News @ M-Media

Blog

  • တိုရှီဘာက ရုပ်ပုံအာရုံခံစနစ်လုပ်ငန်းကို ဆိုနီသို့ ရောင်းမည်

    တိုရှီဘာက ရုပ်ပုံအာရုံခံစနစ်လုပ်ငန်းကို ဆိုနီသို့ ရောင်းမည်

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    tsb

    – ယခုနှစ်အစောပိုင်းမှ စတင်ခဲ့သည့် တိုရှီဘာ၏ စီးပွားရေး ပြန်တည်ဆောက်မှု အစိတ်အပိုင်းဖြစ် ၎င်းတို့၏ ရုပ်ပုံအာရုံခံစနစ်ကို ကန်ဒေါ်လာ ၁၆၄.၆၈ သန်းဖြင့် ဆိုနီကုမ္ပဏီသို့ ရောင်းချတော့မည်ဟု ကုမ္ပဏီနှင့် နီးစပ်သည့် ရင်းမြစ်က ယမန်တွေ့င် ပြောကြားခဲ့သည်။

    ဒစ်ဂျစ်တယ်ကင်မရာများမှ စမတ်ဖုန်းများအထိ အသုံးပြုသည့် အဆိုပါ ရုပ်ပုံအာရုံခံစနစ်မှာ တိုရှီဘာ၏ LSI ဆီမီးကွန်ဒက်တာ စီးပွားရေးလုပ်ငန်းများမှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး မကြာမီ နောက်ဆုံး သဘောတူညီချက် ရဖွယ်ရှိနေသည်။ တိုရှီဘာမှာ ရုပ်ပုံ အာရုံခံစနစ် လုပ်ငန်းအားလုံးမှာ ထွက်ဖွယ်ရှိနေသည်ဟုလည်း အဆိုပါ ရင်းမြစ်က ဖော်ပြခဲ့သည်။

    ဆိုနီကမူ အဆိုပါ အာရုံခံစနစ် စီးပွားရေးဈေးကွက်တွင် လွှမ်းမိုးမှုရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏ စနစ်ကို တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi နှင့် အိန္ဒိယ၏ Micromax Informatix Ltd တို့က အသုံးပြုနေသည်။

    Ref: Channelnewsasia

  • ဆော်ဒီနှင့် ဟန်ဂေရီတို့ နျူပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်

    ဆော်ဒီနှင့် ဟန်ဂေရီတို့ နျူပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်

    အောက်တိုဘာ ၂၄၊ ၂၀၁၅
    M-Media

    saudi

    – ၂၀၃၂ ခုနှစ်တွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းကို နျူကလီးယား ဓာတ်အားဖြင့် အစားထိုးရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် ဟန်ဂေရီနိုင်ငံနှင့် နျူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ဆော်ဒီအာရေဗျက ယနေ့တွင် ပြောကြားလိုက်သည်။

    လက်ရှိတွင် ဆော်ဒီမှာ လျှပ်စစ်ဓာတ်အားကို ရုပ်ကြွင်းလောင်စာ စက်ရုံများနှင့် ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များမှ ထုတ်လုပ်နေရသည်။ ယခု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွင် နျူကလီးယား ဓာတ်ပေါင်းဖို ဒီဇိုင်းဆွဲရေး၊ ဆောက်လုပ်လည်ပတ်ရေး၊ လုံခြုံရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးနှင့် ၀န်ထန်းများအား လေ့ကျင့်ပေးရေးတို့ ပါဝင်သည်။

    ထိုအပြန်အလှန် သဘောတူညီချက်မှာ နျူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆော်ဒီက ပြောကြားခဲ့သည်။

