News @ M-Media

Blog

  • အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း အသက်ပေး သက်သေပြခဲ့တဲ့ ဘေရွတ်က မွတ်စလင်သားအဖ

    အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း အသက်ပေး သက်သေပြခဲ့တဲ့ ဘေရွတ်က မွတ်စလင်သားအဖ

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    la

    – နိုဝင်ဘာ ၁၂ ရက်နေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် တောင်ဘက်က ရှီအာအများစု နေထိုင်ရာ ဒေသတစ်ခုမှာ IS အဖွဲ့ရဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ ပထမတစ်ခုဟာ ဘာ့ဂ်ျ အလ်-ဘာရက်ဂ်ျနာဒေသက ရှီယာဗလီတစ်ခုရဲ့ အပြင်ဘက် လူစည်ကားရာနေရာမှာ ဖြစ်ပွားခဲ့တာပါ။

    အဲဒီအချိန်မှာ သမီးဖြစ်သူကို လက်ဆွဲပြီးလမ်းလျှောက်လာတဲ့ တာမို့စ်ဟာ ဗလီအပြင်ဘက်မှာ စုရုံးစုရုံးလုပ်နေကြတဲ့ လူအုပ်ကြီးဆီကို ဒုတိယ အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲဖို့ ၀င်ရောက်လာတာကို တွေ့လိုက်ရပါတယ်။

    la 2

    ချက်ချင်းဆိုသလိုပဲ တာမို့စ်ဟာ အဲဒီအသေခံဗုံးသမားထံကို ပြေးဝင် ခုန်အုပ်ခဲ့ပြီး အဲဒီအချိန်မှာပဲ ဗုံးပေါက်ကွဲတာကြောင့် သမီးဖြစ်သူရော၊ တာမို့စ် နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဲဒီလို စွန့်လွှတ်စတေးမှုဟာ ရာနဲ့ချီတဲ့ လူ့အသက်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

    “အသေခံဗုံးခွဲသမားကို သူက လှဲချခဲ့တယ်။ အဲဒီနားမှာ မိသားစုတွေအများကြီးရှိနေတာပါ။ ရာနဲ့ချီပါတယ်။ အသက်ပေါင်းများစွာ သူ့အပေါ်မှာ ကျွန်တော်တို့ အကြွေးတင်ခဲ့တာပေါ့လေ” လို့ ဆရာဝန်တစ်ဦးဖြစ်သူ အီလီ ဖာရက်စ်က သူ့ရဲ့ ဘလော့စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

    လက်ဘနွန်ပြည်သူတွေနဲ့ ပြည်တွင်းမီဒီယာတွေကလည်း တာမို့စ်ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပြီး၊ တစ်ချိန်တည်းမှာပဲ သူ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ အဲဒီ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ လက်ဘနွန်နိုင်ငံမှာ အဆိုးဝါးဆုံး အဖြစ်အပျက်တွေထဲက တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

    Ref : IBtimes

  • ပရီးမီးယားလိဂ်မှာ နည်းစနစ်ပိုင်းတွင် စီးရီးအေကို မယှဉ်နိုင်ဟု မန်ယူနောက်ခံလူဆို

    ပရီးမီးယားလိဂ်မှာ နည်းစနစ်ပိုင်းတွင် စီးရီးအေကို မယှဉ်နိုင်ဟု မန်ယူနောက်ခံလူဆို

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    dar

    – ကြံ့ခိုင်မှုပိုင်းတွင် ပရီးမီးယားလိဂ်က ပိုမိုသာလွန်သော်လည်း နည်းစနစ်ပိုင်းတွင်မူ စီးရီးအေကို မယှဉ်နိုင်ဟု မန်ယူနောက်ခံလူ မက်တီယို ဒါရ်မီယန်က ပြောကြားလိုက်သည်။

    အီတလီကစားသမား ဒါရ်မီယန်မှာ ယခုနှစ်ဘောလုံးရာသီအစပိုင်းက တိုရီနိုအသင်းမှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် ၁၂ ပွဲတွင် ၁၁ ပွဲတိတိ ပါဝင်ကစားခွင့်ရရှိထားသည်။

