News @ M-Media

Blog

  • မွတ်စလင်ကျောင်းသူများ ပု၀ါမဆောင်းရအမိန့်ကြောင့် အိန္ဒိယတောင်ပိုင်းတွင်း တင်းမာမှု မြင့်တက်

    မွတ်စလင်ကျောင်းသူများ ပု၀ါမဆောင်းရအမိန့်ကြောင့် အိန္ဒိယတောင်ပိုင်းတွင်း တင်းမာမှု မြင့်တက်

    ဖေဖော်၀ါရီ ၉၊ ၂၀၂၂
    M-Media

    -အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာနာတာကာပြည်မှာ စာသင်ကျောင်းအတွင်း မွတ်စလင်အမျိုးသမီးတွေ ပု၀ါမဆောင်းရလို့ အမိန့်ထုတ်ပြန်မှုကနေတစ်ဆင့် မွတ်စလင်အမျိုးသမီးတွေ နှောက်ယှက်ခံရတဲ့ အခြေအနေအထိ ဖြစ်လာပြီး တင်းမာမှုတွေ မြင့်တက်လာပါတယ်။

    ပြည်နယ်အတွင်းက စာသင်ကျောင်းတွေမှာ ပု၀ါဆောင်းထားတဲ့ မွတ်စလင်အမျိုးသမီးတွေကို စာသင်ခန်းထဲ ပေးမ၀င်တဲ့ကိစ္စဟာ ဒီဇင်ဘာနှောင်းပိုင်းကတည်းက စတင်လာတာ ဖြစ်ပါတယ်။

    ကနာတာကာပြည်ကို အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ပါတီက အုပ်စိုးပြီး၊ ပု၀ါဆောင်းထားရင် စာသင်ခန်းထဲ ပေးမ၀င်တဲ့ အမိန့်ကို ပြည်နယ်အစိုးရက ထုတ်ပြန်တာ ဖြစ်ပါတယ်။

    ဒီအမိန့် ထွက်ပေါ်လာပြီးတဲ့နောက် ဟိန္ဒူအမျိုးသားရေးအစွန်းရောက်တွေက ပု၀ါဆောင်းတဲ့ မွတ်စလင်ကျောင်းသူတွေကို နှောက်ယှက်တာ၊ စာသင်ကျောင်းတွေထဲ၀င်ခွင့်မပေးတာ စတဲ့ အဖြစ်အပျက်တွေလည်း ပြည်နယ်အတွင်းမှာ မြင့်တက်လာပါတယ်။

    မန်ဒယာမြို့က ကောလိပ်မှာ အဆိုင်းမန့်တင်ဖို့သွားတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးကို လိမ္မော်ရောင် အ၀တ်စတွေကိုင်ထားတဲ့ လူအုပ်စုက ဟစ်အော်နှောက်ယှက်တဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်။

    “ကျွန်မက အဆိုင်းမန့်တင်ဖို့လာတယ်။ ကောလိပ်ထဲကို၀င်တယ်။ ကျွန်မ ဘုရ်ခါ၀တ်ထားလို့ဆိုပြီး သူတို့က ကျွန်မကို အထဲပေးမ၀င်ပါဘူး။ ပြီးတော့ ‘အရှင်ရာမ အဓွန့်ရှည်ပါစေ’ လို ၀ိုင်းအော်ကျတယ်။ ကျွန်မလည်း ‘အလ္လာဟ်အရှင်သည် အကြီးမြတ်ဆုံး’ လို့ ပြန်အော်ခဲ့တယ်။ အဲဒီလူအုပ်ရဲ့ ၁၀ ရာခိုင်နှုန်းက ကျောင်းကလူတွေ၊ ကျန်တာက အပြင်ကပါ” လို့ လူအုပ်ရဲ့နှောက်ယှက်မှုကို ခံခဲ့ရတဲ့ မွတ်စလင်ကျောင်းသူ မူစကန်ခန်းက ပြောပါတယ်။

    တင်းမှာမှုအမြင့်ဆုံးက ကမ်းရိုးတန်းမြို့ဖြစ်တဲ့ အူဒူပီမြို့ဖြစ်ပြီး မွတ်စလင်ကျောင်းသူတွေကို စာသင်ကျောင်းတွေက လုံး၀ ၀င်ခွင့်မပေးတာကြောင့် ဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။

    ကာနာတာကာပြည်နယ် လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာ၀င်တွေ ဖြစ်ပါတယ်။ မွတ်စလင်တွေက ဒီတားမြစ်မှုဟာ နိုင်ငံရေးမှာ ဘာသာရေးမစွက်ရ၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ၀တ်ပြုကိုးကွယ်ခွင့် ရှိရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ကို အစိုးရက အတိအလင်းချိုးဖောက်တာ ဖြစ်တယ်လို့ ၀ေဖန်ထားပါတယ်။

    ပြည်နယ်ပညာရေး၀န်ကြီး ဘီစီ နာဂက်ရှ်က ပညာရေးနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ပု၀ါဆောင်းမှုကို ပိတ်ပင်တဲ့ တရားရုံးဆုံးဖြတ်ချက်တွေကို ကိုးကားပြီး ဒီလိုအမိန့်ထုတ်တာလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဒီအမိန့်ကို ဆန့်ကျင်တဲ့ အဂ်ါနေ့က ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီး ပြည်နယ်၀န်ကြီးချုပ် ဗာဆာဗာရက်ဂျ် ဘွန်မိုင်းက ပြည်နယ်အတွင်းမှာရှိတဲ့ကျောင်းတွေအားလုံးကို ၃ ရက် ပိတ်လိုက်ကြောင်း မနေ့က ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera

  • စစ်ကောင်စီ၏ ဆိုက်ဘာဥပဒေက မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခရောက်စေမည်

    စစ်ကောင်စီ၏ ဆိုက်ဘာဥပဒေက မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခရောက်စေမည်

    ဖေဖော်ဝါရီ ၉၊ ၂၀၂၂
    M-Media

    -စစ်ကောင်စီက ပြဌာန်းကျင့်သုံးဖို့ ပြင်ဆင်နေတဲ့ ဆိုက်ဘာဥပဒေဟာ ပညာရေး၊ စီးပွားရေးအပါအဝင် ပြည်သူတွေရဲ့ နယ်ပယ်ပေါင်းစုံကို ထိခိုက်လာမှာဖြစ်ပြီး တစ်ခြားနိုင်ငံက အာဏာရှင်တွေ လိုက်လုပ်လာနိုင်တဲ့ အန္တရာယ်လည်း ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ Facebook လို ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တာပါ။ မိုဘိုင်းဒေတာတွေကို စျေးမြှင့်ခိုင်းတာ၊ အင်တာနက်တွေ ပိတ်ပစ်တာ၊ တစ်ချို့ ဝဘ်ဆိုက်တွေကို ပိတ်ထားတာတွေ လုပ်ပြီး လူထုကို ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ ဝေးကွာအောင် စစ်ခေါင်းဆောင်တွေက လုပ်နေသလို၊ ဆက်သွယ်ရေးကုမ္ပဏီတွေမှာလည်း ကြားဖြတ်နားထောင်နိုင်တဲ့ ကိရိယာတွေ အဓမ္မတပ်ဆင်ကာ ပြည်သူအပေါ် ချိုးဖောက်မှုပေါင်းစုံ ကျူးလွန်နေတာ ဖြစ်ပါတယ်။

    မကြာခင် ပြဌာန်းဖို့ ရှိနေတဲ့ ဆိုက်ဘာဥပဒေသစ်မှာတော့ ဆိုရှယ်မီဒီယာသုံးတာကို ထောင်ဒဏ် ကျခံရနိုင်တဲ့ ဒါမှမဟုတ် ဒဏ်ငွေဆောင်ရမယ့် ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ပြည်သူတွေဟာ ပိတ်ထားတဲ့ ဝဘ်ဆိုက်တွေကို ဝင်ရောက်ကြည့်ရှုဖို့အတွက် VPN ဆော့ဖ်ဝဲတွေကို အသုံးပြုနေပြီး စစ်ကောင်စီရဲ့ ဆိုက်ဘာ ဥပဒေမှာ VPN သုံးရင် ထောင် ၃ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ၅ သိန်း ပြစ်ဒဏ်ချမယ်လို့ ဖော်ပြထားပါတယ်။

    ဆိုက်ဘာဥပဒေကို ဖြုတ်ချခံလိုက်ရတဲ့ NLD အစိုးရလက်ထက်ကတည်းက ပြဌာန်းဖို့ ပြင်ဆင်နေတာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ထက်မှာတော့ ဖိနှိပ်ချုပ်ချယ်တဲ့ သတ်မှတ်ချက်တွေ ပိုမိုပါဝင်လာပါတယ်။

    “တစ်ခြားအာဏာရှင်နိုင်ငံတွေက ဒီဥပဒေလိုမျိုး ပြဌာန်းရင် ကောင်းမလားဆိုတဲ့အတွေး ဝင်လာနိုင်တဲ့အန္တရာယ် ရှိနေပါတယ်။ မြန်မာမှာတောင် ဒီလိုရသေးရင် ငါတို့လည်း ဒီလိုလုပ်ရမှာပေါ့ – ဆိုတာမျိုးပါ” လို့ Free Expression Myanmar အဖွဲ့က အိုလီဗာ စပန်ဆာက ပြောပါတယ်။

    ဆိုရှယ်မီဒီယာအသုံးပြုမှုကို ကန့်သတ်တာ၊ ပိတ်ပင်တာတွေဟာ စီးပွားရေးအပါအဝင် ပြည်သူတွေရဲ့ နယ်ပယ်ပေါင်းစုံကို ထိခိုက်လာမှာဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တော်တော်များများဟာ Facebook လို ဆိုရှယ်မီဒီယာကို မှီခိုပြီး လုပ်ကိုင်နေရသလို၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်တွေကလည်း ဆိုရှယ်မီဒီယာတွေကနေတဆင့် လူထုဆီကို မြန်မြန်ဆန်ဆန် ရောက်ရှိနေတာ ဖြစ်ပါတယ်။

    “(ဒီလိုပိတ်ပင်တာကို) လွတ်လပ်လပ်စွာပြောဆိုမှုတစ်ခုတည်း ပိတ်ပင်ခံရတယ်လို့ ကျွန်တော်တို့ မမြင်ပါဘူး။ ဒီအခွင့်အရေး ပိတ်ပင်ခံရတာက ကြာပါပြီ။ အခုကိစ္စက ဒီဂျစ်တယ်စီးပွားရေးအပါအဝင် အခြားအလုပ်တွေပါ ရာဇဝတ်မှုဖြစ်သွားမှာပါ” လို့ ရန်ကုန်အခြေစိုက် အမည်မဖော်လိုတဲ့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ လူအများစုက Facebook လို ဆိုရှယ်မီဒီယာတွေကို အသုံးပြုတာကြောင့် စစ်ကောင်စီရဲ့ ဆိုက်ဘာဥပဒေသစ်က လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရာဇဝတ်ကောင်တွေဖြစ်အောင် လုပ်လိုက်တာလို့ Myanmar Center for Responsible Business က ဗစ်ကီဗောင်းမန်းက မှတ်ချက်ပြုပါတယ်။

    ဖိနှိပ်ချုပ်ချယ်တဲ့ ဆိုက်ဘာဥပဒေကို အာဏာသိမ်းပြီးပြီးမှာပဲ ပြဌာန်းဖို့ စစ်ကောင်စီက စီစဉ်ခဲ့တာပါ။ ဒါပေမယ့် စီးပွားရေးအသိုင်းအ၀ိုင်းက ကန့်ကွက်တာကြောင့် နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: codastory

  • ယူကရိန်းကို သိမ်းပိုက်ရန် ရုရှား၏ပြင်ဆင်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

