News @ M-Media

Blog

  • ဘရာဇီးလ်ဂရင်းပရီမှာ ဗိုလ်စွဲပြီး ငယ်ဘ၀သူရဲကောင်းကို ဂုဏ်ပြုချင်တဲ့ ဟာမီလ်တန်

    ဘရာဇီးလ်ဂရင်းပရီမှာ ဗိုလ်စွဲပြီး ငယ်ဘ၀သူရဲကောင်းကို ဂုဏ်ပြုချင်တဲ့ ဟာမီလ်တန်

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    hamilton

    – တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဘရာဇီးလ် ဂရင်းပရီပြိုင်ပွဲတွင် မိမိ အနိုင်ရခဲ့ပါက ထိုအနိုင်မှာ ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့သည့် ဘရာဇီလ်းသား ဖော်မြူလာဝမ်း ကားမောင်းသမား အေရ်တန် ဆန်နာအတွက် ဂုဏ်ပြုခြင်းဖြစ်မည်ဟု ၃ ကြိမ်မြောက် ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံ ဗြိတိန်ကားမောင်းသမား လူးဝစ်ဟာမီလ်တန်က ပြောကြားလိုက်သည်။

    ယခုနှစ် ဖော်မြူလာဝမ်း ချန်ပီယံရှစ်တွင် အခြားသူများ လိုက်မမှီတော့သည့် ဦးဆောင်မှုမျိုးကို ပိုင်ဆိုင်ထားသော ဟာမီလ်တန်မှာ ပြိုင်ကားသမားဘ၀ တစ်လျှောက်လုံးတွင် ဘရာဇီးလ်ဂရင်းပရီကို အနိုင်ရဖူးခြင်း မရှိပေ။ ပြီးခဲ့သည့်နှစ်က ၎င်း၏ မာစီးဒီးအသင်းဖော် နီကို ရိုစင်ဘာ့ဂ်၏နောက် ဒုတိယနေရာ ရရှိခဲ့ခြင်းသာ အမြင့်ဆုံးဖြစ်သည်။

    “ဒါဟာ အေရ်တန်အတွက် အိမ်ကွင်းပြိုင်ပွဲပါ။ ဒါ့ကြောင့် ကျွန်တော် ငယ်ငယ်ကတည်းက ဆာပေါ်လိုမှာ ယှဉ်ပြိုင်ရဖို့ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်ဖြစ်ခဲ့ပါတယ်။ အဲဒီကိုရောက်တိုင်း သူရှိတယ်လို့ ကျွန်တော် အမြဲတမ်း ခံစားရပါတယ်။ သူဟာ ဘရာဇီးလ်မှာတော့ သူရဲကောင်းကြီးတစ်ယောက်ပါပဲ။ ကျွန်တော့်ကိုလည်း ဘရာဇီးလ်က အမြဲတမ်း နွေးထွေးစွာ ကြိုဆိုကြပါတယ်။ ၈ ကြိမ်မြောက်ပြိုင်ပြီးမှ အေရ်တန်က ဘရာဇီးလ်ဂရင်းပရီမှာ အနိုင်ရခဲ့တာကို ပြန်တွေးရတာ အံ့သြဖို့ကောင်းပါတယ်။ ဒီပြိုင်ပွဲဟာ ကျွန်တော် ဗိုလ်မစွဲဖူးသေးတဲ့
    အနည်းငယ်သော ပွဲတွေထဲက တစ်ခုပါပဲ” ဟု ဟာမီလ်တန်က ပြောကြားခဲ့သည်။

    Ref: Dailymail

  • သမ္မတအား မိမိက ညွှန်ကြားမည်ဖြစ်ပြီး၊ စစ်တပ်နှင့်ဆွေးနွေးရန်အတွက်လည်း လမ်းဖွင့်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    သမ္မတအား မိမိက ညွှန်ကြားမည်ဖြစ်ပြီး၊ စစ်တပ်နှင့်ဆွေးနွေးရန်အတွက်လည်း လမ်းဖွင့်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    dawsu

    – အကယ်၍ ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရပါက မိမိတို့ခန့်အပ်မည့် သမ္မတကို မိမိက ညွှန်ကြားသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြုလုပ်သည့် Channel NewsAsia သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

    သူမ၏ နေအိမ်တွင် အင်တာဗျူးခဲ့ခြင်းဖြစ်ပြီး သမ္မအား မိမိတို့က ရွေးချယ်ခန့်အပ်မှုမှာ အခြေခံဥပဒေ၏ လိုအပ်ချက်နှင့် ညီစေရန်သာ ဖြစ်သည်ဟု ဆိုသည်။

