News @ M-Media

Blog

  • မော်ရင်ဟိုမှာ ချယ်ဆီးအား ပြန်လည် ဆွဲတင်ပေးနိုင်မည်ဟု ဖီဂိုပြော

    မော်ရင်ဟိုမှာ ချယ်ဆီးအား ပြန်လည် ဆွဲတင်ပေးနိုင်မည်ဟု ဖီဂိုပြော

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    morinho

    – ချယ်ဆီးအသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် ဖိအားဒဏ်ကို ခံစားနေရသော်လည်း မော်ရင်ဟိုမှာ အသင်း၏ ကံကြမ္မာကို ပြန်ကောင်းလာအောင် စွမ်းဆောင်နိုင်မည်မှာ သံသယရှိစရာ မလိုကြောင်း ပေါ်တူဂီ ကွင်းလယ်ဗိုလ်ချုပ်ဟောင်း ဖီဂိုက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီးချိန်တွင် လက်ရှိချန်ပီယံ ချယ်ဆီးမှာ ၁၁ မှတ်သာ ရရှိကာ အဆင့် ၁၆ နေရာသို့ ရောက်ရှိနေပြီး ထိပ်ဆုံးမှ မန်စီးတီး၊ အာဆင်နယ်တို့နှင့် ၁၅ မှတ် ကွာဟနေပြီဖြစ်သည်။

    “နည်းပြဘ၀ဆိုတာ ဒီလိုပါပဲ။ ရလဒ်တွေကို အာမခံလို့မရဘူး။ ဒါပေမယ့် ကျေနပ်စရာမကောင်းတဲ့ ရလဒ်တွေကြောင့် သူတို့ရဲ့စွမ်းရည်ကို မေးခွန်းထုတ်လို့လည်း မရပါဘူး။ ဂျိုဆေး (မော်ရင်ဟို) ဟာ ချယ်ဆီးကို ဒီအခြေအနေကနေ ဆွဲထုတ်နိုင်မယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ အရင်ကလည်း သူ ဒီလိုမျိုး အကြိမ်တော်တော်များများ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအခြေအနေကတော့ အဆိုးဆုံး ဖြစ်နိုင်ပါတယ်။ အဓိကအရာတစ်ခုကတော့ သူနဲ့ သူ့အလုပ်အပေါ်မှာ ယုံကြည်မှု ရှိဖို့ပါ။ အဲဒီနောက်မှာတော့ နိုင်ပွဲတွေပြန်ရဖို့
    ပိုလွယ်လာပါလိမ့်မယ်” ဟု ဖီဂိုက ပြောကြားခဲ့သည်။

    ဖီဂိုမှာ ဘာစီလိုနာနှင့် အင်တာတို့တွင် မော်ရင်ဟိုနှင့် အလုပ်အတူ တွဲလုပ်ဖူးသူ ဖြစ်သည်။

    Ref: Goal

  • တူရကီတွင် IS က အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးစားခဲ့

    တူရကီတွင် IS က အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးစားခဲ့

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    turkey

    – ယမန်နေ့တွင် တူရကီနိုင်ငံ ဂါဇီယန်တပ်ပြည်နယ် အိုဂူဇီလီ ခရိုင်တွင် IS အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် နှစ်စီးက အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြိုးစားခဲ့သောကြောင့် တူရကီစစ်တပ်က နှိမ်နင်းခဲ့ရပြီး IS တိုက်ခိုက်ရေးသမား ၄ ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ကားနှစ်စီးမှာ စစ်ကားတစ်စီးအနားသို့ ချဉ်းကပ်လာပြီး တူရကီစစ်သားများက ရပ်တန့်ရန် အမိန့်ပေးသည့်အခါတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ပထမကားမှ IS အဖွဲ့ဝင်များကို နှိမ်နင်းနိုင်ခဲ့သော်လည်း ဒုတိယကားမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

    တူရကီနယ်စပ်နှင့်ထိနေသည့် ဆီးရီးယားဘက်ခြမ်းရှိ တောင်ကြားဒေသကို IS အဖွဲ့က ထိန်းချုပ်ထားပြီး တူရကီတပ်ဖွဲ့များနှင့် မကြာမကြာ တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။ တူရကီမှာ ပြီးခဲ့သည့် ဇူလိုင်လကတည်းက IS အဖွဲ့အား တိုးမြှင့်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့သည်။

