News @ M-Media

Blog

  • တောင်အာဖရိက ရဲတပ်ဖွဲ့ဝင် ၄ ဦး လူသတ်မှုဖြင့် တရားစွဲခံရ

    တောင်အာဖရိက ရဲတပ်ဖွဲ့ဝင် ၄ ဦး လူသတ်မှုဖြင့် တရားစွဲခံရ

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    south

    – လက်နက်မဲ့ ဓားပြတစ်ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဗီဒီယိုတစ်ခု အင်တာနက် စာမျက်နှာတွင် ပြန့်နှံ့ခဲ့ပြီးနောက် ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ လာရောက်အဖမ်းခံခဲ့သည်ဟု သိရသည်။

    လုံခြုံရေးကင်မရာမှ မှတ်တမ်းတင်ထားနိုင်ခဲ့သည့် အဆိုပါ ဗီဒီယိုကို တောင်အာဖရိကရှိ Sunday Times သတင်းစာက ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုဗီဒီယို၌ ရဲယူနီဖောင်း ၀တ်ဆင်ထားသော တပ်ဖွဲ့ဝင်များမှာ အဆိုပါ သံသယရှိသူက ပစ္စတိုအား ပစ်ချခဲ့ပြီးနောက်ပိုင်း အနီးကပ် ပစ်သတ်ခဲ့မှုနှင့် လမ်းပေါ်တွင် လဲကျသွားပြီးနာက် ခြေဖြင့်ကန်ကျောက်ခြင်းတို့ကို တွေ့မြင်ခဲ့ရသည်။

    “ရဲတပ်ဖွဲ့ဝင်တွေက သူတို့ဟာသူတို့ လာအဖမ်းခံခဲ့ပြီး ကျွန်တော်တို့ကလည်း ဖမ်းဆီးထားလိုက်ပါတယ်။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး တစ်ဦးပါ။ သူတို့ဟာ လူသတ်မှုစွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခြားစွဲချက်တွေကိုလည်း ထပ်ပေါင်းထည့်သွားအုံးမှာပါ” ဟု ရဲတပ်ဖွဲ့၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IPID မှ ပြောရေးဆိုခွင့်ရှိသူ ဂရေ့စ် လန်ဂါက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    သေဆုံးသွားသူမှာ ကူလေကာနီ အမ်ပန်ဇာဆိုသူဖြစ်ပြီး မြို့တော် ဂျိုဟန်နစ္စဘတ် အနောက်ဖက်ရှိ ကရူဂါစ်ဒရော့ပ်ဒေသတွင် ဓားပြတိုက်ရန် ကြိုးစားစဉ် ရဲတပ်ဖွဲ့အား သေနတ်ဖြင့် ပစ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များမှာ အခင်းဖြစ်ပွားရာနေရာမှာ ၎င်းအား လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

    လန်ဂါကမူ ဆိုပါရဲတပ်ဖွဲ့ဝင်များက တရားစွဲဆိုမှုလုပ်ငန်းစဉ်ကို အလျင်အမြန် ဆောင်ရွက်စေချင်သော်လည်း မိမိတို့မှာ ၎င်းတို့တား ထိန်းသိမ်းထားကာ အင်္ဂါနေ့ (ယနေ့) တွင် ရုံးထုတ်မည်ဟု ပြောကြားခဲ့သည်။

    တောင်အာဖရိက ရဲတပ်ဖွဲ့ဝင်များမှာ ယခင်ကလည်း အရပ်သားများအား ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်သည်ဟု သတင်းများ ထွက်ပေါ်ဖူးပြီး ၂၀၁၃ ခုနှစ်က မိုဇမ်ဘက် တက္ကဆီယဉ်မောင်းတစ်ဦးအား လမ်းပေါ်တွင် ကားဖြင့် တရွတ်တိုက်ဆွဲကာ သတ်ဖြတ်မှုတစ်ခုမှာလည်း ကမ္ဘာကျော်ခဲ့သည်။

    ထိုအဖြစ်အပျက်တွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ယခုနှစ်အစောပိုင်းက လူသတ်မှုဖြင့် တရားစွဲဆိုနိုင်ခဲ့ပြီး အမိန့်ချမှတ်ရန် စောင့်ဆိုင်းနေသည်။

