News @ M-Media

Blog

  • လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြသည့် ရူနီကို စခိုးလ် ချီးကျူး

    လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြသည့် ရူနီကို စခိုးလ် ချီးကျူး

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    rooney

    – ပြင်သစ်အား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ယမန်နေ့ခြေစမ်းပွဲတွင် ရူနီမှာ ၎င်း၏ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်ဟု အင်္ဂလန်လက်ရွေးစင်ဟောင်း ပေါလ်စခိုးလ်က ချီျးကျူး ပြောဆိုလိုက်သည်။

    ယခုနှစ်တွင် ကလပ်အသင်းနှင့် နိုင်ငံအသင်း ၂ ခုစလုံးအတွက် ကောင်းမွန်စွာ ခြေစွမ်းမပြနိုင်သောကြောင့် ရူနီမှာ ဝေဖန်မှုများကို ခံနေရသည်။ သို့သော်လည်း ၀င်ဘလေတွင် ကစားခဲ့သည့် ပြင်သစ်နှစ်ပွဲတွင် ခြေတွေ့ခဲ့ကာ အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

    “(အင်္ဂလန်အသင်းမှာ) သူ့အတွက် တစ်နေရာ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီရာသီမှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်လို့ သတ်မှတ်လို့ရတဲ့ စွမ်းရည်ကိုလည်း ဒီညမှာ ပြသခဲ့ပါတယ်။ သူ့ရဲ့ ဖြတ်တင်ဘောတွေက တော်တော်လေး ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ လှုပ်ရှားမှုလည်းကောင်းတယ်။ ပြီးတော့ ဒီညမှာ ဂိုးပေါက်ကိုလည်း သူ ကောင်းကောင်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူဟာ နံပါတ် ၁၀ နေရာမှာ ကစားခဲ့ပြီး အဲဒီနေရာက သူ့အတွက် အကောင်းဆုံးနေရာလို့ ကျွန်တော် ထင်ပါတယ်” ဟု ပေါလ်စခိုးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဆီးရီးယားအရေး ရုရှားပါဝင်မှုကို အိုဘားမားချီးကျူး

    ဆီးရီးယားအရေး ရုရှားပါဝင်မှုကို အိုဘားမားချီးကျူး

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    – ဆီးရီးယားပြဿနာ အဆုံးသတ်ရေးအတွက် ဆွေးနွေးမှုတွင် ပါဝင်သည့် ရုရှား၏အခန်းကဏ္ဍကို အမေရိကန်သမ္မတ ရက်အိုဘားမားက ချီးကျူးလိုက်ပြီး IS အဖွဲ့အား ရုရှားက စစ်ရေးတိုက်ခိုက်မှုတွင် ပိုမိုကောင်းမွန်စွာ ဆက်သွယ်ဆောင်ရွက်ရေး အတွက်လည်း ကမ်းလှမ်းလိုက်သည်။

    ပြီးခဲ့သည့် ရက်ပိုင်းက သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ပြုလုပ်ခဲ့သည့် ဆီးရီးယားအရေး ဆွေးနွေးပွဲတွင် ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံစလုံး ပါဝင်ခဲ့ပြီး လာမည့်နှစ်အတွင်း အပစ်ရပ်ရေး လက်မှတ်ထိုးကာ ရွေးကောက်ပွဲ ပြုလုပ်ရန်အထိ သဘောတူညီခဲ့ကြသည်။

    သို့သော်လည်း အိုဘားမားကမူ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်၏ အနာဂတ်၊ ၎င်းအား ကာကွယ်ပေးရန် ရုရှားက ပြုလုပ်နေသော လေကြောင်းမှ တိုက်ခိုက်မှုတို့နှင့် ပတ်သက်၍ မိမိတို့တွင် ကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Alarabiya

  • ကမ္ဘာ့လက်ဝှေ့ကျော်တစ်ဦး ချန်ပီယံဘွဲ့ ရုပ်သိမ်းခံရ

    ကမ္ဘာ့လက်ဝှေ့ကျော်တစ်ဦး ချန်ပီယံဘွဲ့ ရုပ်သိမ်းခံရ

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    cotto

    – ကမ္ဘာ့လက်ဝှေ့ကောင်စီ WBC ၏ မစ်ဒယ်ဝိတ်တန်းချိန်ပီယံ မီဂွဲလ်ကော့တိုမှာ WBC မှ သတ်မှတ်ခဲ့သည့် ဒဏ်ကြေးကို ပေးဆောင်ခြင်း မပြုသောကြောင့် ၎င်း၏ ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်ဟု သိရသည်။

