News @ M-Media

Blog

  • ပြင်သစ်နှင့် ဘယ်လ်ဂျီယံတွင် စီးနင်းဖမ်းဆီးမှုများ ပြုလုပ်

    ပြင်သစ်နှင့် ဘယ်လ်ဂျီယံတွင် စီးနင်းဖမ်းဆီးမှုများ ပြုလုပ်

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    france

    – ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံအတွင်း အကြမ်းဖက်တိုက်ဖျက်ရေး စီနင်းမှုပေါင်း ၁၅၀ ကို လုံခြုံရေးတပ်ဖွဲ့များက ပြုလုပ်ခဲ့ပြီး ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွယ်သည့် အနည်းဆုံး လူ ၉ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    ပြင်သစ်နိုင်ငံရှိ တူးလော့စ်၊ ပဲရစ်၊ ဂျူမွန်နှင့် ဂရီနိုဘဲလ်မြို့များနှင့် အခြေားနေရာများတွင် ယနေ့မနက် အစောပိုင်းက စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လိုင်ယွန်မြို့တွင်မူ စီးနင်းမှုပေါင်း ၁၃ ခု ပြုလုပ်ခဲ့ပြီး ဒုံးကျည်လောင်ချာ တစ်ခုနှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဘရပ်ဆဲလ်မြို့တွင်လည်း ယနေ့မနက်ပိုင်း၌ ဘလ်ဂျီယံရဲတပ်ဖွဲ့များက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတစ်ဝှမ်း အမြင့်ဆုံးအဆင့် တပ်လှန့်ထားသည်။

    ပြင်သစ်ဝန်ကြီးချုပ် မန်နျူယဲလ် ဗားလ်စ်ကမူ စီးနင်းဖမ်းဆီးမှုများမှာ သောကြောနေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့် ဆက်စပ်နေပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ဥရောပတစ်ဝှမ်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတိပေးခဲ့သည်။

    Ref: Aljazeera

  • ပြစ်မှုမရှိဘဲ ဂွာနာမိုတွင် ၁၀ နှစ်ကြာ ထိန်းသိမ်းထားသည့် ယီမင် ၅ ဦးကို အမေရိကန် ပြန်လွှတ်ပေး

    ပြစ်မှုမရှိဘဲ ဂွာနာမိုတွင် ၁၀ နှစ်ကြာ ထိန်းသိမ်းထားသည့် ယီမင် ၅ ဦးကို အမေရိကန် ပြန်လွှတ်ပေး

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    us

    – ကျူးဘားနိုင်ငံ ဂွာတာနာမိုအကျဉ်းစခန်းတွင် ဆယ်စုနှစ်တစ်ခုကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ယီမင်နိုင်ငံသား ၅ ဦးကို လွှတ်ပေးလိုက်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ၎င်းတို့၏ ၀ဘ်ဆိုက်၌ ကြေငြာခဲ့သည်။

    အဆိုပါ ၅ ဦးမှာ အလီ အလ်-ရာဇီဟီ၊ ခါလစ် အလ်-ကွာဒါစီ၊ အဒီလ် အလ်-ဘူဆေးစ်၊ ဆူလေမန် အလ်-နဟ်ဒီနှင့် ဖဟ်မီ အလ်-အေဆာနီတို့ဖြစ်ပြီး ယူအေအီးနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ၅ ဦးအား မည်သည့် ရာဇ၀တ်မှုစွဲချက်မှ မတင်နိုင်ခဲ့ဘဲ ၁၀ စုတစ်ခုကြာ ဂွာတာနာမိုတွင် ကုန်ဆုံးခဲ့ရခြင်းဖြစ်သည်။

    ပင်တဂွန်ကမူ လွှဲပြောင်းပေးအပ်မှုကို လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှု နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုအတွက် ယူအေအီးအစိုးရကိုလည်း ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။ ဂွာတာမိုအကျဉ်းစခန်းတွင် ထိန်းသိမ်းထားသူ ၁၀၇ ဦးရှိနေသးသည်ဟု အမေရိကန်က ပြောကြားထားသည်။

    Ref: Aljazeera

  • ပရိတ်သတ်များကြောင့် ဘာကာမှ ထွက်ခွာခဲ့ခြင်းဟု ဖာဘရီဂက်စ် ပြော

    ပရိတ်သတ်များကြောင့် ဘာကာမှ ထွက်ခွာခဲ့ခြင်းဟု ဖာဘရီဂက်စ် ပြော

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    far

    – ဘောလုံးသမားဘ၀ စတင်ရာ ဘာစီလိုနာအသင်းမှ ထွက်ခွာရခြင်း၏ အဓိကအကြောင်းအရင်းမှာ ပရိတ်သတ်များကြောင့် ဖြစ်သည်ဟု ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်က ပြောကြားလိုက်သည်။

