News @ M-Media

Blog

  • တူရကီတွင် ဒုက္ခသည်သင်္ဘောတစ်စီး တိမ်းမှောက်ပြန်

    တူရကီတွင် ဒုက္ခသည်သင်္ဘောတစ်စီး တိမ်းမှောက်ပြန်

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    greece

    – တူရကီနိုင်ငံမှ ဂရိနိုင်ငံအနောက်ပိုင်း ကာနာကာလေးပြည်နယ်ရှိ လက်စ်ဘော့စ်ကျွန်းသို့ သွားရောက်စဉ် တူရကီရေပိုင်နက်၌ ဒုက္ခသည် သင်္ဘောတစ်စီး ယမန်နေ့က တိမ်းမှောက်ခဲ့သောကြောင့် အနည်းဆုံး ကလေးငယ် ၇ ဦးပါအ၀င် ဒုက္ခသည် ၁၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဒုက္ခသည်များအား တင်ဆောင်လာသည့် အဆိုပါသင်္ဘောမှာ သစ်သားသင်္ဘောဖြစ်ပြီး ကျောက်ဆောင်များနှင့် တိုက်မိပြီးနောက် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

    “ကမ္ဘာကြီး နိုးထလာဖို့အတွက် နောက်ထပ် အေလန် (စက်တင်ဘာလအတွင်းက ဒုက္ခသည်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့သောကြောင့် သေဆုံးကာ တူရကီရှိ ကမ်းခြေတစ်ခုပေါ်သို့ လာတင်သည့် ၃ နှစ်အရွယ် ဆီးရီးယား ကလေးငယ်) တစ်ယောက် လိုသေးလို့လား။ လူသားချင်း စာနာထောက်ထားမှုဟာ ဘေးကနေ ထိုင်ကြည့်နေကြတယ်” ဟု တူရကီသမ္မတ အာဒိုဂန်က ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ဝေဖန်ပြောကြားခဲ့သည်။

    တူရကီနိုင်ငံမှာ ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည် ၂.၂ သန်းကို လက်ခံထားပြီး၊ ဥရောပတွင် ပိုမိုကောင်းမွန်သော ဘ၀များကို ပိုင်ဆိုင်လိုကြသည့် ဒုက္ခည်များ တစ်ထောက်နားရာ နေရာလည်း ဖြစ်နေသည်။

    Ref: Aljazeera

  • အသင်းဖော်များက မိမိအား တိုးတက်စေသည်ဟု စတာလင်ပြော

    အသင်းဖော်များက မိမိအား တိုးတက်စေသည်ဟု စတာလင်ပြော

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    sterling

    – မန်စီးတီးသို့ ရောက်ရှိလာပြီးနောက် ပြသနိုင်သည့် မိမိ၏ စွမ်းဆောင်ရည်ကို ကျေနပ်မိပြီး မန်စီးတီးရှိ ကစားသမားများကလည်း မိမိအား တိုးတက်စေသည်ဟု ကွင်းလယ်လူ ရဟီမ်းစတာလင်က ပြောကြားလိုက်သည်။

    လီဗာပူးလ်တွင် ခြေစွမ်းပြကာ နာမည်ကျော်လာခဲ့သည့် အင်္ဂလန်ကွင်းလယ်လူ စတာလင်မှာ ပြီးခဲ့သည့်နွေရာသီက မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအားလုံးတွင် ၆ ဂိုး သွင်းယူပေးထားနိုင်သည်။ လက်ရှိအချိန်တွင် အင်္ဂလန်အသင်း၏ နိုင်ငံတကာ ခြေစမ်းပွဲအတွက် စတာလင်က ပြင်ဆင်နေသည်။