    လာမည့်စနေနေ့တွင် စိန်ခေါ်သူ လူငယ်လက်ဝှေ့သမား အလ်ဗာရက်ဇ်နှင့် ထိုးသတ်ရန် ရှိနေသည့် ကော့တိုမှာ ကန်ဒေါ်လာ သန်း ၃၀ ခန့် ရရှိမည့် ထိုပွဲအတွက် WBC ၏ စည်မျဉ်းစည်ကမ်း သဘောတူညီချက်ကို လက်မှတ်ထိုးရန် ငြင်းဆိုခဲ့သည့်အတွက် ကန်ဒေါ်လာ ၃ သိန်း ဒဏ်ငွေ ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းကမူ ထိုဒဏ်ကြေးကို ပေးဆောင်ခဲ့ခြင်းမရှိပေ။

    ထို့ကြောင့် WBC က ၎င်း၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စနေနေ့ပွဲတွင် အလ်ဗာရက်ဇ်က အနိုင်ရရှိပါက ထိုချန်ပီယံဘွဲ့ကို ရယူနိုင်မည်ဖြစ်သည်။

    WBC မှ ထုတ်ပြန်သော ကြောငြာချက်တွင် ကော့တိုနှင့် ၎င်း၏ အဖွဲ့မှာ မိမိတို့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့ခြင်းမရှိဟု ဖော်ပြခဲ့ပြီး အဖွဲ့ဥက္ကဌ မူရီစီယို ဆူလေမန်ကမူ သဘောတူညီချက်ကို လက်မှတ်ထိုးရန် ကော့တို၏ ငြင်းဆိုမှုမှာ စိတ်ပျက်ဖွယ်ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Dailymail

  • အစ္စလာမ့်ဘဏ္ဏာရေးလုပ်ငန်း ဘာသာရပ်ကို ကရာချီ စီးပွားရေးတက္ကသိုလ်တွင် သင်ကြားတော့မည်

    အစ္စလာမ့်ဘဏ္ဏာရေးလုပ်ငန်း ဘာသာရပ်ကို ကရာချီ စီးပွားရေးတက္ကသိုလ်တွင် သင်ကြားတော့မည်

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    paki

    – အစ္စလာမ့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဏာရေးလုပ်ငန်းများဆိုင်ရာ အသိပညာများ ရရှိရန်အတွက် ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရှိ ကရာချီစီးပွားရေးကတ္ကသိုလ် KUBS က လာမည့် ပညာသင်နှစ်မှစ၍ အစ္စလာမ့်ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရပ်ကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဘွဲ့နှင့် ဒီပလိုမာများ ပေးအပ်သွားမည်ဟု တက္ကသိုလ်ဥက္ကဌ ဒေါက်တာ ဒန်းနစ်ရှ် အဟ်မဒ် ဆစ်ဒီကီက ပြောကြားခဲ့သည်ဟု The Express Tribune တွင် ဖော်ပြခဲ့သည်။

    “ဇန်န၀ါရီကနေစပြီး MBA ဘွဲ့ ပေးနိုင်ဖို့နဲ့ နောက်လာမယ့်နှစ်မှာ အစ္စလာမ့်ဘဏ်လုပ်ငန်းဆိုင်ရာ သီးခြားသင်ကြားဖို့ကို ကျွန်တော်တို့ အထူးအလေးထား လုပ်ဆောင်နေပါတယ်” ဟု ဆစ်ဒီကီက ဆိုပြီး ရိုးရာ အသိပညာနှင့် ခေတ်ပေါ်အသိပညာတို့အကြား ကွာဟမှုကို ပေါင်းကူးပေးရန်အတွက် ဘာသာရေးကျောင်းများနှင့် မဒ်ရာဆာများမှ ကျောင်းသားများကိုလည်း ၎င်းတို့တက္ကသိုလ်တွင် လက်ခံသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အစ္စလာမ့်ဘဏ်လုပ်ငန်း၊ ဘဏ္ဏာရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အဆင့်မြင့်ပညာတွေကို လေ့လာတာဟာ ကိုယ်ပိုင်အသိပညာနဲ့ လူနေမှုအဆင့်အတန်းကို တိုးတက်စေသလို၊ အခြားသူတွေရဲ့ ဘ၀တွေကိုလည်း တိုးတက်မှုတွေ ဖြစ်စေပါတယ်”

    တက္ကသိုလ်၏ သိပ္ပံရေးရာ စီမံခန့်ခွဲရေးဌာနမှ ပါမောက္ခ ဒေါက်တာ ခါလစ် အီရာကီကလည်း အစ္စလာမ့်ဘဏ္ဏာရေးလုပ်ငန်းဆိုင်ရာ သင်ကြားမှုများအတွက် လေ့လာရေးဘုတ်အဖွဲ့၊ သိပ္ပံဆိုင်ရာ စီမံခန့်ခွဲရေးဌာနှင့် ပညာရေးကောင်စီတို့ကလည်း ခွင့်ပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: IINA News

