News @ M-Media

Blog

  • ပင်နယ်တီမ၀င်သည့် ကာဇိုလာကို အပြစ်မတင်ဟု ၀င်းဂါးပြော

    ပင်နယ်တီမ၀င်သည့် ကာဇိုလာကို အပြစ်မတင်ဟု ၀င်းဂါးပြော

    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    arsen

    – ယမန်နေ့က ၀က်စ်ဘရွန်းနှင့်ပွဲတွင် အသင်းအတွက် အရေးပါသည့် ပင်နယ်တီကို လွဲချော်ခဲ့သော ကာဇိုလာအား မိမိအနေဖြင့် အပြစ်တင်သွားမည် မဟုတ်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ချေပဂိုး တစ်ဂိုးရရန် လိုအပ်နေချိန်တွင် အာဆင်နယ်မှာ ပင်နယ်တီရခဲ့ပြီး ကာဇိုလာက ကန်သွင်းခဲ့ရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။

    “ကျွန်တော် ပင်နယ်တီအနည်းငယ်ကို မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘာဖြစ်သွားလဲဆိုတာ ကျွန်တော် တကယ်မသိပါဘူး။ သူ့ကို (ကာဇိုလာကို) စကားပြောလို့ရပြီး သူကလည်း အရမ်း စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ဒီအတွက်တော့ သူ့ကို အပြစ်တင်ဖို့ ခက်ပါတယ်။ ပင်နယ်တီမ၀င်တာက ကျွန်တော်တို့အတွက် တော်တော် ဆိုးရွားပါတယ်။ ရလဒ်က ပွဲအခြေအနေကို ရောင်ပြန်ဟပ်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကစားပုံကောင်းပြီးမှ အမှတ်ရအောင် မလုပ်နိုင်ဘူးဆိုရင်တော့ ပျော်ရွှင်မှာမဟုတ်ပါဘူး။ ဒီအခြေအနေကိုတော့ ကျွန်တော်တို့ လက်ခံရမှာဖြစ်ပြီး နောက်ပွဲမှာ ပြန်လာနိုင်အောင် လုပ်ရပါလိမ့်မယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • အတိုက်အခံခေါင်းဆောင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကြိုးပေးကွပ်မျက်

    အတိုက်အခံခေါင်းဆောင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကြိုးပေးကွပ်မျက်

    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    bang

    – ပါကစ္စတန်မှ လွတ်လပ်ရေးတိုက်ပွဲအတွင်း လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုကို ပြုလုပ်ခဲ့သည်ဟု ဆိုကာ သေဒဏ်ချခံထားရသည့် အတိုက်အခံခေါင်းဆောင် ၂ ဦးကို ဘင်္ဂလားဒေ့ရှ်က ယမန်နေ့ညပိုင်းတွင် ကြိုးပေးကွပ်မျက်လိုက်သည်ဟု သိရသည်။

    အလီ အဟ်ဆန် မိုဟာမ် မူဂျာဟစ်နှင့် ဆာလာဟွဒ်ဒင် ကွာဒါရ် ချောင်ဒရီတို့ဖြစ်ပြီး တစ်နာရီခြား၍ ကွပ်မျက်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့အား မကွပ်မျက်မီ မလိုလားအပ်သော မတည်မငြိမ်မှုများ ဖြစ်ပေါ်မည်စိုး၍ လုံခြုံရေးကို တိုးမြှင့်ခဲ့သည်ဟု ဒါကာရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦးမှာ သေဒဏ်အတွက် အယူခံဝင်ခဲ့သော်လည်း တရားရုံးချုပ်က ဗုဒ္ဓဟူးနေ့တွင် ပယ်ချခဲ့သည်။ ၁၉၇၁ ခုနှစ် လွပ်လပ်ရေးစစ်ပွဲအတွင်း ကျူးလွန်မှုများအတွက် ဘင်္ဂလားဒေ့ရှ်မှာ ခုံရုံးတစ်ခုကို ဖွဲ့စည်းခဲ့ပြီး ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့ရာ ဝေဖန်သူများကမူ လက်ရှိအာဏာရအစိုးရမှာ အတိုက်အခံများကို နှိပ်ကွပ်ခြင်းဖြစ်သည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    Ref: Aljazeera

