News @ M-Media
Blog
  • အစ္စလာမ်၏ သွန်သင်မှုအတိုင်း နေထိုင်ပြီး၊ အကြမ်းဖက်အဖွဲ့များ၏ သားကောင်မဖြစ်ရန် လူငယ်များအား ဆော်ဒီမွဖ်သီကြီး တိုက်တွန်း
    အစ္စလာမ်၏ သွန်သင်မှုအတိုင်း နေထိုင်ပြီး၊ အကြမ်းဖက်အဖွဲ့များ၏ သားကောင်မဖြစ်ရန် လူငယ်များအား ဆော်ဒီမွဖ်သီကြီး တိုက်တွန်း
    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media
    saudi
    – ဆော်ဒီလူငယ်များအနေဖြင့် အစ္စလာမ်၏ စည်းမျဉ်းစည်းကမ်းများ၊ မိဘများ၏ စကားများအတိုင်းသာ လိုက်နာ နေထိုင်သွားရန် ဆော်ဒီမွဖ်သီကြီး ရှိခ် အဘ်ဒူလ်အဇစ် အလ်-ရှိခ်က တိုက်တွန်းပြောကြားလိုက်ပြီး အဖျက်အမှောင့်လုပ်သူများ၏ သားကောင်မဖြစ်ရေး သတိထားရန်လည်း ပြောကြားလိုက်သည်။
    သောကြောနေ့က တာကီ ဘင် အဘ်ဒူလာ ဗလီဝတ်ကျောင်းတော်တွင် ဟောကြားခဲ့သည့် တရားဒေသနာတွင် ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်ပြီး လူငယ်များအနေဖြင့် လူ့အဖွဲ့အစည်းအား သွေးကွဲစေရန် ဆောင်ရွက်ကြသူများ၊ အပြစ်မဲ့သူများ၏ သွေးကို မြေကျစေချင်သူများအား ရှောင်ရှားရန်လည်း တိုက်တွန်းခဲ့သည်။ အလ်-ရှိခ်မှာ ဆော်ဒီ အကြီးတန်း အစ္စလာမ် သာသနာ့ပညာရှင်များကောင်စီ၏ ဥက္ကဌလည်း ဖြစ်သည်။
    ထို့ပြင် ထိုကဲ့သို့ လမ်းမှားသော အလုပ်များ လုပ်ဆောင်ရန် သွေးဆောင်ကြသူများမှာလည်း လူငယ်များအပေါ် လှည့်ဖျားခြင်းသာဖြစ်ပြီး ၎င်းတို့၏ လှည့်စားမခံရရေး သတိပြုရန်လည်း မွဖ်သီကြီးက ထည့်သွင်း တိုက်တွန်းခဲ့သည်။
    “သူတို့ (အကြမ်းဖက်သမားတွေ)ဟာ အစ္စလာမ့်ရဲ့ ရန်သူတွေပါပဲ။ သူတို့တွေဟာ ကျွန်တော်တို့ လူငယ်တွေကို အကျင့်ပျက်အောင် လုပ်ကြတယ်။ သူတို့ရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ လူငယ်လေးတွေကို ဦးနှောက်ကျင်းကြပါတယ်”
    ထိုမှားယွင်းသော အတွေးအခေါ်များကြောင့် လူငယ်များ၏အကျင့် ပျက်သွားပါက လွယ်ကူသော ပစ်မှတ်များ ဖြစ်လာမည်ဖြစ်ပြီး၊ ဘာသာတရားက သွန်သင်ထားသည့် ကိုယ်ကျင့်တရားများနှင့် ကျင့်ဝတ်များ ပျောက်ဆုံးသွားသည့် နိုင်ငံမှာလည်း ရန်သူများ၏ လွယ်ကူသော ပစ်မှတ် ဖြစ်လာသည်ဟု မွဖ်သီကြီးက ထည့်သွင်းပြောကြားခဲ့သည်။
    ဆိုရှယ်မီဒီယာများရှိ လမ်းမှားနေသော ၀ါဒဖြန့် စာမျက်နှာများမှ ပို့စ်များကို မျှဝေခြင်းကိုလည်း အလ်-ရှိခ်က သတိပေးခဲ့ပြီး ဆော်ဒီနိုင်ငံအတွင်းရှိ လူငယ်များနှင့် လူ့အဖွဲ့အစည်းအတွင်း ၎င်းတို့၏ အခန်းကဏ္ဍကို ဂရုစိုက်ရမည်ဟုလည်း ဆိုသည်။
    မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် အစ္စလာမ်က တာဝန်ပေးထားသည်ဟုလည်း ကုရ်အာန်ကျမ်းတော်မြတ်မှ မိန့်ကြားချက်ကို ကိုးကား၍ မွဖ်သီကြီးက ၎င်း၏ တရားဒေသနာတွင် ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Arabnews
