  • လူအများအား မထိခိုက်စေသော  အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်း
    လူအများအား မထိခိုက်စေသော အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်း
    Coexist
    “ဗမာစာသည် တို့စာ
    ဗမာစကားသည် တို့စကား
    တို့ပြည်ကိုချစ်ပါ ၊ တို့စကားကိုလေးစားပါ”
    စသည့်ကြွေးကြော်သံများသည် လွတ်လပ်ရေးမရခင်၊ ဗြိတိသျှနယ်ချဲ့တို့အား တွန်းလှန်ရန်မြန်မာလူထုကို စည်းရုံးရန်၊ ရေးစပ်သီကုံးထားသော မော်ကွန်းဝင်ကြွေးကြော်သံများဖြစ်ကြပါသည်။
    ဂျာမဏီနာဇီခေါင်းဆောင် ဟစ်တလာကလည်း၊ ၎င်း၏စစ်တပ်အတွင်း နိုင်ငံရေးအာဏာရဖို့နှင့် လူမျိုးရေးအသာစီးရဖို့ “အမျိုးဘာသာ၊ သာသနာ” ဟူသော ခေါင်းစဉ်တပ်ကာ၊ ဂျူးလူမျိုးအမြောက်အများကို အဆိပ်ဓါတ်ငွေ့လွှတ်ကာ ရက်စက်စွာသုတ်သင်ခဲ့သည်။
    ယူဂိုစလာဘ် စစ်အာဏာရှင် မီလိုစဗစ်ကလည်း၊ ဘာသာမတူအယူကွဲပြားသော ၎င်းနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် မိန်းကလေးများအား၊ ၎င်း၏စစ်တပ်က အဓမ္မပြုကျင့်ခွင့်နှင့် လူသတ်ခွင့်လိုင်စင်ကို ရက်ရောစွာထုတ်ပေးခဲ့သည်။ ရလာဒ်အနေနှင့် ထိုစစ်ခေါင်းဆောင်အား နိုင်ငံတကာတရားရုံးသို့ ဖမ်းဆီး ခေါ်ဆောင်အရေးယူနိုင်ခဲ့သည်။
    အရှေ.တောင်အာရှရှိလူဦးရေသန်း ၂၀၀ ကျော်နှင့် ပြောဆိုသည့် ဘာသာစကားပေါင်း ၂၅၀ ကျော်၊ မတူကွဲပြားသော ယဉ်ကျေးမှုများစွာရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များစွာ နေ ထိုင်ကြသည်။ ထိုနိုင်ငံ၏ စစ်အာဏာရှင်ဟောင်း ဆူဟာတိုသည်  စစ်အာဏာရှင်ပီပီ အာဏာကိုနှစ်ပေါင်း များစွာ ချုပ်ကိုင်နိုင်ဖို့ရန် လူမျိုးရေး၊ ဘာသာရေး၊ အဓိကရုဏ်းများကို အင်ဒိုတရုတ်လူမျိုးများ၊ အင်ဒို ခရစ်ယာန်ဘာသာဝင်များနှင့် အင်ဒို-အစ္စလာမ်ဘာသာဝင်များအကြား မကြာခဏ ပြုလုပ်ဖန်တီးလေ့ရှိသည်။
    တစ်ဖက်ဘာသာမတူ လူနည်းစုအပေါ်နှိပ်ကွပ်ရန်၊ “အမျိုးဘာသာ၊ သာသနာဟူ၍ ခေါင်းစဉ်တတ်ကာ” နိုင်ငံရေးအမြတ်ထုတ်ခဲ့သည်။ စစ်အာဏာသက်ဆိုးရှည်ခဲ့သည်။ ဒီမိုကရေစီတောင်းဆိုသည့် လူထုလှုပ်ရှားမှုများကြောင့် နောက်ဆုံးတွင်အာဏာကို မူလပိုင်ရှင်အင်ဒိုနီးရှား ပြည်သူလူထုသို့ အပ်ခဲ့ရသည်။ ထို စစ်အာဏာရှင်ကြီးလည်း ဇာတ်သိမ်းမကောင်းရှာခဲ့ပေ။
    မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအရ လူထု၏ရွေးကောက်ခြင်းမခံရဘဲ တပ်မတော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းလွှတ်တော်တွင် ပါဝင်နေရာယူခြင်းသည် အင်ဒိုနီးရှား နိုင်ငံ၏ဖွဲ့စည်းပုံကို အတုယူထားခြင်းဖြစ်သည်။ ယခင် အင်ဒိုနီးရှား စစ်အာဏာရှင်ဖွဲ့စည်းပုံတွင် စစ်တပ်က ၁၀ ရာခိုင်နှုန်း လွှတ်တော်တွင်အ ချောင်ပါဝင်နေခဲ့သည်။
    အမျိုးဘာသာ၊ သာသနာကိုခုတုံးလုပ်ကာ နိုင်ငံရေးအမြတ်ထုတ်နေသော အင်အားစုများ မြန်မာနိုင်ငံတွင်ရှိနေသည်။ ပမာပြရလျှင် “ဓါးသွားထက်က ပျားရည်စက်များနှင့် အလားသဏ္ဍာန်”တူသည်။ ပျားရည်စက်များသာမြင်ပြီး နောက်ကွယ်က ဓါးသွားကိုမမြင်လျှင် သမိုင်းတရားခံများဖြစ်သွားကြမည်။ တိုင်းပြည်နစ်နာမည်ဖြစ်သည်။
    အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်လည်း အမျိုးဘာ သာ၊ သာသနာအတွက် မြန်မာပြည်သူ လူထု တစ်ရပ်လုံးအား နယ်ချဲ့ဗြိတိသျှလက်အောက်နှင့် ဖက်ဆစ်ဂျပန်လက်အောက်မှ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးအစရှိသည့် အလုံးစုံလွတ်မြောက်ရေး၊ လွတ်လပ် ရေးကို ကြိုးပမ်းရယူခဲ့သည်။ “ဗမာလူမျိုးစုအတွက် ဗုဒ္ဓဘာသာအများစုအတွက် လွတ်လပ်ရေးတိုက်ပွဲဝင် ခဲ့သည် မဟုတ်ပေ။” နိုင်ငံရေးအမြော်အမြင်နှင့် မျိုးချစ်စိတ်ဓါတ်အဆင့်အတန်း ကြီးမားလှသောကြောင့် မြန်မာပြည်သူ လူထုက ရင်ထဲ၊ အသဲထဲနှမြောတသ၊ သတိရနေဆဲပင်ဖြစ်သည်။ ကမ္ဘာတည်သရွေ့ ဗိုလ်ချုပ်ကို သတိရနေမည်ဖြစ်သည်။
