News @ M-Media

Blog

  • အမေရိကန် လူဖြူ အစွန်းရောက် အကြမ်းဖက်ဂိုဏ်း၏ အဖွဲ့ဝင်စာရင်းကို Anonymous ထုတ်ပြန်

    အမေရိကန် လူဖြူ အစွန်းရောက် အကြမ်းဖက်ဂိုဏ်း၏ အဖွဲ့ဝင်စာရင်းကို Anonymous ထုတ်ပြန်

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    anno

    – ကမ္ဘာကျော် ဟက်ကာအဖွဲ့ဖြစ်သော Anonymous အဖွဲ့က လူဖြူအစွန်းရောက်ဂိုဏ်း Ku Klux Klan (KKK သုံးလုံးဂိုဏ်း) အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာအချို့ကို ယမန်နေ့က ထုတ်ပြန်လိုက်ပြီး အမေရိကန် နိုင်ငံရေးသမားများလည်း ပါဝင်နေသည်ဟု သိရသည်။

    အဆိုပါ ဟက်ကာအဖွဲ့မှာ ပြီးခဲ့သည့် သီတင်းပတ်က KKK ဂိုဏ်း၏ ၀ဘ်ဆိုက်များကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးနောက် ထိုကဲ့သို့ အဖွဲ့ဝင်များ၏ အချက်အလက်များကို ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလတွင် နောက်ထပ် အဖွဲ့ဝင် ၁၀၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာများနှင့် ၎င်းတို့ အသုံးပြုနေသည့် Twitter အကောင့်များကိုပါ ထုတ်ပြန်သွားမည်ဟု ကြေငြာခဲ့သည်။

    KKK ဂိုဏ်းဝင်များဟုဆိုကာ ယမန်နေ့က ထုတ်ပြန်ခဲ့မှုတွင် ဖုန်းနံပါတ် ၅၇ ခုနှင့် အီးမေးလ်လိပ်စာ ၂၃ ခုတို့ ပါဝင်ပြီး အမေရိကန်မှ မြို့တော်ဝန်များ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများလည်း ပါဝင်ခဲ့သည်။

    ထိုစာရင်းတွင် ပါဝင်ခဲ့သည့် Lexington မြို့မှ ဒီမိုရက်တစ်မြို့တော်ဝန် ဂျင်မ်ဂရေးကမူ ၎င်းမှာ KKK ဂိုဏ်းနှင့်ပတ်သက်မှု မရှိဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ငြင်းဆိုခဲ့ပြီး အချို့သောသူများကလည်း ထိုကဲ့သို့ ငြင်းဆိုခဲ့ကြသည်။

    အဆိုပါ လူဖြူအစွန်းရောက် KKK ဂိုဏ်းကို အမေရိကန်ပြည်တွင်းစစ်ပြီးနောက် စစ်ရှုံးခဲ့သည့် ကျွန်စနစ်လိုလားသူ တောင်ပိုင်း ကွန်ဖက်ဒရိတ်စစ်သားများက စစ်နိုင်သည့် မြောက်ပိုင်းကို ဆန့်ကျင်ရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် ထိုအဖွဲ့မှာ အမျိုးသားရေး အစွန်းရောက်ပုံစံ ဖြစ်လာခဲ့ပြီး ဂျူး၊ ခရစ်ယာန်ကက်သလစ်နှင့် လူမည်းမုန်းတီးရေး လုပ်ဆောင်လာကာ ၎င်းတို့အား ဦးတည်သည့် တိုက်ခိုက်မှုများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

    ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များတွင် ခေတ်စားလာသည့် လူ့အခွင့်အရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် အနေဖြင့် KKK ဂိုဏ်းမှာ အကြမ်းဖက် တိုက်ခိုက်မှုများကို တိုးမြှင့် လုပ်ဆောင်ခဲ့ကာ နောက်ပိုင်းတွင် အမေရိကန်အစိုးရက လူမျိုးရေးခွဲခြားသည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ် သတ်မှတ်၍ နှိမ်နှင်းခဲ့သည်။

    လက်ရှိအချိန်တွင်မူ အဆိုပါ အစွန်းရောက်ဂိုဏ်းမှာ အင်အားနည်းသွားခဲ့သော်လည်း ဆိုရှယ်မီဒီယာများကို အသုံးပြု၍ ၎င်းတို့၏ အစွန်းရောက် အမုန်းဝါဒကို ဖြန့်ဖြူးလျက်ရှိနေသည်။

    Ref: USA Today

  • ချယ်ဆီး၏ ကျရှုံးမှု ကစားသမားများကြောင့်ဟု တယ်ရီပြော

    ချယ်ဆီး၏ ကျရှုံးမှု ကစားသမားများကြောင့်ဟု တယ်ရီပြော

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    morinho

    – ယခုရာသီ ချယ်ဆီးအသင်း၏ ကျရှုံးမှုများအတွက် မော်ရင်ဟိုတွင် အပြစ်မရှိဘဲ မိမိတို့ကစားသမားများကသာ တာဝန်ယူရမည်ဟု နောက်ခံလူ တယ်ရီက ပြောကြားလိုက်သည်။