  • Tomorrow ဂျာနယ်မှ ဦးကျော်စွာမြင့်က လူမျိုးရေးဘာသာရေး ထိရှလွယ်သည့် မှတ်ချက်မျိုးကို အိုဘားမား ပြောသည်ဟုဆိုကာ ထင်ယောင်ထင်မှားဖြစ်စေရန် facebook ပေါ်တွင် ၀ါဒဖြန့်ခဲ့
    Tomorrow ဂျာနယ်မှ ဦးကျော်စွာမြင့်က လူမျိုးရေးဘာသာရေး ထိရှလွယ်သည့် မှတ်ချက်မျိုးကို အိုဘားမား ပြောသည်ဟုဆိုကာ ထင်ယောင်ထင်မှားဖြစ်စေရန် facebook ပေါ်တွင် ၀ါဒဖြန့်ခဲ့
    နိုဝင်ဘာ ၁၅ ၊ ၂၀၁၅
    M-Media
    သတင်း-သီဟ
    Kyaw Swar Myint Photo
    အစ္စလာမ်ဘာသာဝင်များအား ထိခိုကနစ်နာစေမယ့် ရေးသားချက်တွေကို အမေရိကန် သမ္မတ အိုဘားမား ပြောခဲ့သယောင် ဖန်တီးပြီး Tomorrow ဂျာနယ်  က Contributor တစ်ယောက်ဖြစ်တဲ့ ဦးကျော်စွာမြင့် မှ ၄င်းရဲ့ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ငါးကြိမ်ထက်မနည်း ရေးသားလှုံဆော်ခဲ့ပါတယ်။
    မနေ့က ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု သတင်းတွေကို ထပ်ဆင့် ဖော်ပြရာမှာ ဦးကျော်စွာမြင့်က ” အစ္စလာမ်ဘာသာဝင်တိုင်းဟာ အကြမ်းဖက်သမားတွေမဟုတ်ကြပေမယ့် အကြမ်းဖက်သမားတိုင်းဟာ အစ္စလာမ်ဘာသာဝင်တွေချည်းပါပဲ။” ( ဘားရက်ခ်အိုဘားမား – အမေရိကန်သမ္မတ) ဆိုတဲ့ ကိုယ်ပိုင်မှတ်ချက်နဲ့  ဖေ့စ်ဘွတ်ခ် ပို့စ်ပေါင်း ၅ ခုထက်မနည်းမှာ ရေးသား ဖော်ပြခဲ့တာဖြစ်ပါတယ်။
    ဦးကျော်စွာမြင့် မှတ်ချက်ပေးထားတဲ့ “အိုဘားမားပြောကြားချက်” ဆိုတာကို သမ္မတ အိုဘားမား အမှန်တကယ်ပြောကြားခြင်း ရှိ/မရှိ အမှန်တကယ်သိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ တရားဝင် FB စာမျက်နှာကို “June Gio” အမည်နဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူ တစ်ဥိးမှ မေးမြန်းခဲ့ပါတယ်။
    Kyaw Swar Myint about Obama
    အမေရိကန်သံရုံးမှ အဲဒီ စကားကို သမ္မတအိုဘားမား ပြောကြားခဲ့ခြင်း မရှိကြောင်း ၊ ဦးကျော်စွာမြင့်ရဲ့ မှတ်ချက်ဟာမှားယွင်းကြောင်း အကြောင်းပြန်ခဲ့တာကို တွေ့ရှိရပါတယ်။
    ဦး ကျော်စွာမြင့်က ယခင်အကြိမ်များမှာလည်း လူမျိုးရေး ဘာသာရေး ထိလွယ်ရှလွယ်တဲ့ သတင်းများကို ရေးသားဖော်ပြ ခဲ့ဖူးသူ ဖြစ်ပါတယ်။
    ဆက်စပ်ဆောင်းပါးများဖတ်ရန်
    ———————————
    စည်သူအောင်မြင့်- ” Tomorrow အမုန်းတရားဖြန့်ဖြူးရာ စာမျက်နှာသစ်”
    http://www.m-mediagroup.com/news/32170
    သို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ။ ကုလားတွေလည်း ကြောက်တတ်ပါတယ်။
    http://www.m-mediagroup.com/news/42308
    ပြည်သူ့ ပိုက်ဆံလိမ် ယူနေသည့် အမျိုးသားရေး သူငယ်နာ မစင်သေးတဲ့ မီဒီယာများ
    http://www.m-mediagroup.com/news/32012
  • မန်ယူမှာ ဗန်ဂါးလ်၏ဒဿန မလိုဟု စခိုးလ် ဝေဖန်
    မန်ယူမှာ ဗန်ဂါးလ်၏ဒဿန မလိုဟု စခိုးလ် ဝေဖန်
    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media
    van