  • အမေရိကန်တွင် မွတ်စလင်များအား ပစ်မှတ်ထား တိုက်ခိုက်မှု မြင့်တက်လာ

    အမေရိကန်တွင် မွတ်စလင်များအား ပစ်မှတ်ထား တိုက်ခိုက်မှု မြင့်တက်လာ

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယား ဒုက္ခသည်များကို မိမိတို့ပြည်နယ်များတွင် လက်မခံဟု အမေရိကန်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးအချို့က ကြေငြာပြီးနောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းများ တိုက်ခိုက် ဖျက်ဆီးခံရမှုနှင့် မွတ်စလင်များကို ပစ်မှတ်ထားသည့် အမုန်းအခြေခံ ရာဇ၀တ်မှုများဟု သံသယဖြစ်စရာ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်ဟု သိရသည်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကာင်စီ CAIR ကမူ မိမိတို့မှာ မကြာသေးမီက မက်ဆာချူးဆက်၊ ဖလော်ရီဒါ၊ တက္ကဆက်၊ ကန်တာကီ၊ ဗာဂျီးနီးယား၊ နီဘရာဆာကာ၊ တန်နက်ဆီ၊ အိုဟိုင်းယိုး၊ နယူးယောက်နှင့် အခြားသော ပြည်နယ်များတွင် ဖြစ်ပွားခဲ့သော “ဗလီဝတ်ကျောင်းတော်များ ဖျက်ဆီးခံရမှု၊ ခြိမ်းခြောက်ခံရမှုနှင့် အမုန်းအခြေခံ ဖြစ်ရပ်များ” ၏ မှတ်တမ်းများကို ရရှိထားသည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

    လက်ယာယိမ်း ရီပက်ဘလစ်ကန်ပါတီမှ ၂၆ ဦးပါအ၀င် အမေရိကန်ရှိ ပြည်နယ် ၂၇ ခုမှ အုပ်ချုပ်ရေးမှူးများက သောကြာနေ့က ဖြစ်ပွားခဲ့သည့် ပဲရစ်အကြမ်းဖက် တိုက်ခိုက်မှုကို ထောက်ပြ၍ ၎င်းတို့မှာ ဆီးရီးယားဒုက္ခသည်များကို လက်ခံတော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    အိုမာဟာနှင့် နီဘရာဆာကာ အစ္စလာမ့်စင်တာများမှ တာဝန်ရှိသူများကမူ တနင်္လာနေ့ညက အမည်မသိသူအချို့မှာ ဒေသတွင်းရှိ ဗလီဝတ်ကျောင်းတော်တစ်ခု၏ နံရံတွင် အီဖယ်မျှော်စင်ပုံကို စပရေးဖြင့် ရေးချယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    တက္ကဆက်ပြည်နယ် ပက်ဖ်လူဂျာဗီလ်းမြို့ရှိ ဗလီဝတ်ကျောင်းတော်တွင်မူ ဒေသခံများ တနင်္လာနေ့မနက်ပိုင်း ၀တ်ပြုရန် ရောက်ရှိလာချိန်တွင် ဗလီတံခါးပေါက်နားတွင် ကုရ်အာန်စာအုပ်အား ဖြဲဆုပ်လွှတ်ပစ်ထားမှုကို တွေ့ရှိခဲ့ရသည်။

    ဖလော်ရီဒါပြည်နယ် စိန့်ပီတာစဘတ်မြို့တွင်မူ ပြင်သစ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဗလီဝတ်ကျောင်းတော်တစ်လုံးကို လူတစ်ဦးက ဖုန်းဆက်၍ ခြိမ်းခြောက်ခဲ့သည်။ ၎င်း၏ ခြိမ်းခြောက်မှု၌ မိမိတို့တွင် ပြည်သူ့စစ်များရှိပြီး အစ္စလာမ်ဘာသာဝင်များ ရှိသည့်နေရာသို့ လာရောက်ကာ ဗုံးခွဲ၍ တွေ့သမျှသူများ၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်မည်ဟု ပြောကြားခဲ့သည်။

    CAIR ၏ အဆိုအရ ဖလော်ရီဒါရှိ နောက်ထပ် ဗလီဝတ်ကျောင်းတော်တစ်လုံးမှာလည်း ထိုကဲ့သို့ ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဆိုသည်။

    အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်တွင်လည်း ဆန္ဒပြသူများမှာ ဗလီဝတ်ကျောင်းတော် အပြင်ဘက်တွင် စုရုံးကာ ၀တ်ပြုရန်လာရောက်သူများကို နှောက်ရှက်ခဲ့ပြီး စော်ကားပြောဆိုမှုများကိုလည်း ပြုလုပ်ခဲ့သည်။

    ယမန်နေ့တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချာလော့တီရှိ အငှားယဉ်မောင်းတစ်ဦးက ခရီသည်တစ်ဦးမှာ ၎င်းတို့ မွတ်စလင်ဟု ထင်မှတ်၍ ထိုးကြိတ်ကန်ကျောက်ခဲ့ပြီး သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

    Ref: Aljazeera