    Ref: Aljazeera

  • ဆီးရီးယားပြဿနာ ဖြေရှင်းရေးတွင် အစိုးရနှင့် သူပုန်များ ပါဝင်ရန် ကုလ တိုက်တွန်း

    ဆီးရီးယားပြဿနာ ဖြေရှင်းရေးတွင် အစိုးရနှင့် သူပုန်များ ပါဝင်ရန် ကုလ တိုက်တွန်း

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    syria

    – လေးနှစ်ကျော် ကြာမြင့်နေပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်အား အဆုံးသတ်ရေးနှင့် ပတ်သက်၍ နိုင်ငံရေးဆိုင်ရာ တိုးတက်မှုများ ရရှိရန် ကြိုးပမ်းနေမှုအတွင်း ဆီးရီးယားအစိုးရနှင့် အတိုက်အခံများအားလုံး ပူးပေါင်းပါဝင်ကြရန် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး စတက်ဖန် ဒီမစ်တူရာက ယမန်နေ့တွင် ဒမတ်စကတ်၌ ပြောကြားလိုက်သည်။

    ဆီးရီးယားပြဿနာ ဖြေရှင်းရေးအတွက် ရုရှားနှင့် အီရန်အပါအ၀င် အင်အားကြီး နိုင်ငံများမှာ ပြီးခဲ့သည့်လက ဗီယင်နာတွင် ၂ ကြိမ်တိုင်တိုင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ကြီးမားသည့် ကွဲလွဲမှုများ ရှိနေသောကြောင့် အဖြေမထွက်ခဲ့ပေ။ ထို့ကြောင့် လာမည့်သီတင်းပတ်များအတွင်း နောက်ထပ် ဆွေးနွေးမှု ပြုလုပ်ရန် စီစဉ်ထားသည်။

    ဒီမစ်တူရာကမူ အဆိုပါ ဆွေးနွေးပွဲမျာတွင် ဆီးရီးယားအစိုးရနှင့် သူပုန်အဖွဲ့များ မပါဝင်ခဲ့ဘဲ ထိုသို့ပါဝင်ခြင်းက အလွန်အရေးကြီးသည်ဟု မိမိယူဆကာ ထိုအတွက်ပင် မိမိက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆွေးနွေးမှုအတွင်း လက်ရှိသမ္မတ ဘာရှာ အလ်-အာဆတ် ဆက်ရှိနေရေး၊ မနေရေးမှာ ဆီးရီးယားအစိုးရ၏ မဟာမိတ်နှင့် သူပုန်အဖွဲ့အား ထောက်ခံသူတို့အကြား အဓိက ကွဲလွဲမှု ဖြစ်နေသည်။

    Ref: Aljazeera

  • ဥရောပသို့ရောက်လာသည့် ဒုက္ခသည် ပြီးခဲ့သည့်လတွင် စံချိန်တင်

    ဥရောပသို့ရောက်လာသည့် ဒုက္ခသည် ပြီးခဲ့သည့်လတွင် စံချိန်တင်

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    ref

    – ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပသို့ ၀င်ရောက်လာသည့် ဒုက္ခသည်အရေအတွက်မှာ ၂၁၈၀၀၀ ကျော် ရှိပြီး တစ်လတာဝင်ရောက်မှု စံချိန်တင်အမြင့်ဆုံးဖြစ်ကာ ၂၀၁၄ ခုနှစ် တစ်နှစ်လုံး၏ အရေအတွက်နီးနီး ရှိသည်ဟု ကုလက ပြောကြားလိုက်သည်။

    ထိုအရေအတွက်ကြောင့် ယခုနှစ်အတွင်း ဥရောပသို့ ၀င်ရောက်လာသည့် ဒုက္ခသည်မှာ စုစုပေါင်း ၇၄၄၀၀၀ ကျော် ရှိနေပြီး၊ အောက်တိုဘာလ စာရင်းအရ ဒုက္ခသည်များမှာ အေးလွန်သည့် ဆောင်းရာသီသို့ ၀င်ရောက်လာပြီး ပင်လယ်ပြင်တွင် အခြေအနေမကောင်းသော်လည်း ဥရောပသို့ ၀င်ရောက်မှု မြင့်တက်နေဆဲဖြစ်သည်ကို တွေ့ခဲ့ရသည်။ ထို့ပြင် ဥရောပနိုင်ငံများအနေဖြင့် ၎င်းတို့၏ နယ်စပ်များကို ပိတ်ပစ်နိုင်သည့် စိုးရိမ်မှုများလည်း ရှိနေသည်။