  • ငယ်ဘ၀အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည့် ဗြိတိန်လက်ဝှေ့သမား

    ငယ်ဘ၀အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည့် ဗြိတိန်လက်ဝှေ့သမား

    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    box

    – ဗြိတိန်လက်ဝှေ့သမား အန်သိုနီ ခရိုလာမှာ ကိုလံဘီယာမှ ဒါလေးစ်ပီရက်ဇ်ကို အလဲထိုးကာ ငယ်ဘ၀အိပ်မက်ဖြစ်သည့် WBA ကမ္ဘာ့လိုက်ဝိတ်တန်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့က မန်ချက်စတာတွင် ထိုးသတ်ခဲ့သည့် အဆိုပါပွဲတွင် ခရိုလာမှာ လက်ရှိချန်ပီယံ ပီရက်ဇ်ကို ၅ ချီမြောက်တွင် အလဲထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

    ၎င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့်နွေရာသီက နောက်ဆုံးထိုးသတ်ခဲ့ရာတွင် ခရိုလာက ရှုံးနိမ့်ခဲ့ပြီး ယခုပွဲ၌ လက်စားချေနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုပွဲတွင် ခရိုလာကသာ လက်ရည်သာခဲ့ပြီး ဒိုင်လူကြီးများက ညစ်သောကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု အများစုက ယူဆထားကြသည်။

    ခရိုလာမှာ ၁၁ လအရင်က ချက်ဒါတန်မြို့ရှိ ၎င်းအိမ်ဘေးမှ အိမ်တစ်အိမ်သို့ ဖောက်ထွင်းခိုးယူသူတစ်ယောက်ကို လိုက်ဖမ်းပေးရင်း ဦးခေါင်းခွံကွဲအက်သည့် ဒဏ်ရာရရှိကာ အနားယူခဲ့ရသည်။ ယခုပွဲတွင် အလဲထိုးပြီးနောက် ဒိုင်လူကြီးက အမှတ်စဉ်ရေတွက်၍ မပြီးဆုံးမီမှာပင် ခရိုလာမှာ ၀မ်းသာ၍ မျက်ရည်များပင် ကျခဲ့သည်။

    “အသက် ၁၀ နှစ်အရွယ်လောက်ကတည်းက ကျွန်တော် ဒီအိပ်မက်ကို မက်ခဲ့တာပါ။ ကျွန်တော် ပီရက်ဇ်ကို အလဲထိုးနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်” ဟု ခရိုလာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Dailymail

  • IS ကို ဗုံးကြဲ၍ မချေမှုန်းနိုင်ဟု ဗြိတိန် ထောက်လှမ်းရေး အကြီးအကဲဟောင်း ပြော၊ IS ၏ ဗျူဟာက လူ့အဖွဲ့အစည်း သင်းကွဲစေရန်ဟု ဆို

    IS ကို ဗုံးကြဲ၍ မချေမှုန်းနိုင်ဟု ဗြိတိန် ထောက်လှမ်းရေး အကြီးအကဲဟောင်း ပြော၊ IS ၏ ဗျူဟာက လူ့အဖွဲ့အစည်း သင်းကွဲစေရန်ဟု ဆို

    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    uk

    – IS အကြမ်းဖက်အဖွဲ့အား ဗုံးကြဲခြင်းဖြင့် ချေမှုန်း၍မရဘဲ အတွေးအခေါ်စစ်ပွဲ ဆင်နွှဲရမည်ဟု ဗြိတိန် ထောက်လှမ်းရေး MI6 မှ အကြီးတန်း အရာရှိဟောင်းဖြစ်သူ ရစ်ချက် ဘာရတ်က ပြောကြားလိုက်သည်။

    ဘာရက်မှာ ကုလ၏ အလ်-ကိုင်းဒါးနှင့် တာလီဘန်တို့အား စောင့်ကြည့်ရေးအစီအစဉ် အကြီးအကဲအဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့သူဖြစ်သည်။

    “သူတို့ကို ချေမှုန်းဖို့ နည်းလမ်းမရှိပါဘူး။ အဲဒီကိုသွားပြီး သူတို့ကိုမျှားထုတ်ကာ သူတို့ အားနည်းသွားအောင်လုပ်မယ်။ သူတို့ ပေါ်ပေါ်တင်တင် လှုပ်ရှားလို့မရအောင် လုပ်မယ်လို့ တွေးရင်တော့ ဒါဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် IS က ဖန်းတီးတဲ့ အယူအဆ၊ IS နောက်မှာရှိနေတဲ့ အတွေးအခေါ်တွေကိုတော့ ဘယ်တော့မှ ချေမှုန်းလို့ရမှာ မဟုတ်ပါဘူး။ တော်တော်အားထုတ်ဖို့လိုသလို၊ အချိန်လည်း ကြာပါလိမ့်မယ်။ မျိုးဆက်နဲ့ချီပြီး ရင်ဆိုင်ရမယ့် ပြဿနာပါပဲ” ဟု ဘာရတ်က ပြောကြားခဲ့ပြီး ဆီးရီးယားအရေးကိုလည်း
    နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ၎င်းက တိုက်တွန်းခဲ့သည်။

    လက်ရှိတွင် ပြင်သစ်နှင့် အခြားဥရောပနိုင်ငံများ၊ အာရပ်နိုင်ငံများ ပါဝင်သည့် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့မှာ ဆီးရီးယားရှိ IS ၏ ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ဘာရတ်ကမူ ထိုမဟာမိတ်အဖွဲ့များ ရုရှား၊ ဆီးရီးယားအစိုးရတို့နှင့် ပူးပေါင်းမည့် အလားအလာမှာလည်း ခြောက်ပစ်ကင်းမည့် မဟာဗျူဟာ ဖြစ်လာမည်မဟုတ်ဟု သတိပေးခဲ့သည်။

    “ပြဿနာက ဒီထက်ပိုပြီး ရှုပ်ထွေးပါတယ်။ IS ရဲ့ ရန်သူအားလုံးကို ခေါ်ပြီး ဒါကတော့ စိတ်ချရတဲ့ မဟာမိတ်အဖွဲ့ပဲလို့ ပြောလို့မရပါဘူး”

    ပဲရစ်တိုက်ခိုက်မှုအပြီး နောက်ပိုင်းတွင် ပြင်သစ်အစိုးရမှာ IS အဖွဲ့ ခြေကုပ်ယူထားသည့် ဆီးရီးယားမှ ရက်ကာမြို့ကို လေကြောင်းမှ တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်မည်ဟု ကြေငြာခဲ့သည်။

    ဘာရတ်ကမူ ပြင်သစ်၏ ထိုလုပ်ရပ်မှာ နိုင်ငံရေးအရ နားလည်၍ရသော်လည်း ပြင်သစ်နိုင်ငံကို ပို၍ ပစ်မှတ်ထားလာလိမ့်မည်ဟု ပြောကြားခဲ့သည်။

    “လေကြောင်းတိုက်ခိုက်မှုတွေက IS ရဲ့ ပြင်သစ်မှာ တိုက်ခိုက်ဖို့ကြိုးစားမှုကို ရပ်တန့်လို့ရမယ့် အရာမျိုး မဟုတ်ပါဘူး။ ပြီးတော့ IS ရဲ့ ဒီလိုလုပ်နိုင်စွမ်းကိုလည်း လျော့ကျစေမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် IS မှ တိုက်ခိုက်မှုများ၏ အဓိက ရည်ရွယ်ချက်မှာ လူအဖွဲ့အစည်းအကြားတွင် အုပ်စုများကွဲရန် ဖြစ်သည်ဟု ဆိုသည်။