    ယူကရိန်းကို သိမ်းပိုက်ရန် ရုရှား၏ပြင်ဆင်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

    ဖေဖော်ဝါရီ ၇၊ ၂၀၂၂
    M-Media

    -ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ဖို့ လိုအပ်တဲ့ စစ်အင်အားရဲ့ ၇၀ ရာခိုင်နှုန်းကို ရုရှားက ပြင်ဆင်ထားတယ်လို့ ယူဆကြောင်း ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး အမေရိကန်တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် အမေရိကန်တာဝန်ရှိသူတွေရဲ့ ၆ နာရီကြာ တံခါးပိတ်အစည်းအဝေးမှာ ရုရှားက ယူကရိန်းကို ကျူးကျော်နိုင်ခြေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲက တစ်ချို့အချက်တွေကို အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေက ပြည်တွင်းမီဒီယာတွေက မနေ့က ဖွင့်ချခဲ့ပါတယ်။

    ရုရှားဟာ ယူကရိန်းကို သိမ်းပိုက်ဖို့ လိုအပ်တဲ့ စစ်အင်အားရဲ့ ၇၀ ရာခိုင်နှုန်းကို ပြင်ဆင်ထားပြီး ဖြစ်သလို၊ ကျူးကျော်တိုက်ခိုက်မှု ဖြစ်နိုင်ချေတွေထဲက တစ်ခုဟာ မြို့တော်ကိဗ်ကို အလျင်အမြန် ထိုးစစ်ဆင် သိမ်းယူဖို့ ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

    ဒီလိုသိမ်းပိုက်ဖို့ သမ္မတပူတင်က နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ထောက်လှမ်းရေးပညာရှင်တွေက ယူဆပေမယ့် တိုက်ခိုက်မှုဖြစ်လာရင် ယူကရိန်းအရပ်သား ၅ သောင်း၊ စစ်သား ၂၅၀၀၀ အသက်ဆုံးရှုံးလိမ့်မယ်လို့ တွက်ချက်ခဲ့ပါတယ်။

    ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက အမေရိကန်မီဒီယာတွေ ဖော်ပြတဲ့ ဒီခန့်မှန်းချက်တွေကို မယုံကြဖို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး မိမိတို့ကတော့ ဘယ်လိုအခြေအနေမျိုးအတွက်မဆို ပြင်ဆင်ထားပြီးဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: New York Times

  • ကမ္ဘောဒီးယားစစ်ခေါင်းဆောင်၏ ဂျပန်ခရီးစဉ်တွင် မြန်မာ့အရေး ဆွေးနွေးမည်

    ကမ္ဘောဒီးယားစစ်ခေါင်းဆောင်၏ ဂျပန်ခရီးစဉ်တွင် မြန်မာ့အရေး ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၇၊ ၂၀၂၂
    M-Media

    ဟွန်ဆန်နှင့် သားဖြစ်သူ ဟွန်မာနတ် (ယာ)

    -ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့သား ဟွန်မာနတ်ဟာ ဖေဖော်ဝါရီလအလယ်ပိုင်းမှာ ဂျပန်နိုင်ငံကို သွားရောက်ဖို့ရှိနေပြီး အဲဒီခရီးစဉ်အတွင်း မြန်မာ့အရေးကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

    ဟွန်မာနတ်ဟာ ကမ္ဘောဒီးယားစစ်တပ် အကြီးအကဲဖြစ်ပြီး ဟွန်ဆန်က သူ့သားကို သူ့နေရာဆက်ခံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

    ဂျပန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ၊ နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ၊ ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီတို့နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွေ၊ အခြား ကိစ္စတွေ ဟွန်မာနတ်က​ ဆွေးနွေးမှာ ဖြစ်ပါတယ်။

    ဟွန်မာနတ်ရဲ့ခရီးစဉ်အတွင်း ဂျပန်တာဝန်ရှိသူတွေက မြန်မာ့အရေးပါ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ အခုနှစ်ဇန်နဝါရီ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်အတွင်း ဟွန်မာနတ်လည်း လိုက်ပါခဲ့တာဖြစ်ပါတယ်။

    ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ကမ္ဘောဒီးယားဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အာဆီယံအသိုင်းအ၀ိုင်းမှာ ပြန်လည်ပါဝင်နိုင်ရေး ကြိုးပမ်းဖို့ ဆန္ဒရှိပေမယ့် အခြား အာဆီယံအဖွဲ့အဝင်တွေက လက်မခံတဲ့အတွက် ရှေ့ဆက်လို့ မရခဲ့ပါဘူး။

    ဂျပန်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာအစိုးရကို ပေးနေတဲ့ အကူအညီတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: Japan Today

  • ဆိုက်ဘာတိုက်ခိုက်မှုမှ ရသည့် အကျိုးအမြတ်ဖြင့် မြောက်ကိုရီးယားက နျူစီမံကိန်းကို လည်ပတ်နေ

    ဆိုက်ဘာတိုက်ခိုက်မှုမှ ရသည့် အကျိုးအမြတ်ဖြင့် မြောက်ကိုရီးယားက နျူစီမံကိန်းကို လည်ပတ်နေ

    ဖေဖော်၀ါရီ ၆၊ ၂၀၂၂
    M-Media

    -ကမ္ဘာတစ်၀ှမ်း ဆိုက်ဘာတိုက်ခိုက်မှုကနေ ရရှိတဲ့ အကျိုးအမြတ်နဲ့ မြောက်ကိုရီးယားဟာ နျူနဲ့ ဒုံးကျည်စီမံကိန်းကို လည်ပတ်နေတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

    မြောက်ကိုရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှု စောင့်ကြည့်အဖွဲ့ရဲ့ အဲဒီအစီရင်ခံစာကို ကုလလုံခြုံရေးကောင်စီ မြောက်ကိုရီးယား စီးပွားရေးပိတ်ဆို့မှု ကော်မတီကို မနေ့က တင်သွင်းခဲ့တာပါ။

    တိုက်ချင်းပစ်ဒုံးကျည်တွေ၊ နျူလက်နက်စမ်းသပ်မှုတွေကို မတွေ့ရတော့ပေမယ့် ဆိုက်ဘာနည်းလမ်းတွေ၊ တစ်ခြားနိုင်ငံတွေနဲ့ ပူးတွဲသုတေသနတွေကနေတစ်ဆင့် မြောက်ကိုရီးယားက ဒီစီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

    ဇန်န၀ါရီလအတွင်း မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု ၉ ကြိမ်လုပ်ဆောင်ခဲ့ပြီး ဒါဟာ သမိုင်းတစ်လျှောက် တစ်လအတွင်း အများဆုံးစမ်းသပ်မှု ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဆိုက်ဘာတိုက်ခိုက်မှုကနေ ရရှိတဲ့အကျိုးအမြတ်နဲ့ လုပ်ဆောင်နေတာလို့ လုံခြုံရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၂၀၂၀ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းအထိ မြောက်အမေရိက၊ ဥရောပနဲ့ အာရှမှာရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေးအိတ်ချိန်း အနည်းဆုံး ၃ ခုကို ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ရာကနေ မြောက်ကိုရီယား ကန်ဒေါ်လာ သန်း ၅၀ ကျော် ရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဆိုက်ဘာလုံခြုံရေး စောင့်ကြည့်အဖွဲ့ Chainalysis ရဲ့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်အတွင်း ဒစ်ဂျစ်တယ်ငွေကြေးပလက်ဖောင်း ၇ ခုကို တိုက်ခိုက်ခဲ့ပြီး စုစုပေါင်းတန်ဖိုးက ဒေါ်လာသန်း ၄၀၀ ကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၁၉ခုနှစ် ဆိုက်ဘာတိုက်ခိုက်မှုကနေ မြောက်ကိုရီယားဟာ ဒေါ်လာ ၂ ဘီလီယံလောက် ရရှိခဲ့ပါတယ်။

    Ref: Reuters