    ဗုဒ္ဓမြတ်စွာ၏တရားများသည် မေတ္တာတရားကို အခြေခံသည်။ မေတ္တာဖြင့်လောကကို အလှဆင် နိုင်ကြောင်း၊ သံသရာမှ လွတ်မြောက်နိုင်ကြောင်း ဗုဒ္ဓကိုယ်တိုင် ကျင့်ကြံပြသခဲ့သည်။ “ငါကဲ့သို့ကျင့်ကြံလျှင် ငါကဲ့သို့အောင်မြင်စေမည်” ဖြစ်ကြောင်း မိမိနောက်လိုက်များအား မိန့်ကြားခဲ့သည်။ ထို့ကြောင့ှ်ဗုဒ္ဓမြတ်စွာ၏နောက်လိုက်ကောင်းများ၊ ရဟန်းများကို ဘုရားသားတော်များဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ဘုရားသားတော်ရဟန်းကောင်း၊ ရဟန်းမြတ်တို့၏တရားများသည် “စမ်းရေပမာ” အေးမြသည်။
    ဒေ၀ဒတ်နောက်လိုက် ရဟန်းများ၏တရားကား အက်စစ်လိုပူပြင်းတောက်လောင်လှသည်။ နောက် လိုက်မှားက အ၀ီစိငရဲလားမည်ဖြစ်သည်။ နောက်လိုက်ကောင်းပီသဖို့၊ ခေါင်းဆောင်ကောင်း၏အမိန့်ကို တိတိကျကျ လေးစားလိုက်နာဖို့လိုသည်။
    ဗုဒ္ဓပွင့်ပေါ်ခဲ့သည်မှာ နှစ်ပေါင်း ၂၆၀၀ ကျော်ခဲ့ပြီဖြစ်သည်။ ခရစ်တော်ပွင့်ပေါ်ခဲ့သည်မှာ နှစ် ပေါင်း ၂၀၁၄ ကျော်ခဲ့ပြီဖြစ်သည်။ တမန်တော်မုဟမ္မဒ် ပွင့်ပေါ်ခဲ့သည်မှာ နှစ်ပေါင်း ၁၄၀၀ ကျော်ခဲ့ပြီဖြစ် သည်။ ကျွန်တော်တို့နေထိုင်သော ကမ္ဘာကြီ၏ သက်တမ်းသည် နှစ်သန်းပေါင်း ၃သောင်းကျော် ခဲ့ပြီဖြစ်သည်။ နေ၏သက်တမ်း၊ လ၏သက်တမ်း၊ ကမ္ဘာ၏အကျယ်အ၀န်း၊ လ၏အကျယ်အ၀န်းတို့ကို တိုင်းထွာနိုင်သောပညာသည် ယနေ့(၂၁)ရာစုတွင် ရှိနေပြီဖြစ်သည်။
    “လူသားအစ အာဒမ်နှင့်ဧ၀”ဟူသောစကားကို လူတိုင်းကြားဖူးကြမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖန်ဆင်းရှင်ဝါဒကို လက်ခံသောဘာသာများမှာ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာနှင့် အစ္စလာမ်ဘာသာများ ဖြစ်ကြသည်။ ထိုဘာသာများ၏ ကျမ်းဂန်များအရ ဘုရားသခင်သည် ဤကမ္ဘာပေါ်တွင် လူသားဖခင် အာဒမ်နှင့် မိခင်ဧ၀ ဇနီးမောင်နှံစုံတွဲတို့ကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ကြောင့် ထိုဘာသာတရားများ၏သွန်သင်ချက်များသည် “ဘုံ” တူညီကြသည်။ ထိုဘာသာများသည် ကမ္ဘာဦးစကတည်းက ရှိနေသော
    ဘာသာများဖြစ်ကြသည်။ တမန်တော် မိုးဇက်ကဂျူးဘာသာကို ရှင်သန်အောင်လုပ်ခဲ့သူအနေဖြင့် သမိုင်း တွင်ခဲ့သည်။ ဂျူးဘာသာဝင်တို့သည် ဓမ္မဟောင်းကျမ်းကို လက်ကိုင်ထားသည်။ ယေရှုခရစ်တော်ကို ခရစ်ယာန်ဘာသာကို ရှင်သန်အောင်လုပ်ခဲ့သူ၊ ဘုရားသားတော်အနေဖြင့် လူသိများခဲ့သည်။ ဓမ္မသစ်ကျမ်းသည် ခရစ်တော်နောက်လိုက်များအတွက် အားထားရာကျမ်းဖြစ်သည်။ တမန်တော်မုဟမ္မဒ်ကို နောက်ဆုံးတမန်တော်အနေဖြင့်လည်းကောင်း၊ လူသားဖခင်အာဒမ်ကို ပထမဆုံးတမန်တော်အနေဖြင့် လည်းကောင်း အစ္စလာမ်ဘာသာဝင်တို့ကလက်ခံထားသည်။ ကုရ်အာန်ကျမ်းစာပါ တရားများသည် တမန်တော်မုဟမ္မဒ်၏ (၂၃)နှစ်နီးပါး ဟောကြားချက်များဖြစ်ပါသည်။
    မည်သို့ပင်ဆိုစေ သစ္စာတရားကိုဟောကြားခဲ့သော လူဘုရားများသည် ကမ္ဘာအနှံ့ “ဂင်္ဂါဝါနု၊ သဲစု တမျှ” ပွင့်ပေါ်ခဲ့ပြီးဖြစ်သည်။ ထိုဘုရားများသည် ကမ္ဘာအနှံ့ လူမျိုးအသီးသီး၌ ပွင့်ပေါ်ခဲ့ပြီးဖြစ်သည်။