    – မန်ယူအသင်း လက်ရှိလိုအပ်နေသည်မှာ ဂိုးများဖြစ်ပြီး ဗန်ဂါးလ်၏ ဘောလုံးဒဿနမဟုတ်ဟု မန်ယူကွင်းလယ်လူဟောင်း ပေါစခိုးလ်က ဝေဖန်ပြောကြားလိုက်ပြီး ၎င်းတို့နှစ်ဦးအကြား စကားစစ်ထိုးမှုကို အရှိန်မြှင့်တင်လိုက်သည်။
    မန်ယူနှင့်အတူ ပရီးမီးယားလိဂ်ဖလားကို ၁၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သည့် စခိုးလ်မှာ ပြီးခဲ့သည့်လက ဗန်ဂါးလ်၏ နည်းစနစ်များကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီး ဗန်ဂါးလ်ကလည်း စခိုးလ်အား တုန့်ပြန်မှုများ ပြုလုပ်ခဲ့သည်။
    “၁၃ လရှိပါပြီ။ ဘာမှ လောက်လောက်လားလား မဖြစ်သေးပါဘူး။ ဒါပေမယ့် လူးဝစ်(ဗန်ဂါးလ်)က ကျွန်တော်ပြောလည်း နားထောင်မှာ မဟုတ်တာကြောင့် ဘာမှသိပ်မပြောတာ ကောင်းပါတယ်။ ဘောလုံးဒဿနပိုင်းကို ပြောကြတယ်။ ကျွန်တော့်အတွက်တော့ မန်ယူက အဲဒီဒဿနတွေ မလိုဘူးဗျ။ ပရိတ်သတ်တွေက တိုက်စစ်နဲ့ ဂိုးတွေကိုပဲ မြင်ချင်ကြတာပါ။ ဒါက မန်ယူရဲ့ ကစားပုံပါပဲ” ဟု ယမန်နေ့က ပြုလုပ်ခဲ့သည့် ပရဟိတပွဲတစ်ခုတွင် စခိုးလ်က ပြောကြားခဲ့သည်။
    Ref: Goal
  • အကြမ်းဖက်မှုအတွက် Double Standard နဲ့ တုန့်ပြန်မှုကို မီးမောင်းထိုးပြလိုက်တဲ့ ဂျိုလီ
    အကြမ်းဖက်မှုအတွက် Double Standard နဲ့ တုန့်ပြန်မှုကို မီးမောင်းထိုးပြလိုက်တဲ့ ဂျိုလီ
    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media
    jolie
    – အောက်တိုဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအကြောင်းဟာ ကမ္ဘာတစ်ဝှမ်းမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပြီး လူတိုင်းက စုပ်တစ်သပ်သပ်နဲ့ မကျေမနပ် ဖြစ်ခဲ့ရပါတယ်။
    အသေခံဗုံးခွဲမှု၊ သေနတ်နဲ့ပစ်ခတ်မှုတွေ အပါအ၀င် မြို့တွင်းက နေရာ ၅ ခုလောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၁၂၀ ကျော် သေဆုံးခဲ့ကြပြီး ရာနဲ့ချီတဲ့ပြည်သူတွေလည်း ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီလုပ်ရပ်အတွက် IS က သူတို့လက်ချက်လို့ တာဝန်ယူခဲ့ပါတယ်။
    အနောက်တိုင်း မီဒီယာတွေကလည်း ပဲရစ်တိုက်ခိုက်မှုကို ဇောင်းပေးဖော်ပြခဲ့သလို ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေကလည်း ၀မ်းနည်းကြောင်း၊ ကြေကွဲကြောင်းတွေ ပြောကြားခဲ့ကာ ပြင်သစ်ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို အလျင်အမြန်ပဲ ဖော်ပြခဲ့ကြပါတယ်။
    ပဲရစ်တိုက်ခိုက်မှုမဖြစ်မီ တစ်ရက်အလို နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က လူစည်ကားရာ အရပ်တစ်ခုမှာ IS က ပြုလုပ်တဲ့ အသေခံဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ဘနွန်ပြည်သူ ၄၃ ဦးသေဆုံးခဲ့ကာ လူအများအပြားလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