    “အင်္ဂလန်မှာ အတွေ့အကြုံသစ်ဟာ အကောင်းဆုံးနည်းလမ်းတဲ့ စတင်ခဲ့ပြီး ဒီလိုပဲ ဆက်သွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ တစ်ခြားနိုင်ငံတစ်ခုက တစ်ခြားလိဂ်တစ်ခုမှာ ကစားရတာဟာ နေရာတိုင်းမှာ တိုးတက်မှုကို ရရှိစေပါတယ်။ ပရီးမီးယားလိဂ်မှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပိုသာပြီး နည်းစနစ်ပိုင်းမှာတော့ စီးရီးအေလောက် မကောင်းပါဘူး။ အီတလီနဲ့နှိုင်းယှဉ်ရရင် အဲဒီမှာက အာဟာရဘက်ကို သိပ် အာရုံမစိုက်ပါဘူး” ဟု ဒါရ်မီယန်က ပြောကြားခဲ့သည်။

    Ref: Goal

  • IS အဖွဲ့ကို အမေရိကန်နဲ့ ဗြိတိန်တို့ ကျူးကျော် ဆင်နွှဲခဲ့တဲ့ အီရတ်စစ်ပွဲက မွေးဖွားပေးခဲ့

    IS အဖွဲ့ကို အမေရိကန်နဲ့ ဗြိတိန်တို့ ကျူးကျော် ဆင်နွှဲခဲ့တဲ့ အီရတ်စစ်ပွဲက မွေးဖွားပေးခဲ့

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၅
    M-Media
    မိုးဝေ တင်ဆက်သည်။
    syria cartoon3
    – ပြီးခဲ့တဲ့လက CNN နဲ့ အင်တာဗျူးမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့  အီရတ်စစ်ပွဲမှာ သူတို့မှားခဲ့ကြောင်း ၀န်ခံမှုက တော်တော်လေး တာသွားခဲ့ပြီး အီရတ်စစ်ပွဲသာ မရှိခဲ့ဘူးဆိုရင် IS အကြမ်းဖက်အဖွဲ့လည်း ပေါ်ထွက်မလာဘူးဆိုတာကို သွယ်ဝိုက် ၀န်ခံလိုက်တာလည်း ဖြစ်ပါတယ်။

    အခုအချိန်အထိတော့ ဘလဲဟာ အီရတ်စစ်ပွဲနဲ့ IS အဖွဲ့ရဲ့ ဆက်စပ်မှုကို ငြင်းဆိုထားပြီး အနောက်နိုင်ငံတွေက စစ်တပ်တွေ စေလွှတ်ခဲ့တဲ့ အဲဒီစစ်ပွဲကို ခြေစုံပစ်ဝင်ခဲ့တာဟာ စစ်သွေးကြွတွေရဲ့ လုပ်ရပ်တွေကို တိုက်ဖျက်ဖို့နဲ့ အနောက်နိုင်ငံနဲ့ မပြေလည်မှုကြောင့် ဆက်ဒမ်ဟူစိန်က အဲဒီ စစ်သွေးကြွတွေကို လက်နက်တစ်ခုအနေနဲ့ သုံးစွဲခြင်းကနေ တားဆီးဖို့သာ ဖြစ်ခဲ့တယ်လို့ အခိုင်အမာ ဆိုနေတုန်းပါပဲ။

    ၁၂ နှစ်ကြာခဲ့တဲ့ အခုအချိန်မှာတော့ အဲဒီအချက် ၂ ချက်စလုံး လုံးလုံးကြီး မှားခဲ့တယ်ဆိုတာကို တွေ့မြင်နေကြရပါပြီ။ အီရတ်နိုင်ငံကို ဗြိတိန်တပ်တွေ ခြေချပြီး ၆ လအတွင်းမှာပဲ ရာမာဒီမှာ ပုန်းခိုနေကြတဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့အတွက် SAS တပ်ဖွဲ့ကို ဘဂ္ဂဒတ် အနောက်ပိုင်း ဆင်ခြေဖုံးဒေသကို စေလွှတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အဲဒီ စစ်သွေးကြွတွေဟာ အမေရိကန်ရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် စွန်နီတွေရဲ့ မကျေမနပ်ဖြစ်မှုကို အခွင့်ကောင်းယူ စုစည်းထားတဲ့ နိုင်ငံခြားသားနဲ့ အီရတ်တိုက်ခိုက်ရေးသမား အုပ်စုလေးပါ။ ဆိုင်ကော်လို့ ခြုံပေါ်ရောက်လာတဲ့ ဒီအဖွဲ့လေးဟာ သိပ်မကြာခင်မှာ အီရတ်က အလ်-ကိုင်းဒါအဖွဲ့ ဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ် အလယ်ပိုင်းလောက်မှာတော့ IS အဖွဲ့အဖြစ် အသွင်ပြောင်းနိုင်ခဲ့ပါတယ်။