    ထိုအချိန်မှစ၍ တူရကီတွင် IS နှင့်စက်ဆပ်နေသည့် အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး တူရကီပြည်သူ ၁၃၀ ကျော် သေဆုံးခဲ့သည်။

    Ref: Reuters

  • သားဖြစ်သူနှင့် တွဲကစားရသည့်အချိန်မှာ အထူးစပါယ်ရှယ်အချိန် ဖြစ်သည်ဟု ဘက်ခမ်းပြော

    သားဖြစ်သူနှင့် တွဲကစားရသည့်အချိန်မှာ အထူးစပါယ်ရှယ်အချိန် ဖြစ်သည်ဟု ဘက်ခမ်းပြော

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    back

    – အိုထရဒ်ဖို့ဒ်ကွင်းကြီးတွင် မိမိ၏သား ဘရွတ်ကလင်း၊ ဘရာဇီးလ် ဂန္တ၀င်ကစားသမား ရော်နယ်ဒင်ဟိုတို့နှင့် တွဲ၍ ကစားရသည့် အချိန်မှာ မိမိအတွက် ထူးခြားသည့် အချိန်ကာလ ဖြစ်သည်ဟု အင်္ဂလန်ဂန္တ၀င်ကစားသမား ဒေးဗစ် ဘက်ခမ်းက ပြောကြားလိုက်သည်။

    မန်ယူနည်းပြဟောင်း ဖာဂူဆန်ကိုင်တွယ်ကာ ဘက်ခမ်းဦးဆောင်သည့် ဂရိတ်ဗြိတိန်အသင်းနှင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဟောင်းများ ပါဝင်သော All Star အသင်းတို့မှာ ယူနီဆက်ဖ်၏ ကလေးများရန်ပုံငွေပွဲအဖြစ် ယမန်နေ့က ကစားခဲ့ပြီး ဂရိတ်ဗြိတိန်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရိခဲ့သည်။

    ဘက်ခမ်း၏ အကြီးဆုံးသားဖြစ်သူ ဘရွတ်ကလင်းမှာ ၇၆ မိနစ်တွင် ဖခင်ဖြစ်သူ၏ အစား ၀င်ရောက်ကစားခဲ့ပြီး နောက်ပိုင်းတွင် ဘရွတ်ကလင်းနှင့် တွဲကစားရန် ဘက်ခမ်းက ပြန်လည်ဝင်ရောက်လာခဲ့သည်။

    “ဒီနေရာမှာ ကစားခဲ့တဲ့အထဲမှာ တစ်သက်လုံး မှတ်မိနေမယ့် အချိန်တစ်ခုက ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တာနဲ့ ၈ လအရွယ် ဘရွတ်ကလင်းကိုချီပြီး ဒီကွင်းထဲမှာ လမ်းလျှောက်ရတာပါပဲ။ သူ့ကို ဒီကိုခေါ်လာတဲ့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော် အလွန် ဂုဏ်ယူရပါတယ်။ အခုတော့ သူက ၁၆ နှစ်ရှိနေပြီး သူ့ကို ကျွန်တော် ကုန်းမပိုးနိုင်တော့ပါဘူး။ သူနဲ့ကစားရတဲ့အချိန်ဟာ အထူးစပါယ်ရှယ် အချိန်ပါပဲ။ ကံကောင်းထောက်မစွာနဲ့ နည်းပြ (ဖာဂူဆန်) က ကျွန်တော်တို့ လုပ်သင့်တာတစ်ခုကို လုပ်ဖို့ သဘောတူညီခဲ့ပါတယ်” ဟု ဘက်ခမ်းက ပြောကြားခဲ့သည်။

