News @ M-Media

Blog

  • အာဆင်နယ် ထိပ်ဆုံးပြန်ရောက်မည်ဟု မည်သူမှ မထင်ကြောင်း ၀င်းဂါးပြော

    အာဆင်နယ် ထိပ်ဆုံးပြန်ရောက်မည်ဟု မည်သူမှ မထင်ကြောင်း ၀င်းဂါးပြော

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    ars

    – အဖွင့်ပွဲ ရှုံးနိမ့်ခဲ့စဉ်ကတည်းက မိမိတို့အသင်းမှာ ထိပ်ဆုံးသို့ ရောက်ရှိမည်ဟု မည်သူမှ မထင်ခဲ့ဘဲ အသင်း၏ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယမန်နေ့က အဲဗာတန်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်မှာ လက်ရှိအချိန်တွင် ဇယားကို ဦးဆောင်ထားပြီး ထိပ်ဆုံးမှ မန်စီးတီးနှင့် မန်ယူတို့ပွဲတွင် မန်စီးတီး ရှုံးနိမ့်ခဲ့ပါက ဇယားအား ဆက်လက် ဦးဆောင်နိုင်မည်ဖြစ်သည်။

    “ဆက်ပြီး သွားကြရအောင်ပါ။ မိမိကိုယ်ကို နှိမ့်ချမှုနဲ့ ပြင်းပြတဲ့ ဆန္ဒတွေက အသင်းအဖွဲ့အဖြစ် စုစည်းစေခဲ့ပါတယ်။ အီမရိတ်မှာ ကျွန်တော်တို့ ပထမဆုံးပွဲမှာ ရှုံးခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ဟာ ဒီညလို ထိပ်ဆုံး ပြန်ရောက်မယ်လို့ ဘယ်သူမှ မပြောကြတော့ပါဘူး။ အင်္ဂါနေ့က (ချန်ပီယံလိဂ်မှာ) သူတို့ရခဲ့တဲ့ နိုင်ပွဲမျိုးက အသင်းရဲ့စိတ်ဓာတ် ဘယ်လောက်မြင့်မားနေလဲဆိုတာကို ပြသနေတာပါပဲ။ ဒါ့ကြောင့်ပဲ ကျွန်တော့်အသင်းအတွက် ကျွန်တော့် တော်တော်လေး ဂုဏ်ယူမိပါတယ်။ ပြန်လည်အာရုံစိုက်ဖို့ စွမ်းဆောင်ရည်ကို သူတို့ ပြသခဲ့ပါတယ်” ဟု ၀င်းဂါးက ယမန်နေ့ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲတွင် ဂျရူးနှင့် ကွန်စီယဲလ်နီတို့က အာဆင်နယ်အတွက် အနိုင်ဂိုးများ သွင်းပေးခဲ့ကြသည်။

    Ref: Goal

  • မြန်မာနိုင်ငံဖွား ကချင်အမျိုးသမီးတစ်ဦး ၂၀၁၅ စင်ကာပူအလှမယ်ဘွဲ့ရ

    မြန်မာနိုင်ငံဖွား ကချင်အမျိုးသမီးတစ်ဦး ၂၀၁၅ စင်ကာပူအလှမယ်ဘွဲ့ရ

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    sing

    – ၂၀၁၅ ခုနှစ် စင်ကာပူအလှမယ်ရွေးပွဲ Miss World Singapore တွင် မြန်မာနိုင်ငံဖွား ကချင်အမျိုးသမီးတစ်ဦးက သရဖူရရှိခဲ့သည်ဟု သိရသည်။

    အသက် ၂၄ နှစ်ရွယ် ချယ်ရတီ မာရူဖြစ်ပြီး ၂၀၀၇ ခုနှစ်က စင်ကာပူနိုင်ငံသားဖြစ်ခဲ့ကာ လက်ရှိတွင် အလွတ်တန်း ဘာသာပြန်အဖြစ် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။

    အောက်တိုဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် သူမမှာ ဇကာတင် ၁၄ ယောက်နှင့် ယှဉ်ပြိုင်ခဲ့ရပြီးနောက် ထိုကဲ့သို့ စင်ကာပူအလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ သူမကို ချယ်ရတီ လုလုဆန်ဟုလည်း သိကြသည်။

    “ကျွန်မက ဒီမှာရှိတဲ့ လူနည်းစုဝင်တွေထဲက တစ်ယောက်ပါ။ ကျွန်မဟာ ကချင်လူမျိုးဖြစ်တယ်။ ဆိုလိုတာက မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်ကနေ ကျွန်မ ဒီကို ရောက်လာတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံက ကျွန်မကို ဒီလိုအခွင့်အရေးပေးခဲ့ပြီး၊ ဒီလိုတာဝန်ကိုလည်း ယုံယုံကြည်ကြည် အပ်နှင်းခဲ့ပါတယ်။ အဲဒီအတွက် ကျွန်မ အရမ်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ နိုင်ငံတကာ Miss World ပြိုင်ပွဲမှာ ဆုရဖို့အတွက် ကျွန်မ အကောင်းဆုံး ကြိုးစားသွားပါမယ်” ဟု ဆုရအပြီးတွင် ပြောကြားခဲ့သည်။

    သူမ၏ နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ စင်ကာပူပြည်သူအချို့က ဝေဖန်မှုများ ရှိခဲ့သော်လည်း အများစုမှာ သူမအား ချီးကျူးခဲ့ကာ၊ ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြသည်။

    Ref: Yahoo

  • တာလီဘန်သိမ်းထားသည့် ခရိုင်တစ်ခုကို အာဖဂန်အစိုးရ ပြန်ရ

    တာလီဘန်သိမ်းထားသည့် ခရိုင်တစ်ခုကို အာဖဂန်အစိုးရ ပြန်ရ

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    taliban

    – ပြီးခဲ့သည့်တစ်ပတ် တနင်္ဂနွေနေ့က တာလီဘန်တို့ သိမ်းပိုက်ခဲ့သည့် ဂေါရ်မက်ခ်ျ ခရိုင်ကို အစိုးရလုံခြုံရေးတပ်ဖွဲ့များက ၃ ရက်တာ အပြင်းအထန် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

    တာလီဘန်တို့၏ တိုက်ခိုက်မှုအတွင်း ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ အဘ်ဒူလ် မဂျစ်နှင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၂ ဦး ကျဆုံးခဲ့သည်။ အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါင်လသ် ၀ါဇီရီကမူ ပြည်သူ ၅ သောင်းကျော်နေထိုင်သည့် အဆိုပါခရိုင်တွင် အစိုးရတပ်ဖွဲ့ဝင်များမှာ ဆက်လက် စောင့်ကြပ်နေသည်ဟု ပြောကြားခဲ့သည်။

    အာဖဂန်ခေါင်းဆောင်သစ်အဖြစ် မူလာ အက်ခ်တာရ်န်ဆူးရ်ကို ခန့်အပ်ပြီးနောက်ပိုင်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တာလီဘန်တို့မှာ နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုများ တိုးမြှင့် ပြုလုပ်လာခဲ့ပြီး ပြီးခဲ့သည့်လက အဓိကမြို့တစ်မြို့ဖြစ်သော ကန်ဒက်ဇ်မြို့ကို သိမ်းယူခဲ့သည်။ သို့သော်လည်း အာဖဂန်အစိုးရတပ်ဖွဲ့က အမေရိကန်နှင့် နေတိုးအဖွဲ့တို့၏ အကူအညီဖြင့် မကြာခင် ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

    Ref: Aljazeera

  • ထိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှုအတွက် မြန်မာနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

    ထိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှုအတွက် မြန်မာနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    myan

    – ပြီးခဲ့သည့်လက ထိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာငါးဖမ်းအလုပ်သမား ၂ ဦးကို နိုင်ငံတောင်ပိုင်း Phangnga ပြည်နယ်တွင် ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အသက် ၂၀ အရွယ် မောင်စိန်ဆိုသူနှင့် အသက် ၁၈ နှစ်အရွယ် ကျော်စိုးဝင်းဆိုသူတို့ ဖြစ်ပြီး သောကြာနေ့ညပိုင်းတွင် ၎င်းတို့အလုပ်လုပ်ရာ ငါးဖမ်းသင်္ဘောပေါ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ယမန်နေ့ မနက်ပိုင်းတွင် Kura Buri ခရိုင်သို့ ခေါ်ဆောင်လာကာ အသက် ၁၉ နှစ်အရွယ် ထိုင်းအမျိုးသမီး Orawee Samphaothong ကို သတ်မှုဖြင့် တရားစွဲဆိုထားသည်။

