နိုဝင်ဘာ ၁၈၊ ၂၀၁၅
M-Media
– ဒုက္ခသည်စာရင်းသွင်းထားသော တရုတ်နိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံက ပြန်ပို့သည့်ကိစ္စအတွက် ကုလသမဂ္ဂက ဆန့်ကျင်လိုက်ပြီး ၎င်းတို့၏ အသက်များ အန္တရာယ်ရှိနေသည့် ဒေသသို့ ပြန်မပို့သင့်ဟု ပြောကြားလိုက်သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ယနေ့တွင် ထိုကဲသို့ ဆန့်ကျင်ခဲ့ခြင်းဖြစ်ပြီး နယ်နှင်ခံရသည့် အဆိုပါ ဒုက္ခသည်နှစ်ဦးမှာ ကုလ၏ “အာမခံစာ” ကို ကိုင်ဆောင်ထားသည်ဟု ဆိုသည်။ ထိုင်းအာဏာပိုင်များက ၎င်းတို့အားဖမ်းဆီးစဉ် ၎င်းတို့မှာ ဒုက္ခသည်များအဖြစ် စာရင်းသွင်းခဲ့ပြီ ဖြစ်ပြီး ကနေဒါသို့ သွားရောက်ရန် စောင့်ဆိုင်းနေချိန်ဖြစ်သည်။
“သူတို့ဟာ ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြု ခံထားရသူတွေ ဖြစ်တယ်။ ဆိုလိုတာက သူတို့ကို အင်တာဗျူးခဲ့ပြီး သူတို့ ငြှင်းပမ်းနှိပ်စက် ခံရတာတွေကလည်း အမှန်တကယ်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ ဘ၀တွေ အန္တရာယ်ရှိလာနိုင်တဲ့နေရာဆီ ပြန်မပို့သင့်ပါဘူး” ဟု UNHCR မှ ပြောရေးဆိုခွင့်ရှိသူ ဗီဗီတန်က ပြောကြားခဲ့သည်။
အဆိုပါ ဒုက္ခသည် ၂ ဦးမှာ ဂျီယန် ယီဖိုင်းနှင့် ဒေါင် ဂွမ်ပင်းတို့ဖြစ်ပြီး တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် အောက်တိုဘာ ၂၈ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီကမူ ထိုကိစ္စအား ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera