News @ M-Media

Blog

  • အာဏာသိမ်းစစ်ကောင်စီကို စိတ်ပျက်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန် ထုတ်ပြော

    အာဏာသိမ်းစစ်ကောင်စီကို စိတ်ပျက်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန် ထုတ်ပြော

    ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံကပြဿနာ ဖြေရှင်းရေးမှာ အာဏာသိမ်းစစ်ကောင်စီက ကတိပေးထားတာတွေကို ဖော်ဆောင်မှု မရှိတဲ့အတွက် စိတ်ပျက်မိပြီး၊ သူတာဝန်ယူတဲ့တစ်နှစ်အတွင်း ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ​ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဟာ ၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်ရမှာဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဟွန်ဆန်က စိတ်အားထက်သန်ခဲ့တာပါ။ ဇန်နဝါရီလ နေပြည်တော်ကို ဟွန်ဆန်ကိုယ်တိုင်လာရောက်ကာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို၊ အာဆီယံအစည်းအဝေးတွေမှာလည်း စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

    မနေ့က တံတားသစ်ဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရာမှာတော့ ဟွန်ဆန်က စစ်တပ်ဟာ ပြဿနာပြေလည်ရေးအတွက် ဘာမှလုပ်ဆောင်တာမရှိကြောင်း ပြောကြားခဲ့သလို၊ ကမ္ဘောဒီးယား အာဆီယံဥက္ကဌအဖြစ် တာဝန်ယူတဲ့ အခုနှစ်အတွင်း ဖြေရှင်းနိုင်ဖွယ် မရှိတော့ဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။

    “ကျွန်တော့်အခြေအနေက လုပ်တော့လည်း ဝေဖန်ခံရ၊ မလုပ်တော့လည်း ဝေဖန်ခံရတဲ့ အနေအထားပါ။ အဲဒီတော့လည်း ကမ္မသကာပေါ့ဗျာ။ သူတို့မှမလုပ်ချင်တာ ကျွန်တော်တို့လည်း မပူတော့ဘူး။ နွားက ပေတေရပ်နေတော့ လှည်းက အရှေ့ဘယ်ရောက်တော့မလဲ”

    မြန်မာနိုင်ငံက ပြဿနာ​ကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အချိန်တစ်လကျော်လောက်မှာပဲ ဟွန်ဆန်က ဒီလိုစိတ်ပျက်ကြောင်း ပြောကြားလာတာ ဖြစ်ပါတယ်။

    ကမ္ဘောဒီးယားရဲ့ အာဆီယံဥက္ကဌသက်တမ်းဟာ ၁၀ လကျော်သာ ကျန်တော့ပြီး လာမယ့်နှစ် ဥက္ကဌတာဝန်ယူမယ့် နိုင်ငံက ဒီပြဿနာကို ဆက်လက်ဖြေရှင်းဖို့ ဟွန်ဆန်က အကြံပြုခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး ဧပြီလမှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး သဘောတူညီချက် ၅ ချက်ကို ရရှိခဲ့ပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လက်ခံခဲ့တဲ့ အဲဒီသဘောတူညီချက်တွေထဲမှာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ကာ သက်ဆိုင်သူတွေအကြား ကြားဝင်ညှိနှိုင်းပေးရေး စတာတွေ ပါဝင်ပါတယ်။

    ဒါပေမယ့် အဲဒီသဘောတူညီချက်တွေကို စစ်ကောင်စီဖက်က အကောင်အထည်ဖော်ခြင်းမရှိပါဘူး။

    Ref: RFA

  • အာဏာသိမ်းမှုဆန့်ကျင်သူများ၏ အချက်အလက်များကို တယ်လီနောက စစ်တပ်ကို ပေးခဲ့

    အာဏာသိမ်းမှုဆန့်ကျင်သူများ၏ အချက်အလက်များကို တယ်လီနောက စစ်တပ်ကို ပေးခဲ့

    ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂
    M-Media

    -အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သူတွေရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းနဲ့ နောက်ဆုံး တည်နေရာတွေကို စစ်ကောင်စီက တယ်လီနောထံကနေ တောင်းယူခဲ့ပြီး တယ်လီနောကလည်း ပေးအပ်ခဲ့တယ်လို့ မနေ့က ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    အမည်မဖော်လိုတဲ့ တယ်လီနောဝန်ထမ်း နှစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။ တယ်လီနောရဲ့ ပြောရေးဆိုခွင့်ရှိသူက ဝန်ထမ်းတွေရဲ့ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် စစ်တပ်က ဘာတွေညွှန်ကြားခဲ့သလဲဆိုတာ ထုတ်ဖော်ပြောဆိုလို့မရဘူးလို့ ရိုက်တာရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့် တယ်လီနောအနေနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက် လုံခြုံရေး ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