    ၁၁ ပွဲကစားပြီးချိန်တွင် ၆ ပွဲအထိ ရှုံးထားပြီး ၃ ပွဲသာ အနိုင်ရထားသည့် လက်ရှိချန်ပီယံ ချယ်ဆီးမှာ ထိပ်ဆုံးမှ မန်စီးတီးနှင့် ၁၄ မှတ် ကွာဟနေပြီး အဆင့် ၁၅ နေရာတွင် ရှိနေသည်။ ထိုကဲ့သို့ ရလဒ်များ ဆိုးရွားမှုကြောင့် မော်ရင်ဟိုမှာလည်း ဖိအားဒဏ်ကို အလွန်အမင်း ခံစားနေရသည်။

    “ကိုယ်ပိုင်သဘောအရ ပြောရရင် ကျွန်တော်နဲ့ ကစားသမားတွေဟာ လုံလောက်အောက် ခြေစွမ်းမကောင်းခဲ့ဘူးလို့ ပြောလို့ ရပါတယ်။ ဒါဟာ နည်းပြရဲ့တာဝန် မဟုတ်ပါဘူး။ ကစားသမားတွေအားလုံးဟာ နည်းပြကို အပြည့်အ၀ ထောက်ခံတယ်။ ကျွန်တော်တို့ အတူတူရှိနေပါတယ်။ ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ မော်ရင်ဟိုဟာ ကဏ္ဍပေါင်းစုံနဲ့ပတ်သက်ပြီး ပြိုင်ဘက်ကင်းနည်းပြပါ။ ဒီအခြေအနေကို သူ ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု တယ်ရီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ မဲရုံကိုခြေလှမ်းကြစို့

    ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ မဲရုံကိုခြေလှမ်းကြစို့

    နိုဝင်ဘာ ၃ ၊ ၂၀၁၅
    M-Media
    ထက်မြက်ရေးသည်။

    myanmar-election-826x448
    Photo-Reuters

    မကြာမီကျရောက်တော့မည့် ရက်ပိုင်းအနည်းငယ်သာ လိုတော့တဲ့ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် သမိုင်းဝင် အထွေထွေရွေးကောက်ပွဲကြီးဟာ ရောက်ရှိလို့ လာပါတော့မယ်။ နိုင်ငံတကာမီဒီယာတွေနဲ့ ကမ္ဘာကစောင့်ကြည့်နေတဲ့ ဒီရွေးကောက်ပွဲဟာ စိတ်ဝင်စားစရာ အလွန်ကောင်းတဲ့ ရွေးကောက်ပွဲလို့ ပြောရရင်လည်း မှားမည်မဟုတ်ပါ။

    တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေတဲ့ ရွေးကောက်ပွဲကြီးကို မြန်မာနိုင်ငံကလူတွေက စိတ်မဝင်စားဘူးဆိုရင်တော့ အလွန်ကို ရီစရာကောင်းတဲ့ ဟာသတစ်ခုများ ဖြစ်နေမလားဆိုတာ မေးခွန်းထုတ်စရာပါ။ စစ်အစိုးရအောက်မှာ နှစ်ပေါင်းများစွာနေထိုင် ခဲ့ရတဲ့ ပြည်သူအများစုဟာ နိုင်ငံရေးဆိုတာနဲ့ တစ်ပြိုင်နက် ငါတို့နဲ့မဆိုင်ဘူး။ နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေနဲ့ အစိုးရပဲဆိုင်တယ်လို့ မြန်မာနိုင်ငံက အောက်ခြေပြည်သူအများစုရဲ့ စိတ်ထဲမှာ သံမှိုလိုစွဲနေကြတာပါ။

    ပွင့်လင်းမြင်သာမှုရှိလာတဲ့ ယနေ့ခေတ်မှာတောင်မှ ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။ မြို့နေ လူတန်းစားလောက်သာ ရွေးကောက်ပွဲကို စိတ်ဝင်စားကြပေမယ့် ကျေးလက်နေပြည်သူတွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေကတော့ သူတို့စားဝတ်နေရေးထက် ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ကြပါ။ လူသူအရောက် အပေါက်နည်းသောနေရာများဆိုလျှင်ပင် ရွေးကောက်ပွဲကို စိတ်ဝင်စားနေကြမှာ မဟုတ်ဆိုတာ သေချာပါတယ်။

    ဒီထဲကမှ ဘယ်သူသမ္မတဖြစ်ဖြစ် ငါတို့ထမင်းငါတို့ ရှာစားရမှာပဲဆိုတဲ့ သူတွေကလည်း တစ်ပုံတစ်ပင်။ ကိုယ့်ထမင်းကိုယ်ရှာစားရတာ ဖြစ်ပေမယ့်လည်း တရားမျှတတဲ့ အုပ်ချုပ်မှု၊ စစ်မှန်တဲ့ ဒီမိုကရေစီတိုင်းပြည်ဆိုရင် ပိုမကောင်းဘူးလားဆိုတာ ကိုယ့်လူတို့ကို မေးချင်လိုက်တာ။ အတွေးဟောင်းတွေကို ထားခဲ့ပြီး ပြောင်းလဲချိန်တန်ပြီဆိုတာကို လူတိုင်း သိသင့်ဖို့ကောင်းနေပြီလို့ ထင်မြင်မိပါတယ်။ အဟောင်းတွေနဲ့ပဲ နေနေမယ်ဆိုရင်တော့ ရှေးယခင်ကလို မြန်မာက ကမ္ဘာမှာ ခေါင်းထောင်နိုင်မှာ မဟုတ်သေးပါဘူး။ စစ်မှန်တဲ့အပြောင်းအလဲလုပ်ဖို့ လိုအပ်နေတာ အသေအချာပါ။

    ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ဆိုရင် တစ်နာရီထက်ပိုကြာမယ်လို့ မထင်ပါဘူး။ မိမိနေထိုင်သည့်ရပ်ကွက်နှင့် မဲရုံဟာ အနီးဆုံးမှာသာ ရှိနေနိုင်ပါတယ်။ မဲရုံကိုသွားမဲပေးပြီး အိမ်ပြန်အလာထိ အလွန်ဆုံးကြာ တစ်နာရီပါ။ ဒီတစ်နာရီလေးကို ပေးဆပ်လိုက်ခြင်းအားဖြင့် တိုင်းပြည်ရဲ့အနာဂတ် အများကြီးပြောင်းလဲသွားနိုင်ပါတယ်။ နှစ်ပေါင်းများစွာကြာမှ ပထမဆုံးကျင်းပမယ့် သမိုင်းဝင်ရွေးကောက်ပွဲမှာ အချိန်တစ်နာရီလောက်တော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပေးဆပ်သင့်တယ်လို့ မြင်မိပါတယ်။

    မဲပေးလို့မရတဲ့ဒေသတွေ၊ တိုင်းတစ်ပါးကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ မဲပေးခွင့်မရတဲ့ ပြည်သူတွေ၊ ကျေးလက်တောရွာက အသိပညာ မကြွယ်ဝတဲ့ ပြည်သူတွေက မဲတွေကို ဆုံးရှုံးခဲ့ရပါပြီ။ မဲပေးဖို့အခွင့်အရေးရှိတဲ့ ပြည်သူတွေအနေနဲ့ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့၊ အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့်မရှိတဲ့ ပြည်သူတွေအတွက် ကိုယ့်ရဲ့မဲတစ်ပြားကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးခံလို့ မဖြစ်ဘူးဆိုတာကို ပြည်သူတွေသိကြဖို့ လိုအပ်ပါတယ်။

    မြန်မာနိုင်ငံကလူတွေဟာ အမှောင်လောကထဲမှာလည်း အကြာကြီးနေခဲ့ဖူးပြီးပါပြီ။ နိုင်ငံသားအခွင့်အရေးဆိုတာကိုလည်း အပြည့်အဝမခံစားခဲ့ရတာ နှစ်ရှည်လများပါ။ လူ့အခွင့်အရေးဆိုတောလည်း ဘာမှန်းမသိတာ နှစ်တွေမနည်းတော့ပါဘူး။ ပြည်သူတွေ ဆာလောင်တောင့်တငတ်မွတ်နေတာတွေက အများကြီးပါ။ ပြောလို့ကို မကုန်နိုင်ပါဘူး။

    မြန်မာ့အနာဂတ်သူရဲကောင်းလေးတွေဖြစ်တဲ့ ကလေးငယ်တွေရဲ့ အနာဂတ်သာယာလှပဖို့ကို ယခုလက်ရှိ (၁၈) နှစ်ပြည့်ပြီးသူများက ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ်တွေခံခဲ့ရသလို၊ ဖြစ်ခဲ့ရသလို ကိုယ့်မျိုးဆက်ကို ခံစားစေမှာလားဆိုတာတော့ စဉ်းစားစရာပါ။ မျိုးဆက်တွေ အနာဂတ်လှဖို့အတွက်ဆိုရင်တော့ တိုင်းပြည်ကိုအကောင်းဆုံးပြောင်းလဲဖြစ်မှ ဖြစ်မှာပါ။ တစ်ချိန်မှာ တိုင်းပြည်ကိုဦးဆောင်မယ့် ကလေးတွေအတွက် မကောင်းတာတွေထားခဲ့လို့တော့ မရတာ အသေအချာပါ။

    အဲဒါတွေအကုန်လုံးကိုရဖို့ရဲ့ ပထမဆုံးခြေလှမ်းက မဲရုံဆီကိုသွားတာပါပဲ။ အမိနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ကြဖို့ကို မိမိကိုယ်တိုင် အုတ်တစ်ချက် သဲတစ်ပွင့်အနေနဲ့ ပါဝင်ရမှာဖြစ်ပါတယ်။ နှောင့်နှေး နောက်ကျကျန်ခဲ့လို့ကို မရပါဘူး။ မိမိရဲ့ မဲတစ်ပြားက တိုင်းပြည်ကို အကောင်းဆုံးဖြစ်သွားစေနိုင်ပါတယ်။

    ပြည်သူတွေ စစ်မှန်တဲ့လူနေမှုဘဝကိုရရှိနိုင်ဖို့အတွက် အပြောင်းအလဲတစ်ခုကိုတော့ လုပ်ပေးရမှာ အသေအချာပင်။ အဲ့ဒီအပြောင်းအလဲကို ဖော်ဆောင်ဖို့လိုအပ်နေပြီလားဆိုတော့ ၁၀၀ ရာခိုင်နှုန်းထက်ကို သေချာနေပါပြီ။

