News @ M-Media

Blog

  • ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုက ၎င်းတို့လက်ချက်ဟု IS ပြော

    ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုက ၎င်းတို့လက်ချက်ဟု IS ပြော

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    paris

    – လူ ၁၅၀ ကျော် သေဆုံးခဲ့သည့် ပြသစ်နိုင်ငံပဲရစ်မြို့ရှိ တိုက်ခိုက်မှုများအတွက် IS အကြမ်းဖက်အဖွဲ့က တာဝန်ယူခဲ့သည်ဟု ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးက ပြောကြားလိုက်သည်။

    အွန်လိုင်းတွင် ထုတ်ပြန်သည့် ကြေငြာချက်တွင် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု တာဝန်ယူခဲ့ခြင်းဖြစ်ပြီး အသေခံဗုံးများ၊ စက်သေနတ်များ တပ်ဆင်ထားသည့် ၎င်းတို့အဖွဲ့ဝင် ၈ ဦးမှာ သတ်မှတ်ထားသည့် ပစ်မှတ်အတိအကျကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ဟော်လန်ဒေးကမူ ထိုစီစဉ်ထားသည့် တိုက်ခိုက်မှုမှာ “စစ်တိုက်သည့် လုပ်ရပ်” ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ပဲရစ်တိုက်ခိုက်မှုမှာ လူပေါင်း ၁၉၁ ဦးသေဆုံးခဲ့သည့် ၂၀၀၄ ခုနှစ် မက်ဒရစ် ရထားဗုံးကွဲမှုနောက်ပိုင်း ဥရောပမြေတွင် အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

    အမေရိကန်၏ အီရတ်အား ကျူးကျော်တိုက်ခိုက်မှုနှင့် ဆီးရီးယား ပြည်တွင်းစစ်တို့ကြောင့် ကြီးထွားလာခဲ့သည့် IS အကြမ်းဖက်အဖွဲ့ကြောင့် အရှေ့အလယ်ပိုင်းတွင် မွတ်စလင်အများစု အပါအ၀င် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့သည်။

    Ref: CNN

  • ဖာဂူဆန်က မိမိလက်တွဲခဲ့သမျှတွင် အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရော်နယ်ဒို ဖွင့်ဟ

    ဖာဂူဆန်က မိမိလက်တွဲခဲ့သမျှတွင် အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရော်နယ်ဒို ဖွင့်ဟ

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    fergi

    – မိမိအလုပ်တွဲလုပ်ဖူးခဲ့သမျှ နည်းပြထဲတွင် မန်ယူဂန္တ၀င်နည်းပြ ဆာ အဲလက်စ်ဖာဂူဆန်က အကောင်းဆုံးနည်းပြ ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၁၈ နှစ်အရွယ် ရော်နယ်ဒိုကို ၂၀၀၃ ခုနှစ်က စပို့တင်းလစ္စဘွန်းမှနေ၍ ဖာဂူဆန်က ပေါင် ၁၂.၂သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရော်နယ်ဒိုကလည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ၎င်းကစားခဲ့သည့် ၆ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၃ လုံးနှင့် ချန်ပီယံလိဂ်ဖလား ၁ လုံး ရရှိခဲ့သည်။

    ရော်နယ်ဒိုမှာ မော်ရင်ဟိုနှင့် အန်ဆယ်လော့တီတို့ကဲ့သို့ ၀ါရင့် နည်းပြများလက်အောက်တွင်လည်း ကစားခဲ့ပြီး ဖာဂူဆန်အား မည်သည့်အတွက်ကြောင့် ပို၍နှစ်သက်ကြောင်းကို ရှင်းပြခဲ့သည်။

    “(ဖာဂူဆန်) ကျွန်တော့်အပေါ်မှာ ကောင်းမွန်ခဲ့တာတွေအတွက် ကျွန်တော် ကျေးဇူးတင်ရမှာပါ။ ချန်ပီယံလိဂ်ရဲ့ အရေးကြီးပွဲတစ်ခုမှာ ကျွန်တော်က “နည်းပြကြီးခင်ဗျာ။ ကျွန်တော့်အဖေကို ကျွန်တော် သွားတွေ့ဖို့ လိုအပ်နေတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ အဓိကကစားသမားဖြစ်ပြီး အရေးပါသူတစ်ဦးလည်း ဖြစ်ပါတယ်”