    Muang ခရိုင်တွင်နေထိုင်သည့် သူမမှာ အိမ်အနီးရှိ ကျောင်းအတူတက်သည့် သူငယ်ချင်းအိမ်သို့ သွားရောက်စဉ် စက်တင်ဘာ ၂၈ ရက်နေ့က ဓားဒဏ်ရာ ၁၇ ချက်ဖြင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ ထိုလူသတ်မှုနောက်ကွယ်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရင်းရှိမည်ဟု ကောက်ချက်ချခဲ့ပြီး သူမထံမှ ဓားပြတိုက်ရန် ကြိုးစားမှုမျိုးမဟုတ်ဟု ဆိုသည်။ ထိုမြန်မာနိုင်ငံသား ၂ ဦးထံမှ ရရှိသည့် သက်သေခံကဒ်ပြားများ၌ အခင်းဖြစ်ပွားသည့် Muang ခရိုင်လိပ်စာကို ရေးသားထားသည်။

    ထိုင်းရဲတပ်ဖွဲ့မှာ နိုင်ငံအတွင်း ဖြစ်ပွားသော ရာဇ၀တ်မှုများအတွက် မြန်မာအပါအ၀င် နိုင်ငံခြားသား အလုပ်သမားအချို့ကို ဓားစာခံလုပ်ကာ ဖမ်းဆီးထောင်ချမှုမျိုး ရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့သည့်နှစ်ကလည်း ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲ ရက်ရက်စက်စက် အသတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို တရားခံဟုစွပ်စွဲကာ ဖမ်းဆီးခဲ့သည်။ သို့သော်လည်း ထိုင်းပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ထိုမြန်မာလူငယ်နှစ်ဦးမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံရခြင်းသာ ဖြစ်သည်ဟု ယုံကြည်နေကြသည်။

    Ref: Bangkokpost

  • တိုရှီဘာက ရုပ်ပုံအာရုံခံစနစ်လုပ်ငန်းကို ဆိုနီသို့ ရောင်းမည်

    တိုရှီဘာက ရုပ်ပုံအာရုံခံစနစ်လုပ်ငန်းကို ဆိုနီသို့ ရောင်းမည်

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    tsb

    – ယခုနှစ်အစောပိုင်းမှ စတင်ခဲ့သည့် တိုရှီဘာ၏ စီးပွားရေး ပြန်တည်ဆောက်မှု အစိတ်အပိုင်းဖြစ် ၎င်းတို့၏ ရုပ်ပုံအာရုံခံစနစ်ကို ကန်ဒေါ်လာ ၁၆၄.၆၈ သန်းဖြင့် ဆိုနီကုမ္ပဏီသို့ ရောင်းချတော့မည်ဟု ကုမ္ပဏီနှင့် နီးစပ်သည့် ရင်းမြစ်က ယမန်တွေ့င် ပြောကြားခဲ့သည်။

    ဒစ်ဂျစ်တယ်ကင်မရာများမှ စမတ်ဖုန်းများအထိ အသုံးပြုသည့် အဆိုပါ ရုပ်ပုံအာရုံခံစနစ်မှာ တိုရှီဘာ၏ LSI ဆီမီးကွန်ဒက်တာ စီးပွားရေးလုပ်ငန်းများမှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး မကြာမီ နောက်ဆုံး သဘောတူညီချက် ရဖွယ်ရှိနေသည်။ တိုရှီဘာမှာ ရုပ်ပုံ အာရုံခံစနစ် လုပ်ငန်းအားလုံးမှာ ထွက်ဖွယ်ရှိနေသည်ဟုလည်း အဆိုပါ ရင်းမြစ်က ဖော်ပြခဲ့သည်။

    ဆိုနီကမူ အဆိုပါ အာရုံခံစနစ် စီးပွားရေးဈေးကွက်တွင် လွှမ်းမိုးမှုရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏ စနစ်ကို တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi နှင့် အိန္ဒိယ၏ Micromax Informatix Ltd တို့က အသုံးပြုနေသည်။

    Ref: Channelnewsasia