    ရွေးကောက်ပွဲကြီးနီးလာတဲ့နဲ့အမျှ ပါတီစုံကလည်း မဲဆွယ်စည်းရုံးမှုတွေကို လုပ်ဆောင်လျှက်ရှိနေကြပါတယ်။ မဲဆန္ဒရှင်ပြည်သူများအနေနှင့်လည်း ဒီမိုကရေစီကို အကောင်းဆုံးဖော်ဆောင်နိုင်မယ့် ပါတီကို မဲထည့်ခြင်းဖြင့် နိုင်ငံရဲ့အကူးအပြောင်းမှာ ပါဝင်လိုက်ကြရအောင်ပါ။

    မြန်မာ့မြေမှာမွေး မြန်မာ့မြေမှာဖွားတဲ့ ပြည်ထောင်စုတိုင်းရင်းသားအပေါင်း သွေးအေးလို့မနေဘဲ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ရွေးကောက်ပွဲကြီးမှာ ပါဝင်ပေးကြပါ။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်တဲ့ အသဲကြားက မဲတစ်ပြားကို ပေးကြဖို့အတွက် နိုင်ဝင်ဘာလ ၈ ရက်နေ့မှာ နံနက်(၆) နာရီကနေ ညနေ (၄) နာရီအတွင်း မိမိတို့သက်ဆိုင်ရာ မြို့နယ် နယ်မြေအလိုက် မဲရုံများဆီကို သွားရောက်မဲပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

    ထက်မြက်

  • မိမိတို့ကို သတ်ဖြတ်ခဲ့သည့် နာဇီခြေရာ အတိုင်း လိုက်နင်းလာတဲ့ အစ္စရေး

    မိမိတို့ကို သတ်ဖြတ်ခဲ့သည့် နာဇီခြေရာ အတိုင်း လိုက်နင်းလာတဲ့ အစ္စရေး

    နိုဝင်ဘာ ၃ ၊ ၂၀၁၅
    M-Media
    လေးမောင် တင်ဆက်သည်။
    israel-war1
    – “ခင်ဗျားတို့အားလုံးကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်”

    ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတွေက ဂျူးတွေကို ဓာတ်ငွေ့ခန်းထဲမှာ ဓာတ်ငွေ့လွှတ်ပြီး ရက်စက်စွာ သတ်ဖြတ်မှုကို ပြန်ပြောင်း အမှတ်ရစေတဲ့ စကားတစ်ခုပါပဲ။ ဒါပေမယ့် ဒီစကားကို ပြောခဲ့သူကတော့ ဂျာမနီ နာဇီတစ်ယောက် မဟုတ်ဘဲ ဂျူးတစ်ယာက်ဖြစ်နေတယ် ဆိုရင်တော့ စာဖတ်သူတွေအနေနဲ့ အံ့သြကောင်း အံ့သြပါလိမ့်မယ်။

    ဟုတ်ပါတယ်။ ဒီစကားဟာ အစ္စရေးရဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပါလက်စတိုင်း ဒုက္ခသည်တွေကို ရည်ညွှန်းပြီး ပြောခဲ့တဲ့ စကားပါပဲ။ အောက်တိုဘာ ၂၉ ရက်နေ့က ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အိုင်ဒါ ဒုက္ခသည်စခန်းမှာ ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေကို လာရောက် ဟန့်တားတဲ့ အစ္စရေး ရဲတပ်ဖွဲ့က လော်စပီကာနဲ့ ခြိမ်းခြောက်မှုအတွင်းမှာ ထည်သွင်းပြောကြားခဲ့တာပါ။

    “အိုင်ဒါ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ – ကျုပ်တို့ဟာ အစ္စရေး “ကျူးကျော်တပ်ဖွဲ့တွေ” ဖြစ်တယ်။ ခင်ဗျားတို့က ခဲနဲ့ပေါက်ရင် ကျုပ်တို့က ခင်ဗျားတို့ကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်။ ကလေးတွေ၊ လူငယ်တွေ၊ လူကြီးတွေ၊ တစ်ယောက်မှမချန်ဘူး။ အားလုံးကို သတ်ပစ်မယ်။ ခင်ဗျားတို့ကို တစ်ယောက်မှ အရှင်မထားဘူး” လို့ ရင့်ရင့်သီးသီး ပြောကြားခဲ့ပါတယ်။ တစ်မိနစ်တာကြာမြင့်တဲ့ အဲဒီခြိမ်းခြောက်မှုကို ဗီဒီယို မှတ်တမ်း တင်ထားနိုင်ခဲ့ပြီး အွန်လိုင်းမှာလည်း ပြန့်နှံ့ခဲ့ပါတယ်။

    “ခင်ဗျားတို့ထဲက တစ်ယောက်ကို ဖမ်းထားတယ်။ သူက ကျုပ်တို့ဆီမှာ ရှိနေတယ်။ သူ့ကို အိမ်ကဖမ်းလာတာ။ ခင်ဗျားတို့ ခဲနဲ့ဆက်ပေါက်နေမယ်ဆိုရင် သူ့ကို ခင်ဗျားတို့အရှေ့မှာပဲ သတ်ပစ်မယ်” လို့ သူတို့ဖမ်းထားတဲ့ အသက် ၂၅ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးကို ရည်ညွှန်းပြီး အစ္စရေးရဲတပ်ဖွဲ့က ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဒီလူငယ်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