    ဒါပေမယ့် လက်ဘနွန်က အကြမ်းဖက်တိုက်ခိုက်မှုကိစ္စကိုတော့ အနောက်တိုင်းမီဒီယာတွေက သတင်းအဖြစ်သာ ဖော်ပြခဲ့ကြသလို၊ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေကလည်း မဆိုင်သလိုသာ နေခဲ့ကြပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုခြင်း၊ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးမှုခြင်း တူပေမယ့် မီဒီယာတွေရဲ့ double standard နဲ့ ဖော်ပြပုံ၊ လူတွေရဲ့ double standard တုန့်ပြန်ပုံတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့ပါတယ်။
    ကမ္ဘာကျော် ဟော်လီးဝုဒ် ရုပ်ရှင်မင်းသမီးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ အိန်ဂျလီနာဂျိုလီကလည်း သူ့ရဲ့ Facebook စာမျက်နှာကနေ ဒီ တရားမမျှတမှုကို အတိအလင်းပဲ ထောက်ပြခဲ့ပါတယ်။
    “ပဲရစ်ကိစ္စနဲ့ပတ်သက်ပြီး လူတိုင်းက ပြောနေကြတဲ့အချိန်၊ မနေ့က လက်ဘနွန်မှာ ISIS က အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ အကြောင်းကိုတော့ ဘယ်သူမှ မဟကြပါဘူး။ ကျွန်မကတော့ နှစ်နိုင်ငံစလုံးအတွက် ဆုတောင်းပေးပါတယ်” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
    IS ကတော့ ပြင်သစ်ဟာ သူတို့ကိုတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့အတွက် လက်စားချေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်မွတ်စလင်တွေအပါအ၀င်၊ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။
    မမှန်ကန်တဲ့ ထောက်လှမ်းရေးသတင်းနဲ့ အီရတ်ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်၊ အာဆတ်အစိုးရ ပြုတ်ကျရေး ဆီးရီးယား သူပုန်တွေကို လက်နက်တပ်ဆင်ပေးကာ တိုက်ခိုက်ခိုင်းခဲ့တဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ လုပ်ရပ်တွေကနေ ပေါ်ထွက်လာတဲ့ IS အကြမ်းဖက်အဖွဲ့ရဲ့ ဒဏ်ကို တစ်ကယ်တမ်း ခါးစီးခံနေရတဲ့သူတွေကတော့ အရှေ့အလယ်ပိုင်းက ပြည်သူတွေဖြစ်ပါတယ်။
    အဲဒီအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နေ့စဉ်နဲ့အမျှ အရှေ့အလယ်ပိုင်းက ပြည်သူတွေဟာ အသက်တွေ ဆုံးရှုံးနေရပြီး ဒီအဖွဲ့ကို စွမ်းစွမ်းတမံ ရှေ့ဆုံးက တွန်းလှန်တိုက်ခိုက်နေသူတွေကလည်း အရှေ့အလယ်ပိုင်းက ပြည်သူတွေသာ ဖြစ်ပါတယ်။
  • ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်သူတွေကို ပြင်သစ် အာဏာပိုင်တွေ ကြို ပြီးသိခဲ့
    ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်သူတွေကို ပြင်သစ် အာဏာပိုင်တွေ ကြို ပြီးသိခဲ့
    နိုဝင်ဘာ ၁၅ ၊ ၂၀၁၅
    M-Media
    103169102-RTS6ZSC.530x298
    ကနဦးပိုင်း ခန့်မှန်းသတင်းများအရ လူတစ်ရာကျော်သေဆုံးပြီး ရာချီဒဏ်ရာရစေခဲ့တဲ့ မကြုံစဖူး ပဲရစ်မြို့လယ်တိုက်ခိုက်မှု မတိုင်မီ ပြင်သစ်လုံခြုံရေးအေးဂျင့်များဟာ တိုက်ခိုက်မှုထဲပါဝင်တဲ့ အကြမ်းဖက်သမားတွေကို အသေအချာသိရှိထားပြီး ဖြစ်နေပါတယ်။