    အီအုပ်စုရဲ့ တစ်ဖြည်းဖြည်း ကြီးထွားလာမှု တစ်လျှောက်လုံးမှာ သူတို့နစ်နာတယ်လို့ ခံစားရတဲ့အချက်က လျော်ကန်ပါတယ်။ အများစုက အမေရိကန်နဲ့ ဗြိတိန်ရဲ့ ဒီကျူးကျော်တိုခိုက်မှုဟာ ဒေသတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေတယ်။ စွန်နီတွေရဲ့ အုပ်ချုပ်မှုကို ပျက်သုဉ်းစေပြီး၊ ပြိုင်ဘက် ရှီအာအုပ်စုက သူတို့နေရာကို ၀င်ယူဖို့ အခွင့်အရေး ရလိုက်တယ်။ စသဖြင့် ဒီလို ယုံကြည်ကြပါတယ်။ ဆုံးရှုံးမှုတွေ ကြီးလွန်းပါလားလို့ သူတို့ရဲ့အတွေးက နက်ရှိုင်းလာပြီး စွန်နီအများစုက အမေရိကန်နဲ့ ဗြိတိန်ဟာ သူတို့လုပ်နေတာကို သူတို့ အတိအကျ သိပြီးဖြစ်ရမယ်လို့ ယုံကြည်လာကြပါတယ်။

    ဒီအမြင်တွေကြောင့် ဆွန်နီတွေရဲ့ ခုခံမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတော့တယ်။ နောက်ပြီး အလုပ်လက်မဲ့ဖြစ်ရတာ၊ ဂုဏ်သိက္ခာနဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရတာကြောင့် မကျေမချမ်းဖြစ်နေသူတွေ၊ အစ္စလာမ်သာသနာက ဗျာဒိတ်တွေအရ ဒီစစ်ပွဲဟာ ဖြစ်လာတယ်လို့ ယုံကြည်ကြတဲ့ စစ်သွေးကြွတွေဟာလည်းဒီလှုပ်ရှားမှုထဲမှာ ပါဝင်လာပါတယ်။ ရှုပ်ထွေးပွေလီလှတဲ့ အီရတ်နိုင်ငံရေးအခြေအနေနဲ့အတူ အဲဒီ စစ်သွေးကြွတွေဟာ သြဇာလွှမ်းမိုးလာခဲ့ပြီး ဆီးရီးယား မငြိမ်မသက်ဖြစ်လာတဲ့အခါမှာတော့ အဲဒီမှာလည်း သြဇာကြီးထွားလာပါတယ်။

    မှားမှားမှန်မှန် – အရှေ့အလယ်ပိုင်းက ဆွန်နီတွေကတော့ ဂျော့ဂ်ျဘုရှ်ရဲ့ ကျူးကျော်တိုက်ခိုက်မှုမှာ ပါဝင်ဖို့ ဘလဲရဲ့ဆုံးဖြတ်ချက်ဟာ အီရန်နိုင်ငံအတွက် ချက်ကောင်းဖြစ်ခဲ့ပြီး တစ်ချိန်ကရှိခဲ့တဲ့ ပါရှန်တွေရဲ့သြဇာ ပြန်လည် ရယူဖို့ လမ်းဖွင့်ပေးလိုက်တာလို့ ယုံကြည်နေကြပါတယ်။ ဒါမျိုးယုံကြည်တာက အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ဆက်ဒမ်ရဲ့ သြဇာလွှမ်းမိုးမှုကို အဆုံးသတ်ဖို့ ဘာ့သ်ပါတီကို ဖြိုခွဲတာ၊ စွန်နီတွေအပေါ်မှာ ဖိနှိပ်ချုပ်ချယ်တာနဲ့ ရှီအာလူမျိုးကြီးဝါဒီ ကျောထောက်နောက်ခံကနေ လာသူတွေကို အီရတ်ခေါင်းဆောင်တွေအဖြစ် အမေရိကန်ရဲ့ မဟာမိတ်တွေက သွတ်သွင်းပေးတာတွေကို ထောက်ပြခဲ့ပါတယ်။