    “ဖာဂူဆန်က “နားထောင် မင်းရဲ့ ကိုယ်ပိုင်ဘ၀မှာ မိသားစုဟာ မင်းဘ၀ရဲ့ အရေးပါတဲ့အရာတစ်ခုပဲ။ ဒါ့ကြောင့် ၃ ရက်၊ လေးရက်၊  ၅ ရက် မင်းကြိုက်သလောက် သွားနိုင်တယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ဒီကိစ္စကို ကျွန်တော့် ရင်ထဲမှာ သိမ်းထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့်ဘ၀မှာ အရေးအကြီးဆုံးအချိန်ဖြစ်ခဲ့ပြီး သူ (ဖာဂူဆန်) က ကျွန်တော့်နဲ့အတူ မျှဝေခံစားခဲ့တယ်လေ။ ဒါ့ကြောင့် ကျွန်တော့်ဟာ သူ့ကို လေးစားရတာဖြစ်ပြီး သူကတော့ ကျွန်တော် တွေ့ဆုံဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး နည်းပြပါပဲ” ဟု ရော်နယ်ဒိုက ယမန်နေ့တွင်ပြုလုပ်သည့် ITV ရုပ်သံနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

    Ref: Goal

  • ဆော်ဒီတွင် ဇနီးအား ရိုက်နှက်သူကို ကြိမ်ဒဏ် ၃၀ အပြစ်ပေး

    ဆော်ဒီတွင် ဇနီးအား ရိုက်နှက်သူကို ကြိမ်ဒဏ် ၃၀ အပြစ်ပေး

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    saudi

    – ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ မြို့တစ်မြို့တွင် ဇနီးဖြစ်သူအား ရိုက်နှက်ကာ တံတွေးဖြင့် ထွေးခဲ့သူတစ်ဦးကို တရားရုံးက ကြိမ်ဒဏ် အချက် ၃၀ အပြစ်ပေးခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

    ပြစ်ဒဏ်ချမှတ်ခံရသူ၏ အမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ဘဲ၊ ၎င်းအား တစ်ပတ်ကြာ ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဆိုသည်။ ထိုကဲ့သို့ လက်ရောက်ကျူးလွန်မှုအတွက် ယောက်ဖဖြစ်သူ သွားရောက် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

    ကျူးလွန်သူ ခင်ပွန်းသည်ကလည်း မိမိ၏ ခွင့်ပြုချက်မရှိဘဲ ဇနီးသည်မှာ အပြင်သို့ မကြာမကြာ ထွက်သည့်အတွက် စိတ်ဆိုးဒေါသထွက်သည့် အတွက်ကြောင့် ထိုကဲ့သို့ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံထွက်ဆိုခဲ့သည်။

    တရားရုံးမှ ကြားနာစစ်ဆေးမှုများ ပြုခဲ့ပြီးနောက် ဇနီးဖြစ်သူအား အပြင်သွားသည့်အခါ ခင်ပွန်းသည်၏ ခွင့်ပြုချက်ယူရန် အမိန့်ပေးခဲ့ပြီး လက်ရောက်ကျူးလွန်သူ ခင်ပွန်းသည်ကိုမူ ထောင်ဒဏ်တစ်ပတ်နှင့် ကြိမ်ဒဏ် ၃၀ အပြစ်ပေးခဲ့သည်။

    ထိုဆုံးဖြတ်ချက်အတွက် ဆော်ဒီပြည်သူများက ဆိုရှယ်မီဒီယာများမှတစ်ဆင့် ချီးကျူးခဲ့ကြပြီး နိုင်ငံအတွင်း အိမ်တွင်းအကြမ်းဖက်မှုများကို အဆုံးသတ်ရေး မှန်ကန်သော ဆောင်ရွက်ချက်ဖြစ်သည်ဟု မှတ်ချက်များ ပေးခဲ့ကြသည်။

    Ref: Arabnews

  • စပိန်က မည်သည့်အသင်းကိုမဆို အနိုင်ယူနိုင်ပြီဟု ဖာဘရီဂက်စ် ပြော

    စပိန်က မည်သည့်အသင်းကိုမဆို အနိုင်ယူနိုင်ပြီဟု ဖာဘရီဂက်စ် ပြော

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    spain

    – အင်္ဂလန်နှင့်ပွဲ မိမိတို့၏ ခြေစွမ်းက ပြီးခဲ့သည့်နှစ် ကမ္ဘာ့ဖလား စိတ်ပျက်ဖွယ်အရှုံးမှ ရုန်းထွက်လာမှုကို ပြသခဲ့ခြင်းဖြစ်ပြီး ထိုခြေစွမ်းဖြင့် မိမိတို့မှာ မည်သည့်အသင်းကိုမဆို အနိုင်ကစားနိုင်သည်ဟု ကွင်းလယ်လူ ဖာဘရီဂက်စ်က ပြောကြားလိုက်သည်။

    ယူရိုခြေစစ်ပွဲတွင် ရာနှုန်းဖြင့်အနိုင်ဖြင့် ခြေစွမ်းပြနေသည့် အင်္ဂလန်ကို မာရီယို ဂက်စ်ပါနှင့် ဆန်တီကာဇိုလာတို့၏ ဂိုးများဖြင့် စပိန်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စပိန်မှာ ပြီးခဲ့သည့် ဘရာဇီးလ် ကမ္ဘာဖလားတွင် တစ်ပွဲသာ အနိုင်ရကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ချန်ပီယံကာကွယ်သည့် အသင်းများ၏ အဆိုးဆုံးမှတ်တမ်းတွင် ၀င်ခဲ့သည်။ နောက်ပိုင်း ကစားခဲ့သည့် ပွဲများတွင်လည်း ခြေစွမ်းပြနိုင်ဘဲ အရှုံးများနှင့်သာ ရင်ဆိုင်ရသောကြောင့် စပိန်အသင်းမှာ ဝေဖန်မှုများကို ခံခဲ့ရသည်။

    “ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ ပျောက်ဆုံးခဲ့တဲ့ အရာတွေကို ပြန်ရခဲ့ပါပြီ။ ဒီနေ့ညမှာတော့ ကျွန်တော်တို့ဟာ ဘယ်အသင်းကိုမဆို အနိုင်ကစားနိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အင်္ဂလန်ဟာ အရည်အသွေးမြင့် ကစားသမားတွေ အပြည့်ရှိတဲ့ အသင်းကောင်းတစ်သင်း ဖြစ်လို့ပါပဲ။ သူတို့နဲ့ပွဲမှာ ကစားခဲ့တဲ့ အသင်းရဲ့ပုံစံဟာ
    ချီးကျူးစရာကောင်းတယ်ဆိုတာကို ပြသနေပါတယ်” ဟု ဖာဘရီဂက်စ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ပဲရစ်တိုက်ခိုက်မှုကို အာရပ်ကမ္ဘာမှ ပြင်းပြင်းထန်ထန် ရှုတ်ချ၊ ပြင်သစ်ပြည်သူများနှင့် အတူရှိသွားမည်ဟု ဆို

    ပဲရစ်တိုက်ခိုက်မှုကို အာရပ်ကမ္ဘာမှ ပြင်းပြင်းထန်ထန် ရှုတ်ချ၊ ပြင်သစ်ပြည်သူများနှင့် အတူရှိသွားမည်ဟု ဆို

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    paris

    – လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့သည့် ယမန်နေ့ညပိုင်းက ပဲရစ်မြို့တစ်ဝှမ်း တိုက်ခိုက်မှုများအတွက် ဆော်ဒီအာရေဗျ၊ အီရန်၊ ယူအေအီး၊ ကူဝိတ်၊ ကာတာနှင့် အီဂျစ်တို့အပါအ၀င် အာရပ်နိုင်ငံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချုလိုက်သည်။

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် ကမ္ဘာကြီးတစ်ခုလုံး၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပစ်မှတ်ထား ခြိမ်းခြောက်နေသည့် အကြမ်းဖက်ဝါဒ ရောဂါဆိုးကြီးကို အမြစ်ဖြုတ်ရေး နှစ်ဆတိုး၍ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ မိမိတို့ ဘုရင့်နိုင်ငံအနေဖြင့် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကာ ကမ္ဘာကြီး ညီညွတ်ရေးအတွက်လည်း တိုက်တွန်းကြောင်း ဖော်ပြထားသည်။

    ဆီးရီးယားအရေး ဆွေးနွေးရန်အတွက် ဗီယင်နာသို့ ရောက်ရှိနေသည့် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးကလည်း “မနေ့ကဖြစ်ပွားခဲ့တဲ့ ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် ပြင်သစ်အစိုးရ၊ ပြည်သူတွေနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲကြောင်း ပြောကြားလိုပါတယ်။ ဒါဟာ ဘာသာတရား၊ လူမှုကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားအားလုံးကို ချိုးဖောက်ဆန့်ကျင်တာလည်းဖြစ်ပါတယ်” ဟု ရှုတ်ချပြောဆိုခဲ့သည်။

    အီရန်

    အီတလီ၊ ဗာတီကန်နှင့် ပြင်သစ်တို့ကို သွားရောက်ရန် ရှိနေသည့် အီရန်သမ္မတ ရူဟာနီမှာ ထိုတိုက်ခိုက်မှုကြောင့် ၎င်း၏ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ထိုအဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။

    “အကြမ်းဖက်ဝါဒဒဏ် ခံနေရတဲ့ အီရန်နိုင်ငံအနေနဲ့ ဒီလို လူမဆန်တဲ့ ရာဇ၀တ်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ပြင်သစ်နိုင်ငံ၊ ပြင်သစ်အစိုးရနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်” ဟု ရူဟာနီက ပြောကြားခဲ့သည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်ကလည်း ထိုကိစ္စအတွက် ၀မ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ထိုအကြမ်းဖက်တိုက်ခိုက်မှု၏ သာကောင်းများ၊ ပြင်သစ်ပြည်သူများအား စာနာထောက်ထားရမည်ဖြစ်ပြီး အကြမ်းဖက်ဝါဒကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ပူးပေါင်းတိုက်ဖျက်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ကာတာ

    ကာတာနိုင်ငံကလည်း ပြင်သစ်တိုက်ခိုက်မှုကို ဆန့်ကျင် ရှုတ်ချခဲ့ပြီး လူသားကျင့်ဝတ်အားလုံးနှင့် လူသားတန်ဖိုးအားလုံးကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကာတာနိုင်ငံဟာ ပြင်သစ်ရဲ့မြို့တော်မှာ လူအများအပြားကို သေဆုံးစေခဲ့တဲ့ ဒီလိုကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ပြင်သစ်မှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ပစ်မှတ်ထားတဲ့ ဒီလိုလုပ်ရပ်တွေဟာ လူသားကျင့်ဝတ်၊ ကိုယ်ကျင့်တရား တန်ဖိုးတွေအားလုံးနဲ့လည်း ဆန့်ကျင်နေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ၀န်ကြီး ခါလဒ် အလ်-အတ္တီယာက ပြောကြားခဲ့သည်။

    ဂျော်ဒန်

    ဂျော်ဒန်ဘုရင် အဘ်ဒူလာကလည်း ထိုဖြစ်ရပ်အတွက် အလွန်အမင်း ၀မ်းနည်းကြေကွဲမိသည်ဟု ပြောကြားခဲ့ပြီး ပြင်သစ်နိုင်ငံနှင့် တစ်သားတည်းရှိနေမည်ဟု ကတိပြုခဲ့သည်။

    ယူအေအီး

    ယူအေအီး သတင်းဌာနမှ ဖော်ပြခဲ့သော ကြေငြာချက်တစ်ခုတွင် သမ္မတ ရှိခ် ခလီဖာ ဘင် ဇယဒ် အလ် နဟ်ယန်က ပြင်သစ်သမ္မတ ဟော်လန်ဒေးကို ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး မိမိတို့တိုင်းပြည်မှာ ထို အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု ဆိုသည်။

    အီဂျစ်

    ပဲရစ်တိုက်ခိုက်မှုအား ဆန့်ကျင်ရှုတ်ချသူများတွင် အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီလည်း ပါဝင်ခဲ့ပြီး ၀မ်းနည်းကြောင်း ပြောကြားခဲ့ကာ မိမိတို့မှာ ပြင်သစ်နိုင်ငံနှင့် အတူ ရှိနေသည်ဟု အီဂျစ်အစိုးရမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    “ဒီလို အကြမ်းဖက်တိုက်ခိုက်မှုမျိုးတွေက ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ တိုင်းပြည်တွေရဲ့ ဆန္ဒကို အားနည်းသွားစေမှာ မဟုတ်ပါဘူ” ဟု စီစီက ပြောကြားခဲ့သည်။

    ကူဝိတ်

    ကူဝိတ်ခေါင်းဆောင် ရှိခ် ဆာဘာဟ် အလ်-ဆာဘာဟ်ကလည်း “မြင့်မြတ်သော ဘာသာတရာများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တန်ဖိုးများ” အားလုံးနှင့် ဆန့်ကျင်သည့် အကြမ်းဖက်ဝါဒ လုပ်ရပ်များကို မိမိတို့က ရှုတ်ချပြီး ထိုကိစ္စအတွက်လည်း ၀မ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ ကူဝိတ်နိုင်ငံမှာ ပြင်သစ်ပြည်သူများ၊ အစိုးရတို့နှင့်အတူ တစ်သားတည်းရှိနေမည်ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုမှ လုံခြုံအောင် ကာကွယ်သည့် ပြင်သစ်နိုင်ငံ၏ လုပ်ဆောင်မှုအားလုံးကိုလည်း မိမိတို့က ထောက်ပံ့သွားမည်ဟု ဆိုသည်။

    တူရကီ

    တူရကီသမ္မတ အာဒိုဂန်ကမူ တိုက်ခိုက်မှုအတွက် ကြေကွဲဝမ်းနည်းရသည်ဟု ပြောကြားခဲ့ပြီး အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။

    “အကြမ်းဖက်ဝါဒရဲ့ သဘောသဘာဝနဲ့ နောက်ဆက်တွဲရလ်တွေကို ကောင်းကောင်းသိနေတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြင်သစ်နိုင်ငံက လက်ရှိတွေ့ကြုံခံစားနေရတာတွေကို ကောင်းကောင်းကြီး နားလည်ပါတယ်” ဟု အာဒိုဂန်က ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    Ref: Alarabiya