News @ M-Media
Blog
  • Wi-Fi ထက် ပိုမြန်သည့် Li-Fi စနစ် လာတော့မည်
    Wi-Fi ထက် ပိုမြန်သည့် Li-Fi စနစ် လာတော့မည်
    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    – လက်ရှိအသုံးပြုနေသည့် Wi-Fi ထက် အဆ ၁၀၀ ပိုမြန်သော 1Gbps ပမာဏထိ အချက်အလက်များ ပို့လွှတ်ပေးနိုင်သည့် Li-Fi စနစ်ကို မကြာမီ အသုံးပြုနိုင်တော့မည်ဟု Velmenni ကုမ္ပဏီက IB Times သတင်းဌာနသို့ ပြောကြားခဲ့သည်။
    အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်ကားများကို စက္ကန့်အနည်းငယ်အတွင်း Download ဆွဲနိုင်မည့် အဆိုပါစနစ်ကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ခဲ့ပြီး လက်ရှိတွင် ပြင်ပရုံးခန်းများနှင့် အက်စတိုးနီးယားရှိ စက်မှုဇုန်များတွင် စမ်းသပ်ရန် ဆောင်ရွက်နေသည်ဟု ကုမ္ပဏီက ဆိုသည်။
    Li-Fi စနစ်မှာ တစ်စက္ကန့်၏ သန်းတစ်ထောင်ပုံ တစ်ပုံတွင် မှိတ်တုတ်လင်းသော LED မီးလုံးများကို အသုံးပြု၍ အချက်အလက်များကို ပို့လွှတ်မည်ဖြစ်သည်။ ထိုမှိတ်တုတ်လင်းမှုကို လူ့မျက်စိဖြင့် မြင်နိုင်မည်မဟုတ်ပေ။ ထိုစနစ်ကို ၂၀၁၁ ခုနှစ်ကတည်းက စမ်းသပ် တီထွင်နိုင်ခဲ့ခြင်းဖြစ်ပြီး အမြန်နှုန်းမှာ 224Gbps အထိ ရရှိနိုင်သည်။
    Wi-Fi ထုတ်လွှင့်မှုတွင် နံရံများကို ထိုးဖောက်နိုင်သော်လည်း အလင်းကို အသုံးပြုသည့် Li-Fi စနစ်မှာ ထိုအတားအဆီးများအတွက် ပို၍ ကန့်သတ်ချက် ရှိမည်ဖြစ်သည်။ သို့သော်လည်း ထိုကန့်သတ်ချက်ကြောင့်ပင် ထိုနစ်မှာ အပြင်မှ ၀င်ရောက်ဖောက်ထွင်းမှုများအတွက် လုံခြုံမှု ပိုရှိမည်ဖြစ်သည်။
    အနာဂတ်တွင် LED မီးလုံးကို ပုံစံနှစ်မျိုးဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်မျိုးမှာ အခန်းတွင် အလင်းရောင်ပေးနိုင်ခြင်းနှင့် အခြားတစ်မျိုးမှာ အိမ်အတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်နိုင်မည့် ကိရိယာများအတွက် ကွန်ယက်တစ်ခုကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။
    Velmenni အပြင် အခြားသော ကုမ္ပဏီများကလည်း Li-Fi စနစ်ကို ပြည်သူများသို့ မိတ်ဆက်ပေးရန် ကြိုးစားနေကြသည်။
    Ref: Mashable.com
    http://mashable.com/2015/11/25/li-fi/?utm_cid=mash-com-fb-asia-link#NMS2NxEoEqq6
  • ရုရှားတိုက်လေယာဉ်ကို တူရကီက ပစ်ချမှုအတွက် တင်းမာမှုများ မြင့်တက်နေ
    ရုရှားတိုက်လေယာဉ်ကို တူရကီက ပစ်ချမှုအတွက် တင်းမာမှုများ မြင့်တက်နေ
    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    turkey
    – ယမန်နေ့က ဆီးရီးယားနယ်စပ်တွင် ရုရှားတိုက်လေယာဉ်အား တူရကီက ပစ်ချမှုနှင့် ပတ်သက်၍ ရုရှား၊ တူရကီနှင့် နေတိုးအဖွဲ့တို့မှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စကားစစ်ထိုးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
    Su-24 တိုက်လေယာဉ်မှာ တူရကီလေပိုင်နက်ထဲသို့ ယမန်နေ့မနက်ပိုင်းက ကျူးကျော်ဝင်ရောက်သောကြောင့် ပစ်ချလိုက်ခြင်းဖြစ်သည်ဟု တူရကီအာဏာပိုင်များက ပြောကြားခဲ့ပြီး၊ ရုရှားသမ္မတ ပူတင်ကမူ ဒေါသထွက်ခဲ့ကာ ထိုအဖြစ်အပျက်က “နောက်ကျောအား ဓားဖြင့်ထိုးခြင်း” ဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
    လေယာဉ်မှာ ဆီးရီးယားပိုင်နက် လာတာကီယာမြို့ရှိ ရာမာဒီရွာတွင် ပျက်ကျခဲ့သည်။
    “ဒီနေ့ ဒီဆုံးရှုံးမှုဟာ အကြမ်းဖက်သမားတွေရဲ့ ကြံရာပါတွေက ကျွန်တော်တို့နောက်ကျောကို ဓားနဲ့ ထိုးလိုက်တာပါပဲ။ ဒီနေ့ဖြစ်ပျက်ခဲ့တာကို အခြားပုံစံတစ်မျိုးနဲ့ ကျွန်တော် မမြင်နိုင်ပါဘူး” ဟု ပူတင်က တင်းမာသောမျက်နှာထားဖြင့် ယမန်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ရဲ့ လေယာဉ်ဟာ ဆီးရီးယားပိုင်နက်ထဲမှာ တူရကီ F16 တိုက်လေယာဉ်ရဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရပါတယ်။ တူကရီနယ်စပ်နဲ့ ၄ ကီလိုမီတာလောက်အကွာက ဆီးရီးယားပိုင်နက်ထဲမှာ ပျက်ကျသွားခဲ့တယ်။ ကျွန်တော်တို့ လေယာဉ်မှူးတွေနဲ့ လေယာဉ်ဟာ တူရကီကို ဘယ်လိုနည်းနဲ့မှ ခြိမ်းခြောက်မှု မရှိခဲ့ပါဘူး” ဟု ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။
    ထို့ပြင် တူရကီက ထိုအဖြစ်အပျက်ကို နေတိုးအဖွဲ့နှင့် ဆွေးနွေးရန် ဆက်သွယ်ခဲ့ခြင်းအတွက် ပူတင်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
    “ကျွန်တော်တို့နဲ့ ချက်ချင်းဆက်သွယ်ရမယ့်အစား ကျွန်တော်တို့ သိရသလောက်တော့ တူရကီဟာ ဒီအဖြစ်အပျက်ကို ဆွေးနွေးဖို့အတွက် နေတိုးမိတ်ဖက်နိုင်ငံတွေဖက်ကို လှည့်ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့လေယာဉ်ကို ပစ်ချလိုက်သလိုပါပဲ”
    သို့သော်လည်း တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူကမူ တူရကီမှာ မိမိတို့၏ နယ်ခြားကို ဖြတ်ကျော်လာသည့် မည်သူ့ကိုမဆို တုန့်ပြန်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ရဲ့ဝေဟင်နဲ့ မြေပြင်ကို ဘယ်သူက ကျူးကျော်လာသည်ဖြစ်စေ တုန့်ပြန်ဆောင်ရွက်ရမှာက ကျွန်တော်တို့ရဲ့ နိုင်ငံတကာအခွင့်အရေး၊ အမျိုးသားရေးတာဝန် ဖြစ်တယ်ဆိုတာ လူတိုင်း သိရမှာပါ။ တိုင်းပြည်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် နည်းလမ်းပေါင်းစုံသုံးဖို့ တူရကီက တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” ဟု ဒါဗူတော့ဂ်လူက ပြောကြားခဲ့သည်။
    ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားကာကွယ်ရေး ၀န်ကြီးဌာနကလည်း မိမိတို့မှာ တူရကီနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်လိုက်သည်ဟု ကြေငြာခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ် ယနေ့တွင် တူရကီသို့ သွားရောက်ရန် အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်သည်။
    ထို့ပြင် နိုင်ငံသားများကိုလည်း တူရကီသို့ မသွားရောက်ရန် သတိပေးထားပြီး လေယာဉ်ပျက်ကျသည့် နေရာ၏ ကမ်းရိုးတမ်းတွင်လည်း စစ်သင်္ဘောများကို ရုရှားက ချထားလိုက်သည်။
    နေတိုးအဖွဲ့ကမူ တူရကီနှင့် ရုရှားနိုင်တို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး အဖွဲ့၏ အတွင်းရေးမှူးချုပ် ဂျန်စ် စတိုလ်တန်ဘာ့ဂ်က “ကျွန်တော်တို့ဟာ တူရကီနဲ့အတူ ရပ်တည်မှာပါ။ ပြီးတော့ ကျွန်တော်တို့ နေတိုးအဖွဲ့ မဟာမိတ်ရဲ့ ပိုင်နက် တည်တံ့ခိုင်မြဲမှုကိုလည်း ကျွန်တော်တို့က ထောက်ခံအားပေးသွာမှာပါ” ဟု ပြောကြားခဲ့သည်။
    နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော အမေရိကန်ကလည်း တူရကီ၏ ပိုင်နက်ကာကွယ်မှု အခွင့်အရေးအတွက် ထောက်ခံပြောဆိုခဲ့သည်။
    Ref: Aljazeera
  • ကစားသမားဖြည့်တင်းရန် တွန့်ဆုတ်နေသည်ဟူသော ဝေဖန်မှုများကို ၀င်းဂါး ပြက်ရယ်ပြု
    ကစားသမားဖြည့်တင်းရန် တွန့်ဆုတ်နေသည်ဟူသော ဝေဖန်မှုများကို ၀င်းဂါး ပြက်ရယ်ပြု
    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    winger
    – ဒဏ်ရာအနာတရများနှင့် ရင်ဆိုင်နေရသည့် အာဆင်နယ်မှာ လာမည့် ဇန်န၀ါရီတွင် အင်အားဖြည့်တင်းဖွယ်မရှိဟု ပြောကြားနေမှုများအား နည်းပြ အာဆင်ဝင်းဂါးက ပြက်ရယ်ပြုလိုက်ပြီး မိမိအနေဖြင့် ငွေကြေးသုံးစွဲခြင်းကို ကြိုက်နှစ်သက်သည်ဟု ပြောကြားလိုက်သည်။
    လက်ရှိအချိန်တွင် အာဆင်နယ်၏ အဓိက ကစားသမားများမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး ၀င်းဂါးမှာ အသင်းအား အင်အားဖြည့်တင်းရန်အတွက် တွန့်ဆုတ်မှုများ ရှိနေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
    “ကျွန်တော့်မိတ်ဆွေတွေကတော့ ဒီလိုမထင်ပါဘူး။ တစ်ည ကျွန်တော် ခင်ဗျားတို့ကို ဖိတ်ပြီး ကျွန်တော် ငွေသုံးတာ ကြိုက်တယ်ဆိုတာကို မြင်ရစေမယ်” ဟု ထိုဝေဖန်မှုများနှင့် ပတ်သက်၍ ၀င်းဂါးက တုန့်ပြန်ပြောဆိုလိုက်သည်။
    အာဆင်နယ်မှာ လက်ရှိအချိန်တွင် ၀ီလီယံ ကာဗာလ်ဟိုနှင့် လာစ် ဘန်ဒါတို့ကဲ့သို့ ကစားသမားများ အပါအ၀င် နောက်ခံလူများကို ဆက်သွယ်နေကာ ဇန်ဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် ကြိုးစားနေသည်။
    Ref: Goal
  • အာရှစီးပွားရေး ခေါင်းဆောင်မှုဖိုရမ်ကို ဒူဘိုင်းတွင် ကျင်းပပြုလုပ်မည်
    အာရှစီးပွားရေး ခေါင်းဆောင်မှုဖိုရမ်ကို ဒူဘိုင်းတွင် ကျင်းပပြုလုပ်မည်
    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    dubai
    – ၆ ကြိမ်မြောက် အာရှစီးပွားရေး ခေါင်းဆောင်မှုဖိုရမ် ABLF ကို ယူအေအီး ယဉ်ကျေးမှု၊ လူငယ်နှင့် လူမှုဖွံ့ဖြိုးရေးဌာန
    ဖိုရမ်၏ ခေါင်းစဉ်မှာ Technology  and  Disruptive  Innovation  in  21st  Century  Asia ဖြစ်ပြီး ထိုဖိုရမ်တွင် ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ အာရှတွင် ပိုကောင်းသည့်အနာဂတ်ကို ဖန်တီးရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဟု နဟ်ယန်က ထည့်သွင်း ပြောကြားခဲ့သည်။
    ABLF 2015 ဖိုရမ် ကျင်းပမှုတွင် ဒူဘိုင်းကုန်သည်ကြီးများအသင်းကလည်း မိတ်ဖက်အဖြစ် ပါဝင်မည်ဖြစ်ပြီး အာရှမှ စီးပွားရေးခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းကြီးများ တက်ရောက်မည်ဖြစ်ကာ ယူအေအီးတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်ရေးနှင့် ကမ္ဘာ့စီးပွားရေးစင်တာသစ်အဖြစ် အသက်သွင်းရေးတို့ကို ရည်ရွယ် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။
    အဆိုပါ ဖိုရမ်ကြောင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့မှတစ်ဆင့် ယူအေအီးက အခြားသော အာရှနိုင်ငံများနှင့် စီးပွားရေး ဆက်စပ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အာရှ၏ လာမည့်ရာစုနှစ်များတွင် ပိုမို မျှတပြီး တာဝန်ယူနိုင်စွမ်းရှိသည့် အနာဂတ်ကို မောင်းနှင်ပေးမည့် ခိုင်မာသော တိုးတက်မှုကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