    “အသင်းနဲ့ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ (အမှတ်ပေးဇယားမှာ) ထိပ်ဆုံးရောက်နေတာကိုလည်း ကျွန်တော် ပျော်ရွင်ပါတယ်။ အရေးပါတဲ့ပွဲအချို့မှာ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တယ်။ ဆက်ပြီး ဒီလိုလုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်ဟာ ကျွန်တော့်အတွက် ကောင်းမွန်တဲ့လတွေ ဖြစ်ခဲ့ပြီး အဲဒီအတိုင်း ဆက်သွားနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ ဗင်းဆင့် (ကွန်ပနီ)၊ ဆာဂျီယို (အဂူရို)၊ ဒေးဗစ် (ဆေးလ်ဗား)၊ ဂျိုး(ဟတ်) တို့လို ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းဆင်းရတဲ့အခါ တိုးတက်အောင် လုပ်နိုင်ပါတယ်” ဟု စတာလင်က ပြောကြားခဲ့သည်။

    Ref: Goal

  • စာရင်းလိမ်ကာ ထောက်ပံ့ကြေးရယူနေသော စာသင်ကျောင်းများကို ပါကစ္စတန်ဖော်ထုတ်

    စာရင်းလိမ်ကာ ထောက်ပံ့ကြေးရယူနေသော စာသင်ကျောင်းများကို ပါကစ္စတန်ဖော်ထုတ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    paki

    – နိုင်ငံအတွင်း အမှန်တကယ် လည်ပတ်နေခြင်းမရှိဘဲ စာရင်းသာရှိသည့် ရာနှင့်ချီသော စာသင်ကျောင်းများအား ဖော်ထုတ်ကာ ရန်ပုံငွေ ထောက်ပံ့ပေးနေရမှုများကို ပါကစ္စတန် အာဏာပိုင်များက ရပ်တန့်လိုက်ပြီး အလုပ်မလုပ်ဘဲ လခယူနေသော ကျောင်းဆရာ ၄၅၀ ကိုလည်း ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင်ဖြစ်ပြီး ပြည်နယ်ပညာရေးဝန်ကြီး ရာဇာမိုဟာမက် ခန်း ဘာရက်ခ်ျက မိမိတို့မှာ ထိုကိစ္စအတွက် စုံစမ်စစ်ဆေးမှုများကို ပြီးခဲ့သည့်နှစ်က စတင်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒေသအတွင်း စာရွက်ပေါ်မှာသာရှိတဲ့ စာသင်ကျောင်းက လေးငါးရာလောက် ရှိနေပါတယ်။ ပြီးတော့ အလုပ်မလုပ်ဘဲ လခယူနေတဲ့ ကျောင်းဆရာက ၄၅၀ လောက် ရှိပါတယ်။ အဲဒီကျောင်းတွေထဲက ထက်ဝက်လောက်ဟာ လုံးဝ ပိတ်ထားရပြီး ကျောင်းသားတွေလည်း မရှိပါဘူး” ဟု ဘာရက်ခ်ျက ပြောကြားခဲ့သည်။

    ဒေသတွင်း ပညာရေးအာဏာပိုင်များကမူ ငွေးကြေးအကျိုးအမြတ်ရရှိရန်အတွက် ထိုကျောင်းများတွင် ကျောင်းသားများနှင့် ဆရာများရှိသည်ဟု လိမ်လည်စာရင်းသွင်းကာ အထက်သို့ တင်ပြကြသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ပါကစ္စတန်၏ ဖွဲ့စည်းပုံအခြေခံဥပအေရ အသက် ၅ နှစ်မှ ၁၆ နှစ်အထိ ကလေးငယ်များကို အခမဲ့ပညာရေး ရရှိအောင် ဆောင်ရွက်ပေးရန် ပြဌာန်းထားသည်။

    ထိုကဲ့သို့ စာရင်းသာရှိပြီး လက်တွေ့တွင် လည်ပတ်ခြင်းမရှိသည့် ကျောင်းများမှာ ပါကစ္စတန်၏ ကျေးလက်ဒေသများတွင် အများအပြားရှိနေပြီး အစိုးရကလည်း ပြီးခဲ့သည့်နှစ်မှစ၍ ထိုကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့သည်။

    ပါကစ္စတန်တွင် ပညာတတ်မှုရာခိုင်နှုန်းမှာ အလွန်အမင်းကျဆင်းနေပြီး ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ မူလတန်းကျောင်းနေအရွယ် ကလေးများ၏ ၃ ပုံ ၁ ပုံမှာ ကျောင်းမနေဘဲ၊ အသက် ၁၀ နှစ်နှင့်အထက် ကလေးငယ်များ၏ ၄၂ ရာခိုင်နှုန်းမှာ ပညာမတတ်ကြပေ။အမျိုးသမီးများတွင် အသက် ၁၅ နှစ်နှင့်အထက် မိန်းကလေးငယ်များ၏ ၃ ပုံ ၂ ပုံမှာ စာမရေးတတ်၊ မဖတ်တတ်ကြဘဲ၊ ၃၅ ရာခိုင်နှုန်းမှာမူ လုံးဝကျောင်းနေခြင်း မရှိပေ။

    Ref: Aljazeera

  • နိုက်ဂျီးရီးယားသမ္မတ အစိုးရအဖွဲ့ကို ကြေငြာ

    နိုက်ဂျီးရီးယားသမ္မတ အစိုးရအဖွဲ့ကို ကြေငြာ

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    nigiria

    – မတ်လက ရွေးကောက်ပွဲတွင် အနိုင်ရပြီး မေလ ၂၉ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် နိုက်ဂျီးရီးယားသမ္မတ ဘူဟာရီမှာ ၀န်ကြီး ၃၆ ဦးပါဝင်သော ကတ်ဘိနတ်အဖွဲ့ကို ယမန်နေ့က ကြေငြာခဲ့သည်ဟု သိရသည်။

    ဘူဟာရီ၏ အစိုးရအဖွဲ့မှာ သမ္မတဟောင်း ဂွဒ်လက် ဂျိုနသန်လက်ထက် ခန့်အပ်ခဲ့သည့် ၀န်ကြီးအရေအတွက် ၄၂ ဦးထက် ပိုနည်းပြီး၊ သက်ဆိုင်ရာနယ်ပယ်များတွင် အောင်မြင်နေသူများကိုလည်း နေရာပေးခဲ့သည်။ သို့သော်လည်း နိုင်ငံ၏ ရေနံဝန်ကြီးဌာန တစ်ခုလုံးကို ဘူဟာရီကသာ ထိန်းချုပ်သွားမည်ဖြစ်သည်။

    ကတ်ဘိနတ်အဖွဲ့ကို ကြေငြာပြီးနာက် ဘူဟာရီက နိုက်ဂျီးရီးယား၏ လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်ရေး အာရုံစိုက်ရန် ၀န်ကြီးများကို တိုက်တွန်းပြောကြားခဲ့သည်။ ၀န်ကြီးအများစုမှာ နိုင်ငံရေးသမားဟောင်းများဖြစ်ပြီး ဘူဟာရီ၏ ရွေးကောက်ပွဲ မဲဆွယ်မှုတွင် အဓိကကျသူများ ဖြစ်ခဲ့သည်။

    Ref: Aljazeera

  • အမုန်းတရားဖြန့်ချိသည့် မည်သူ့ကို မဆို အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှု  BBC Burmese  ဆင်ဆာဖြတ်

    အမုန်းတရားဖြန့်ချိသည့် မည်သူ့ကို မဆို အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှု BBC Burmese ဆင်ဆာဖြတ်

    ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးဖိုင်အား BBC Burmese မှ ဆင်ဆာ ဖြတ်တောက်၍ ဘာသာပြန်ဆိုထား၊ အမုန်းတရားဖြန့်ချိသည့် မည်သူ့ကို မဆို အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

    M-Media
    နိုဝင်ဘာ ၁၁ ၊ ၂၀၁၅

    _86605437_86605436

    နိုဝင်ဘာ ၁၀ ရက်နေ့ ၊ မနေ့က ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ တာဆူနေတဲ့ NLD ပါတီခေါင်းဆေင် ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီသတင်းထောက် Fergal Kean အင်တာဗျူးခဲ့ပါတယ်။

    Fergal Kean က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံတွင်း ကြီးထွားလာတဲ့ စစ်တပ်ဆန်တဲ့ အစွန်းရောက်ဘုန်းကြီးတွေ (militant monks)ရဲ့ အမုန်းတရား ပျံ့နှံ့စေတဲ့ ဟောပြောတင်ပြချက်များနဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က မေတ္တာတရားကို အခြေခံတဲ့ ဗုဒ္ဓဘာသာ ထွန်းကားရာ မြန်မာနိုင်ငံမှာ မြန်မာပြည်သူ ပြည်သားတွေကို နားဝင်အောင် ပြောပြရင်ဖြင့် အမုန်းတရားဟောမှုတွေတင်မဟုတ် ၊ “Hate” ဆိုတဲ့ အမုန်းတရားကြီးကိုပါ ဖယ်ရှားနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။

    ဒါ့ပြင်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်းမှာ ရှိနေတဲ့ မည်သူ့ကို မဆို အကာအကွယ်ပေးမှာဖြစ်တဲ့အကြောင်း ၊ ဒါဟာ ကောင်းမွန်တဲ့အစိုးရတစ်ရပ်ရဲ့ တာဝန်ပဲဖြစ်တဲ့အကြောင်း၊ အမုန်းတရားဟောတာမျိုး ဖြန့်ချိတာမျိုးတွေကို ဖွဲ့စည်းပုံက ခွင့်မပြုဘူးလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့အကြောင်း၊ သို့သော် မွတ်စလင်တွေအနေနဲ့ ရလဒ်ကို ချက်ချင်းကြီး မျှော်မှန်းနေလို့တော့ မဖြစ်တဲ့အကြောင်းတွေ ပြောခဲ့ပါတယ်။

    Fergal Kean က အမုန်းတရားတွေ ဆက်လက်ဟောတာမျိုး ရှိရင် NLD အစိုးရက ဖမ်းဆီး အရေးယူမှာလားလို့ မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က အမုန်းတရားဟောတာတွေတင်မက ဖွဲ့စည်းပုံမှာ ဖော်ပြထားတဲ့ အချက်တွေကို ချိုးဖောက်ရင် အရေးယူမယ်လို့ ဖြေကြားသွားပါတယ်။

    အင်တာဗျူးကို အင်္ဂလိပ်ဘာသာနဲ့ ပြုလုပ်ခဲ့လို့ ဘီဘီစီမြန်မာပိုင်းက မြန်မာဘာသာပြန်ထားပါတယ်။ အဲဒီမြန်မာဘာသာပြန်မှာတော့ “အမုန်းတရားတွေ ဆက်လက်ဖြန့်ချိရင် အရေးယူမှာလားဆိုတဲ့ အမေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေဖြစ်တဲ့ အမုန်းတရားတွေတင်မက ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ရင် အရေးယူမယ်ဆိုတဲ့ အဖြေ” တွေကို ဖြတ်တောက် ဆင်ဆာလုပ်ထားပါတယ်။

    ဘီဘီစီအင်တာဗျူး မြန်မာပြန် – https://soundcloud.com/bbcburmese/dassk_interview_10_nov

    ဘီဘီစီအင်တာဗျူး အင်္ဂလိပ်ဘာသာကတော့ အောက်က လင့်ခ်မှာ မိနစ် ၄း ၀၀ လောက်ကနေ စတင်ကြည့်ရှု နိုင်ပါတယ်။

    http://www.bbc.com/news/world-asia-34774469