    “အိမ်ပြန်တော့၊ မပြန်ရင် ခင်ဗျားတို့ကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်။ ခင်ဗျားတို့မိသားစုတွေ၊ ခင်ဗျားတို့ရဲ့ ကလေးတွေ၊ လူတိုင်းကို ကျုပ်တို့သတ်ပစ်မယ်”

    မိမိတို့ရဲ့ ပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်တာ၊ တရားမ၀င်အခြေချအိမ်ယာတွေ တည်ဆောက်တာကို မကျေနပ်တဲ့ အိုင်ဒါဒုက္ခသည်စခန်းက ပါလက်စတိုင်းပြည်သူတွေဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပြီး အစ္စရေးတပ်ဖွဲ့တွေကတော့ မျက်ရည်ယိုဗုံးတွေကို အသုံးပြု ဟန့်တားခဲ့ပြီး ပါလက်စတိုင်းလူငယ်တွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြလို့ ဒီလို နှိမ်နှင်းရတာလို့ ပြောခဲ့ပါတယ်။

    အိုင်ဒါ ဒုက္ခသည်စခန်းဟာ မိမိတို့ရဲ့ ဇာတိမြေမှာနေရင်း အစ္စရေးကြောင့် ဒုက္ခသည်ဘ၀ ရောက်ခဲ့ကြတဲ့ ပါလက်စတိုင်း ပြည်သူတွေထဲက တစ်စုသာ ဖြစ်ပါတယ်။

    The Times of Israel သတင်းစာကတော့ အဲဒီလို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို ရာထူးကနေ ခေတ္တ ရပ်ဆိုင်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ပါလက်စတိုင်းအမျိုးသား မိုဟာမက် အလ်-အက်ဇာက အဲဒီအဖြစ်အပျက်ဟာ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အစ္စရေးတပ်ဖွဲ့တွေဟာ ဂျစ်ကားနဲ့လာပြီး စခန်းထဲကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်သွားခဲ့ပြီးတဲ့နောက် အထက်ပါအတိုင်း လော်စပီကာနဲ့ အော်သွားတာလို့ ဆိုပါတယ်။

    “စခန်းထဲကလူတိုင်းက အဲဒီကိစ္စကိုပဲ ပြောနေကြတာပါ။ အထူးသဖြင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုရှိတဲ့ မိသားစုတွေပေါ့။ ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတစ်ယောက်ဟာ မျက်ရည်ယိုဗုံးက ဓာတ်ငွေ့နဲ့ သေဆုံးခဲ့ရတာကြောင့် သူတို့က အဲဒါကို ကြောက်နေကြပါတယ်။ အစ္စရေး ကျူးကျော်တပ်ဖွဲ့တွေက ဒါမျိုးလုပ်မယ်လို့ သူတို့က ယုံကြည်နေကြပါတယ်” လို့ အလ်-အက်ဇာက ပြောခဲ့ပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေဟာ သူတို့ကိုယ်သူတို့ “ကာကွယ်ရေးတပ်ဖွဲ့” လို့ သတ်မှတ်ပြီး အခုတစ်ခါမှာ “ကျူးကျော်တပ်ဖွဲ့တွေ” လို့ ကြေငြာသွားတာဟာလည်း သမရိုးကျမဟုတ်ဘူးလို့ သူက ထပ်ပြောပါတယ်။

    “ဒါက အရင်နဲ့မတူပါဘူး။ ကျွန်တော် ၀မ်နည်း၊ ၀မ်းသာ ဖြစ်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ (အစ္စရေးတွေက) ပထမဆုံး သူတို့ကိုယ်သူတို့ ကျူးကျော်သူတွေလို့ သုံးနှုန်းတာကို ကြားရလို့ပါ။ တစ်ခြားနိုင်ငံတွေက ဒါကို ကြားသွားရင် ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မျက်ရည်ယိုဗုံး သုံးပြီး၊ ဘာအကြာင်းမှမရှိဘဲ သတ်မယ်လို့ ခြိမ်းခြောက်သွားတာကိုတော့ ဒေါသဖြစ်ပါတယ်”

    အစ္စရေးစစ်တပ်က ပြောရေးဆိုခွင့်ရှိသူကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကာ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့တဲ့ ဗီဒီယိုကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ပါလက်စတိုင်းတွေရဲ့ နေထိုင်ခွင့်နဲ့ ဒုက္ခသည်အခွင့်အရေးဆိုင်ရာတွေကို ကြိုးပမ်းဆောင်ရွက်ပေးနတဲ့ Badil Resource Centre for Palestinian Residency and Refugee Rights အဖွဲ့ကတော့ ဒီအဖြစ်အပျက်ကို ရှုတ်ချခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့က ဒီလိုကြေငြာမှုဟာ “အိုင်ဒါ ဒုက္ခသည်စခန်းက ပါလက်စတိုင်းပြည်သူတွေကို အလွန်ဆိုးရွားတဲ့ နည်းလမ်းနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မယ်လို့ ရှင်းရှင်းလင်းလင်း၊ ထင်ထင်ရှားရှား ခြိမ်းခြောက်မှုသာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    “ဒီကြေငြာချက်ဟာ လူသားတွေရဲ့ အသက်ကို ကြက်ကလေး၊ ငှက်ကလေးတွေလို သထေားတယ်ဆိုတာ ထင်ရှားနေသလို၊ နိုင်ငံတကာ ဥပဒေတွေကို အစ္စရေးတပ်ဖွဲ့တွေက မလိုက်နာဘူးလားဆိုတဲ့ စိုးရိမ်မှုတွေကို အလွန်အမင်းကို မြင့်တက်စေပါတယ်” လို့  Badil အဖွဲ့က ဆိုပါတယ်။