    Ref: Goal

  • မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မည့် အခြေအနေရှိနေ

    မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မည့် အခြေအနေရှိနေ

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    – မြောက်ကိုရီးယားနိုင်ငံမှာ ၎င်းတို့၏ အရှေ့ဘက်ကမ်းရိုးတန်းကို သင်္ဘောမမောင်းရဇုန်အဖြစ် သတ်မှတ်လိုက်ပြီး ထိုသို့သတ်မှတ်ခြင်းက ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန်အတွက် ပြင်ဆင်ခြင်း ဖြစ်နိုင်သည်ဟု တောင်ကိုရီးယားသတင်းဌာန Yonhap က ယနေ့တွင် ဖော်ပြခဲ့သည်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ၎င်း၏မိသားစု နေထိုင်သော ၀မ်ဆန်မြို့အနီးရှိ ကမ်းရိုးတန်းကို ထိုကဲ့သို့ သင်္ဘောမမောင်းရ ဇုန်အဖြစ် နိုဝင်ဘာ ၁၁ ရက်နေ့မှ ဒီဇင်ဘာ ၇ ရက်နေ့အထိ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး တောင်ကိုရီးယားအစိုးရ ရင်းမြစ်တစ်ခုကမူ မိမိတို့မှာ မြောက်ကိုရီးယားက စကဒ်ဒုံးကျည်၊ သို့မဟုတ် တိုက်ချင်းပစ် ဒုံးကျည် မော်ဒယ်အသစ် ပစ်လွှတ်မည်လားဆိုသည်ကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားက ပိုင်ဆိုင်သော စကဒ်ဒုံးကျည်မှာ ဆိုဗီယက်က ထုတ်လုပ်ခဲ့သည့် တာတိုပစ် ဒုံးကျည်ဖြစ်သည်။ ယခင်က တိုက်ချင်းပစ်ဒုံးကျည်များ ပစ်လွှတ်မှုနှင့် နျူကလီးယား စမ်းသပ်မှုများကြောင့် မြောက်ကိုရီးယားကို ကုလက ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

    Ref: Reuters

  • ဆီးရီးယားပြဿနာ ပြေလည်ရေး လမ်းကြောင်းတစ်ခု ရပြီ

    ဆီးရီးယားပြဿနာ ပြေလည်ရေး လမ်းကြောင်းတစ်ခု ရပြီ

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    syria

    – အနာဂတ်တွင်ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် ဆီးရီးယားအစိုးရကို ဆန့်ကျင်သော သူပုန်အဖွဲ့များလည်း ပါဝင်ရမည်ဖြစ်ပြီး လာမည့် ၁၈ လအတွင်း ရွေးကောက်ပွဲပြုလုပ်ရန် ယမန်နေ့တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ကမ္ဘာ့ခေါင်းဆောင်များက အဆိုပြုခဲ့သည်ဟု သိရသည်။

    IS အဖွဲ့နှင့် အလ်နူဆရာအဖွဲ့တို့ကိုမူ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကာ အပစ်ရပ်ရေး ဆွေးနွေးပွဲတွင် ပါဝင်ခွင့်မပေးရန် သတ်မှတ်ခဲ့ကြပြီး ဆီးရီးယားအစိုးရနှင့် အတိုက်အခံများကြား ဆွေးနွေးညှိနှိုင်းမှုများကို ဇန်န၀ါရီ ၁ ရက်နေ့တွင် စတင်ရန်လည်း သဘောတူညီခဲ့ကြသည်။

    ထိုဆွေးနွေးမှုပြီးနောက် နောက်ထပ် ၆ လအတွင်း ကြားဖြတ်အစိုးရ ဖွဲ့စည်းရန် စီစဉ်ထားပြီး၊ ၁၈ လအတွင်း ရွေးကောက်ပွဲပြုလုပ်ရန်လည်း ကမ္ဘာ့ခေါင်းဆောင်များက အဆိုပြုခဲ့သည်။ သို့သော်လည်း အဆိုပါ သတ်မှတ်ချက်များကို ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်က မည်ကဲ့သို့ တုန့်ပြန်မည်ဆိုသည်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဆွေးနွေးခဲ့ကြသည့် ကိုယ်စားလှယ်များမှ အများစုမှာ ဆီးရီးယားတွင် ချက်ချင်းလက်ငင်း အပစ်ရပ်ချင်နေကြသည်။

    Ref: Aljazeera