    ပြီးခဲ့သည့်နှစ်များအတွင်း ပြုလုပ်ခဲ့သည့် ABLF ဖိုရမ်များတွင် ထိပ်တန်းစီးပွားရေးခေါင်းဆောင်များနှင့် အဖွဲ့အစည်း ၂၇၀၀၀ ကျော် ပါဝင်ခဲ့ကြပြီး အာရှနိုင်ငံပေါင်း ၁၄ နိုင်ငံတွင် စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ကုန်သွယ်ရေး၊ အုပ်ချုပ်ရေးနှင့် ပေါ်လစီ ရေးကာ ဖိုရမ်ပေါင်း ၂၃ ခုကို ဆွေးနွေးနိုင်ခဲ့သည်။ ထို့ပြင် ABLF စွမ်းဆောင်ရှင်များဆုကိုလည်း ချီးမြှင့်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ခေါင်းဆောင်ပေါင်း ၆၈ ဦးက ဆွတ်ခူးရရှိခဲ့သည်။
    ယခုနှစ် ဖိုရမ်တွင်မူ အမျိုးသမီးများ ခေါင်းဆောင်မှုဆိုင်ရာ အကျိုးသက်ရောက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည်ဖြစ်သည်။
    ကမ္ဘာကြီးတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အပြောင်းအလဲက အာရှနိုင်ငံအတွင်း စီးပွားရေးနှင့် တိုးတက်မှုများ၊
    ရေရှည်ခံသည့် ဖွံ့ဖြိုးမှုအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ နည်းလမ်းများ၊ အယူအဆများတွင် မည်ကဲ့သို့ ပြောင်းလဲသည်ဆိုသည်ကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။
    Ref: IINA News
  • ဘာစီလိုနာ၊ ဘိုင်ယန်တို့ နောက်တစ်ဆင့်တက်ခဲ့ပြီး၊ အာဆင်နယ်၊ ချယ်ဆီးတို့ အသက်ရှုချောင်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲစဉ်များ
    ဘာစီလိုနာ၊ ဘိုင်ယန်တို့ နောက်တစ်ဆင့်တက်ခဲ့ပြီး၊ အာဆင်နယ်၊ ချယ်ဆီးတို့ အသက်ရှုချောင်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲစဉ်များ
    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    cham
    – ချန်ပီယံလိဂ် ဒုတိယအုပ်စုလေးခုရဲ့ ပဉ္စမမြောက် အုပ်စုပွဲစဉ်တွေကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့က ပြိုင်ဘက်တွေကို ဂိုးပြတ်နဲ့အနိုင်ယူပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အာဆင်နယ်ကလည်း အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ရေး မျှော်လင့်လာနိုင်ပါတယ်။
    အုပ်စု E
    ဘာစီလိုနာ ၆-၁ ရိုးမား
    ဘိုရီဆော့ဗ် ၁-၁ လေဗာကူဆင်
    ဘာကာကတော့ အိမ်ကွင်းမှာ တစ်ဖက်သက်ကစားခဲ့ပြီး ပထမပိုင်းမှာ ၃ ဂိုး ဒုတိယပိုင်းမှာ ၃ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒဏ်ရာကသက်သာပြီး ပထမဆုံး ပြန်ပါလာတဲ့ မက်ဆီက ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီး ကျန်ဂိုးတွေကိုတော့ ဆွာရက်ဇ်က ၂ ဂိုး၊ ပီကေးနဲ့ အက်ဒရီယာနိုတို့က ၁ ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဆွာရက်ဇ်က ချန်ပီယံလိဂ် အုပ်စု ၅ ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။
    ဘိုရီဆော့ကတော့ ပွဲအစ ၂ မိနစ်မှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် မထိန်းနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ဖြစ်သွားပါတယ်။ လေဗာကူဆင်က ကစားပုံကောင်းခဲ့ပြီး ဂိုးသွင်းခွင့်လည်း တော်တော်များများ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် မဟ်မဒီရဲ့ ဂိုးတစ်ဂိုးနဲ့ သရေ ၁ မှတ်သာ အရယူနိုင်ခဲ့ပါတယ်။