    ယခုနှစ်အစကတည်းက ဂရိနိုင်ငံကို ဖြတ်ကျော်၍ ဥရောပသို့ ၀င်ရောက်လာသော ဒုက္ခသည် ၆ သိန်းကျော်၏ ၉၄ ရာခိုင်နှုန်းမှာ ကမ္ဘာ့ထိပ်တန်း ဒုက္ခသည်များထွက်သော နိုင်ငံ ၁၀ နိုင်ငံမှ ဖြစ်နေသည်။ ထို့ပြင် ဥရောပသို့ ၀င်ရောက်ရန် ကြိုးစားမှုအတွင်း သေဆုံးမှုများမှာလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လာပြီး လက်ရှိအချိန်အထိ မြေထဲပင်လယ်ကိုဖြတ်လာသူ ဒုက္ခသည်များတွင် ၃၄၄၀ ခန့်မှာ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည်ဟု သိရသည်။

    Ref: Aljazeera

  • သြစတေးလျရေတပ်မှ မွတ်စလင်အမျိုးသမီး ဗိုလ်ကြီးတစ်ဦး ဂုဏ်ပြုခံရ

    သြစတေးလျရေတပ်မှ မွတ်စလင်အမျိုးသမီး ဗိုလ်ကြီးတစ်ဦး ဂုဏ်ပြုခံရ

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    ausi 1

    – သြစေတးလျ တော်ဝင်ရေတပ်၏ ပထမဆုံး မွတ်စလင်ဗိုလ်ကြီး မိုနာရှင်ဒီမှာ နှစ် ၂၀ ကျော်ကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်မှုများအပြင် စီးပွားရေးဆိုင်ရာ ထူးချွန်မှုအတွက် 2015 Telstra NSW Business Woman ဂုဏ်ပြုဆုကို ချီးမြှင့်ခံခဲ့ရသည်ဟု သိရသည်။

    “လူတွေ တီထွင်ဆန်းသစ်နိုင်စွမ်း ရှိလာအောင် လုပ်ပေးရတာနဲ့ သူတို့ရဲ့ အပူအပင်ကင်းတဲ့ ဘ၀တွေကနေ ထွက်ပြီး ကိစ္စတွေကို မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ရှုဖို့ လုပ်ပေးရတာကိုလည်း ကျွန်မ နှစ်သက်ပါတယ်” ဟု သြစတေးလျ စစ်ဘက်ဆိုင်ရာနှင့် ရေတပ်ထောက်ပံ့မှုရာဌာနမှ ဒါရိုက်တာ ဗိုလ်ကြီး ရှင်ဒီက ပြောကြားခဲ့သည်။

    “ကျွန်မဟာ လူတွေကို ကြောက်ရွံ့မှု၊ ဒါမှမဟုတ် ခွဲခြားမှုတွေကနေ ကင်းလွတ်ပြီး အမှန်တရားကို မြင်စေချင်ပါတယ်။ ပြီးတော့ ကွဲပြားတဲ့ အမြင်တွေ၊ ဆောင်ရွက်မှုတွေကိုလည်း အလေးထားလာစေချင်ပါတယ်”

    လွန်ခဲ့သည့် ၂၆ နှစ်က အင်ဂျင်နီယာဘွဲ့ ရကာစ အသက် ၂၃ နှစ်အရွယ် ရှင်ဒီမှာ သြစတေးလျ တော်ဝင်ရေတပ်ထဲသို့ ၀င်ရောက်လာခဲ့ပြီး အင်ဂျင်နီယာတစ်ဦးအဖြစ် ပစိဖိတ် သမုဒ္ဒရာထဲတွင် ဒုံးကျည်စမ်းသပ်ရန်အတွက် HMAS Canberra စစ်သင်္ဘောနှင့် လိုက်ပါခဲ့ရသည်။

    သြစတေးလျ တော်ဝင်ရေတပ်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်မှစ၍ ၂၆ နှစ်လုံးလုံး ရရှိခဲ့သော အတွေ့အကြုံများဖြင့် သြစတေးလျ ဝေဟင်တိုက်ပွဲဝင် ဖျက်သင်္ဘောအစီအစဉ်အတွက် ၀ါရှင်တန်ဒန်စီသို့ နိုင်ငံကိုယ်စားပြုကာ သွားရာက်ခဲ့ရသည်။

    လက်ရှိ သူမ၏ရာထူးမှာ နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက စစ်လက်နက်ပစ္စည်းများ စူးစမ်းထုတ်လုပ် စုဆောင်းရခြင်းဖြစ်သည်။

