News @ M-Media

Blog

  • မော်လ်ဒိုက်သမ္မတ လုပ်ကြံခံရသည့်ကိစ္စ FBI ငြင်းဆို

    မော်လ်ဒိုက်သမ္မတ လုပ်ကြံခံရသည့်ကိစ္စ FBI ငြင်းဆို

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    mal

    – စက်တင်ဘာလအတွင်းက မော်လ်ဒိုက်သမ္မတ စီးနင်းလိုက်ပါလာသည့် ရှပ်ပြေးရေယာဉ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ ဗုံးပေါက်ကွဲမှုဖြစ်သည်ဟူသော အထောက်အထားများကို တွေ့ရှိရခြင်းမရှိဟု အမေရိကန် ထောက်လှမ်းရေးဗျူရို FBI က ပြောကြားလိုက်သည်။

    ယမန်နေ့က ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့သည့် အပျက်အစီးများကို စစ်ဆေးမှုအရ ဗုံးမှ ကြွင်းကျန်ရစ်သည့် အပိုင်းအစများကို တွေ့ရှိရခြင်းမရှိဟု ဖော်ပြထားသည်။

    “အခင်းဖြစ်ပွားတဲ့နေရာကို မူခင်းဆေးဘက်ဆိုင်ရာ စစ်ဆေးမှု၊ အဲဒီနေရာက ရရှိတဲ့ အစိတ်အပိုင်းတွေကို ဆန်းစစ်မှုနဲ့ ဓာတုဗေဒအရ စမ်းသပ်မှုတွေ အပါအ၀င် FBI ရဲ့ စစ်ဆေးမှုတွေအရ ရေယာဉ်ပေါ်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ လက်လုပ်ဗုံးကြောင့်လို့ မှတ်ယူနိုင်တဲ့ အထောက်အထားတွေ မတွေ့ရပါဘူး” ဟု FBI ၏ အဆိုပါ ကြေငြာချက်တွင် ရေးသားထားသည်။

    လေဆိပ်မှ မြို့တော်သို့ ရှပ်ပြေးရေယာဉ်ဖြင့် အပြန် စက်တင်ဘာ ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုတွင် သမ္မတ ယာမင် အဘ်ဒူလ် ဂေယွမ်မှာ မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။ မော်လ်ဒိုက်အစိုးရကမူ ထိုပေါက်ကွဲမှုမှာ ဒုတိယသမ္မတက ပြုလုပ်သည့် လုပ်ကြံမှု ဖြစ်သည်ဟု စွပ်စွဲခဲ့ကာ ပြီးခဲ့သည်သီတင်းပတ်အတွင်း ဒုတိယသမ္မတ အဟ်မဒ် အဒီးဘ်ကို ဖမ်းဆီးခဲ့သည်။

    သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီးကမူ ယာမင်၏ အတိုက်အခံများမှာ ၎င်းအား ဖြုတ်ချရန် ကြိုးစားမှု မရှိခဲ့ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။

    အသက် ၅၆ နှစ်အရွယ်ရှိ ယာမင်မှာ ဒီမိုကရေစီနည်းကျ ပထမဆုံး ရွေးကောက်တင်မြှောက်ခြင်းခံရသည့် သမ္မတဟောင်း မိုဟာမက် နက်စ်ဟီးဒ်ကိုလည်း ယခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။

    ထို့ပြင် ယခုအဖြစ်အပျက်မှာလည်း ၎င်း၏ အတိုက်အခံများအား နှိမ်နင်းရန် လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

    Ref: Aljazeera

  • ဘင်္ဂလားဒေ့ရှ်တွင် စာအုပ်တိုက်ပိုင်ရှင်တစ်ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ်တွင် စာအုပ်တိုက်ပိုင်ရှင်တစ်ဦး အသတ်ခံရ

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    ban

    – ဘာသာရေး အစွန်းရောက်မှုနှင့် ပတ်သက်၍ ဝေဖန်ရေးသားထားသည့် စာအုပ်ကို ထုတ်ဝေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးမှာ ယမန်နေ့က မြို့တော်ဒါကာတွင် ခေါင်းဖြတ်အသတ်ခံခဲ့ရသည်ဟု သိရသည်။