    “အဲဒီခန့်အပ်ခံရတဲ့သမ္မတဟာ သူ့မှာ လုပ်ပိုင်ခွင့်အာဏာ မရှိဘူးဆိုတာကို နားလည်ရပါမယ်။ သူဟာ ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆောင်ရွက်ရပါလိမ့်မယ်” ဟူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    “ဒါဟာ ယုတ္တိရှိတဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဘယ် ဒီမိုကရေစီနိုင်ငံမှာပဲဖြစ်ဖြစ် အနိုင်ရပါတီရဲ့ ခေါင်းဆောင်ဟာ အစိုးရရဲ့ခေါင်းဆောင် ဖြစ်ရတယ်။ တကယ်လို့ အခြေခံဥပဒေက ဒါကို ခွင့်မပြုရင် ကျွန်မတို့က ချိန်ညှိတာမျိုးတွေ လုပ်ရမှာဖြစ်ပြီး ဒါမှသာ ပုံမှန် ဒီမိုကရေစီ စံညွှန်းတွေအတိုင်း သွားလို့ရမှာပါ”

    နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်က သူမမှာ သမ္မတအား ပဲ့ကိုင်သူဖြစ်ချင်သည်ဟု ပြောကြားထားဖူးသည်။ ယနေ့အင်တာဗျူးတွင်လည်း ထိုသဘောထားကိုပင် ထပ်မံပြောကြားခဲ့ပြီး စစ်တပ်က ရေးဆွဲထားသော အခြေခံဥပဒေအရ မိမိ သမ္မတဖြစ်ရေး ကန့်သတ်ထားသည့်အတွက် NLD နိုင်ပါက ခန့်အပ်ခံ သမ္မတကို ညွှန်ကြားသူမှာ မိမိသာဖြစ်မည်ဟု ဆိုသည်။

    ထို့ပြင် မိမိမှာ ပါတီခေါင်းဆောင်ဖြစ်သည့်အတွက် သမ္မတအနေဖြင့်လည်း ညွှန်ကြားချက်အားလုံးမှာ မိမိထံမှလာမည်ကို နားလည်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း ထိုညွှန်ကြားမှုမှာ အစိုးရ၏ ဆောင်ချက်များကို ထိခိုက်စေမည်မဟုတ်ဟုလည်း သူမက အလေးအနက် ပြောကြားခဲ့သည်။

    “ဘာ့ကြောင့် ဒါက အစိုးရရဲ့ လုပ်ငန်းတွေကို ထိခိုက်ရမှာလဲ။ အစိုးရတစ်ရပ် ရှိမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီအစိုးရကလည်း သူ့ဟာသူ လည်ပတ်နေမယ်။ သမ္မတကို ဘာလုပ်ရမလဲဆိုတာကိုပဲ ပြောသွားမှာပါ”

    ထိုကဲ့သို့ဆောင်ရွက်ခြင်းက အာဏာရှင်စနစ်မျိုး ဖြစ်လာမည်လားဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က NLD ၏ အင်အားမှာ ပြည်သူများ၏ ကြိုက်နှစ်သက်မှုအပေါ်တွင် တည်ရှိခြင်းကြောင့် ထိုကဲ့သို့ ဖြစ်လာမည်မဟုတ်ဟု ဆိုသည်။

    “ကျွန်မတို့ ဒီလောက်အထိ ရပ်တည်လာနိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကြောင့်ပါပဲ။ ပြည်သူ့ရဲ့
    ထောက်ခံမှုအပေါ်မှာ မီခိုနေတဲ့အစိုးရဟာ ဘယ်တော့မှာ အာဏာရှင်အစိုးရ ဖြစ်လာမှာ မဟုတ်ပါဘူး”

    ထို့ပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်တပ်နှင့်လည်းကောင်း၊ အခြားသူများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။ သို့သော်လည်း လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ယူထားသည့် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မည့် သူမ၏ စွမ်းရည်နှင့်ပတ်သက်၍ စိုးရိမ်မှုများလည်း ရှိနေသည်။