    “အထူးသဖြင့် ဆီရီးယားမှာ ကျွန်တော်တို့မြင်တဲ့ အခြေအနေကို ပြောရရင် အကြမ်းဖက်ဝါဒရဲ့ အဓိကအချက်က လူတွေကို သင်းကွဲစေဖို့ပါ။ ခင်ဗျားဟာ ဘက်တစ်ဖက်မှာ နေရမယ်။ အဲဒီအုပ်စုနဲ့ နေရင်နေ၊ ဒါမှမဟုတ် ငါတို့ဘက်လာချင်လာ – ဒါမျိုးပုံစံပါ။ လူ့အဖွဲ့အစည်းတွေကို ဒီလို သင်းကွဲစေတာက IS ဗျူဟာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါပဲ”

    အီရတ်အား မေရိကန်နှင့် မဟာမိတ်များ၏ ကျူးကျော်တိုက်ခိုက်မှုက IS အဖွဲ့ ပေါ်ထွက်လာမှုနှင့် ဆက်စပ်နေလားဟု မေးမြန်းရာတွင်လည်း ဘာရတ်က “သိပ်ကိုရှင်းလင်းတဲ့ ဆက်စပ်မှုပေါ့ဗျာ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Aljazeera

  • ဖားကန့်တွင် ကျောက်ခဲပုံ ပြိုကျမှုကြောင့် အနည်းဆုံး လူ ၇၀ ကျော် သေဆုံး

    ဖားကန့်တွင် ကျောက်ခဲပုံ ပြိုကျမှုကြောင့် အနည်းဆုံး လူ ၇၀ ကျော် သေဆုံး

    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    hpa kant

    – မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဖားကန့်မြို့တွင် မိုင်းတွင်းမှ စွန့်ပစ်ကျောက်ခဲများ စုပုံထားရာ(မြေစာပုံ) တောင်ကြီး ပြိုကျခဲ့သောကြောင့် လူ ၇၀ ကျော် သေဆုံးပြီး ပျောက်ဆုံးမှုများလည်း ရှိနေသည်ဟု သိရသည်။

    နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွှေနှင့် ကျောက်စိမ်း တူးဖော်မှုမှ ထွက်ရှိသော ကျောက်တုံး ကျောက်ခဲများပါဝင်သည့် အဆိုပါမြေစာပုံမှာ မီတာ ၃၀၀ အမြင့်ရှိသည်ဟု ဆိုသည်။

    “အခုအချိန်အထိ သေဆုံးသူအလောင်း ၇၅ လောင်းကို ကျွန်တော်တို့ တွေ့ရှိပြီးပါပြီ” ဟု မြို့နယ် အုပ်ချုပ်ေးမှူး တင့်ဆွေမြင့်က ပြောကြားခဲ့သည်။ ပြိုကျမှုကြောင့် အနီးအနားတွင်ရှိနေသည့် အိမ်ခြေ ၅၀ ခန့်မှာ ပျက်ဆီးခဲ့ရကာ လူ ၁၀၀ ကျော် ပျောက်ဆုံးနေသည်။

    “ကျွန်တော်တို့ သူတို့ကို ကယ်ဆယ်ဖို့ ကြိုးစားနေပါတယ်”

    ကမ္ဘာ့ကျာက်စိမ်းဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးသည့် ဖားကန့်တွင် မြေစာပုံမြိုမှုများမှာ ပုံမှန်လိုလိုဖြစ်နေပြီး ပြီးခဲ့သည့် မတ်လနှောင်းပိုင်းကလည်း ကျောက်စိမ်းမိုင်းတွင်းများအနီးတွင် ထိုကဲ့သို့ မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့သည်။

    Ref: PressTV

    ဖားကန့်တွင် ကျောက်ခဲပုံ ပြိုကျမှုကြောင့် အနည်းဆုံး လူ ၇၀ ကျော် သေဆုံး