    UK Daily Mail ရဲ့ဆောင်းပါး Hunt for the Isis Killers မှာ အကြမ်းဖက်သမား တစ်ဦးက ပြင်သစ်နိုင်ငံသားဖြစ်ပြီး၊ နောက်ထပ်နှစ်ဦး က ဆီးရီးယားနဲ့ အီဂျစ်နိုင်ငံသားတွေဖြစ်တယ်လို့ အာဏာပိုင်တွေ ဆိုကြောင်း အောက်ပါအတိုင်း ထုတ်ဖော်ထားပါတယ်။
    နယ်ခံသတင်းများအရ ယမန်နေ့ည ပါရီတိုက်ခိုက်မှုထဲပါဝင်တဲ့ အကြမ်းဖက်သမားတစ်ဦးက တရားဝင် ပါရီမြို့သားတစ်ဦးဖြစ်ပါတယ်။ Bataclan မှာ ပစ်သတ်ခံရသူရဲ့ လက်ဗွေကို စစ်ဆေးကြည့်တဲ့အခါ Courcouronnes နယ်မြေထဲက တောင်ပိုင်းပါရီသား တစ်ဦး ဖြစ်နေကြောင်း တွေ့ခဲ့ရတယ်။
    အဲ့ဒီလူဟာ အသက် ၃၀ ၀န်းကျင်ရှိပြီး ယမန်နေ့ညတိုက်ခိုက်မှု မတိုင်မှီကတည်းက ပြင်သစ်အကြမ်းဖက်ဆန့်ကျင်ရေး အရာရှိများနဲ့ သိကျွမ်းနှင့်ပြီးသားလို့ ပြင်သစ်သတင်းများက ဆိုပါတယ်။
    အလားတူစွာပဲ လူ ၁၂ ဦးသေဆုံးခဲ့တဲ့ ၂၀၁၅ ဇန်န၀ါရီ ချာလီဟက်ဘို တိုက်ခိုက်မှုကိုကြည့်ရင် ပြင်သစ်လုံခြုံရေးအေးဂျင့်များက အဲ့ဒီဖြစ်ရပ်မတိုင်မီ ကျူးလွန်ခဲ့ကြသူတွေကို ဆယ်စုနှစ်တစ်ခုစာနီးပါး ခြေရာခံနေခဲ့တယ်။ အဲ့ဒီထဲက အကြမ်းဖက်သမားတစ်ဦးကို အနည်းဆုံး ၂ ကြိမ် ဖမ်းဆီးထိန်းသိမ်းခဲ့ကြတယ်။ တစ်ကြိမ် အကျဉ်းချခဲ့ဖူးပါတယ်။ အဲ့ဒီထဲကနှစ်ဦးကို သူတို့သင်တန်းတက်ခဲ့ကြတဲ့၊ လက်တွဲတိုက်ခိုက်ဖူးတဲ့ နာမည်ကြီး အကြမ်းဖက်အဖွဲ့အစည်းများရှိရာ နိုင်ငံရပ်ခြား ဆီးရီးယားနယ်ထဲအထိ သွားရောက်ခြေရာ ခံခဲ့ကြတယ်။ ဒါဟာ ပြင်သစ်နယ်ကိုပြန်ဝင်လာတဲ့ သူတို့ကို နောက်ထပ်ခြေရာမခံမီက အဖြစ်အပျက်ပါ။ အလွန်အင်မတန် အံ့သြစရာကောင်းတာကတော့ ပြင်သစ်လုံခြုံရေးအေးဂျင့်များက အဲ့ဒီအကြမ်းဖက်သမားများကို ဆယ်စုနှစ်တစ်ခုစာ ခြေရာခံ လိုက်ခဲ့ပြီးနောက်မှာမှ အမှုကိုပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြတယ် ဆိုတာပါပဲ။ သို့အားဖြင့် အကြမ်းဖက်သမားများအဖို့ သူတို့ရဲ့ နောက်ဆုံးအစီအစဉ်ကြီး အထမြောက်အောင် လုပ်ဆောင်ဖို့အတွက် အချိန်လုံလုံလောက်လောက် ရရှိသွားပါတယ်။
    စစ်ဆင်ခြင်းနဲ့ ထောက်လှမ်းခြင်းက အရာမရောက်
    ————————————————-
    ချာလီဟက်ဘို တိုက်ခိုက်မှုနဲ့ ပုံစံတူမြင်ကွင်းမျိုးကို ယခုတဖန် ထွက်ပေါ်ကြုံဆုံရပြန်ပါပြီ။ အစွန်းရောက်တွေကို ပြင်သစ် လုံခြုံရေးအေးဂျင့်များက သိထားပြီးကြသော်လည်း သူတို့ကို ကြိုတင် မတားဆီးနိုင်ခဲ့ကြပါဘူး။ လက်ရှိဥပဒေပြဋ္ဌာန်းချက်များက လုံခြုံရေးအေးဂျင့်တွေကို လုပ်ပိုင်ခွင့်များစွာ ထပ်တိုးပေးအပ်ထားသည့်တိုင် ခုလို အဆင့်မြင့်တိုက်ခိုက်မှုသာ ထပ်မံဖြစ်ပွားလာခဲ့တယ်။ ထိုးဖောက်ထောက်လှမ်းစုံစမ်းမှုဖြစ်စေ ပြည်ပစစ်ဆင်မှုဖြစ်စေ အကြမ်းဖက်ပြဿနာကို မဖြိုလှဲနိုင်ဘူးဆိုတာ ဒီအချက်က ထင်ရှားလာစေ ပါတယ်။ ပြင်သစ်အစိုးရ ကိုယ်တိုင်က အကြမ်းဖက်မှု ရပ်တန့်ရေးကို တမင်မပြုလုပ်လေသလားလို့ ယူဆစရာပါ။ ပြဿနာက ပြင်သစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေ မဟုတ်ပါဘူး။ အန္တရာယ်ပေးနိုင်သူတွေဟာ ပြင်သစ်ထဲမှာပဲ ရှိနေပြီး သူတို့ကို ပြင်သစ် လုံခြုံရေးအေဂျင်စီတွေက တောက်လျှောက်ခြေရာခံနေခဲ့ပြီးသားဖြစ်နေတယ်။ ဆီးရီးယားဟာလည်း ပြဿနာ မဟုတ်ပါဘူး။ အကြမ်းဖက်သူတွေက အဲ့ဒီကိုသွားပြီး ကြောက်စရာ အတတ်တွေ ရယူခဲ့ကြတယ်၊ ပြင်သစ်ပြန်မလာခင် ပုံသွင်းခံရတယ်။ ဒါကိုလည်း ပြင်သစ်လုံခြုံရေးအေးဂျင့်များက ခြေရာခံနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ တကယ့်ပြဿနာကတော့ အန္တရာယ်ပေးနိုင်တဲ့ ဒီလူတွေတစ်ဦးချင်းရဲ့ ဘ၀နေထိုင်မှု၊ အလုပ်အကိုင် နဲ့ ပြင်သစ်လူ့အဖွဲ့အစည်းထဲ ဖျက်ဆီးရေးကြံစည်ချက်တွေကို လုံခြုံရေးအေးဂျင့်တွေက အတိုင်းသား သိနေပါလျက် ဘာဆိုဘာမှ မပြုလုပ် မဆောင်ရွက်ခြင်းပါပဲ။ သိသိကြီးနဲ့ လွှတ်ထားခဲ့ကြတာပါ။ သိပ်မကြာတော့တဲ့အချိန်မှာ ပြင်သစ်အစိုးရ (နဲ့) ဆီးရီးယားအပေါ်စစ်ဆင်နေကြတဲ့ သူ့ရဲ့အလိုတူအလိုအသီးသီးက အရေးယူမှုအစီအစဉ်တစ်ရပ်ကို အဆိုပြုကြပါလိမ့်မယ်၊ ပြင်သစ်နဲ့ဥရောပတစ်ခွင်မှာ အကြမ်းဖက်မှုအန္တရာယ်ရှိကြောင်း သူတို့က ယိုးမယ်ဖွဲ့ကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်အရှိတရားမှာ ဒီပြဿနာက ပြင်သစ်အစိုးရကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းနိုင်တဲ့ ကိစ္စဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ပြဿနာအစစ်ကတော့ ပြင်သစ်အစိုးရကိုယ်တိုင်ပါပဲဆိုတာ ရှင်းလင်းထင်ရှားနေပါတယ်။
    ပဲရစ်တိုက်ခိုက်မှုနောက်ကွယ်မှာ ISIS ဆိုရင် ISIS နောက်ကွယ်မှာက ဘယ်သူလဲ ?
    —————————————————————-
    အစ္စလာမ့်နိုင်ငံတော်(ထူထောင်ရေးအဖွဲ့) လို့အမည်ခံထားတဲ့ ISIS ကို ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်က တရားခံလို့ ဆိုကြတယ်။ ဒါဆိုရင် ISIS နောက်ကွယ်မှာ ဘယ်သူတွေရှိနေကြသလဲ ဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ဒဏ္ဍာရီဆန်လှတဲ့ စွမ်းရည်တွေပိုင်ဆိုင်ထားပါတယ်ဆိုတဲ့အကြောင်း၊ (ယခင်က) အီရန် နဲ့ (ယခုမှာ) ရုရှားရဲ့အကူအညီကိုယူပြီး ဆီးရီးယား၊ အီရတ်နဲ့ လက်ဘနွန်က ဟစ်ဇဘိုလာတို့အပေါ် ရေရှည်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်စွမ်းရှိကြောင်း အနောက်တိုင်းက ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းနေကြတယ်၊ ဒါကြောင့် ISIS ဟာ မဟာအင်အားကြီးနိုင်ငံများရဲ့ အသုံးတော်ခံအုပ်စုဖြစ်ကြောင်း ထင်ရှားပါတယ်။
    ပူလစ်ဇာဆုရှင် စာနယ်ဇင်းသမား Seymour Hersh ရဲ့ တွေ့ဆုံမေးမြန်းမှုများအရ ISIS ဟာ ၂၀၀၇ ခုနှစ်က စတင်ခေါင်းပြူလာတယ်လို့ စာမျက်နှာ ၉ မျက်နှာပါ သူ့ရဲ့ The Rediredtion အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။ ဂိုဏ်းကွဲအစွန်းရောက်တွေ(အလ်ကိုင်ဒါ အုပ်စုတွေ)ကို အထူးအားဖြည့်အသုံးချပြီး ဆီးရီးယားမှာ မတည်မငြိမ်ဖြစ်စေဖို့နဲ့ ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့ အစီအစဉ်ကြီးတစ်ရပ် ရှိခဲ့ကြောင်း အဲ့ဒီ အင်တာဗျူးများက ဖော်ထုတ်လှစ်ပြလိုက်ပါတယ်။ မိမိရဲ့ အခိုင်မာဆုံး မဟာမိတ်ဟောင်းကြီး ဆော်ဒီအာရေဗျကတဆင့် အလ်ကိုင်ဒါတို့ဆီ ငွေကြေးနဲ့လက်နက်တွေကို အမေရိကန်က တိတ်တဆိတ် လွှဲပြောင်းပံ့ပိုးပေးခဲ့ပါတယ်။