    “ပြည်ထောင်စုစိတ်ဓါတ်၊ ပြည်ချစ်စိတ်ဓါတ်ရှိသူများ လက်ခံထားသော အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဟူသည် မိမိတိုင်းပြည်ရှိ ပြည်သူလူထုအပေါင်းအား ရင်ဆိုင်နေရသော စီးပွား ရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူ့အခွင့်အရေးများနှင့် ပတ်သက်၍ အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံ၊ ဒုက္ခပေါင်းစုံမှကင်းလွတ်အောင်၊ ပြေလည်အောင် စွမ်းဆောင်ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် မိအေး သုံးခါနာခဲ့ရသော တိုင်းပြည်ဖြစ်သည်။ နယ်ချဲ့ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်တို့၏ ကျူး
    ကျော်စစ်များကြောင့် တိုင်းပြည်အနှံ့သင်္ချိုင်းမြေဖြစ်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ပြည်တွင်းစစ်များကြောင့် တိုင်းပြည်နစ်နာခဲ့ရသည်။ နှစ်(၅၀)ကျော် စစ်အာဏာရှင်အဆက်ဆက်၏ ဆိုးမွေများကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲသားနှင့် သူဌေးဆိုသူများကို နှိုင်းယှဉ်လျှင် “စားစရာမရှိသောသူများနှင့်  ထားစရာမရှိသောသူများ” ဟူ၍ လူတန်းစားနှစ်မျိုးပေါ်ထွက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ၀န်ထမ်းလောကတစ်ခုလုံး လာဘ်ပေးလာဘ်ယူဖြင့် အာဂတိလိုက်စားကာ ယနေ့တိုင်ပျက်စီးနေသည်။ ပညာရေးလောက လည်းနိမ့်ကျလျက် အာမခံချက်မရှိဖြစ်ခဲ့ရသည်။ လူထု၏နားမျက်စိသဖွယ်ဖြစ်သော သတင်းမီဒီယာ လောကလည်း လွှမ်းမိုးချုပ်ကိုင်ခြင်းခံရပြီး၊ ပြည်သူလူထု ဗဟုသုတခေါင်းပါးခဲ့ရသည်။ ကမ္ဘာမီးလောင်၊  သားကောင်ချနင်းခံရသည့် သဘောမျိုးဖြစ်ခဲ့ရသည်။
    “၀န်ကြီးကတိုက်ဆောက်၊ စစ်သားက ဂျိုင်းဒေါက်၊ ပြည်သူက ဗိုက်မှောက်” ဟူသော လူထုနှလုံးသားကြားက ရင်တွင်းဖြစ် ခံစားချက်များ နေရာအနှံ့ ပျံ့နှံ့ခဲ့ သည်။
    ယခုလိုစစ်ဗိုလ်တစ်မတ်သား အရပ်သားအစိုးရလက်ထက်တွင်လည်း ယခင်စစ်အစိုးရလက် ထက်ဟောင်းက ၎င်းတို့မိသားစု ဆွေမျိုးသားချင်းများပိုင် စီးပွားရေးလုပ်ငန်းများ၊ ရှယ်ယာများနှင့် ပေါင်းစား၊ ချစား၊ ဖျက်စား စစ်အစိုးရအလိုတော်ရှိ ခရိုနီများ၏ အကျိုးစီးပွားရေးသာ၊ အကျိုးရှိသွားပြီး မြန်မာ ပြည်သူလူထုအပေါင်းမှာ ဒုက္ခနွံထဲမှ ရုန်းကန် မထွက်နိုင်ကြတော့ပေ။ ပြည်သူလူထု အများစုမှာ မြေမဲ့၊ ယာမဲ့၊ အိမ်မဲ့ ဘ၀နှင့်ရှိနေသည်ကို Media မီဒီယာများတွင် ယနေ့တိုင်တွေ့နေရဆဲဖြစ်သည်။
    အသက်ရှည်ကျန်းမာရေးနှင့်ပတ်သက်လျှင် ၂၀၁၄ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂ UNDP စာရင်း အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို နံပါတ်စဉ်လိုက်တပ်၍ ဖော်ပြခဲ့သည်။ ဖိုးသက်ရှည်၊ ဖွားသက်ရှည် နံပါတ်တစ်နေရာတွင် ဂျပန်၊ ဒုတိယနေရာတွင် ဆွီဒင်၊ တတိယနေရာတွင် ကနေဒါနိုင်ငံနှင့် ၁၉၂နေရာတွင် မြန်မာနိုင်ငံရှိနေသည်ကို အံ့ဩထိတ်လန့်စွာတွေ့ခဲ့ရသည်။
    မြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ချွံကျမှုကြောင့် သားကောင်ဖြစ်ခဲ့ရသူများမှာ ဆင်းရဲသားအမျိုး ကောင်းသမီးငယ်များ ပင်ဖြစ်သည်။ စီးပွားရေးအတ္တဘီလူးများ၏ မြှောက်လုံး၊ မက်လုံးတွေကြောင့် လူမှောင်ခိုကူးများမှတဆင့် ထိုမိန်းကလေးများ နိုင်ငံခြားသား တရုတ်ဇနီးမယားများဖြစ်ကုန်ကြတော့သည်။
    အချို့မိန်းကလေးများမှာ တဏှာရူးများယစ်မူးရာနေရာ၊ လိင်ဖျော်ဖြေရေးနေရာများ ကာရာအိုကေ၊ အ နှိပ်ခံများ၊ ထိုင်းနိုင်ငံရှိ KTV နှင့် ဘီယာအရက်ဆိုင်များသို့ အလုပ်ဝင်ခဲ့ကြရသည်။ ဆိုးကျိုးရလာဒ်အနေ ဖြင့် စာရိတ္တမဏ္ဍိုင်ယိမ်းယိုင်ကာ၊ AIDS ရောဂါဝေဒနာရှင်များ ဘ၀နှင့် ဇာတ်သိမ်းခဲ့ရသည်။ တန်ဖိုးရှိလှ သည့် လူ့ဘ၀အချည်းအနှီးဖြစ်ခဲ့ရသည်။