    နောက်ပြီး ဒီအဖြစ်အပျက်အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာရှိတဲ့ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအစွန်းရောက်တွေက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

    အဲဒီလိုအဖြစ်အပျက်အတွင်းမှာ အစ္စရေးတပ်ဖွဲ့နဲ့ ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း ၇၀ သေဆုံးခဲ့ပါတယ်။ မိမိတို့ရဲ့ပိုင်နက်ကို ကျူးကျော်သိမ်းပိုက်မှု၊ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်မှု စတာတွေကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေကလည်း ဓားနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အစ္စရေး ၉ ဦး သေဆုံးခဲ့ပါတယ်။

    “(အစ္စရေးရဲ့ ဒီလိုကြေငြာမှုဟာ) ကိုယ်ကျင့်တရားပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာ စံချိန်စံညွှန်းတွေကို ဆိုးဆိုးဝါးဝါး စော်ကားဖောက်ဖျက်လိုက်တာဖြစ်ပြီး၊ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းက ပြည်သူတွေကို အကြမ်းဖက်တို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုနဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်မယ်ဆိုတဲ့ ရည်ညွှန်းမှုဟာ အစ္စရေးစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အရေးမယူပဲထားတဲ့ အခြေအနေကနေ ထွက်ပေါ်လာတဲ့ ရလဒ်လည်း ဖြစ်ပါတယ်”

    ref: aljazeera

  • ကိုးကွယ်ရာ ဘာသာကြောင့် ခွဲခြားခံရသူများ (သို့)  ကမန်တိုင်းရင်းသား

    ကိုးကွယ်ရာ ဘာသာကြောင့် ခွဲခြားခံရသူများ (သို့) ကမန်တိုင်းရင်းသား

    နိုဝင်ဘာ ၃ ၊ ၂၀၁၅
    M-Media
    sin-tat-mon-village
    – စစ်တွေမြို့မှ လှေဖြင့်သာ သွား၍ရသည့် သီးခြား ကျွန်းတစ်ကျွန်းတွင် ရှိသော ဆင်တပ်မော်ရွာတွင် ထောင်နှင့် ချီသော မြန်မာနိုင်ငံသားများမှာ အလွန်အမင်း ဆင်းရဲမွဲတေသည့် အခြေအနေတွင် နေထိုင်နေရပြီး လာမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးခွင့်ကို ငြင်းပယ်ခံထားရလေသည်။

    အကြောင်းအရင်းက ၎င်းတို့ကိုးကွယ်သည့် ဘာသာတရားကြောင့် ဖြစ်သည်။ ထိုရွာတွင် မြန်မာအစိုးရက ဘင်္ဂါလီဟုခေါ်ဆိုသည့် ရိုဟင်ဂျာ ၇၀၀၀ ခန့် နေထိုင်ကြပြီး၊ ကမန်တိုင်းရင်းသား ၂၀၀၀ ကျော်ကလည်း ထိုရွာတွင်ရှိသည့် ဒုက္ခသည် စခန်းတွင် နေထိုင်နေကြရလေသည်။  မြန်မာနိုင်ငံမှ မွေးရာပါ နိုင်ငံသားများ ဖြစ်ကြသည့် ကမန်များမှာ ၎င်းတို့၏ ကိုးကွယ်ရာ ဘာသာတရားကြောင့် ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုတွင် သားကောင်များ ဖြစ်ခဲ့ရပြီး ၎င်းတို့ မူလနေထိုင်ရာ နေရာများသို့ ယခုအချိန်ထိ ပြန်မရောက်ကြသေး။

    ကမန်လူမျိုးများမှာ အစိုးရက အသိအမှတ်ပြုထားသည့် ရခိုင် တိုင်းရင်းသားလူမျိုး ၇ ခုထဲမှ တိုင်းရင်းသား မျိုးနွယ်စုတစ်စုလည်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့တွင် ခိုင်မာသည့် သမိုင်း၊ ၎င်းတို့နေထိုင်ရာဒေသနှင့် ယဉ်ကျေးမှုဆိုင်ရာ ရောထွေးယှက်တင်မှုများလည်း ထင်ထင်ရှားရှား ရှိနေသည်။ ၎င်းတို့၏ ဆွေစဉ်မျိုးဆက်ကို ကြည့်လျှင်လည်း လွန်ခဲ့သည့် ရာစုနှစ်များကတည်းက ရခိုင်ပြည်နယ်တွင် နေထိုင် လာကြသူများ ဖြစ်သည်။ ထိုစဉ်ကတည်းက ၎င်းတို့ကို တိုင်းရင်းသား လူမျိုးများ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြလေသည်။

    နိုင်ငံသားဖြစ်ကြောင်း အခိုင်မာဆုံး အထောက်အထားဖြစ်သည့် နိုင်ငံသား စီစစ်ရေးကတ်များပြားကိုလည်း ကမန်များက ရရှိကိုင်ဆောင်ထားကြသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း နိုင်ငံသားအခွင့်အရေးများမှာ တစ်ဖြည်းဖြည်းချင်း ချိုးဖောက်ခံလာရသည်ဟု ၎င်းတို့က ဖွင့်ဟပြောကြားခဲ့သည်။

    ထိုစဉ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကျောက်ဖြူမှ ကမန်တိုင်းရင်းသား ၄၀၀၀ ခန့်မှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် စစ်တွေသို့ ထွက်ပြေးကြရသည်။ လှေဖြင့် ၂ ရက်ကြာ သွားရောက်ခဲ့ပြီးနောက် စစ်တွေဆိပ်ကမ်းသို့ ဆိုက်ကပ်ခွင့်မရခဲ့။ ထို့ကြောင့် အဆိုပါ ဆင်တပ်မော်ကျွန်းတွင် ရိုဟင်ဂျာများနှင့်အတူ နေထိုင်ခဲ့ရပြီး လအနည်းငယ်ကြာပြီးနောက် ထိုနေရာမှာ ဒုက္ခသည်စခန်း ဖြစ်လာခဲ့သည်။

    ယနေ့တွင်တော့ အဆိုပါ ဒုက္ခသည်စခန်းမှာ ပြည်နယ်အစိုးရနှင့် နိုင်ငံတကာ အန်ဂျီအိုများ၏ ထောက်ပံ့မှုများကြောင့် စတင် တည်ထောင်စဉ် အချိန်ကထက် ပို၍ တိုးတက်မှုများ ရှိနေပြီဖြစ်သည်။ တဲများ၏နေရာတွင် သစ်သားအိမ်များ ဖြစ်လာသည်။ ကလေးငယ်များအား နို့ချိုတိုက်ကျွေးရန် အမျိုးသမီးများအတွက် သီးသန့်နေရာများ ရှိလာခဲ့ပြီး ဥနှင့် အသား ရရှိရန် မွေးထားသော ကြက်များကလည်း ကျွန်း၏ ရွံ့ထူသောအပိုင်းတွင် လွတ်လပ်စွာ ပြေးလွှား အစာရှာနေကြပေသည်။

    သို့သော်လည်း ရခိုင်ပြည်အပေါ် သစ္စာစောင့်သိမှုအတွက် ဂုဏ်ယူကြသည့် ကမန်တိုင်းရင်းသားများ ၎င်းတို့၏ အိမ်များသို့ ပြန်လည် အခြေချနိုင်ရေးမှာ ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးသည်။ ထို့ပြင် ဒုက္ခသည်စခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့ခြင်း၊ ၎င်းတို့၏ လူ့အဖွဲ့အစည်းအတွက် နိုင်ငံရေးအရ ပါဝင်ရပ်တည်ခွင့် မရခြင်းတို့ အတွက်လည်း ကမန်တိုင်းရင်းသားများက ဝေဖန်မှုများ ရှိနေသည်။ အာဏာရ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ကိုယ်စာလှယ်လောင်းဖြစ်ခဲ့ဖူးသော ဦးကျော်လှမှာလည်း ယခုတွင်တော့ ကမန်တိုင်းရင်းသားများ မဲပေးခွင့် ပြန်လည်ရရှိရေးအတွက်သာ တိုက်ပွဲဝင်နေရသည်။
    myanmar-elex-kaman-pic-2-data
    “အရင် ရွေးကောက်ပွဲတွေတုန်းက ကျွန်တော်တို့ လူမျိုးတွေဟာ မဲပေးနိုင်ခဲ့ပါတယ်။ ၁၉၇၄၊ ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာပေါ့။ အခြားဒုက္ခသည်စခန်းတွေမှာတော့ မဲဆန္ဒရှင်စာရင်းတွေ လာကပ်ပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့စခန်းမှာတော့ မရှိဘူး။ ဒါ့ကြောင့် သမ္မတဆီကို ကျွန်တော်တို့ စာရေးတင်ပေမယ့် အခုအချိန်အထိ အစအနတောင် မတွေ့ရသေးပါဘူး” ဟု ဦးကျော်လှက ပြောကြားခဲ့သည်။

    တစ်ချိန်တည်းမှာပင် ကမန်တိုင်းရင်းသားများမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် မရသလို၊ ဒုက္ခသည်စခန်းတွင်လည်း ကန့်သတ်မှုများ ခံနေရသည်။ ဦးကျော်လှကမူ ၎င်းတို့၏ လူ့အဖွဲ့အစည်းအတွက် အဖြေကို လတ်တလောတွင် မျှော်လင့်၍ မရေသေးဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ ရွေးကောက်ပွဲပြီးနောက်မှာ တက်လာမယ့် အစိုးရကို မျှော်လင့်နေပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ၎င်း၏ အသက် ၄၉ နှစ်အရွယ် ညီမဖြစ်သူ ဒေါ်ဥမ္မာစော၏ ခင်ပွန်းသည်မှာ ၂၀၁၄ ခုနှစ်တွင် နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားခဲ့သည်။ သူမမှာ ကလေးနှစ်ယောက်နှင့်အတူ အဆိုပါ ဒုက္ခသည်စခန်းတွင် နေထိုင်နေရသည်။ သူမ၏ အကိုအကြီးဆုံးက စင်ကာပူရှိ သင်္ဘောလိုင်းတွင် အလုပ်လုပ်နေပြီး သူမက အစ်ကိုဖြစ်သူအား ရခိုင်သို့ ပြန်မလာရန် ပြောထားသည်။