    စွန်နီတွေ နာကျည်းမှုပိုဖြစ်စေပြီး IS ထွက်ပေါ်လာခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိစ္စတစ်ခုကတော့ အမေရိကန်က ဦးစီးတဲ့ အကျဉ်းထောင် စနစ်ပါပဲ။ အဘူရာအစ်ဘ်မြို့က အဲဒီအကျဉ်းထောင်ဟာ အလွန်ဆိုးရွားတဲ့ ကျူးလွန်မှုတွေနဲ့ စတင်ခဲ့ပြီး အဓိက လူမျိုးစုနှစ်ခုက လူ အစုလိုက်အပြုံလိုက် ထိန်းသိမ်းထားတဲ့ နေရာ ဖြစ်လာခဲ့ပါတယ်။ စွန်နီ ဂျီဟတ်ဝါဒီတွေကတော့ အဲဒီအကျဉ်းထောင်စနစ်ဟာ သူတို့လူစုဖို့ အထိရောက်ဆုံး လက်နက်တစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

    IS ရဲ့ အကြီးတန်းတပ်မှူးတစ်ယောက်က သူနဲ့ အကြီးတန်းခေါင်းဆောင်ပိုင်းတွေ တစ်ပေါင်းတည်း ထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံတောင်ပိုင်းက ကမ့်ဘက်ကာ အကျဉ်းထောင်သာ မရှိခဲ့ဖူးဆိုရင် ဒီနေ့ IS ဆိုတာ ရှိလာမှာမဟုတ်ဖူးလို့ Guardian ကို ပြောခဲ့ပါတယ်။

    “အဲဒီအကျဉ်းထောင်က အားလုံးကို လုပ်ပေးလိုက်တာပါ။ ကျွန်တော်တို့ရဲ့ အယူအဆကို တည်ဆောက်ပေးလိုက်တာပါ” လို့ ဆိုပြီး ဒီလို ပြီးပြည့်စုံတာမျိုး ဘဂ္ဂဒတ်မှာ မရနိုင်သလို၊ ဘယ်မှာမှလည်း မရနိုင်ဘူးလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ပြောကြားခဲ့ပါတယ်။

    “အဲဒီနေရာဟာ အန္တရာယ်ရှိတဲ့ နေရာမဟုတ်သလို၊ လုံခြုံတဲ့နေရာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ အလ်-ကိုင်းဒါး ခေါင်းဆောင်ပိုင်းနဲ့ မီတာအနည်းငယ် ဝေးတဲ့နေရာမှာ ရှိနေခဲ့တာပါ”

    ၂၀၀၅ ခုနှစ် အီရတ်နိုင်ငံ ၀ရုန်းသုန်းကားဖြစ်တဲ့အချိန်မှာတော့ ဂိုဏ်းဂနကွဲမှု အခြေအနေတွေက သိသိသာသာ ဖြစ်လာပါတယ်။ စွန်နီစစ်သွေးကြွတွေက အချိန်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။ ၂၀၀၆ ခုနှစ် အီရတ် တိုင်းရင်းသားခေါင်းဆောင်တွေက အမေရိကန်တပ်ဖွဲ့နဲ့ပေါင်းပြီး သူတို့ကို ပြန်တိုက်တဲ့အခါမှာတော့ စစ်သွေးကြွအဖွဲ့လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်ခဲ့ပါတယ်။