    ထို့ကြောင့်မိမိအမျိုးဘာသာ၊ သာသနာကိုထိန်းသိမ်းစောင့်ရှောက်သူလိုများ အနေဖြင့်မိမိတို့ ၏အမျိုးကောင်း ဆင်းရဲသား အမျိုးသမီးငယ်လေးများအာ၊ ပညာဗဟုသုတမြှင့်တင်ပေးရမည်။ စိတ်ဓါတ် ခွန်အားမြှင့်တင်ပေးရမည်။ တိုင်းနှင့်ပြည်နယ် မြို့ရွာအနှံ့ ဘ၀အာမခံချက်အတွက် အသက်မွေးဝမ်း ကြောင်းသင်တန်းများကို ပညာဒါနအနေဖြင့် ဖွင့်လှစ်ပေးရမည်။ မိသားစု စားဝတ်နေရေး အတွက် အလုပ်အကိုင်၊ အခွင့်အလမ်းများကို ရှာဖွေပေးရမည်။ ပါးစပ်က လေသေနတ်ပစ်နေရုံနှင့် အလုပ်မဖြစ်ပါ။ ခရီး
    မတွင်ပါ။ ကမ္ဘာပေါ်တွင် ဘာသာတရားများသည် ငြိမ်းချမ်းရေးတရားများကိုပေးသည်။ လောကီလော ကုတ္တရာနှစ်ဘ၀ အတွက် ကောင်းကျိုးချမ်းသာကို ပေးကြပါသည်။
    လူတစ်ဦး၊ တစ်ဖွဲ့၏ မင်းမဲ့စရိုက်လုပ်ဆောင်မှု၊ လူသားမဆံမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတို့ ကြောင့် ထိုကျူးလွန်သူ၏ ထိုဘာသာ တရားကို စော်ကားခြင်းသည် အဓိပ္ပါယ်မဲ့ လုပ်ရပ်ဖြစ်သည်။
    သံကို ဖျက်သည်မှာ သံချေးဖြစ်သည်။ ထို့ကြောင့်လည်း “မြတ်ဗုဒ္ဓက ငါ၏သာသနာကို ဖျက် မည့်သူများမှာ အခြားသူမဟုတ်၊ ငါ၏ဘာသာဝင်များထဲမှ ဖြစ်ကြမည်” ဟု နှစ်ပေါင်း၂၆၀၀ ကျော်ကကြိုတင်မိန့်မှာခဲ့ပါသည်။
    တရားဥပဒေကို ချိုးဖောက်သူသည် ပြစ်မှုကျူးလွန်သူဖြစ်၏။ အပြစ်ရှိ၍ထောင်ကျခြင်းသည် ထိုပြစ်မှုကျူးလွန်သူ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနှင့်လုံးဝ မသက်ဆိုင်ပေ။ ပမာပြရလျှင် အိန္ဒိယနိုင်ငံတွင် ဟိန္ဒိုဘာသာဝင်အများစုနေထိုင်ကြသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ အကျဉ်းထောင် များတွင် ဟိန္ဒိုဘာသာဝင် အများစုကိုသာတွေ့ရမည်။ အလားတူ ဖိလစ်ပိုင်နိုင်ငံတွင် ရိုမာန်ကတ်သလစ် ခရစ်ယာန်ဘာသာဝင်များရှိကြ၏။ ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ အကျဉ်းထောင်များတွင်  ခရစ်ယာန်ဘာ သာဝင်အများစု ကိုတွေ့ရမည်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်း အစ္စလာမ်ဘာသာဝင် အမြောက်အမြားနေထိုင် ကြ၍ အင်ဒိုနီးရှား အကျဉ်းထောင်များတွင် အစ္စလာမ်ဘာသာဝင် အများစုကိုတွေ့ရမည်မှာ သဘာဝကျလှ သည်။ အလားတူ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတွင်ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြ၍ ထိုနှစ်နိုင်ငံ၏ အကျဉ်းထောင်ထဲတွင် ထိုထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များကိုမြင်တွေ့ရမည်မှာမြေကြီး လက်   ခတ်မလွှဲဖြစ် သည်။
    လူ့အဖွဲ့အစည်းတိုင်းတွင်ပြဿနာရှိတတ်သည်။ ပဋိပက္ခဖြစ်တက်သည်။ ပဋိပက္ခဖြစ်၍ ရာဇ၀တ်မှုကျူးလွန်လျှင်၊ ပြစ်မှုထင်ရှားလျှင်၊ တရားဥပဒေက အဆုံးအဖြတ်ပေးလိမ့်မည်။ သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမအရင်းများသည်ပင်လျှင် အချင်းများရာဇ၀တ်မှုကျူးလွန်၍ ထောင်ကျခံနေရသူ အမြောက်အများရှိသည်။ ပြစ်မှုကျူးလွန်သူများကို ဒေါသဖြစ်နေသော လူအုပ်ကြီး က ဥပဒေမဲ့ လူအင်အားသုံး၊ အနိုင်ကျင့်ခြင်း၊ ပြစ်မှုကျူးလွန်သူ၏ ဘာသာတူလူနည်းစုဝင်များ၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ ဘာသာရေးအဆောက်အဦး များကိုမီးရှို့ခြင်းများသည် ကြေးခေတ်၊ ကျောက်ခေတ်၊ လူယဉ်ကျေးမှု ကင်းမဲ့သော အမိုက်ခေတ်က “အင်အားသည် အမှန်တရား” (Might is right) ဆိုသည့်အတွေးအခေါ်ဖြစ်သည်။ ထိုကဲ့သို့ အကြမ်းဖက်ခြင်းကို ယခုခေတ်လို ယဉ်ကျေးသော လူ့ကမ္ဘာက လုံးဝလက်မခံကြတော့ပေ။ လူရိုင်းများ၏ အသွင်သဏ္ဍာန်ဖြစ်သော ကြောင့်ဖြစ်သည်။