    “အစ်ကိုကြီးကို ပြန်မလာဖို့ ကျွန်မ ပြောထားပါတယ်။ ဒီမှာက ဘယ်အချိန်မဆို အဓိကရုဏ်ဖြစ်နိုင်တယ်လေ။ ဒါပေမယ့် ကျွန်မတို့ Viber နဲ့ အဆက်အသွယ် ရှိပါတယ်။ ကျွန်မတို့က ဒီနိုင်ငံသားတွေပါ။ ကျွန်မမှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ စစ်တွေကို သွားလို့မရဘူး။ ကလေးတွေက ပညာသင်ဖို့ လိုတယ်လေ။ လူတွေက ဒီမှာပဲ ဆေးကုသမှုမရဘဲ သေဆုံးနေကြတယ်” ဟု သူမက ပြောကြားခဲ့သည်။

    ဥမ္မာစောအပါအ၀င် ဆင်တပ်မော် ဒုက္ခသည်စခန်းတွင် နေထိုင်သူ အများစုအတွက် ကျန်းမာရေးစောင့်ရှောက်မှုက အဓိကပြဿနာ ဖြစ်နေသည်။ သူမက နည်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) တစ်ပတ်တစ်ခါ စခန်းသို့လာသည့်အခါ စကားပြန်အဖြစ် ဆောင်ရွက်သည်။ မိလ္လာစနစ် အကန့်အသတ်ရှိနေသည့် စခန်းအတွင်း နေထိုင်သူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးသည့် အစီအစဉ်တွင်လည်း ဒေါ်ဥမ္မာစောက ကူညီပေးသည်။

    စခန်းတစ်ဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များက အမြဲတမ်း ရှိနေကြပြီး စခန်းမှ ၀င်သူ၊ ထွက်သူမျာကို ကြီးကြပ်စစ်ဆေးကာ၊ တရားဥပဒေစိုးမိုးရေးကိုလည်း ဆောင်ရွက်သည်။ စခန်းအတွင်းသို့ လာရောက်သတင်းယူကြသည့် မီဒီယာများ၏ အင်တာဗျူများ၊ မှတ်တမ်းများကိုလည်း ၎င်းတို့က လိုက်ပါကြည့်ရှုလေသည်။

    ရဲတပ်ဖွဲ့ဝင်များ တစ်ဝိုက်တွင်တော့ ကလေးမျာက မိုးဖွဲဖွဲလေးတွင် ဆော့ကစားနေကြသည်။ ထိုကလေးအများစုက အဟာရချို့တဲ့မှုနှင့် အရေးပြားယားယံမှု ဝေဒနာများကို ခံစားနေရသည်။ အမျိုးသားများက ထိုင်၍ ငါးဖမ်းပိုက်များကို ချည်နှောင်နေကြသည်။ ၎င်းတို့မှာ တစ်နေ့တာ ငါးဖမ်းရန်အတွက် ရဲကို ငွေပေးရလေသည်။

    ကမ်းခြေတစ်လျှောက်တွင် အသုံးမပြုသည့် ၂ ထပ်အဆောက်အဦးတစ်ခု ရှိသည်။ သို့သော်လည်း ဆေးခန်း သို့မဟုတ် စာသင်ကျောင်းအဖြစ် မည်သူကမှ မဖန်တီးကြ။

    ဖြစ်သလိုဆောက်လုပ်ထားသည့် ၀တ်ပြုဆောင်တစ်ခုက ဒုက္ခသည်အများစုအတွက် ဂုဏ်ယူစရာ ဖြစ်နေသည်။ ၎င်းတို့၏ ယခင်မူလ နေထိုင်သည့် နေရာများတွင်တော့ ဗလီဝတ်ကျောင်းတော်များမှာ ဖျက်ဆီးခံရပြီး၊ တစ်ချို့မှာ စစ်သားများနှင့် ရဲများ၏ စခန်းအဖြစ် အသုံးပြုခြင်း ခံနေရလေသည်။

    အစိုးရက ခရီးသွားလာမှု ကန့်သတ်ချက်ကို ဖယ်ရှားလိုက်လျှင်တောင်မှ မိမိ၏ နေအိမ်များသို့ ပြန်လည်သွားရောက်ရေးတွင် လုံခြုံမှုမရှိခြင်း၊ အနာဂတ်တွင် ထိုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြင်း စသည့် အကြောင်းအရင်းများက ကမန်တိုင်းရင်းသားတို့အတွက် စဉ်းစားစရာကိစ္စများ ဖြစ်နေပေသည်။

    “ဒီအကြောင်းအရင်းအတွေကြောင့် ကျွန်တော်တို့ ထိခိုက်ခံစားနေရတယ်။ ဒီအကြောင်းအရင်းအတွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာ ဖြစ်နေပါတယ်” ဟု ဦးကျော်လှ ပြောကြားခဲ့လေသည်။

    Ref: Channelnewsasia
    မိုးဝေ ဘာသာပြန်ဆိုသည်။