    မြန်မာနိုင်ငံက တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းကို လက်ဘနွန်အခြေစိုက် ကုမ္ပဏီ M1 ထံ ရောင်းချဖို့ တယ်လီနောက စီစဉ်ခဲ့ပေမယ့် စစ်တပ်က သူတိုနဲ့နီးစပ်တဲ့ ပြည်တွင်းက ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ ပူးပေါင်းဝယ်ယူဖို့ ဖိအားပေးခဲ့ပါတယ်။

    ဒီလက်လွှဲမှုဟာ မကြာခင်အပြီးသတ်ဖို့ရှိနေပြီး ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောမြန်မာ ဆက်သွယ်ရေးလုပ်ငန်းကို ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

    Ref: Reuters

  • အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မတက်ဟု စစ်ကောင်စီထုတ်ပြန်

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မတက်ဟု စစ်ကောင်စီထုတ်ပြန်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -နိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ဘဲ နိုင်ငံရေးဘက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကို ဖိတ်ကြားတဲ့အတွက် အခုတစ်ပတ်နှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်မှာမဟုတ်ဘူးလို့ မြန်မာအာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှာ ဖေဖော်၀ါရီ ၁၇ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ်ဆောင်ရွက်မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဇန်နဝါရီ မြန်မာခရီးစဉ်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ဖိတ်ကြားခဲ့ပါတယ်။

    ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကန့်ကွက်မှုကြောင့် ဇန်နဝါရီမှာလုပ်မယ့် အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဟွန်ဆန်က အာဆီယံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်မှ အာဆီယံအစည်းအဝေးတွေမှာ စစ်ခေါင်းဆောင် ကိုယ်စားယ်လှယ်တွေကို တက်ရောက်ခွင့် ပေးမယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် ဧပြီလက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်သဘောတူခဲ့တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ထဲမှာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ကာ မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပေးရေးလည်း ပါဝင်ပါတယ်။

    စစ်ကောင်စီက ဒီသဘောတူညီချက်တွေကို အကောင်အထည်မဖော်တဲ့အတွက် ပြီးခဲ့တဲ့နှစ် ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံက ဖိတ်ကြားခြင်း မပြုပါဘူး။

    တန်းတူဆက်ဆံရေးဆိုတဲ့ အာဆီယံရဲ့မူကို သွေဖည်တဲ့အတွက် အခုတစ်ပတ်ကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မတက်ရောက်တာဖြစ်ကြောင်း၊ အာဆီယံက တစ်ချို့နိုင်ငံတွေဟာ တစ်ဖက်သက် ဆုံးဖြတ်ချက်တွေ ချနေကြောင်း စစ်ကောင်စီက ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • စစ်တပ်ဝင်ငွေရနေသည့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းကို ထိုင်းကုမ္ပဏီက ဆက်လက်လုပ်ကိုင်မည်

    စစ်တပ်ဝင်ငွေရနေသည့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းကို ထိုင်းကုမ္ပဏီက ဆက်လက်လုပ်ကိုင်မည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -ပြင်သစ်နဲ့ အမေရိကန်ကုမ္ပဏီတွေက ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ရတနာ သဘာ၀ဓာတ်ငွေ့ စီမံကိန်းကို ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီက အပြည့်အ၀ ထိန်းချုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေပါတယ်။

    မြန်မာနိုင်ငံက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းတွေဟာ လူထုကိုဖိနှိပ်ညှင်းပမ်းတဲ့ စစ်တပ်အတွက် နိုင်ငံခြားငွေ အဓိကရရှိတဲ့ ရင်းမြစ်တွေ ဖြစ်နေပါတယ်။

    ရတနာ ကမ်းလွန် သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းကို Moattama Gas Transportation Company (MGTC) လုပ်ငန်းခေါင်းစဉ်အောက်မှာ ပြင်သစ်၊ အမေရိကန်နဲ့ ထိုင်း စွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ Total Energies၊ Chevron နဲ့ PTTEP၊ မြန်မာစစ်တပ်ပိုင် လုပ်ငန်းစုတွေ ပူးပေါင်းလုပ်ကိုင်နေတာ​ ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုတွေ ကျူးလွန်လာတာကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ Total Energies နဲ့ Chevron တို့က ဇန်နဝါရီလမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    ထိုင်းစွမ်းကုမ္ပဏီ PTTEP ရဲ့ တာဝန်ရှိသူတစ်ဦးက စီမံကိန်းကို ၎င်းတို့ ဆက်လက်လုပ်ကိုင် သွားမယ်လို့ ပြောပါတယ်။