    “သင်ပြုသောကံ၊ ပဲ့တင်သံ သင်ထံပြန်လာမည်။ ဘယ်သူမပြုမိမိမှု”စသည်တို့သည် သွေး ထွက်အောင် မှန်သောသစ္စာစကား၊ အမှန်တရားများဖြစ်ကြသည်။ နိုင်ငံတစ်နိုင်ငံသည် မိသားစုဝင်တစ်ခုနှင့်တစ်ခု အလားတူသည်။ မိသားစုဝင်များ မကောင်းလျှင် အိမ်ထောင်ဦးစီး၊ ခေါင်းခဲရသည်။ အိမ်ထောင်ဦးစီး မကောင်းလျှင်လည်း မိသားစုဝင်များ စိတ်ပျက်ရတက်သည်။ အရှက်ရတက်သည်။
    ထို့ကြောင့်နိုင်ငံအနှံ့ ရာဇ၀တ်မှုများ ပပျောက်အောင်၊ အရွယ်ရောက်သူတိုင်း ပညာသင်ကြား စေရေးသည် မရှိမဖြစ် လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ စာသင်ကျောင်းများများကို နိုင်ငံအနှံ့တိုင်းနှင့် ပြည်နယ်များတွင် ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတစ်ဝှမ်းလုံးရှိ အကျဉ်းထောင်များကို ပိတ်ပစ်လိုက်ခြင်းနှင့် တူပေသည်။ ပညာအသိ၊ ပညာသတိသည် နိုင်ငံအတွက်အရေးကြီး၏။ ပညာသည်အရာရာကို ထိန်း ကြောင်းပေးသည်။ ထို့ကြောင့် အနာဂတ်မျိုးဆက်လူငယ်များ၏ ပညာရေးကို အခမဲ့မသင်မနေရ ပညာရေးအနေဖြင့် ဥပဒေပြုပြဌာန်းပေးသင့်သည်။ နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကြေးအမြောက်အများကို ကာကွယ်ရေးအသုံးစရိတ်တွင် အလွန်အမင်း သုံးစွဲနေခြင်းကိုရပ်တံ့၍၊ ပညာရေးအသုံးစရိတ်တွင်ပိုမို သုံးစွဲသင့်သည်။ အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် စင်္ကာပူနိုင်ငံသည် ရန်ကုန်မြို့ထက် သေးသော်လည်း ကမ္ဘာအလယ်တင့်တယ်နေခြင်းသည် ပညာရေးစနစ်ကြောင့် ဖြစ်သည်။ စင်္ကာပူနိုင်ငံ ၏နိုင်ငံတော်ဘဏ္ဍာငွေမှ သုံးစွဲသောငွေကြေးပမာဏ အများစုသည် ပညာရေးကဏ္ဍာတွင်ဖြစ်သည်။
    ပညာမြင့်မှလူမျိုးတင့်တယ်မည်ကို လက်တွေ့ကျင့်သုံးသောနိုင်ငံဖြစ်သည်။
    မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓဘာသာ၊ ရှင်သန်ရေးအတွက်၊ ဓမ္မစကူးများ၊ နွေရာသီယဉ်ကျေး လိမ္မာသင်တန်းများ နေ့စဉ်လမ်းဘေး တရားပွဲများကိုမြို့တိုင်း၊ ရွာတိုင်းနှင့် နိုင်ငံအနှံ့လုပ်ပိုင်ခွင့် အပြည့်အ ၀ကို၊ နိုင်ငံတော်မှရရှိနေပါသည်။ နိုင်ငံတော်အစိုးရသည် မိမိတို့ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ အထူးလုပ် ပိုင်ခွင့်များ၊ အခွင့်အရေးများကို အခြားဘာသာများထက်ပို၍ ပေးထားသောကြောင့် ဗုဒ္ဓသာသနာပြန့်ပွား ရေးအတွက် စိုးရိမ်စရာမလိုပါ။ “ပတ္တမြားမှန်လျှင် နွံမှာမနစ်ပါ။ နွံနစ်သော်လည်းမညစ်ပါ။”
    အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အထူးဂုဏ်ယူစရာဖြစ်သည်။ သို့သော် မိမိလူမျိုးစုတစ်စုနှင့် ကိုးကွယ်သည့် ဘာသာပြန့်ပွားရေး အတွက် အခြားမတူကွဲပြားသော လူ မျိုးများနှင့် ဘာသာဝင်များကို နှိပ်ကွပ်ခြင်း၊ လုပ်ကြံဇာတ်လမ်းများကို တမင် ရည်ရွယ်ချက်ရှိရှိအကွက်ကျကျ ဖန်းတီးကာ အသိဥာဏ်နည်းပါးသူများ စိတ်ထဲသို့အဆိပ်မှိုင်းများ သွပ်သွင်းခြင်း မတူကွဲပြားခြားနားခြင်း diversity တို့ကိုလက်ခံနိုင်စွမ်းမရှိခြင်းတို့သည် အမြင်ကျဉ်းမြောင်းခြင်းကို သက်သေပြရာ ရောက်ပါသည်။