    Ref: Arabnews

  • သမ္မတကို လုပ်ကြံမှုဖြင့် မော်လ်ဒိုက်ဒုတိယသမ္မတ အဖမ်းခံရ

    သမ္မတကို လုပ်ကြံမှုဖြင့် မော်လ်ဒိုက်ဒုတိယသမ္မတ အဖမ်းခံရ

    အောက်တိုဘာ ၂၄၊ ၂၀၁၅
    M-Media

    mal

    – ပြီးခဲ့သည့်လက မော်လ်ဒိုက်သမ္မတ စီးနင်းလိုက်ပါလာသည့် ရေယာဉ်တွင် ဗုံးပေါက်ကွဲမှုနှင့် ဆက်စက်၍ သံသယရှိမှုအတွက် ဒုတိယသမ္မတ အဟ်မဒ် အဒီဘ်ကို ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့က ယနေ့တွင် ကြေငြာလိုက်သည်။

    တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် နိုင်ငံသို့ပြန်အလာ လေဆိပ်၌ ယနေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး၊ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားလိုက်ပြီဖြစ်သည်။

    သမ္မတ ယာမင်း အဘ်ဒူလ် ဂါယွမ်မှာ စက်တင်ဘာ ၂၈ ရက်နေ့က ဟဂ်ျဘုရားဖူးခရီးစဉ်မှ ပြန်လာပြီး လေဆိပ်မှ မြို့တော်ရှိရာကျွန်းသို့ အမြန်ရှပ်ပြေးရေယာဉ်ဖြင့် သွားရောက်စဉ် ရေယာဉ်ပေါ်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သမ္မတမှာ မည်သည့်ဒဏ်ရာမှ မရဘဲ လွတ်မြောက်ခဲ့သော်လည်း ၎င်း၏ ဇနီး၊ အကူနှင့် သက်တော်စောင့်တစ်ယောက်တို့မှာ ဒဏ်ရာရရှိခဲ့သည်။

    အာဏာပိုင်များကမူ စောစောပိုင်းက ထိုပေါက်ကွဲမှုမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် သမ္မတအား လုပ်ကြံရန်ကြိုးပမ်းမှုဟု သတ်မှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။

    ဗုံးကို သမ္မတ ပုံမှန်ထိုင်လေ့ရှိသည့် ရေယာဉ်ထိုင်ခုံအောက်တွင် ထည့်ထားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် သမ္မတမှာ ထိုနေရာတွင် ထိုင်နေခြင်း မရှိသောကြောင့် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

    ဒုတိယသမ္မတ အဒီဘ်မှာမူ သမ္မဂါယွမ်၏ အမာခံတစ်ဦးဖြစ်ပြီး၊ ပြီးခဲ့သည့် ဇူလိုင်လကပင် ထိုရာထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အသက် ၃၃ နှစ်သာ ရှိသေးသည်။ ၎င်းအား ဒုတိယသမ္မတအဖြစ် ခန့်အပ်ရန်အတွက် လွှတ်တော်အမတ်များမှာ ဒုတိယသမ္မတ၏ အသက်ကို ၃၅ နှစ်မှ ၃၀ နှစ်သို့ လျော့ပေးခဲ့သည်။

    သို့သော်လည်း ပေါက်ကွဲမှုဖြစ်ပြီး သီတင်းပတ်အနည်းငယ်အကြာတွင် သမ္မတမှာ အဒီဘ်အား သံသယရှိလာခဲ့ပြီး ၎င်း၏နေအိမ်များ၊ ၎င်းနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို ၀င်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ကာကွယ်ရေးဝန်ကြီးနှင့် ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီးတို့ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ယခုအချိန်အထိ ခန့်အပ်ရခြင်းမရှိသေးပေ။

    Ref: Aljazeera

  • မက္ကဆီကိုမုန်တိုင်း ခန့်မှန်းထားသလောက် မဆိုး

    မက္ကဆီကိုမုန်တိုင်း ခန့်မှန်းထားသလောက် မဆိုး

    အောက်တိုဘာ ၂၄၊ ၂၀၁၅
    M-Media

    mex

    – ကမ္ဘာ့အနောက်ခြမ်းတွင် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် သတ်မှတ်ခြင်းခံထားရသည့် ဟာရီကိန်းပက်ထရစ်ရှာကြောင့် မြေပြိုမှု၊ ရေကြီးမှုများ ဖြစ်သော်လည်း မူလက ခန့်မှန်းထားသလောက် ပျက်ဆီးဆုံးရှုံးမှုမရှိဟု သမ္မတ အန်းရစ် ပန်နာ နီယက်တိုက ယမန်နေ့ညနေ မုန်တိုင်းဝင်ရောက်ပြီး ၅ နာရီအကြာတွင် ပြုလုပ်သော ရုပ်မြင်သံကြားမိန့်ခွန်း၌ ပြောကြားလိုက်သည်။