    “ကျွန်မတို့ဟာ လုံးဝ ထူးခြားဆန်းသစ်ပါတယ်။ လူတွေက ကျွန်မတို့ရဲ့ လှုပ်ရှားမှုတိုင်းကို သိခဲ့တယ်။ ကျွန်မတို့ ဘာတွေလုပ်တော့မယ်၊ ဘယ်နေရာမှာရှိနေတယ် စသဖြင့်ပေါ့။ အားလုံးခြုံပြောရရင်တော့ ကျွန်မရဲ့ အတွေ့အကြုံဟာ အပြုသဘော ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုနဲ့လည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်” ဟု တော်ဝင်ရေတပ် ဗိုလ်ကြီးဖြစ်ပြီး၊ အင်ဂျင်နီယာ၊ ရေတပ် ယဉ်ကျေးမှုအကြံပေးနှင့် စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်သူ ရှင်ဒီက Daily Telegraph သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် အမျိုးသမီးတစ်ယောက် ဖြစ်နေသည့်အတွက် ပိုမို ကြိုးစားခဲ့ရသည်များကိုလည်း သူမက ဖွင့်ဟခဲ့သည်။

    “ဘယ်လုပ်အလုပ်မျိုးမှာပဲဖြစ်ဖြစ် အမျိုးသမီးအင်ဂျင်နီယာတွေဟာ သူတို့ရဲ့ တန်ဖိုးကို သက်သေပြဖို့၊ အစပိုင်းမှာ တော်တော်လေး ကြိုးကြိုးစားစား အလုပ်လုပ်ရသလို၊ တန်ဖိုးရှိတဲ့သူအဖြစ်၊ အသင်းအဖွဲ့အတွက် တကယ့်ကို ကူညီနိုင်သူအဖြစ် အပြည့်အ၀ လက်ခံလာဖို့ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း ထုတ်ပြရပါတယ်”

    သူမ၏ အဓိက စိန်ခေါ်မှုမှာ ရမ်ဇာန်ဥပုသ်လတွင် အစားအသောက်စားသောက်ရန် လုပ်ဖော်ကိုင်ဖက်များက တိုက်တွန်းခြင်းဖြစ်သည်ဟု ဆိုသည်။

    “ကျွန်မရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ သူတို့ကို စိတ်ဆိုးတာထက် နားလည်ပေးဖို့ပါ။ ပြီးတော့ သူတို့ကို ကျွန်မအဖြေရဲ့ အစိတ်အပိုင်း ဖြစ်လာအောင် ကြိုးစားပြီး ဆွေးနွေးပြောဆိုမှုတွေကနေ တစ်ဆင့် အဆင့်အတန်းရှိရှိ အသိပညာပေးပါတယ်။ ပြီးတော့ ကျွန်မလုပ်တဲ့အလုပ်နဲ့ ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ဖြစ်အောင်၊ ချွတ်ယွင်းချက်ကင်းတဲ့ ရလဒ်မျိုး ထွက်လာအောင် စတဲ့နည်းလမ်းနဲ့လည်း သူတို့ကို တုန့်ပြန်ပါတယ်”

    ausi 2

    ယဉ်ကျေးမှုပေါင်းကူးခြင်း

    ယဉ်ကျေးမှုများအကြား ပေါင်းကူသည့် သူမ၏ ဆောင်ရွက်မှုများမှာ အောင်မြင်ခဲ့ပြီး ရှင်ဒီမှာ သြစတေးလျရေတပ်တွင် အစ္စလာမ့်ယဉ်ကျေးမှုရေးရာ မဟာဗျူဟာ အကြံပေးတစ်ဦးလည်း ဖြစ်လာခဲ့သည်။ ထိုရာထူးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှုကြောင့် ယခုနှစ်တွင် Conspicuous Service Cross ဂုဏ်ပြုဆုကို ရရှိခဲ့သည်။

    ရှင်ဒီ၏ ရည်ရွယ်ချက်ကမူ သြစတေးလျ ကာကွယ်ရေးတပ်ဖွဲ့အတွင်းသို့ မွတ်စလင်များ ပိုမိုဝင်ရောက်လာရေး တိုက်တွန်းရန်ဖြစ်သည်။ လက်ရှိတွင် သြစတေးလျ၏ အင်အား ၄၅၀၀၀ ရှိသည့် စစ်တပ်တွင် အစ္စလာမ်ဘာသာဝင် အရေအတွက်မှာ ၁၀၀ ၀န်းကျင်ခန့်သာ ရှိပြီး ရေတပ်တွင် ၂၇ ဦး ရှိနေသည်။

    အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း သူမက ထိုအဖွဲ့များမှာ မွတ်စလင်မဟုတ်သူများအား ကြောက်လန့်စေရန်နှင့် ဂနာမငြိမ်ဖြစ်စေရန်အတွက် အစ္စလာမ့်သွန်သင်မှုများကို အလွဲသုံးစားလုပ်နေခြင်းဟု ပြောကြားခဲ့သည်။