    လူ့ဂုဏ်သိက္ခာရှိသူတိုင်း မတူကွဲပြားခြားနားခြင်းကို အင်အားစုတစ်ရပ်၊ အလှတရားတစ်ရပ်အ နေဖြင့်အသုံးချသင့်ပါသည်။ ဥပမာပြရလျှင် ထမင်းစားပွဲဝိုင်းကြီးတစ်ခုတွင် အသား၊ ငါး၊ ဟင်းသီးဟင်း ရွက်မျိုးစုံရှိနေသော အခါမိမိနှစ်သက်ရာ ဟင်းလျာကို စားသုံးမည်ဖြစ်သည်။ အချို့သောဟင်းလျာများကို၊ ကြိုက်နှစ်သက်ခြင်း မရှိသည့်အတွက် ကိုယ်နှင့်မတည့်သည့်အတွက်၊ စားသုံးခြင်းမရှိသည်မှာ အဓိပ္ပါယ် ပြည့်ဝလှပါသည်။ ဘာသာတရားဆိုင်ရာ ကိုးကွယ်ယုံကြည်မှုများသည်လည်း အလားတူဖြစ်သည်။ မိမိ
    နှစ်သက်သည့် ဘာသာကို လွတ်လပ်စွာကိုးကွယ်ယုံကြည်မည်ဖြစ်သည်။
    မိုးကောင်းကင်ယံတွင် တစ်ခါတစ်ရံတွေ့ရသော သက်တံ့ရောင်သည် သဘာဝအလှတရားများ ထဲမှ တစ်ခုဖြစ်သည်။ မြင်ရသူ အပေါင်းမျက်စိ ပသာဒရှိလှသည်။ သက်တံ့တွင် မတူကွဲပြားခြားနားသော ခရမ်း၊ မဲ၊ ပြာ၊ စိမ်း၊ ၀ါ၊ လိမ်၊ နီ စသည့် ခုနှစ်ရောင်ပေါင်းစပ်ထားသည်ကို တွေ့ရသည်။
    ထို့ကြောင့်မတူကွဲပြားခြားနားခြင်းသည် သဘာဝအလှတရားတစ်ခုကို ဖန်တီးပေးနိုင်စွမ်းရှိ သည်ကို လက်တွေ့ခံစားနိုင်သည်။
    မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လူဦးရေသန်းပေါင်း ၁၂၀၀ ကျော်ရှိသည်။ ဟိန္ဒူဘာသာဝင် အများစု နေထိုင်ကြသည်။ မတူကွဲပြားသော ဘာသာပေါင်းစုံ၊ ယဉ်ကျေး မှုပေါင်းစုံ၊ ဘာသာစကားမျိုးစုံ ရှိကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စ သည့်ကဏ္ဍမျိုးစုံ၌ အရည်အချင်းရှိသူကို နေရာပေးလေ့ရှိသည်။ ဥပမာ နိုင်ငံ၏အုပ်ချုပ်ရေးတွင် ဘာသာ မတူသူများထဲမှ သမ္မတဖြစ်ခဲ့ဘူးသူ လည်းရှိသည်။ ၀န်ကြီးချုပ်လုပ်နေသူလည်း ရှိသည်။ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ဖူးသူလည်း ရှိသည်။ အနုပညာလောကတွင်လည်း အိန္ဒိယရုပ်ရှင် Bollywood သည် အမေ ရိကန်ရုပ်ရှင် Hollywood ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယနေရာမှာ ရှိသည်။ မတူကွဲပြားသော ဘာသာဝင် များထဲမှ မင်းသားရှရွှတ်ခန်း၊ အမရ်ခန်း၊ စလ်မာန်းခန်း ကဲ့သို့သော ကမ္ဘာကျော် Bollywood မင်းသားများ ပေါ်ထွက်ခဲ့ကြသည်။ ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီး နိုင်ငံတစ်ခုက အရည်အချင်းရှိသူကို နေရာပေးခြင်း၊ ခွဲခြားဆက်ဆံမှုမရှိခြင်း၊ မတူကွဲပြားခြားနားခြင်းကို နိုင်ငံ၏ပုံရိပ်တစ်ခုအင်အားစုတစ်ခု အနေဖြင့် ကမ္ဘာသိအောင် လက်တွေ့ဖော်ဆောင်နေပေသည်။
    အရှေ့တောင်အာရှ၏ လူသိအများဆုံး နိုင်ငံငယ်လေးဖြစ်သည့် စင်္ကာပူနိုင်ငံ၏အစိုးရအဖွဲ့၌မလေးလူမျိုး၊ တရုတ်လူမျိုး၊ အိန္ဒိယလူမျိုး၊ စင်္ကင်္ာပူလူမျိုးများစသည့် မတူကွဲပြားသောလူမျိုးများနှင့် ဘာ သာဝင်များရှိကြသည်။ လူမျိုးနှင့် ဘာသာရေးသည် သာမညကိစ္စ၊ အရည်အချင်း အရည်အသွေးသည် အဓိကဖြစ်ကြောင်း သက်သေထူနေသည်။
    ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံတစ်ခုတည်ဆောက်ရာတွင် အမျိုးဘာသာ၊ သာသနာ နှင့်မတူကွဲပြား ခြားနားခြင်းများကို “လက်ချောင်း ၅ ချောင်းသဖွယ်မြင်သင့်သည်။” လက်ငါးချောင်း၏ အရွယ်အစားများ မတူညီကြသော်လည်း လက်တွေ့တွင် သူ့နေရာနှင့်သူ အသုံးဝင်ကြောင်း သဘော ပေါက်ထားသင့်ပါသည်။ “ငါနှင့်ငါသာနှိုင်းစရာ၊ ငါနှင့်မတူ ငါ့ရန်သူ” ဟူသည် အတ္တစိတ်ကြီးမားသူတို့ ၏ အတွေးအခေါ်ဖြစ်သည်။ “ဘာသာရေး၊ လူမျိုးရေး၊ ပညာရေးနယ်ပယ်များ၌ ထိုစိတ်ဓါတ်မျိုး ရှိသူ