    လူငယ်ဘ၀နှင့် အာဆင်နယ်သို့ ပြောင်းရွှေ့ကာ နာမည်ကျော်ကြားလာပြီးနောက် ဖာဘရီဂက်စ်မှာ ဘာစီလိုနာသို့ ၂၀၁၁ ခုနှစ်က ပြန်လည်ရောက်ရှိခဲ့ကာ ၃ ရာသီကြာ ကစားခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် ချယ်ဆီးသို့ ပေါင် သန်း ၃၀ ဖြင့် အံအားသင့်ဖွယ် ပြောင်းရွှေ့လာခဲ့သည်။

    ဘာစီလိုနာတွင် ပွဲပေါင်း ၁၅၁ ပွဲ ကစားပေးခဲ့ပြီး ၄၉ ဂိုး သွင်းယူပေးနိုင်ခဲ့သည့် ဖာဘရီဂက်စ်က မိမိ၏ စွမ်းဆောင်ရည် ဘာကာပရိတ်သတ်များအပေါ် လွှမ်းမိုးမှုမရခြင်းမှာ အသင်းမှ ထွက်ခွာရမှု၏ အဓိက အကြောင်းအရင်း ဖြစ်သည်ဟု ဆိုသည်။

    “ဘာစီလိုနာပြည်သူတွေကို ကျွန်တော် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာ ကျွန်တော်သိလိုက်ရတာက ဘာစီလိုနာပရိတ်သတ်အများစုက ကျွန်တော့်ကို မကြိုက်ဘူး ဆိုတာပါပဲ။ ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ထွက်ခွာဖို့ လုပ်ခဲ့တာပေါ့” ဟု ဖာဘရီဂတ်စ်က Marca သတင်းစာသို့ ပြောကြားခဲ့သည်။

    Ref: Goal

  • မွတ်စလင်များအား Facebook မှ စော်ကားသည့် အလှပြင်ဆိုင်ပိုင်ရှင်ကို ဗြိတိန် ဖမ်းဆီး

    မွတ်စလင်များအား Facebook မှ စော်ကားသည့် အလှပြင်ဆိုင်ပိုင်ရှင်ကို ဗြိတိန် ဖမ်းဆီး

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    uk

    – ပြင်သစ် အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း မွတ်စလင်များအပေါ် စော်ကားသည့် သဘောထားများကို ဆိုရှယ်စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သော ဗျူတီဆလွန်းပိုင်ရှင် တစ်ဦးကို ဗြိတိန်ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ဖမ်းဆီးခံခဲ့ရသည့် ထိုအမျိုးသမီးမှာ အေပရယ် မေဂျာဆိုသူ ဖြစ်ပြီး အောက်စဖို့ဒ်ရှိုင်းယား ဒေသတွင် Blinks of Bicester အမည်ဖြင့် အလှပြင်ဆိုင် ဖွင့်ထားသူတစ်ဦးလည်း ဖြစ်သည်။

    သိမ်းဗာလီ ရဲတပ်ဖွဲ့ကမူ အသက် ၄၃ နှစ်အရွယ်ရှိ သူမအား ပြည်သူ့လုံခြုံရေး အက်ဥပဒေ ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ပုဒ်မမှာ “လူမျိုးရေ အမုန်းတရား ဖြစ်လာစေရန် ရည်ရွယ်၍ ခြိမ်းခြောက်ခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်း၊ သို့မဟုတ် စော်ကားခြင်း စသည့်ပုံစံမျိုးဖြင့် ရေးသားဖော်ပြခြင်း၊ ရန်ညှိုးထားသည့် ပြောဆိုဆက်ဆံမှု ပြုလုပ်ခြင်း” စသည်တို့နှင့် ဆက်စပ်နေသည်။

    မေဂျာမှာ သူမ၏ Faecebook စာမျက်နှာတွင် “ယူကေက လက်ခံတဲ့ နိုင်ငံကူးလက်မှတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ Blinks of Bicester ဟာ အစ္စလာမ်ဘာသာဝင် ဘယ်သူ့ကိုမှ ဘိုကင်လုပ်ခွင့် မပြုတော့ပါဘူး” ဟု ရေးသားခဲ့ပြီး၊ အခြားပို့စ်တစ်ခုတွင်လည်း “ငါ့ရဲ့ တိုင်းပြည်ကို ဦးစားပေးဖို့အချိန်ရောက်ပြီ” ဟု ရေးသားခဲ့သည်။