    ၂၀၁၂ ခုနှစ် ထောက်လှမ်းရေးအေဂျင်စီဋ္ဌာန Department of Intelligence Angency (DIA) ရဲ့အစီရင်ခံစာမူကြမ်းမှာ ဒီအချက်ကို ထင်ထင်ရှားရှားတွေ့ရပါတယ်။
    “အခြေအနေအရှုပ်အထွးကို ဖြည်ချလိုတယ်ဆိုရင် လုပ်ဆောင်နိုင်တဲ့ ဖြစ်နိုင်ချေတစ်ရပ်ရှိပါတယ်။ ဆီးရီးယားအရှေ့ပိုင်း (Hasaka နဲ့ Der Zor) မှာ အတိအလင်းကြေငြာတဲ့ သို့မဟုတ် ကြိတ်ပုန်း စလဖီဝါဒီအုပ်စုကို ထူထောင်ဖို့ပါပဲ။ ဒါဟာ ဆီးရီးယားအစိုးရကို အထီးကျန်စေရေးအတွက် အတိုက်အခံတွေလိုနေတဲ့ အင်အားစုတွေကို အတိအကျ အားဖြည့်ထောက်ကူပေးရာ ရောက်စေတယ်။ အီရန်နဲ့အီရတ်မှာ ရှီအာတွေ ခြေလှမ်းကျယ်လာရေး မဟာဗျူဟာ ချမှတ်နေတယ်လို့ ထင်မှတ်လာအောင် လုပ်ရပါမယ်”။
    “အားဖြည့်ထောက်ကူပေးမယ့်အင်အားစုများ” ဆိုတာ – အတိုက်အခံတွေကိုထောက်ခံတဲ့ အနောက်တိုင်း၊ ပင်လယ်ကွေ့နိုင်ငံများ၊ တူရကီနိုင်ငံ (နဲ့) အာဏာရအုပ်စုကိုထောက်ခံတဲ့ ရုရှား၊ တရုတ်၊ အီရန်တို့ ဖြစ်တဲ့အကြောင်း DIA အစီရင်ခံစာက တိတိကျကျ စာရင်းချပြထားပါတယ်။
    ဒီနေ့ထိ ဆီးရီးယားပဋိပက္ခကြားက ဂိုဏ်းကွဲအုပ်စုတွေရဲ့ထိန်းချုပ်နယ်မြေတွေကို အသေးစိပ်ဖော်ပြထားတဲ့ မည်သည့်ကမ္ဘာ့မြေပုံကိုမဆို ယူကြည့်လိုက်ရင် – ISIS ဆိုတာ နိုင်ငံတစ်ခုဆိုတဲ့အဆင့် လုံးဝမဟုတ်ပါဘဲ နေတိုးအဖွဲ့ဝင် တူရကီပိုင်နက်ကနေ ပြူထွက်လာတဲ့ အဆက်မပြတ် ကျူးကျော်စီးနင်းမှုတစ်ရပ် ဖြစ်နေကြောင်း ရှင်းလင်းသွားပါလိမ့်မယ်။ ယခုအချိန်မှာ မြစ်ကြောင်းကျုံ့နေပြီးသား ယူဖရေးတီးစ်မြစ်အနောက်ဖက်ကမ်းရိုးတန်းနဲ့ ဆီးရီးယားမြို့တော် Ad Dana အကြားရှိ တူရကီ-ဆီးရီးယားနယ်စပ်ကို ဖြတ်ကျော်ထားတဲ့ တူရကီရဲ့ကနဦးလမ်းကြောကတဆင့် ဖြတ်သန်းဝင်ရောက်လာတာဖြစ်တယ်။
    2300syria-ISIS-7-27-15
    တူရကီ-ဆီးရီးယားနယ်စပ်ဒေသကနေ တိုက်ရိုက်ဆန်တက်လာတဲ့လမ်းကြောတစ်လျှောက်က ISIS ထိန်းချုပ် နယ်မြေတွေကို မီးခိုးရောင်နဲ့ပြသထားပါတယ်။ လက်ရှိချိန်မှာ ဒီလမ်းကြော၊ အလက်ပိုမြို့ ၀န်းကျင်တစ်ခွင်နဲ့ ယူဖရေးတီးစ်မြစ် အနောက်ဖက် ကမ်းမြှောင်တစ်လျှောက်ကို ဆီးရီးယား-ရုရှားပူးပေါင်းတပ်ဖွဲ့က အနိုင်ရပြီး ဖြတ်တောက် ပိတ်ဆို့ထားပါတယ်။ ယူဖရေးတီးစ်မြစ်အရှေ့ဖက်ဒေသများကတော့ ကာ့ဒ်နဲ့ ဆီးရီးယားတပ်ဖွဲ့များက ထိန်းချုပ် ထားပြီးသားဖြစ်တယ်။ ISIS ရဲ့အစောပိုင်း အထောက်အပံ့ကို ပေးကူနေတာ ဟာ နေတိုးအုပ်စုပါ။ သို့သော် နေတိုး အုပ်စုဝင်နိုင်ငံ တစ်ခုကို တိုက်ခိုက်တဲ့နောက်ကွယ်တရားခံက ISIS ပါလို့ ဆိုထားကြပါတယ်။