    များသည် စိတ်ရောဂါဝေဒနာရှင်များနှင့်တူသည်”ဟု အမေရိကန်စိတ်ပညာရှင်အင်ဒရူးရောဘတ်က ရေးသားခဲ့သည်။ ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်တတ်သော လူအမျိုးအစား(၃)မျိုးကို လေ့လာတွေ့ ရှိရသည်။ ပထမ အမျိုးအစားဝင် လူများသည် မိမိလူမျိုးစုနှင့် မိမိဘာသာဝင်တို့၏အကျိုးကိုသာ ရည်ရွယ်လုပ်ဆောင်သည်။ ငါနှင့်မတူ၊ ငါ့ရန်သူ သဖွယ် မြင်သော လူအုပ်စုများဖြစ်ကြသည်။ ထိုသူတို့သည် မိမိတို့နှင့် မတူသော အခြားလူမျိုးများနှင့် ဘာသာ၊ သာသနာဝင်များကို ပုတ်ခတ်၊ ရှုတ်ချစော်ကားသည်။ ယုတ်စွအဆိုး မိမိတို့အုပ်စုတောင့်ရင်၊ တောင့်သလို တဘက်အင်အားစုများကို ပြဿနာရှာ၊ နည်းလမ်းပေါင်းစုံ သုံးကာတိုက်ခိုက်သော အမြင်ကျဉ်းသည့်အုပ်စုဖြစ်သည်။
    အမျိုးဘာသာ၊ သာသနာနှင့် ပတ်သက်၍ ဒုတိယအမျိုးအစားလူတန်းစားများမှာ မတူကွဲပြားခြားနားခြင်းကို နိုင်ငံတော်၏ အင်အားတစ်ရပ်အနေနှင့် လက်ခံပြီး၊ မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊မြို့ရွာအနှံ့ တွင်သာမက၊ တိုင်းနှင့်ပြည်နယ်ရှိ လူမျိုးများပေါင်းစုံတို့နှင့် ခင်မင်ရင်နှီး ချစ်ကြည်စွာနေထိုင်နိုင်သော လူမျိုးဖြစ်သည်။ ထိုသူတို့သည် မတူကွဲပြားသော လူမျိုးစုများ၊ ဘာသာဝင်များအကြား အပြန်အလှန် ရိုသေလေးစား၊ တန်ဖိုးထားပြီး အခက်အခဲတစ်စုံ၊ တစ်ခုရှိလျှင် ကူညီရိုင်းပင်းလိုစိတ်ရှိသော လူများဖြစ်ကြသည်။ ထိုသူများသည် နိုင်ငံတော်၏ အဓိက အခြေခံအုတ်မြစ်လူသားများဖြစ်ကြသည်။
    ထိုသူများသည် ပညာဗဟုသုတကြွယ်ဝသည့် အတွေးအခေါ်ပြည့်ဝသည့် ပညာတက်အင်အားစုများ ဖြစ်ကြသည်။
    အမျိုးဘာသာ၊ သာသနာနှင့်ယှဉ်၍ တတိယအမျိုးအစားလူတန်းစားများမှာ မိမိတိုင်းပြည် အတွက်၊ ကမ္ဘာကြီးအတွက်၊ လူသားအကျိုးပြု(ပရဟိတ)လုပ်ငန်းများလုပ်နေသော လူသားများ၊ သိပ္ပံ ပညာရှင်များ၊ မိမိနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက်၊ အထွေထွေလွတ်မြောက်ရေးကြိုးပမ်းနေသော အာဇာနည်များ အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသည်။ ထိုသူတို့သည် တိုင်းပြည်အုပ်ချုပ်မင်းလုပ် သောအခါတွင်လည်း မင်းကျင့်ဝတ်တရား(၁၀)ပါး နှင့်အညီ ပြည်သူလူထုကို အုပ်ချုပ်သည်။ ပြည်သူ့
    အချစ်တော် လူသားဝါဒ၊ ပြည်ချစ်စိတ်ဓါတ်ကျင့်သုံးသူများ ဖြစ်ကြသည်။ ထိုသူများသည် အမျိုး၊ ဘာသာ၊ သာသနာနှင့်ပတ်သက်၍ ကမ္ဘာကြီးနှင့်ပတ်သက်၍ ထိုကဲ့သို့အမြင်သဘောထားရှိသည်။
    “ကမ္ဘာ့လူသားများအားလုံးသည် ဧည့်သည်များဖြစ်ကြသည်။ အချိန်တစ်ချိန်တွင် ဤကမ္ဘာကြီးမှ မုချ ဧကန်စွန့်ခွာသွားရမည်ဖြစ်သည်။ လူသားများကိုးကွယ်ယုံကြည်သော ဘာသာတရားများသည် လောကီ၊ လောကုတ္တရာကောင်းကျိုးချမ်းသာနှင့် ငြိမ်းချမ်းမှု အပေါင်းကို ပေးစွမ်းနိုင်ရန်ဖြစ်သည် ဟုယုံကြည်ထားသည်။”
    “သင်ပြုသောကံ၊ ပဲ့တင်သံ၊ သင့်ထံပြန်လာမည်” ဟူသောစကားသည် ကံ၊ ကံ၏အကျိုးကို သရုပ်ဖော်ခြင်းဖြစ်သည်။ ကျွန်တော် တို့သည် စိုက်ခင်းတစ်ခုတွင် ကောက်ပဲသီးနှံများ၊ ဆေးဖက်ဝင်အ ပင်များ စိုက်ပျိုးလျှင် လူသားများအတွက် အကျိုးရှိလှ၏။ ထိုသို့မဟုတ်ဘဲ ထိုစိုက်ခင်းတွင် မူးယစ်ထုံထိုင်းဘေးဖြစ်စေတက်သည့် ဘိန်းပင်များစိုက်ပျိုးလျှင် စီးပွားဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။ ကံဆိုးလျှင် ထောင်နန်းစံ ရမည်မှာလည်း အသေအချာပင်။ အ၀ီစိငရဲလားမည်မှာလည်း ရာနှုန်းပြည့်ဖြစ်သည်။