    “မြန်မာနဲ့ ထိုင်းနိုင်ငံရဲ့ စွမ်းအင်လုံခြုံမှုဆိုင်ရာ အရေးပါမှု၊ နှစ်နိုင်ငံပြည်သူတွေရဲ့ စွမ်းအင်လိုအပ်ချက်အပေါ် ရိုက်ခတ်လာနိုင်မှု စတာတွေကို အဓိကဦးစားပေးပြီး Yadana စီမံကိန်းနဲ့ MGTC လုပ်ငန်းနဲ့ပတ်သက်တဲ့ ဖြစ်နိုင်မယ့် အနေအထားတွေအားလုံးကို PTTEP က အသေအချာ စဉ်းစားသုံးသပ်နေပါတယ်”

    အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ရတနာ သဘာ၀ဓာတ်ငွေ့ စီမံကိန်းကို ထိုင်း PTTEP က အပြည့်အ၀ ထိန်းချုပ်လုပ်ကိုင်ဖို့ ဆန္ဒရှိကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုထားပါတယ်။

    Ref: UpStream

  • အကြောင်းတစ်ခုပြကာ ရုရှားက ယူကရိန်းကို သိမ်းပိုက်ဖွယ်ရှိနေ

    အကြောင်းတစ်ခုပြကာ ရုရှားက ယူကရိန်းကို သိမ်းပိုက်ဖွယ်ရှိနေ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂
    M-Media

    -ရုရှားဟာ အကြောင်းတစ်ခုခုပြကာ ယူကရိန်းကို ကျူးကျော်သိမ်းပိုက်တာမျိုး အချိန်မရွေး လုပ်လာနိုင်ပြီး မိမိတို့ကလည်း နေတိုးအဖွဲ့ပိုင်နက်ကို တစ်လက်မမှ အထိမခံဘူးလို့ အမေရိကန်ကတနင်္ဂနွေနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်ဖွဲ့ဝင် တစ်သိန်းကျော်၊ စစ်လက်နက်ပစ္စည်း အပြည့်အစုံ ချထားတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလောက်ကတည်းကဖြစ်ပြီး ယူကရိန်းကို ဝင်သိမ်းတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေတာပါ။

    အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံတွေက တင်းမာမှုလျှော့ချရေး ကြားဝင်​ဆွေးနွေးတာတွေ လုပ်ဆောင်နေပေမယ့် ပြေလည်မှု မရသေးပါဘူး။

    ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ လိုအပ်တဲ့ စစ်ရေးပြင်ဆင်မှုအားလုံး လုပ်ဆောင်ထားပြီး ဘေဂျင်းအိုလံပစ်ပြိုင်ပွဲ မပြီးဆုံးမီ ကျူးကျော်လာနိုင်တဲ့အတွက် အမေရိကန်နိုင်ငံသားတွေ ယူကရိန်းကနေ ၄၈ နာရီအတွင်း ထွက်ခွာဖို့ အမေရိကန် သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က သောကြာနေ့မှာ သတိပေးခဲ့ပါတယ်။

    မနေ့က CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ နေတိုးအဖွဲ့ရဲ့ပိုင်နက်ကို တစ်လက်မမှ အထိမခံဘဲ ကာကွယ်သွားမယ်လို့ ဆူလီဗန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မနေ့က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးနဲ့ ဆွေးနွေးမှုအတွင်း အမေရိကန်သမ္မတ ဘိုင်ဒန်က ရုရှားရဲ့ စစ်ရေးပြင်ဆင်မှုကို တားဆီးဖို့ သံတမန်နည်းလမ်းအရရော၊ ကာကွယ်ရေးနည်းလမ်းအရပါ တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းကိုလာလည်ဖို့အတွက်လည်း ဇယ်လင်စကီးက ဘိုင်ဒန်ကို ဖိတ်ကြားခဲ့ပါတယ်။

    ရုရှားဟာ ယူကရိန်းကို အချိန်မရွေးကျူးကျော်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့ပြောကြားမှုကို လက်ခံပြီး ယူကရိန်းထဲ စစ်ရေးနဲ့ စီးပွားရေးအကူအညီပေးမယ့်အစီအစဉ်ကို လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေငြာမယ်လို့ ဗြိတိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Reuters