    “စစ်တပ်ပဲဖြစ်ဖြစ်၊ အခြားအဖွဲ့အစည်းအစည်းပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်မှုကတော့ လုပ်ကိုလုပ်ရမှာပါ။ ဒါက တစ်ရက်နှစ်ရက်တည်းနဲ့တော့ ဖြစ်မလာနိုင်ပါဘူး။ ဒါတွေကို တိုးမြှင့်လုပ်ဆောင်ဖို့အတွက် နည်းလမ်းရှာရမယ်။ စာအုပ်ကြီးအတိုင်းတော့ သွားလို့ ဘယ်ရမလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    “ဒါ့ကြောင့် အခြေအနေကိုကြည့်ပြီး ကျွန်မတို့ လှုပ်ရှားရမယ်။ ဒါမျိုးက တရားသေမူတွေ ချမှတ်ထားလို့မရတဲ့ ကိစ္စမျိုးပါ။ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ တစ်ချိန်ကျရင် လွှတ်တော်က ထွက်သွားရမယ်လို့ NLD က ပြောထားပြီးသားပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုထိုင်နေတာ ဒီမိုကရေစီ ကျင့်သုံးမှုနဲ့ မညီဘူး။ ဒါပေမယ့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ချဉ်းကပ်တဲ့ နည်းလမ်းမျိုးနဲ့ ကျွန်မတို့ ညှိနှိုင်းဆွေးနွေးသွားမှာပါ။ ကျွန်မတို့ အစိုးရဖွဲ့ပြီးပြီးချင်း ဆွေးနွေးညှိနှိုင်းဖို့အတွက် သူတို့ကို လမ်းဖွင့်ပေးသွားမှာပါ”

    Ref: Channelnewsasia

  • ဘူရန်ဒီပြဿနာအတွက် လုံခြုံရေးကောင်စီတွင် ပြင်သစ် ဆုံးဖြတ်ချက်တင်

    ဘူရန်ဒီပြဿနာအတွက် လုံခြုံရေးကောင်စီတွင် ပြင်သစ် ဆုံးဖြတ်ချက်တင်

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    france

    – အာဖရိကရှိ ဘူရန်ဒီနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တုံ့ပြန်မှုကို ပိုမိုအားထည့်လုပ်ဆောင်ရန် ရည်ရွယ်သော မူကြမ်းတစ်ခုကို ပြင်သစ်က လုံခြုံရေးကောင်စီတွင် တင်သွင်းလိုက်သည်ဟု သိရသည်။

    သမ္မတ ပီယာရီ အန်ကူရွန်ဇီဇာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ကာ တတိယအကြိမ်မြောက် သမ္မတာဝန်အား ထမ်းဆောင်ရန် ကြိုးစားမှုကို မကျေနပ်သည့်အတွက် ပြည်သူများမှာ ပြီးခဲ့သည့် ဧပြီလမှစ၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ အစိုးရကမူ ပြင်းပြင်းထန်ထန် နှိမ်နင်းနေပြီး လက်ရှိအချိန်အထိ လူပေါင်း အနည်းဆုံး ၂၄၀ ခန့် သေဆုံးကာ ၂ သိန်းကျော်မှာ တိုင်းပြည်မှ ထွက်ပြေးခဲ့ရသည်။

    ပြင်သစ်၏ ထို ဆုံးဖြတ်ချက်မူကြမ်းတွင် အစိုးရနှင့် အတိုက်အခံများအားလုံး အကြမ်းဖက်မှုကို မကျူးလွန်ကြရန် တိုက်တွန်းထားပြီး သတ်ဖြတ်မှု၊ ငြှင်းပမ်းနှိပ်စက်မှု၊ တရားလက်လွတ် ဖမ်းဆီးမှုနှင့် ဘူရန်ဒီရှိ အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ရှုတ်ချခဲ့သည်။

    ဘူရန်ဒီအစိုးရအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ရန်လည်း ထိုးဆုံးဖြတ်ချက်တွင် ပါဝင်ပြီး ကုလဆိုင်ရာ ပြင်သစ်နိုင်ငံ ဒုတိယသံအမတ် အလက်ဇစ် လမာ့က်ကမူ မိမိတို့အနေဖြင့် လက်ရှိတင်းမာမှုများအား လွှတ်ထားပါက ဘူရန်ဒီနိုင်ငံမှာ ပျက်ဆီးသွားလိမ့်မည်ဟု ပြောကြားခဲ့သည်။ အဆိုပါမူကြမ်းကို လာမည့်ရက်ပိုင်းအတွင်း လုံခြုံရေးကောင်စီ၌ မဲခွဲသွားမည်ဖြစ်သည်။

    Ref: Aljazeera

  • မာရှယ်မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာမည်ဟု နဗီးလ်ပြော

    မာရှယ်မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာမည်ဟု နဗီးလ်ပြော

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    martial

    – မန်ယူတွင် ခြေစွမ်းပြနေသည့် လူငယ်ကွင်းလယ်ကစားသမား အန်သိုနီ မာရှယ်မှာ တစ်ချိန်တွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာလိမ့်မည်ဟု နောက်ခံလူဟောင်း ဖီလ်းနဗီးလ်က ပြောကြားလိုက်သည်။

    အသက် ၁၉ နှစ်သာ ရှိသေးသည့် မာရှယ်မှာ ယခုနှစ်နွေရာသီတွင် မိုနာကိုမှ လူငယ်စံချိန်တင်ပြောင်းရွှေကြေး ပေါင် ၃၆ သန်းဖြင့် မန်ယူသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပထမဆုံး ပရီးမီးယားလိဂ် ၂ ပွဲတွင် ၃ ဂိုးအထိ သွင်းယူပေးခဲ့သည်။

    “မန်ယူကို သူက စစ်မှန်တဲ့ လျင်မြန်မှုနဲ့ တန်ပြန်တိုက်စစ် သွက်လက်မှုကို ယူဆောင်လာခဲ့ပါတယ်။ ပြီးတော့ သူဟာ သန်မာတယ်၊ မြန်လည်းမြန်ပါတယ်။ လူးဝစ်ဗန်ဂါးလ်ပေးခဲ့တဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး လူတွေက မေးခွန်းထုတ်ကြတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ အပြစ်ပြောစရာမရှိတဲ့ အရောင်းအ၀ယ်တစ်ခုကို လုပ်လိုက်တာပါပဲ။ သူရဲ့ကစားပုံဟာ ပရီးမီးယားလိဂ်နဲ့လည်း လိုက်ဖက်ပါတယ်။ နောက်ပြီး သူဟာ ဒီထက်ပိုကောင်းလာဖို့ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ငယ်သေးတယ်။ ပြီးတော့ သင်ယူနေဆဲဖြစ်ပြီး နောက်ထပ် တိုးတက်လာဦးမှာပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမယ်လို့တောင် ကျွန်တော်ထင်ပါတယ်”
    ဟု ဖီးလ်နဗီးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • စပိန်ရှိ ကာတာလိုနီယာဒေသ ခွဲထွက်ရေး အကောင်အထည်ပေါ်လာတော့မည်

    စပိန်ရှိ ကာတာလိုနီယာဒေသ ခွဲထွက်ရေး အကောင်အထည်ပေါ်လာတော့မည်

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    cata

    – စပိန်နိုင်ငံ ကတာလိုနီယာဒေသ လွှတ်တော်က ၂၀၁၇ ခုနှစ်တွင် စပိန်နိုင်ငံမှ ခွဲထွက်၍ သီးခြား လွတ်လပ်သော သမ္မတနိုင်ငံ ထူထောင်ရေး မူဝါဒလမ်းစဉ်ကို ယမန်နေ့တွင် မဲခွဲအတည်ပြုခဲ့သည်ဟု သိရသည်။

    အဆိုပါ မူဝါဒလမ်းစဉ် အဆိုပြုချက်ကို Together for Yes အဖွဲ့နှင့် လက်ဝဲစွန်းရောက် CUP ပါတီတို့မှ အမတ်များက ဒေသလွှတ်တော်အတွင်းသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အုပ်စုမှာ စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ဒေသတွင်း ရွေးကောက်ပွဲတွင် မဲအများစု ရရှိခဲ့သည်။

    ထိုဆုံးဖြတ်ချက်အား ကာတာလိုနီယာဒေသ လွှတ်တော်တွင် ထောက်ခံသူများ ရှိသကဲ့သို့ ကန့်ကွက်သူများကလည်း စပိန်နှင့် ကာ့တ်လန်အလံနှစ်ခုကို ယှဉ်တွဲဝှေ့ယမ်းခဲ့ကြသည်။ စပိန်အစိုးရကမူ ထိုမူဝါဒလမ်းစဉ်ကို ချက်ခြင်းပင် တုန့်ပြန်ခဲ့ပြီး ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည် မိန့်ခွန်းတွင် ၀န်ကြီးချုပ် မာရီယာနို ရာဂျွိုင်းက မိမိတို့အစိုးရအနေဖြင့် ထိုဆုံးဖြတ်ချက်အတွက် အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    ခုံရုံးမှာ ယခင်က ကာတာလိုနီယာဒေသ ခွဲထွက်ရေးကို ကန့်ကွက်ခဲ့ဖူးသည်။ ၀န်ကြီးချုပ်ကမူ မိမိမှာ အဓိက အတိုက်အခံ ဆိုရှယ်လစ်ပါတီ၏ ခေါင်းဆောင် ပက်ဒရို ဆန်းချက်ဇ်နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ခွဲထွက်ရေးသမားများကို ရင်ဆိုင်ရန် ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CBS News