    ဆီးရီးယားအစိုးရနဲ့ နောက်ခံအင်အားစုကို ဖယ်ထုတ်ပစ်ဖို့ အနောက်တိုင်းရဲ့အားထုတ်မှု၊ သူတို့တွန်းထိုးလိုက်တဲ့ ဇာတ်ခင်းမှုဟာ ဆီးရီးယား-ရုရှားပူးပေါင်းစစ်ဆင်ရေးတွေကြောင့် ဒီလမ်းကြောတည်ငြိမ်ကျဉ်းမြောင်းလာတာနဲ့အမျှ ယခုချိန်မှာ ပြုတ်ပြုတ်ပြုန်းနေရပြီဖြစ်ပါတယ်။
    လွန်ခဲ့တဲ့ရက်သတ္တပတ်ကပဲ ဆီးရီးယားတပ်ဖွဲ့များက နှစ်များစွာ ပိတ်ဆို့ခံထားရတဲ့ ကွေး တပ်မတော်လေဆိပ်ကို အခိုင်အမာ ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တယ်။ လေဆိပ်ဟာ ယူဖရေးတီးစ်မြစ်ကနေ မိုင် ၂၀ မျှသာ ကွာဝေးပါတယ်။ ရုရှားလေကြောင်းပစ်အကာအကွယ်ရထားတဲ့အတွက် ဆီးရီးယားတပ်ဖွဲ့များဟာ ဆီးရီးယားကမ်းခြေတစ်လျှောက် တူရကီနယ်စပ်ဖက်ကို ဆန်တက်ရှင်းလင်းနိုင်ခဲ့ပြီး၊ ISIS  တို့ ဆီးရီးယားအတွင်းပိုင်းထိ ထိုးဖောက်ချက်ကို ဖြတ်တောက်ပစ်မယ့် အကျစ်လစ်ဆုံးတပ်ဦး အသွင်ဆောင်လာပါပြီ။
    မြောက်ပိုင်းက ISIS ရဲ့ အားဖြည့်လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်မယ်ဆိုရင် ဒီအဖွဲ့ရဲ့ ဇွတ်တိုးတိုက်ခိုက်မှုစွမ်းရည် ချည့်နဲ့သွားစေမှာဖြစ်တယ်။ အနောက်တိုင်းရဲ့ အစိုးရပြောင်းလဲရေးအခွင့်အလမ်းတံခါးဟာလည်း အလျင်အမြန် ပိတ်သွားပါလိမ့်မယ်။ ဒီတံခါးမပိတ်သွားအောင် ကာကွယ်သောအားဖြင့်  နောက်ဆုံးခံစစ်အနေနဲ့ ပြင်သစ်အစိုးရက မိမိရဲ့ပြည်သူပြည်သားများကိုပင်လျှင် ထိုးကျွေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
    အမှန်အားဖြင့် ပြင်သစ်နိုင်ငံဟာ ချာလီဟက်ဘို တိုက်ခိုက်သူများကို သိခဲ့တယ်၊ လတ်တစ်လော ပါရီတိုက်ခိုက်မှုမှာ ပါဝင်သူတွေကိုလည်း ရှေးဦး မဆွကတည်းက သိခဲ့တယ်။ သူတို့ရဲ့အစီအမံတွေ အကောင်အထည်ဖော်ဖို့ အချိန်ကောင်းစောင့်နေခဲ့တာကိုလည်း သိထားနိုင်ချေ ရှိပါတယ်။ သိပါလျက်နဲ့ ဘာမှ မလုပ်ဘဲ ရပ်ကြည့်နေခဲ့ကြတယ်။ ရှေ့ဆက်ဆိုရရင် ပြင်သစ်အစိုးရဟာ နိုင်ငံ့လုံခြုံရေးကို ထိန်းသိမ်းမယ့်အစား ဒါကိုပဲ လက်နက်အဖြစ် အသုံးချဖို့ ရွေးချယ်ခဲ့ကြတယ်။ လူထုရဲ့အမြင်ကိုဆန့်ကျင်ပြီး မိမိတို့ရဲ့ ပြည်ပရေးရာပထ၀ီနိုင်ငံရေးအစီအစဉ်မှာ အကျိုးအမြတ်ရဖို့ပဲ ကြည့်ခဲ့ကြပါတယ်။
    တကယ်လို့ ပြင်သစ်ပြည်သူများအနေနဲ့ မိမိတို့ပိုင်နက်အတွင်း အဖန်တလဲလဲ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် တာဝန်ရှိသူတွေကို အပြင်းစား တွန်းလှန်လိုတယ်ဆိုရင် …….
    ISIS ကို ဒီကနေ့တိုင်အောင် အလျဉ်မပြတ် ကူညီနေပြီး မြင့်တက်ခေါင်းထောင်လာစေတဲ့ – တိုက်ခိုက်မှုကို သိထားပြီး အလျဉ်းမတားဆီးခဲ့တဲ့ ဒီလူတစ်စုတည်းအပေါ် တွန်းလှန်မှုနဲ့ စတင်လိုက်ရမှာဖြစ်ပါတယ်။
    xxxxxxxxxxxxxxxxxxxxxxxxx
    Tony Cartalucci ၏ CONFIRMED: French Government Knew Extremists BEFORE Paris Terrorist Attack ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။
    Ref : Globlal Research