    ဖေဆယ် အရီဖင်ဆိုသူဖြစ်ပြီး ၎င်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီက ထိုနည်းလမ်းအတိုင်း အသတ်ခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန်နိုင်ငံသား အဗီဂျစ် ရွိုင် ရေးသားထားသည့် စာအုပ်များကို ထုတ်ဝေသူဖြစ်သည်။ အရီဖင်မှာ ၎င်း၏ ရုံးခန်းထဲတွင် ထိုကဲ့သို့ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

    ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကမူ လူသတ်သမားများမှာ စာအုပ်ဝယ်သူဟန်ဆောင်၍ ပုံနှိပ်တိုက်သို့ ၀င်ရောက်လာခဲ့ပြီး ရုံးခန်းတံခါးအား သော့ခတ်ကာ အခင်းဖြစ်ပွားချိန်တွင် နည်းဆုံး လူ ၇ ဦးခန့် ထို စာအုပ်တိုက်တွင် ပိတ်မိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့မနက်ပိုင်းကလည်း ရွိုင်၏ စာအုပ်ကို ထုတ်ဝေသည့် အခြားစာအုပ်တိုက်ပိုင်ရှင် အဟ်မဒ် ရာဟင်မ် တူတူလ်နှင့် စာရေးဆရာနှစ်ဦးကို ၎င်းတို့၏ စာအုပ်တိုက်တွင် လူ ၃ ဦးက သေနတ်၊ ဓားတို့ဖြင့် တိုက်ခိုက်မှုကြောင့် ဒဏ်ရာများရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုများအတွက် မည်သည့်အဖွဲ့မှ တာဝန်ယူခြင်း မရှိသေးပေ။

    Ref: Aljazeera

  • ပရီးမီးယားလိဂ်တွင် အင်္ဂလိပ်နည်းပြများကို နေရာပေးရန် ရော်နယ်ကိုးမင်း တိုက်တွန်း

    ပရီးမီးယားလိဂ်တွင် အင်္ဂလိပ်နည်းပြများကို နေရာပေးရန် ရော်နယ်ကိုးမင်း တိုက်တွန်း

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    sut

    – ပရီးမီးယားလိဂ်တွင် အင်္ဂလိပ်နည်းပြများကို ပိုမို၍ ကာကွယ်ပေးသင့်ပြီး ပြိုင်ပွဲ၏ နိုင်ငံခြားနည်းပြများကို စွဲဆောင်နိုင်မှုက အင်္ဂလိပ်နည်းပြများ နည်းပါးမှုကို ဖြစ်စေသည်ဟု ဆောက်သက်တမ်နည်းပြ ရော်နယ် ကိုးမင်းက ပြောကြားလိုက်သည်။

    လက်ရှိတွင် ပရီးမီးယားလိဂ်အသင်းများကို တာဝန်ယူကိုင်တွယ်နေသည့် အင်္ဂလိပ်နည်းပြများမှာ ၅ ဦးသာ ရှိပြီး၊ ဆန်းဒါးလန်းနည်းပြ ဆမ်အလာဒိုက်စ်၊ ခရစ္စတယ်ပဲလေ့စ်မှ အလန်ပါဂျူး၊ နယူးကားဆယ်ကို ကိုင်တွယ်နေသည့် စတီဗ် မက္ကလာရင်၊ ဆွမ်းဆီးနည်းပြ ဂါရီမောင့်က်နှင့် ဘုန်းမောကမှ အက်ဒီ ဟိုဝီတို့ ဖြစ်ကြသည်။

    “ဒီမှာ နိုင်ငံခြားနည်းပြအချို့ အမြဲတမ်းရှိနေတာဟာ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ ပြိုင်ပွဲကို အယူအဆအသစ်တွေ ယူလာနိုင်တာကြောင့်ပါပဲ။ အင်္ဂလိပ်နည်းပြတွေကိုလည်း ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်လို့တော့ ကလပ်တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်” ဟု ကိုးမင်းက ပြောကြားခဲ့သည်။

    Ref: Goal

  • လူမျိုး/ဘာသာ မခွဲဘဲ ချို့တဲ့သူတွေကို မျက်စိ ခွဲစိတ်ပေးနေတာ ဘယ်မှာလဲ

    လူမျိုး/ဘာသာ မခွဲဘဲ ချို့တဲ့သူတွေကို မျက်စိ ခွဲစိတ်ပေးနေတာ ဘယ်မှာလဲ

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media
    မိုးစက်
    1506671_957162817689748_6780012364193905975_n
    ရန်ကုန်။    ။ မျက်စိခွဲစိတ်ရန် ချို့တဲ့သူ လူမျိုးဘာသာမရွေးကို ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှ ကြီးမှူး၍ မျက်စိခွဲစိတ်မှုတွေကို အခမဲ့ ကုသပေးနေကြောင်း သိရပါတယ်။

    “အန်ကယ်တို့ဆီမှာ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် လာရောက် မျက်စိစမ်းသပ်လို့ရပါတယ်။ ခွဲစိတ်ဖို့လိုတဲ့ လူနာဆိုရင် ခွဲစိတ်ပေးပါ့မယ်။ ခွဲတဲ့အခါမှလည်း နောက်ဆုံးခွဲပြီး မျက်စဉ်းထည့်တဲ့အထိ တာဝန်ယူပါတယ်။ ခွဲစရာမလိုတဲ့ လူနာတွေကိုလည်း လိုအပ်တာ အကုန်လုပ်ပေးပါတယ်” လို့ ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဦးလှဌေးက M-Media ကိုပြောပါတယ်။

    ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဟာလည်း လူမျိးဘာသာမရွေး အခက်အခဲမရှိ မျက်စိအလင်းပြန်လည်ရစေလိုရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့အဖွဲ့အနေနဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

    မျက်စိဆေးခန်းပြသလိုသူများအနေနှင့်လည်း မေတ္တဆေးခန်း(အဖွားများသုခရိပ်သာ) အမှတ်(၁) သုခလမ်း (ခ) ရပ်ကွက်၊ သင်္ဃကျွန်းမြို့နယ် တွင် သောကြာနေ့တိုင်း နေ့လည် ၂ နာရီမှ စတင်ကာ ကုသပေးလျှက်ရှိနေကြောင်း သိရပါတယ်။

    အဆိုပါ မျက်စိဆေးကုသမှုအစီအစဉ်ကို အောက်တိုဘာလ ၃၀ ရက်နေ့က စတင်ခဲ့ပြီး တစ်ပတ်လျှင် လူနာ (၅၀) ခန့်ကို အခမဲ့ ကုသပေးသွားမှာ ဖြစ်ပါတယ်။

    ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှဦးစီးပြီး အခြားသော စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊အင်္ဂလိပ်စကားပြော သင်တန်းများကိုလည်း လူမျိုးဘာသာမရွေး တက်ရောက်သင်ကြားနိုင်ပြီး သုံးလ တစ်ကြိမ် ဖွင့်လှစ်လျှက်ရှိသည်။

  • ဆိုမာလီဟိုတယ်ကို အလ်ရှာဘတ်များ ၀င်ရောက် စီးနင်းတိုက်ခိုက်

    ဆိုမာလီဟိုတယ်ကို အလ်ရှာဘတ်များ ၀င်ရောက် စီးနင်းတိုက်ခိုက်

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    hotel

    – ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်ခုတွင် ယနေ့မနက်ပိုင်းက ကားဗုံးပေါက်ကွဲပြီး တိုက်ခိုက်ရေးသမားများက ၀င်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဟိုတယ်၏ ဂိတ်ဝနားတွင် ကားဗုံးပေါက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအတွက် အလ်ရှာဘတ်အဖွဲ့က တာဝန်ယူခဲ့သည်။ တိုက်ခိုက်ရေးသမားများ ဟိုတယ်ထဲသို့ ၀င်ရောက်ခဲ့ပြီးနောက် ၎င်းတို့ထဲမှ တစ်ဦးမှာ အသေခံ ဗုံးခွဲမှုတစ်ခုကိုလည်း ထပ်မံပြုလုပ်ခဲ့သည်။

    “စက်သေနတ်တွေနဲ့ တိုက်ခိုက်ရေးသမားတွေက အမိုးပေါ်ကနေ ကျွန်တော်တို့ကို ပစ်ပါတယ်” ဟု ရဲတပ်ဖွဲ့မှ ဗိုလ်မှူး အွတ်စမန်အလီက ပြောကြားခဲ့သည်။ မိုဂါဒစ်ရှူးရှိ k-4 ဟုခေါ်သည့် ဒေသတွင် ရှိသော အဆိုပါဟိုတယ်မှာ ဆိုမာလီအစိုးရ အရာရှိများနှင့် လွှတ်တော်အမတ်များ မကြာခဏ အသုံးပြုသည့် ဟိုတယ်လည်းဖြစ်သည်။

    Ref: Aljazeera