    “မွတ်စလင်အချို့ကြောင့် မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံး သံသယမျက်စိနဲ့ အကြည့်ခံရပါတယ်” ဟု ဗိုလ်ကြီး ရှင်ဒီက ပြောကြားခဲ့ပြီး အချို့သော မွတ်စလင်လူငယ်များမှာ “သူတို့နှင့် ငါတို့” ဆိုသည့် သဘောထားများ ရှိနေသည်ဟုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။

    “တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့ သြစတေးလျနိုင်ငံသား တစ်ယောက်အဖြစ် ဂုဏ်ယူနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ မွေးဖွားရာ ဇာတိရင်းမြစ်ကိုလည်း ချစ်ပါ။ အဲဒီ အသိုက်အ၀န်း၊ လူ့အဖွဲ့အစည်းနှစ်ခုစလုံးအတွက်လည်း လုပ်ပါ။ ဒီလိုပဲ ကျွန်မရဲ့ဘ၀ကို ရှင်သန်ခဲ့တာပါ။ ဒီ အခြေအနေ ၂ ခုကြားမှာ ဘ၀တစ်ခု ရှာလို့ရအောင် ကျွန်မ အခြားသူတွေကို ကူညီချင်ပါတယ်” ဟု ရှင်ဒီက ဆိုသည်။

    Telstra Business Women ဆု၏ သံတမန်ဖြစ်သူ ကိတ် မက္ကင်ဇီက ဗိုလ်ကြီးရှင်ဒီ အပါအ၀င် ထိုဆုကို ရရှိခဲ့သူများ အားလုံးမှာ ၎င်းတို့၏ သက်ဆိုင်ရာ စီးပွားရေးနယ်ပယ်များတွင် ချီးကျူးစရာကောင်းသည့် ရလဒ်များကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “The 2015 NSW ဆု ရရှိသူဟာ အင်မတန်ထူးချွန်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ပြီး ကြင်နာတတ်သူ၊ သတ္တိရှိသူ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်” ဟု မက္ကင်ဇီက ဆိုသည်။

    ထို့ပြင် အဆိုပါဆုကို ရွေးချယ်ခဲ့သည့် ဒိုင်လူကြီးများကလည်း ဗိုလ်ကြီးရှင်ဒီ၏ သြစေတေးလျ တော်ဝင်ရေတပ်အတွင်း ယဉ်ကျေးမှုများအကြား ပေါင်းကူးပေးမှုတွင် အားထုတ်မှုနှင့် သြစတေးလျ ကာကွယ်ရေးတပ်ဖွဲ့မှာ အားလုံးပါဝင်နိုင်သည့် တပ်ဖွဲ့မျိုး ဖြစ်လာရေး သူ၏ စွမ်းဆောင်မှုများမှာလည်း လေးစားချီးကျူးဖွယ်ရာ ကောင်းသည်ဟု ပြောကြားခဲ့သည်။

    Ref: Onislam

  • အေစီမီလန်နောက်ခံလူ အဲလက်စ် ဦးခေါင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိ

    အေစီမီလန်နောက်ခံလူ အဲလက်စ် ဦးခေါင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိ

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    alex

    – ယမန်နေ့က လာဇီယိုအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပြိုင်ဘက်ဂိုးသမားနှင့် ထိခိုက်မိခဲ့သည့် အေစီမီလန် နောက်ခံလူ အဲလက်စ်မှာ ဦးခေါင်း၌ ဆိုးရွားစွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဒုတိယပိုင်း မိနစ် ၅၀ တွင် အေစီမီလန်မှ ရရှိသော ဖရီးကစ်ကို ကန်ရာ၌ ဂိုးသမား ဒိုနာရမ်မာ၏ ဒူးခေါင်းနှင့် အဲလက်စ်၏ ခေါင်းတို့ ထိခိုက်မိခဲ့ခြင်းဖြစ်ပြီး အဲလက်စ်မှာ သတိလစ် မေ့မြောခဲ့သည်။ အ၀တ်လဲခန်းအတွင်း သတိပြန်ရလာခဲ့သည့် အဲလက်စ်ကို အသင်းစီအီအို အက်ဒရီယာနို ဂါလီယာနီကိုယ်တိုင် လိုက်ပါ၍ ရောမ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

    စစ်ဆေးမှုများအရ အဲလက်စ်မှာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီး၊ အချိန်မည်မျှကြာကြာ အနားယူရနိုင်သည်ကို လောလောဆယ် မသိရှိရသေးပေ။ အဲလက်စ်အား ဆုံးရှုံးရမှုက ၃ ပွဲဆက်တိုက်နိုင်ကာ ပုံစံကောင်းပြသနေသည့် အေစီမီလန်အတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

    Ref: Goal