    မိမိလုပ်ရပ်တိုင်းသည် ကုသိုလ် သို့မဟုတ် အကုသိုလ်ကိုဖြစ်စေသည်ကို၊ လုံးဝမမေ့သင့်ပေ။ လူသား တိုင်းသည် ဤလောကတွင် သက်ရှိထင်ရှားရှိစဉ် ကောင်းသောလုပ်ရပ်များကို စက္ကန့်မလပ်၊ မိနစ်မပြတ်၊အချိန်တိုင်းလုပ်ဆောင်နေပါမှ သံသရာတွင် ၎င်းလုပ်ရပ်တို့၏ အကျိုးကျေးဇူးကို မုချခံစားရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မနာလိုဝန်တိုစိတ်များ အမုန်းတရားများ၊ ရန်လိုစိတ်များကို နိုးဆွပေးသည့် သဘောမျိုးဖြင့် အမျိုးဘာသာ၊ သာသနာ ဟူသော စကားလုံးကို တွင်တွင်ကြီး သုံးကာ၊ နိုင်ငံရေးမြတ်ထုတ်မည်ဆိုပါက မြတ်ဗုဒ္ဓ လမ်းစဉ်နှင့် အလှမ်းဝေးကာ တိုင်းပြည် မတည်မငြိမ်ဖြစ်ပြီး မိအေး(၄)ခါနာဘ၀နှင့်လည်း ရင်ဆိုင်ရမည်။ ပြည်သူလူထုတစ်ရပ်လုံး စစ်ကျွန်ဘ၀သို့ လုံးဝကျရောက်မည်သာဖြစ်တော့သည်။
    ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ်)
    R.I.T
  • အမျိုးသမီး ဆိုင်ကယ်တက္ကဆီဝန်ဆောင်မှု အင်ဒိုတွင် ပြုလုပ်
    အမျိုးသမီး ဆိုင်ကယ်တက္ကဆီဝန်ဆောင်မှု အင်ဒိုတွင် ပြုလုပ်
    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    indo
    – အမျိုးသမီးများမှာ တစ်စိမ်းတစ်ရံစာ အမျိုးသားများနှင့် ဖက်လှဲတကင်း မပြုရဟူသည့် အစ္စလာမ်၏ သွန်သင်ချက်နှင့် ကိုက်ညီရန်၊ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အရှက်ရစေခြင်းများ လျော့ကျစေရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှာ မကြာသေးမီက အမျိုးသမီးမောင်းနှင်သည့် ဆိုင်ကယ်တက္ကဆီဝန်ဆောင်မှုကို စတင်ခဲ့သည်ဟု သိရသည်။
    အဆိုပါ ဆိုင်ကယ်တက္ကဆီလုပ်ငန်းကို ဆူရာဘာယာဒေသတွင် ယခင်က အစားသောက်များ လိုက်လံပို့ဆောင်ပြီး တစ်ခါတစ်ရံတွင် အမျိုးသားများ၏ ဆိုင်ကယ်တက္ကဆီကို အသုံးပြုရန် ကြောက်ရွံ့သည့် အမျိုးသမီးများအား လိုက်ပို့ပေးသည့် အီဗီလီတာ အက်ဒရီယာနီက စိတ်ကူးရကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    “ဒါက သက်တောင့်သက်သာရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အမျိုးသားယဉ်မောင်းရဲ့ လက်မောင်း၊ ဒါမှမဟုတ် ခါးကို ကိုင်စရာ မလိုတော့ပါဘူး။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ အရှက်တကွဲပြုခံရတာမျိုး မရှိတဲ့အတွက် ပိုလုံခြုံပါတယ်” ဟု အသက် ၁၉ နှစ်အရွယ် အက်ဒရီယာနီက ပြောကြားခဲ့သည်။
    အက်ဒရီယာနီမှာ အမျိုးသမီး ဆိုင်ကယ်တက္ကဆီဝန်ဆောင်မှုပေးသည့် လုပ်ငန်းကို ထူထောင်ရန်အတွက် အခြားသော ဆိုင်ကယ်မောင်းသူ အမျိုးသမီး ရီဇာ ဇာမီရ်အား ဖိတ်ခေါ်ခဲ့သည်။
    ဂျကာတာပို့စ်၏ ဖော်ပြချက်အရ ပြီးခဲ့သည့် နှစ်အတွင်း ဘတ်စ်ကားများ၌ လိင်ပိုင်းဆိုင်ရာ အရှက်ရအောင် ပြုမူမှုများ အများပြားရှိခဲ့သည်ဟု သိရပြီး ထိုပြဿနာများမှာ ရဲစခန်းသို့ ရောက်ရှိခြင်း မရှိခဲ့ပေ။
    အက်ဒရီယာနီကမူ မိမိတို့၏ ကုမ္ပဏီအသစ်တွင် အမျိုးသမီး ဆိုင်ကယ်တက္ကဆီ ယာဉ်မောင်းများအနေဖြင့် ဟီဂျဘ်ပုဝါနှင့် ပွယောင်းသော အ၀တ်အစားများကို ၀တ်ဆင်ရမည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါ ၀န်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် အန်ဒရွိုက်ဖုန်းအသုံးပြုကာ အွန်လိုင်းမှ ဘိုကင်လုပ်နိုင်မည် ဖြစ်သည်။
    အဆိုပါ ဆိုင်ကယ်တက္ကဆီဝန်ဆောင်မှုကို ပြီးခဲ့သည့်မတ်လကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်အမျိုးသမီးများအတွက် ရည်ရွယ်သော်လည်း မွတ်စလင်မဟုတ်သူများက စိတ်ဝင်စားကာ အသုံးပြုမှုများ ရှိနေသည်ဟု အက်ဒရီယာနီက ထည့်သွင်းပြောကြားခဲ့သည်။
    လက်ရှိအချိန်တွင် အဆိုပါ အမျိုးသမီးတက္ကဆီဝန်ဆောင်မှုကို ဂျာဗားကျွန်းရှိ မြို့ ၁၂ မြို့တွင် ဆောင်ရွက်နေပြီး ကျောင်းသူများမှ အိမ်ထောင်ရှင်များအထိ တက္ကဆီယာဉ်မောင်း ၃၅၀ ဦးဖြင့် ၀န်ဆောင်မှုပေးနေသည်။
    Ref: IINA News