    ထိုမှတ်ချက်များကြောင့် ဝေဖန်မှုများ ခံရပြီးနောက်တွင် မေဂျာက “ဘယ်မွတ်စလင်မှ ဒါမှမဟုတ် ဘယ်အစ္စလာမ်ဘာသာဝင်ကိုမှ ဘိုကင် လုပ်မပေးဘူးဆိုတဲ့ ပြောကြားမှုနဲ့ပတ်သက်ပြီး မက်ဆေ့ခ်ျတွေ အများကြီး ရပါတယ်။ ငါကတော့ ယူကေနိုင်ငံသားတစ်ယောက်အနေနဲ့ အဲဒီအပေါ်မှာပဲ လုံးဝ ရပ်တည်ပါတယ်” ဟု ရေးသားခဲ့ကာ “ရှင်တို့မိသားစုတွေ IS ရဲ့ ဗုံးခွဲမှုကို ခံရဖို့ ငါ မျှော်လင့်တယ်” ဟု မက်ဆေ့ခ်ျပို့သူများကို ရည်ညွှန်း၍လည်း သူမက ရေးသားခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါ ပို့စ်များအားလုံးကို ဖျက်ပစ်ခဲ့သည်။

    လက်ရှိအချိန်တွင် ၎င်းအား တရားစွဲဆိုမှုများ မပြုလုပ်ရသေးဘဲ ရဲတပ်ဖွဲ့ကမူ စုံစမ်းစစ်ဆေးမှုများကို အသေအချာ ပြုလုပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Mirror

  • အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း အသက်ပေး သက်သေပြခဲ့တဲ့ ဘေရွတ်က မွတ်စလင်သားအဖ

    အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း အသက်ပေး သက်သေပြခဲ့တဲ့ ဘေရွတ်က မွတ်စလင်သားအဖ

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    la

    – နိုဝင်ဘာ ၁၂ ရက်နေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် တောင်ဘက်က ရှီအာအများစု နေထိုင်ရာ ဒေသတစ်ခုမှာ IS အဖွဲ့ရဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ ပထမတစ်ခုဟာ ဘာ့ဂ်ျ အလ်-ဘာရက်ဂ်ျနာဒေသက ရှီယာဗလီတစ်ခုရဲ့ အပြင်ဘက် လူစည်ကားရာနေရာမှာ ဖြစ်ပွားခဲ့တာပါ။

    အဲဒီအချိန်မှာ သမီးဖြစ်သူကို လက်ဆွဲပြီးလမ်းလျှောက်လာတဲ့ တာမို့စ်ဟာ ဗလီအပြင်ဘက်မှာ စုရုံးစုရုံးလုပ်နေကြတဲ့ လူအုပ်ကြီးဆီကို ဒုတိယ အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲဖို့ ၀င်ရောက်လာတာကို တွေ့လိုက်ရပါတယ်။

    la 2

    ချက်ချင်းဆိုသလိုပဲ တာမို့စ်ဟာ အဲဒီအသေခံဗုံးသမားထံကို ပြေးဝင် ခုန်အုပ်ခဲ့ပြီး အဲဒီအချိန်မှာပဲ ဗုံးပေါက်ကွဲတာကြောင့် သမီးဖြစ်သူရော၊ တာမို့စ် နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဲဒီလို စွန့်လွှတ်စတေးမှုဟာ ရာနဲ့ချီတဲ့ လူ့အသက်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

    “အသေခံဗုံးခွဲသမားကို သူက လှဲချခဲ့တယ်။ အဲဒီနားမှာ မိသားစုတွေအများကြီးရှိနေတာပါ။ ရာနဲ့ချီပါတယ်။ အသက်ပေါင်းများစွာ သူ့အပေါ်မှာ ကျွန်တော်တို့ အကြွေးတင်ခဲ့တာပေါ့လေ” လို့ ဆရာဝန်တစ်ဦးဖြစ်သူ အီလီ ဖာရက်စ်က သူ့ရဲ့ ဘလော့စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

    လက်ဘနွန်ပြည်သူတွေနဲ့ ပြည်တွင်းမီဒီယာတွေကလည်း တာမို့စ်ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပြီး၊ တစ်ချိန်တည်းမှာပဲ သူ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ အဲဒီ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ လက်ဘနွန်နိုင်ငံမှာ အဆိုးဝါးဆုံး အဖြစ်အပျက်တွေထဲက တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

    Ref : IBtimes