    အုပ်စု F
    အာဆင်နယ် ၃-၀ ဒိုင်နမိုဇာဂရဘ်
    ဘိုင်ယန်မြူးနစ် ၄-၀ အိုလံပီယာကော့စ်
    ဒီပွဲနိုင်မှ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိမယ့် အာဆင်နယ် အမှားမခံခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကိုစိုးမိုးခဲ့တဲ့ အိမ်ရှင်တို့ ၂၉ မိနစ်မှာပဲ အဖွင့်ဂိုး ရခဲ့ပြီး အိုဇေးလ်က ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ကျန် ၂ ဂိုးကိုတော့ ဂိုးသွင်းစက် ဆန်းချက်ဇ်က ၃၃ မိနစ်နဲ့ ၆၉ မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    ဘိုင်ယန်ကလည်း အပြတ်အသတ်ဖြစ်ခဲ့ပြီး ပထမပိုင်းမှာတင် ၃ ဂိုးသွင်းခဲ့ကာ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ။
    အုပ်စု G
    မက်ကာဘီ တဲလ်အဗီး ၀-၄ ချယ်ဆီး
    ပေါ်တို ၀-၂ ဒိုင်နမိုကိဗ်
    တဲလ်အဗီးရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ချယ်ဆီးအတွက် အဟန့်အတား မဖြစ်ခဲ့ပါဘူး။ ချယ်ဆီးနောက်ခံလူဟောင်း တဲလ်ဘင်ဟိန်း ၄၁ မိနစ်မှာ အထုတ်ခံခဲ့ရတာက အုပ်စုအတွင်းမှာ အားအနည်းဆုံးဖြစ်တဲ့ တဲလ်အဗီးအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကိုတော့ ကာဟေးလ်၊ ၀ီလီယံ၊ အော်စကာနဲ့ ဇူးမားတို့က အသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    ဒီပွဲနိုင်ရင် နောက်တစ်ဆင့် တက်နိုင်ပေမယ့် ပေါ်တိုတို့ အိမ်ရှင်ဆိုတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ ခံစစ်ပိုင်းကျစ်လစ်ခဲ့တာက ဒိုင်နမိုကိဗ်ရခဲ့တဲ့ အောင်ပွဲရဲ့ အဓိကသော့ချက် ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ၈ မှတ်ရထားပြီး ဇယားကိုဦးဆောင်နေတဲ့ ချယ်ဆီးနဲ့ ပေါ်တိုထက် ၂ မှတ်လျော့နေတဲ့ ဒိုနမိုကိဗ်က အုပ်စုနောက်ဆုံးပွဲမှာ မက်ကာဘီ တဲလ်အဗီးနဲ့ တွေ့ရမှာဖြစ်တာကြောင့် ချယ်ဆီးကို အဝေးကွင်းမှာ သွားကစားရမယ့် ပေါ်တိုတို့ နောက်တစ်ဆင့်တက်ရေးအတွက် အားကုန်ထုတ်ရပါတော့မယ်။
    အုပ်စု H
    ဇင်းနစ် ၂-၀ ဗလင်စီယာ
    လိုင်ယွန် ၁-၂ ဂျန့်
    နောက်တစ်ဆင့် တက်သွားပြီဖြစ်တဲ့ ဇင်းနစ် ဗလင်စီယာကို ထပ်မံအနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲကို ရယူထားနိုင်ခဲ့ပါတယ်။ ဗလင်စီယာကတော့ အုပ်စုနောက်ဆုံး လိုင်ယွန်နဲ့ပွဲမှာ အနိုင်ကစားပြီး၊ ဂျန့်က သရေ ဒါမှမဟုတ် ရှုံးမှသာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
    ထည်ကြီးပျက်လိုင်ယွန်ကလည်း ဒီပွဲမှာ ပွဲအစ ၇ မိနစ်ကတည်းက ဦးဆောင်ဂိုးသွင်းထားနိုင်ခဲ့ပေမယ့် မထိန်းနိုင်တာကြောင့် ချန်ပီယံလိဂ် ပထမဆုံးအနိုင်နဲ့ ဝေးခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာရတဲ့ ဂျန့်အတွက် ၃၂ မိနစ်မှာ မီလီစီဗစ်က ချေပဂိုး သွင်းပေးခဲ့ ဒုတိယပိုင်း နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ကော်လီဘလီက အနိုင်ဂိုး သွင်းပေးခဲ့တာကြောင့် ၁၆ သင်းအဆင့် တက်ရောက်ရေးအတွက် မျှော်လင့်လာနိုင်ပြီ ဖြစ်ပါတယ်။