    အမေရိကန်တပ်ဖွဲ့တွေ ထွက်သွားပြီး၊ အာရပ်နွေဦးတော်လှန်ရေးဖြစ်ခဲ့တဲ့ ၂၀၁၁ နောက်ပိုင်းနှစ်တွေမှာ ISIS အဖွဲ့ဟာ လွန်ခဲ့တဲ့ ၈ နှစ် ဗြိတိန်နဲ့ အမေရိကန်စစ်တပ်တွေက ဘာဆာရာကနေ မြောက်ဘက်ကို ရွှေ့သွားကတည်းက မဖြေရှင်းနိုင်ဘဲ ကျန်ရစ်ခဲ့တဲ့ အီရတ်ပြည်သူတွေရဲ့ နာကျည်းချက်တွေကို အသုံးချနိုင်ခဲ့ပါတယ်။

    စစ်သွေးကြွတွေက ဗြိတိန်နဲ့ အမေရိကန်တို့ ဦးဆောင်တဲ့ ဒီကျူးကျော်မှုကြောင့် အခုထက်ထိ ဒီလိုတွေ ခံစားနေရတာဖြစ်တယ်လို့ စည်းရုံးခဲ့ပြီး အဲဒါကလည်း တော်တော်လေး တာသွားခဲ့ပါတယ်။

    ဒီလို မျှော်လင့်ချက်မဲ့တဲ့အချိန်မှာ သိက္ခာကင်းမဲ့မှု၊ တရားမဲ့မှုတွေကို လက်တဖက်ကနေ ကြံ့ကြံ့ခံပြီး၊ နောက်တစ်ဖက်က ဆုံးရှုံးသွားတဲ့ ဂုဏ်သိက္ခာကို ပြန်ယူဖို့ ကြိုးစားရတော့မယ်လို့ ဆိုလိုက်ခြင်းဟာ IS အဖွဲ့က ခွချက် ချက်လိုက်ခြင်းသာ ဖြစ်ပါတယ်။

    ဒီသဘောထားတွေဟာ အခုအချိန်အထိ IS ရဲ့ လူစုတဲ့ နည်းလမ်းမှာ တော်တော်လေးကို အသုံးဝင်တဲ့ သဘောထားတွေပါပဲ။ အီရန်က စစ်ဘက်ဆိုင်ရာနဲ့ နိုင်ငံရေးအအရ သြဇာလွှမ်းမိုးထားနိုင်တဲ့ ဆီးရီးယားနဲ့ လက်ဘနွန်တို့မှာလည်း သူတို့အဖွဲ့က တော်တော် ခရီးရောက်နေပြီဖြစ်ပါတယ်။ တစ်ကယ်လို့များ အီရတ်စစ်ပွဲသာ မရှိခဲ့ဖူးဆိုရင်တော့ ဒါမျိုးတွေလည်း ဖြစ်လာဖို့ အကြောင်းမရှိပါဘူး။

    ဘဂ္ဂဒတ်မှာနေထိုင်သူ စွန်နီတစ်ဦးဖြစ်တဲ့ ဂျီဟဒ်မိုဟာနဒ်ကတော့ အီရတ်ကျူးကျော်စစ်ဟာ မှားယွင်းခဲ့တယ်လို့ ဘလဲရဲ့ ၀န်ခံမှုဟာ မထင်မှတ်ဘဲ ဖြစ်လာတာဆိုတာ ထင်ရှားတယ်လို့ ဆိုပါတယ်။

    “အခြားတစ်ဖက်ကနေ ကောက်ချက်ချဖို့တော့ လုံးဝ မဖြစ်နိုင်ပါဘူး။ အမေရိကန်နဲ့ ဗြိတိန်ရဲ့ ကျူးကျော် တိုက်ခိုက်မှု မရှိဘဲနဲ့ IS ဆိုတာ ရှိမလာနိုင်ပါဘူး။ ဒါက သိပ်ကိုရှင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

     

    ref: theguardian

  • မြောက်ကိုရီးယားသို့ ဘင်ကီမွန် သွားမည်

    မြောက်ကိုရီးယားသို့ ဘင်ကီမွန် သွားမည်

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    – ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်မှာ ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားသို့ သွားရောက်မည်ဟု တောင်ကိုရီးယားရှိ Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။

    တောင်ကိုရီးယား နိုင်ငံသားတစ်ဦးဖြစ်သော ဘန်မှာ ယခုနှစ် အစောပိုင်းကတည်းက ပြုံးယမ်သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း မြောက်ကိုရီးယားက နောက်ဆုံးအချိန်မှ အကြောင်းပြချက်မရှိဘဲ ခရီးစဉ်အား သဘောတူထားမှုကို ရုပ်သိမ်းခဲ့သည်။

    ယခုသွားရောက်မှုမှာ ကိုရီးယားကျွန်းဆွယ်အတွင်း ရှိနေသည့် ပြဿနာများကို ဖြေရှင်းရေး သိသာသည့် လမ်းကြောင်းတစ်ခုကို ပေးရန်ဖြစ်သော်လည်း ဘန်ကီမွန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံရန် မဖြစ်နိုင်ဟု ရင်းမြစ်တစ်ခုက Yonhap သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ကုလ၏ စုံစမ်စစ်ဆေးမှုများအရ မြောက်ကိုရီးယားနိုင်ငံ၌ နာဇီတို့၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် နှိုင်းယှဉ်၍ရသည့် ကျူးလွန်မှုများကြောင့် မြောက်ကိုရီးယားအား နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ လွှဲပြောင်း တရားစွဲဆိုရေးအတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ပြုလုပ်ခဲ့သည့် ကုလ၏ အထွေထွေညီလာခံတွင် လုံခြုံရေးကောင်စီအား တိုက်တွန်းခဲ့သည်။

    Ref: Channelnewsasia

  • ပေါင် သန်း ၈၀ ရပါက ရော်နယ်ဒိုကို ရီးယဲလ် ရောင်းချဖွယ်ရှိနေ

    ပေါင် သန်း ၈၀ ရပါက ရော်နယ်ဒိုကို ရီးယဲလ် ရောင်းချဖွယ်ရှိနေ

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    rnal

    – ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ခန့် ရရှိပါက ရော်နယ်ဒိုအား ရီးယဲလ်က လက်လွှတ်ဖွယ်ရှိနေသည်ဟု The Sun သတင်းစာက ဖော်ပြလိုက်သည်။

    ပီအက်စ်ဂျီနှင့် မန်ယူတို့က ရော်နယ်ဒိုကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ပြီးခဲ့သည့်တစ်ပတ် ပီအက်စ်ဂျီအသင်းနှင့် ချန်ပီယံလိဂ်ပွဲအပြီးတွင် ပီအက်စ်ဂျီနည်းပြ လောရင့် ဘလန့်နှင့် ရော်နယ်ဒိုတို့ ရင်းရင်းနှီးနှီး နှုတ်ဆက်မှုကလည်း ရော်နယ်ဒိုမှာ ရီးယဲလ်မှ ထွက်ခွာတော့မည် ဆိုသည့် ကောလဟာလများကို ပိုမိုကြီးထွားလာခဲ့သည်။

    ယခုနှစ်တွင် ထင်သလောက် ခြေစွမ်းမပြနိုင်သည့် ရော်နယ်ဒိုက မိမိအနေဖြင့် စိန်ခေါ်မှုအသစ်များကို ရှာဖွေရန် စဉ်စားနေသည်ဟု ဖွင့်ဟထားဖူးသည်။ ရီးယဲလ်ကလည်း လာမည့်နွေရာသီ အပြောင်းအရွှေ့အတွက် ငွေကြေးလိုအပ်နေပြီး ရော်နယ်ဒိုအတွက် ပေါင် သန်း ၈၀ မှာ လွန်ခဲ့သည့် ၆ နှစ် မန်ယူမှ ၀ယ်ယူစဉ်က ၎င်းတို့ ကုန်ကျခဲ့သည့် ပြောင်းရွှေ့ကြေးပမာဏလည်း ဖြစ်သည်။

    အသက် ၃၀ အရွယ် ရော်နယ်ဒိုအား အသင်းဟောင်း မန်ယူက ခေါ်ယူရန် စိတ်ဝင်စားပြီး ချယ်ဆီးကလည်း အပြိုင်ခေါ်ယူချင်နေသည်ဟု သတင်းများ ထွက်ပေါ်နသည်။

    Ref: Goal