    နိုင်ငံအနောက်ပိုင်း ဂျာလစ္စကိုပြည်နယ်ရှိ ပစိဖိတ်ကမ်းရိုးတန်းကို ၀င်ရောက်ခြင်းဖြစ်ပြီး စောစောပိုင်း သတင်းထုတ်ပြန်မှုများအထိ ကြီးကြီးမားမား ပျက်ဆီးဆုံးရှုံးမှုများ၊ အသေအပျောက်များ မရှိသေးပေ။ အာဏာပိုင်များကမူ ထိုဟာရီကိန်းကြောင့် ကြီးမားသည့် ပျက်ဆီးဆုံးရှုံးမှုများ ရှိနိုင်ဆဲဟု သတိပေးထားပြီး ပြည်သူများကိုလည်း ကယ်ဆယ်ရေးစခန်းများတွင်သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။

    စောစောပိုင်းတွင် အဆင့် ၅ အဖြစ် သတ်မှတ်ထားသည့် ဟာရီကိန်းပက်ထရစ်ရှာမှာ ယနေ့မနက်ပိုင်း ကုန်းတွင်းမှ တောင်ပေါ်သို့ ဦးတည်သည့်အချိန်တွင် အဆင့် ၂ လောက်သာ ရှိတော့သည်ဟု အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာ NHC က ပြောကြားခဲ့သည်။ မုန်တိုင်းမလာခင်က ဂျာလစ္စကိုပြည်နယ်ရှိ မြူနီစီပယ်ဒေသ ၅၆ ခုကို အစိုးရက အရေးပေါ်အခြေအနေ ကြေငြာခဲ့သည်။

    Ref: Aljazeera

  • မိမိကို ရာသီဝက်ကုန်မှ ဝေဖန်ရန် မော်ရင်ဟိုပြော

    မိမိကို ရာသီဝက်ကုန်မှ ဝေဖန်ရန် မော်ရင်ဟိုပြော

    အောက်တိုဘာ ၂၄၊ ၂၀၁၅
    M-Media

    chel

    – အသင်းအခြေအနေ ဆိုးရွားနေသော်လည်း ရာသီဝက်ပြီးဆုံးသည့် ဒီဇင်ဘာလမတိုင်မီအထိ မိမိအား ဝေဖန်ဆုံးဖြတ်မှုမျိုး မလုပ်သင့်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးမှာ ၉ ပွဲတွင် ၁၁ မှတ်သာ ရရှိထားပြီး အဆင့် ၁၂ နေရာတွင်ရှိနေသည်။ ထို့ကြောင့် မော်ရင်ဟိုမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ၎င်းက အသင်းမှာ အလယ်အလတ်အဆင့်နှင့် ရာသီသိမ်းလျှင်ပင် မိမိအနေဖြင့် ရာထူးအား စွန့်လွှတ်ရမည်မဟုတ်ဟု စောစောပိုင်းက ပြောကြားထားသည်။

    “ဒီဇင်ဘာအကုန်မှာ ရာသီဝက်ချန်ပီယံလို့ ကျွန်တော်တို့ ပြောလေ့ရှိပါတယ်။ အဲဒီအချိန်မှာ ပိုကောင်းတဲ့ ပုံရိပ် တွေ့ရမှာပေါ့။ အဲဒီအချိန်ကျရင် အသင်းတိုင်းက ၁၉ ပွဲကစားထားမယ်။ ရာသီဝက်ဆိုတာ ဇယားကို ကြည့်လို့ကောင်းမယ့် အချိန်ပါပဲ။ ဒါပေမယ့် အချိန်တိုင်းမှာတော့ အဓိပ္ပါယ်တစ်ခုမဟုတ်တစ်ခု ရှိပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal