News @ M-Media

Blog

  • မ.ဘ.သ ဗဟို အဖွဲ့ ဥက္ကဌ အင်းစိန် ဆရာတော်နှင့် တွေ့ဆုံခြင်း (စည်သူအောင်မြင့်)

    မ.ဘ.သ ဗဟို အဖွဲ့ ဥက္ကဌ အင်းစိန် ဆရာတော်နှင့် တွေ့ဆုံခြင်း (စည်သူအောင်မြင့်)

    အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) ဗဟိုအဖွဲ့  ဥက္ကဌ ဘဒ္ဒန္တ အရှင်တိလောကာဘိဝံသ အင်းစိန်ရွာမဆရာတော်နှင့် တွေ့ဆုံခြင်း။
    =========================
    စည်သူအောင်မြင့် တွေ့ဆုံမေးမြန်းသည်။
    .10931381_1225673587449211_771464045033099906_n
    ပြီးခဲ့တဲ့ အောက်တိုဘာ ( ၄ ) ရက်နေ့က ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းအတွင်းမှာ မဘသ အဖွဲ့ကြီးရဲ့ အမျိုးစောင့် ဥပဒေ အောင်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အလားတူ အခမ်းအနားကို မြန်မာနိုင်ငံမြို့နယ် တချို့မှာလည်း ကျင်းပခဲ့ပါတယ်။ လက်ရှိကာလဟာ ရွေးကောက်ပွဲကျင်းပဖို့ အလွန်နီးကပ်နေပြီး ပါတီတွေ မဲဆွယ် စည်းရုံးမှုတွေလည်း လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီအချိန် တချို့သော အမျိုးစောင့်ဥပဒေ အောင်ပွဲတွေမှာ မဘသအဖွဲ့ဝင် လူပုဂ္ဂိလ်နဲ့ သံဃာတချို့ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမတ်ကို မဲမပေးနဲ့ဆိုတာမျိုး လွှတ်တော်ထဲမှာ အမျိုးစောင့်ဥပဒေကို ဝေဖန်ဆွေးနွေးခဲ့တဲ့ NLD ကို မဲမပေးနဲ့ ဆိုတာမျိုး အတိအလင်း ဟောပြောမှုတွေ ရှိခဲ့ပြီး ပြည်တွင်းပြည်ပသတင်းမီဒီယာတွေကလည်း ဒီကိစ္စကို ဝေဖန်ဖော်ထုတ်တာတွေ ရှိလာပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မွန်းတည့်နေ ဂျာနယ်ဟာ မဘသ ဗဟိုရုံးချုပ်အဖြစ် အသုံးပြုထားတဲ့ ဆရာတော် သီတင်းသုံးရာ အင်းစိန်ရွာမကျောင်းတိုက်ဆီ သွားရောက်ပြီး သိလိုသည်များကို ဆရာတော်ထံ မေးမြန်းလျှောက်ထားခဲ့ပါတယ်။ အောက်ဖော်ပြထား သည်များဟာ မဘသ ဗဟိုဥက္ကဌ အင်းစိန်ရွာမ ဆရာတော်ကြီး ပြောကြားထားသည်များ ဖြစ်ပါတယ်။
    .
    မေး။ ။ဆရာတော်တို့ မ.ဘ.သ အဖွဲ့ကြီးအနေနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ဖို့လိုတယ်ဆိုပြီးတော့ လုပ်ကိုင် ဆောင်ရွက်နေကြတာပေါ့ ဘုရား၊၊ ဒါနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ၀ါတော်အရရော၊ သက်တော်အရရော ကြီးမြင့်တယ်ဆိုတော့ ခေတ်အဆက်ဆက်ကို ဖြတ်သန်းဖူးတော့ တပည့်တော်တို့ တိုင်းပြည်ကို ခေတ်သုံးခေတ် ပိုင်းခြားပြီး မေးပါရစေဘုရား။ လွတ်လပ်ရေးရပြီးခေတ်၊ လွတ်လပ်ရေးရပြီး အချိန်ကနေ ၁၉၆၂ ခုနှစ်ထိ တပည့်တော်တို့ ဘာသာ သာသနာဟာ ဘယ်လို အခြေအနေများရှိခဲ့သလဲ ဘုရား။
    .
    အဲဒီ ခေတ်အခြေအနေတုန်းက ဘာသာ သာသနာနဲ့ ပတ်သက်ပြီးတော့ ပြောပလောက်အောင် အန္တရာယ်များတာ သိပ်မတွေ့ခဲ့ဘူးပေါ့နော်။ အဲဒီတုန်းက ဗုဒ္ဓဘာသာ ကလည်းများတယ်၊ တာဝန်ရှိတဲ့  အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဗုဒ္ဓဘာသာ ရင့်သန်တဲ့ ပုဂ္ဂိုလ်တွေပဲ များတယ်။ အဲဒီအချိန်တုန်းက ရောက်လာတဲ့ ဘာသာခြား လူမျိုးခြားတွေလည်းပဲ အခုချိန်လောက် များသောအားဖြင့် အခုလတ်တလော ခင်ဗျားတို့လည်း အသိပဲလေ ကမ္ဘာ့အစွန်းရောက်တွေက နောက်ပိုင်း မှများလာတာ။ အဲဒီတုန်းက သိပ်မရှိဘူးလေ။ ၁၉၆၂ ဟိုဘက်တုန်းက သိပ်မကြားရဘူးပေါ့။ ဒီမှာလည်းပဲ အဲဒီ အန္တရာယ်တွေ သိပ်မရှိဘူးလေ။
    .
    မေး။ ။ တင်ပါ့ဘုရား။ ဆိုတော့ ၁၉၆၂ နဲ့ ၁၉၈၈ မှာကျတော့ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီးတော့ အုပ်ချုပ် တာပေါ့နော်။ အဲဒီကာလအပိုင်းအခြားမှာရော ဘယ်လို အခြေအနေရှိလဲဘုရား။
    .
    အဲဒီတုန်းကတော့ စစ်တပ်က အဘက်ဘက်က ထိန်းချုပ်ထားခြင်းကြောင့် ဘာသာခြားလူမျိုးခြား အန္တရာယ်တွေလည်း ပြော ပလောက်အောင် ဒီလောက်ကြီး မရှိဘူးပေါ့နော်။ အခုနောက်ပိုင်း ကာလ ပထမ န. ၀. တ တက်လာတယ်၊ န. ယ. က တက်လာတယ်။ န. ယ. က နောက်ပိုင်းကြတော့ နည်းနည်းလေး လက်ရှိ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အုပ်ချုပ်မှုအပေါ်မှာ လျော့ရဲတာတွေ၊ လာဘ်စားတာတွေ ဒါတွေ ပေါ်မှာ မူတည်ပြီးတော့ ဘာသာကိုဖျက်ဆီးလိုတဲ့ပုဂ္ဂိုလ်တွေက အခွင့်ကောင်းတွေရလာတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းပြီးတော့၊ အဲဒီအချိန်မှာ နည်းနည်းလေး ပြဿနာတွေရှိလာတယ်။ အဲဒါတွေက အခုနောက်ပိုင်းမှာကြတော့ ပိုပြီးတော့ ဆိုးသွမ်းလာတယ်။ အရင်တုန်းကဆိုရင် အများရှေ့မှာ မုဒိမ်းကျင့် တာတို့၊ အရွယ်မရောက်သေးတဲ့လူတွေ လိင်အကြမ်းဖက်မှုတွေ သိပ်မရှိဘူးပေါ့နော်။ အခုနောက်ပိုင်း အဲဒါတွေ တော်တော် သောင်းကျန်းလာတယ်။
    .
    ၁၉၆၂ နဲ့ ၁၉၈၈ ကြားထဲမှာတော့ သိပ်မရှိသေးဘူးပေါ့ဘုရား။ ၁၉၈၈ နဲ့ ၂၀၁၀ ထိ တပ်မတော် အစိုးရ ခေတ်မှာကော ရှိလာပြီလားဘုရား။
    .
    အထိုက်အလျှောက်ရှိလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘူးသီးတောင်၊ မောင်တော ပြဿနာ တွေ ရခိုင်လူမျိုးတွေ လူမျိုးတုံး သတ်ဖြတ်မှုကိစ္စတွေမှာကြတော့ ထိုက်သင့်သလောက်ရှိလာတယ်။ ဒါပေမဲ့ အစိုးရက နိုင်အောင်ထိန်းနိုင်တယ်။
    .
    မေး။ ။ နိုင်အောင်မထိန်းနိုင်တာ ဘယ်အချိန်ကလဲဘုရား။
    .
    နိုင်အောင်မထိန်းနိုင်တာကတော့ အခုနောက်ပိုင်း အဲဒီ၊ ခန့်မှန်းခြေတော့ ၁၉၈၈ – ၉၉ ခုနောက် ပိုင်းလောက်မှာ နည်းနည်းလေး တဖြည်းဖြည်း လျော့ရဲလာတယ်။ ခုန ဆရာတော် ပြောသလိုလေ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ လာဘ်စားမှုတွေ ဘာတွေက ရှိလာတော့ နောက်ပိုင်းကျတော့ အခု ၂၀၁၀ ပေါ်မှာကျတော့ ပိုများလာတယ်လေ၊ ရခိုင်အရေးအခင်းတို့ မိတ္ထီလာအရေးအခင်းတို့၊ ဥက္ကံအရေးအခင်းတို့ ပေါ်လာတယ်၊ ဒါတွေက သိသိသာသာ ထင်ရှားလာတယ်။
    .
    မေး။ ။အရှင်ဘုရားခုနက ရှင်းပြသလိုဆို ၁၉၉၉ နောက်ပိုင်းမှာ ပြဿနာတွေစဖြစ်ပြီဆိုတော့ ဒီပြဿနာတွေနဲ့ ပတ်သက်လို့ အဓိက တာဝန်ရှိတဲ့သူတွေဟာ ဘယ်သူတွေများဖြစ်မယ်လို့ ဆရာတော်ဘုရားယူဆပါသလဲ ဘုရား။
    .
    ဒါကတော့ အစုံပဲ။ အဓိက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဆိုတာကတော့ အားလုံး ပြည့်စုံအောင် ဖော်ပြဖို့ကတော့ သိပ်မလွယ်ဘူးပေါ့။ ဒါပေမဲ့ တာဝန်ရှိတဲ့ ထိန်းသိမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ အခွင့်ထူးခံပုဂ္ဂိုလ်တွေ အဲဒီဥစ္စာတွေ အားလုံးပဲ ပါပါတယ်။ အဲဒီထဲမှာပဲ ကျန်တဲ့ပုဂ္ဂိုလ်တွေကလဲ ပူးပေါင်းမှု အားနည်းလာတဲ့ ပုဂ္ဂိုလ် တွေရှိတယ်။
    .
    မေး။ ။ အဓိက အစိုးရအာဏာပိုင်တွေကို ဆိုလိုတာလားဘုရား။ သို့မဟုတ် အခြား သာမန်ပြည်သူတွေကို ဆိုလို တာလားဘုရား။
    .
    အစိုးရအာဏာပိုင်တွေပေါ်မှာလည်း နည်းနည်းမူတည်တယ်။ အခွင့်ထူးခံ ပုဂ္ဂိုလ်တွေကလည်း အခွင့်အရေးများများ ယူလာတာလည်း ပါတယ်။ နောက်ပြီးတော့ ကျန်တဲ့ အာဏာပိုင်မဟုတ်တဲ့ ပြည်သူ တွေ၊ အတိုက်အခံတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာတွေလည်းပါတယ်။
    .
    မေး။ ။ ဆရာတော်ဘုရားရှင်းပြတဲ့ အဲဒီအချိန်တုန်းကဆိုရင် တပည့်တော်တို့နိုင်ငံကို အန္တရာယ်ကျရောက်စေတဲ့ လူဦးရေ ၀င်ရောက်မှုတွေ ရှိလာပြီပေါ့နော်။ ရှိလာပြီဆိုတဲ့ အချိန်မှာ တာဝန်ရှိတဲ့လူတွေထဲမှာ ဥပမာ NLD
    လို  အဖွဲ့အစည်းမျိုးပေါ့။ အဲဒီ အဖွဲ့အစည်းကော ပါပါလား ဘုရား။
    .
    ခုနက ပြောသလို ပူးပေါင်းဆောင်ရွက်မှုပေါ့။ သူက ပူးပေါင်းဆောင်ရွက်မှုမရှိရင် သူလည်းပါ မှာပဲလေ။ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံး ပါတယ်လို့ ဆရာတော်တို့ ဆိုလိုတာပါ။
    .
    မေး။ ။ တင်ပါ့။ တပည့်တော်တို့နားလည်သလောက်ဆိုရင် အဲဒီအချိန်တုန်းက NLD ပါတီဆိုတာက ထောင်ထဲ ကိုထည့်ထားခံရတယ်။ လူတွေကိုဖမ်းထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုလည်း နေအိမ် အကျယ်ချုပ်နဲ့။ အဲဒီလို အခြေအနေမျိုးမှာ သူတို့ အနေနဲ့ ဒီကိစ္စကို ဘယ်လိုများ ပူးပေါင်းပါဝင်လို့ ရနိုင်မလဲဘုရား။ ဆရာတော်ဘုရားရဲ့ အတွေ့အကြုံအရ မိန့်ပါဘုရား။
    .
    မဟုတ်ဘူးလေ ဆရာတော်က ဘယ်ကိုပါဝင်တယ်ဆိုတဲ့ဥစ္စာကို မပြောဘူး။ ပူးပေါင်းပါဝင်မှု  မဟုတ်တဲ့ ပုဂ္ဂိုလ်တွေမှန်သမျှ ပါတယ်လို့ ပြောနေတာနော်။ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ထောင်ထဲကျသည်ဖြစ်စေ။ မကျသည်ဖြစ်စေ။ ထိုက်သင့်သလောက် အကြံပေးလို့ရတယ်၊ ပြောဆိုလို့ရတဲ့ ဥစ္စာတွေရှိတယ်။ သူ့ကို ပါဝင်တယ်၊ မပါဝင်တယ်ဆိုတာမျိုး ဆရာတော်ပြောလိုတာ မဟုတ်ဘူး။ ဒီအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာမှုမှာ ကိုင်တွယ်မှုတွေမှာ ပြည်သူတွေပေါ်မှာလည်း တာဝန်ရှိသလို အုပ်ချုပ်ရေးပေါ်မှာလည်း တာဝန်ရှိတယ်။ အဲဒီထဲမှာ ပါဝင်မှုမပါတဲ့ ပုဂ္ဂိုလ်တွေ မှန်သမျှဟာ ပူးပေါင်းတယ်ဆိုတဲ့ သဘောလည်းပြောလို့ရ တယ်။ ဘယ်ပုဂ္ဂိုလ်တွေရယ်လို့ မဟုတ်ဘူး။ အားလုံးပဲ။
    .
    မေး။ ။ ဆရာတော်ဘုရားလည်းရှင်းပြသွား သလိုဆိုရင် ၁၉၆၂ ရှေ့ပိုင်းမှာ တိုင်းပြည်ရဲ့ ဘာသာသာသနာမှာ စွန်းတာထင်းတာတွေ သိပ်ပြီးတော့ အဖြစ်နည်းခဲ့တာပေါ့။ ၁၉၆၂ နောက်ပိုင်း ပြန်ကြည့်လိုက်လို့ရှိရင် တပည့်တော်တို့ တိုင်းပြည်ဟာ အခြားသောနိုင်ငံတွေနဲ့နှိုင်းယှဉ်လို့ မရအောင် အများကြီးနိမ့်ကျသွားတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ် ဘုရား။ ဒီတော့ ပြည်သူအားလုံးက ဒီတိုင်းပြည်ကြီးကို ပြန်ပြီး ဖွံ့ဖြိုးစေချင်တယ်။  တိုးတက်စေချင်တယ်။ လွတ်လွတ်လပ်လပ်နဲ့ နေချင်ကြတဲ့အခါကျတော့ ရွေးကောက်ပွဲကြီးကိုမျှော်ကြတာ ပေါ့ ဘုရား။ မျှော်ကြတော့ ရွေးကောက်ပွဲကြီးမှာ လွတ်လွတ်လပ်လပ် မဲပေးချင်ကြတာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာ ဖြစ်နေတာက အထူးသဖြင့် မဘသဆရာတော် တော်တော်များများက မျိုးစောင့်ဥပဒေနဲ့ပတ်သက်ရင် လွှတ်တော်ထဲမှာ ဆွေးနွေးစဉ်ကာလတုန်းက NLD အမတ်တွေက ဒါကို ကန့်ကွက်ဆွေးနွေးတာတွေရှိ ခဲ့တယ်။ အဲဒီလိုဆန့်ကျင်ဆွေးနွေးခဲ့တဲ့အတွက် လာမဲ့ရွေးကောက်ပွဲမှာ NLD ကိုမဲမပေးပါနဲ့လို့ ပြောဆိုစည်းရုံးတာတွေ ရှိနေပါတယ်ဘုရား။ ဆိုတော့ ပြည်သူတွေလွတ်လပ်ပိုင်ခွင့်ကို ဒီလိုမျိုးဘယ်သူ့ကိုမဲပေးပါ၊ ဘယ်သူ့ကိုမပေးပါနဲ့လို့ ပြောဆိုတာဟာ သင့်တော်ပါရဲ့လား။
    .
    ( အခြားသံဃာတစ်ပါး – ဘုန်းကြီးတွေက အမိန့်ပေးလို့မှမရတာ။ အသိပညာပေးတာပဲရှိတယ်။)
    နမူနာတစ်ခု ဆရာတော်ပြောမယ်။ ဒေါ်အောင်ဆန်းစုကြည် ကယားပြည်ခရီးစဉ်မှာ တစ်သီးပုဂ္ဂလတွေကို မဲမပေးနဲ့လို့ သူက ပိတ်ပင်တယ်။ သူက ပိတ်ပင်ခွင့်ရှိသလား။ အဲဒီသဘောမျိုးပေါ့။ ကိုယ့်အမျိုးဘာသာ သာသနာကို အန္တရာယ်ဖြစ်လာမဲ့ မည်သူ့ကိုမဆို ထိုက်သင့်သလောက် ဒါကတော့ ရှောင်ရှားဖို့လိုအပ်မယ်။ မရှောင်ရှားရင် သူတို့ကို အမျိုးဘာသာ သာသနာဖျက်တဲ့ ပုဂ္ဂိုလ်လက်ထဲထည့် ပေးသလို ဖြစ်မှာပေါ့။ ဘယ်ပုဂ္ဂိုလ်ရယ်လို့ NLD ရယ်လို့ ပြောတာမဟုတ်ပါဘူး။ အမျိုးဘာသာ သာသနာဖျက်မဲ့ သူတွေကိုတော့ ရှောင်ရှားဖို့လိုအပ်တယ်။ သူကဖျက်မလား မဖျက်ဘူးလား။ မဖျက်ရင် ရှောင်ရှားစရာမလိုဘူး။ ဖျက်ရင်တော့ ရှောင်ရှားဖို့လိုအပ်မယ်ပေါ့။
    .
    မေး။ ။ နောက်ဆုံးပေါ့ ဘုရား။ ဆရာတော်ဘုရားရဲ့ တစ်ပါးချင်း အမြင်ဆိုရင်ပေါ့။ ဆရာတော်ဘုရားရဲ့ ၀ါတော်သက်တော် ကြီးရင့်မှုအရ မြင်တွေ့ရပြီ ထင်ပါတယ်။ တပ်မတော်အစိုးရဆို ဘယ်သူတွေလဲ။  ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆရာတော်တွေ့ခဲ့တယ်။ NLD ဆရာတော်တွေ့ခဲ့တယ်။ ဆရာတော် တစ်ပါးချင်းအနေနဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမဲ့ ပုဂ္ဂိုလ်တွေရဲ့ ပါတီလို့ယူဆပါသလား။
    .
    ဒါတွေက ဆရာတော်တို့က ပုဂ္ဂိုလ်တိုက်ရိုက်၊ ပါတီတိုက်ရိုက်ကို မပြောလိုပါဘူး။ အမျိုးဘာသာ သာသနာအတွက် အကျိုးပြုတဲ့ပုဂ္ဂိုလ်လား အကျိုးမပြုတဲ့ပုဂ္ဂိုလ်လား။ လက်ရှိလုပ်ငန်းပေါ်မှာပဲ အကျိုးပြုသလား အဲဒီ စံအပေါ်မှာပဲ မူတည်ပြီး အကျိုးမပြုဘူး အနှောင့်အယှက် ဖြစ်လာတယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ်က ထိုက်သင့်သလောက်တော့ ရှောင်ရှားဖို့ လိုအပ်မယ်။ အကျိုးပြုတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ လက်တွဲဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပေါ့။ ဆရာတော် တစ်နေ့ကပဲ ကယားပြည်နယ် မော်ချီးဒေသ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ကယ်ဆယ်ဖို့ လုပ်ရင်း အဲဒီထဲမှာ သဘောထားထုတ်ပြန်ချက် တစ်ခု ထည့်လိုက်ပါတယ်။ အဲဒီမှာတွေ့ပါလိမ့်မယ်။ တကယ်တော့ လက်ရှိ လူတစ်စုကောင်းစားရေး အာဏာရှင်စနစ်ကတော့ ပြောင်း လဲရေးလိုအပ်နေပြီ။ ဒါပေမဲ့ အမျိုးသားရေးလက္ခဏာ မပျောက်ပျက်ဖို့ အရေးကြီးတယ်။ အမျိုးသားရေးလက္ခဏာဆောင်တဲ့ အပြောင်းအလဲဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့သဘောမျိုး ဆရာတော်ပြော ပြီးပြီ။ ဆရာတော်တို့က အာဏာရှင်ကိုလည်း မလိုလားဘူး။ အပြောင်းအလဲလိုအပ်တယ်။ အပြောင်းအလဲ ဆိုတာက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာအတွက် အကျိုးပြုမဲ့ အပြောင်းအလဲ ဖြစ်စေချင်တယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာသာသနာအတွက် အန္တရာယ်ဖြစ်စေမဲ့ အပြောင်းအလဲမျိုးကိုတော့ ရှောင်နိုင်သလောက် ရှောင်ဖို့ လိုအပ်မယ်။ ဒါ ဆရာတော်တို့က မဲဆွယ်ပိုင်ခွင့် မရှိဘူး။ အသိပေးတာပဲ ရှိတယ်။
    .
    ဘယ်သူ့ကိုမဲပေးပါ ဘယ်သူ့ကိုမဲမပေးပါနဲ့ ဆိုတာတော့ မပြောပါဘူး။
    .
    မွန်းတည့်နေဂျာနယ် အတွဲ ၂ ၊ အမှတ်(၃၂) မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

  • ဖော်မြူလာဝမ်းကို အမေရိကန်အားကစားများနှင့် ချိတ်ဆက်သင့်ဟု ဟာမီလ်တန်ပြော

    ဖော်မြူလာဝမ်းကို အမေရိကန်အားကစားများနှင့် ချိတ်ဆက်သင့်ဟု ဟာမီလ်တန်ပြော

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    car

    – ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲအနေဖြင့် အမေရိကန်တွင် ပရိတ်သတ်အသစ်များ ရရှိရန်အတွက် အမေရိကန်၏ အဓိက အားကစားနည်းများဖြစ်သော ဘက်စကက်ဘော၊ ဘေ့စ်ဘော အားကစားနည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်သင့်သည်ဟု မာစီဒီးစ်အသင်း၏ နာမည်ကြီး ကားမောင်းသမား လူးဝစ်ဟာမီလ်တန်က ပြောကြားလိုက်သည်။

    ယူအက်စ် ဂရင်းပရီကားမောင်းပြိုင်ပွဲအတွက် ယမန်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ဖော်မြူလာဝမ်းအား အမေရိကန် လူငယ်များအကြား မည်ကဲ့သို့ ရေပန်းစားအောင် လုပ်နိုင်မည်နည်းဟု မေးမြန်းရာ ကမ္ဘာ့နံပါတ် ၁ ကားမောင်းသမား ဟာမီလ်တန်က ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    “NFL (ဘေ့စ်ဘော့ပြိုင်ပွဲ) ဒါမှမဟုတ် (အမေရိကန်က) အခြားသော အားကစားတွေနဲ့ ဖော်မြူလာဝမ်းဟာ ထိတွေ့ ချိတ်ဆက်လို့ ရနိုင်ပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲကို NBA က ကစားသမားတစ်ယောက် လာကြည့်တာကို ကျွန်တော် မမြင်ဖူးပါဘူး။ သူငယ်ချင်းတစ်ယာက် တစ်ကြိမ်တော့ လာကြည့်ဖူးပါတယ်။ ဒါပေမယ့် အဲဒီ NBA၊ အခြားသော အားကစားနည်းတွေကလူတွေ လာကြည့်တာမျိုးတော့ တကယ့်ကို မရှိပါဘူး” ဟု ဟာမီလ်တန်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dailymail

  • ၂၀၁၅ မှာ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူချိန် အမြင့်ဆုံးနှစ် ဖြစ်လာ

    ၂၀၁၅ မှာ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူချိန် အမြင့်ဆုံးနှစ် ဖြစ်လာ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    heat

    – ယခု ၂၀၁၅ ခုနှစ်မှာ ကြေးခေတ်မှစ၍ ယခုအချိန်အထိ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူပြင်းဆုံး နှစ်ဖြစ်သည်ဟု ရာသီဥတုဆိုင်ရာ ပညာရှင်များက ပြောကြားလိုက်သည်။

    ကမ္ဘာ့မြောက်ခြမ်းရှိ နွေရာသီလများဖြစ်သော ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတို့မှာ ၁၈၈၀ အပူချိန်မှတ်တမ်းများ စတင်ယူစဉ်ကတည်းက ကမ္ဘာတစ်ဝှမ်း အမြင့်ဆုံး ပျမ်းမျှအပူချိန်ရှိသည့် လများအဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးအဖွဲ့က ဆိုသည်။

    ပြီးခဲ့သည့် ၉ လအတွင်း ၇ လမှာ ယခင်ကထက် နှိုင်းယှဉ်လျှင် အပူချိန်ပိုမြင့်သည့်လများ ဖြစ်ခဲ့ပြီး စက်တင်ဘာလ၏ မြေပြင်နှင့် သမုဒ္ဒရာအပူချိန်များမှာ စံချိန်တင်အပူချိန်မျိုး ဖြစ်ခဲ့သည်။

    “မကြုံစဖူး ဒီအပူချိန်ဟာ ပစိဖိတ်အတွင်းမှာဖြစ်ပေါ်တဲ့ ပြင်းထန်တဲ့ အလယ်နီညိုကြောင့် ဖြစ်ပါတယ်။ အပူချိန်ဟာ ၅ လဆက်ဆိုက် စံချိန်တင်ခဲ့ပြီး နွေဦးရာသီရောက်ရင်လည်း အလ်နီညိုက ဒီအတိုင်းရှိမှာ ဖြစ်တာကြောင့် အပူချိန်မြင့်တာကလည်း ဆက်ဖြစ်နေမှာပါ” ဟု CNN ၏ ရာသီဥတုဆိုင်ရာ အကြီးတန်းပညာရှင် ဒေ့ဗ် ဟန်နန်က ပြောကြားခဲ့သည်။

    ရာသီဥတု လေ့လာရေး ပညာရှင်များကမူ ယခုနှစ် ကမ္ဘာကြီး၏ အပူချိန်မှာ ကြေးခေတ်နောက်ပိုင်း အမြင့်ဆုံး အပူချိန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ စံချိန်တင်အပူချိန်များကို မြောက်အာဖရိကမှ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှဒေသရှိ အစိတ်အပိုင်းအချို့၊ တောင်အမေရိက ဒေသတစ်ဝက်၊ မြောက်အမေရိက အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

    သို့သော်လည်း တောင်အမေရိက တောင်ဘက်ပိုင်း၊ ကနေဒါအနောက်ဖက်၊ အလာစကာနှင့် အာရှ အလယ်ပိုင်းတို့တွင် အပူချိန်မှာ ပျမ်းမျှထက် ပိုမိုလျော့နည်းနေသည်ကို တွေ့ခဲ့ရသည်။

    “ပြင်းထန်တဲ့ အလ်နီညိုဟာ ဆက်ပြီးရှိနေဖို့ ၉၈ ရာခိုင်နှုန်း သေချာနေပါတယ်။ ဒါ့ကြောင့် ဒီနှစ်ဟာ တစ်ကမ္ဘာလုံး အပူချိန် စံချိန်တင်မြင့်မားတဲ့နှစ်အဖြစ် အဆုံးသတ်လိမ့်မယ်လို့ ယေဘူယျအားဖြင့် ပြောလို့ရပါတယ်” ဟု ဟန်နန်က ပြောကြားခဲ့သည်။

    Ref: CNN

  • ဆွီဒင်စာသင်ကျောင်း ဓားခုတ်မှု လူမျိုးရေး လှုံ့ဆော်မှုကြောင့်ဖြစ်

    ဆွီဒင်စာသင်ကျောင်း ဓားခုတ်မှု လူမျိုးရေး လှုံ့ဆော်မှုကြောင့်ဖြစ်

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    swe

    – ယမန်နေ့က ဆွီဒင်နိုင်ငံအနောက်ပိုင်း ထရိုလ်ဟတ္တန်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့သော ဓားရှည်ဖြင့် ခုတ်မှုမှာ လာယာစွန်းရောက် လူမျိုးရေးလှုံ့ဆောင်မှုကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးဝတ်ထားသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ယမန်နေ့မနက်ပိုင်းတွင် ကျောင်းစာသင်ခန်း နှစ်ခန်းအတွင်းသို့ တံခါးခေါက် ၀င်ရောက်လာကာ ဆရာများနှင့် ကျောင်းသားများအား ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဆရာတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးမှာ ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးခဲ့သည်။

    အခြားကျာင်းသားများမှာလည်း ထိုဖြစ်အပျက်တွင် ဒဏ်ရာရရှိခဲ့သည်။ ၎င်းကျောင်းထဲသို့ ၀င်ရောက်လာချိန်တွင် ကျောင်းသားတစ်ချို့မှာ ၎င်းနှင့် အတူတွဲ၍ ဓာတ်ပုံရိုက်ခဲ့ကြသည်။

    ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကမူ တိုက်ခိုက်သူ၏ ပြုမူဆောင်ရွက်ပုံ၊ ၎င်း၏ တိုက်ခန်းတွင် တွေ့ရှိခဲ့သည့် အရာများ၊ ဓားဖြင့်ခုတ်ရန် လူရွေးချယ်မှု၊ အ၀တ်အစား ၀တ်စားဆင်ယင်ပုံတို့ကို ကြည့်ရှု၍ ၎င်းမှာ လက်ယာစွန်းရောက် လူမျိုးရေးလှုံ့ဆောင်မှုကြောင့် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြောင်း ပြောကြားခဲ့သည်။

    ဆွီဒင်မီဒီယာများကမူ ကျူးလွန်သူမှာ အန်တန် လန်ဒင် ပတ်တာဆန်ဆိုသူ ဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။ ဆွီဒင် သတင်းစာတစ်စောင်ဖြစ်သည့် Aftonbladet ကမူ ပတ်တာဆန်မှာ အခင်းဖြစ်ပွားခဲ့သည့် အဆိုပါ ထရိုလ်ဟတ္တန်မြို့တွင်ပင် နေထိုင်သူဖြစ်ကြောင်း၊ ယခု ဓားဖြင့် ၀င်ရောက်ခုတ်သည့် ကျောင်းမှာ ၎င်း တက်ဖူးခဲ့သည့် ကျောင်းများထဲမှ တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    ၎င်း၏ အထက်တန်းကျောင်းနေဖက်တစ်ဦးကမူ ပတ်တာဆန်မှာ အမြဲတမ်း အနက်ရောင်ဝတ်ရုံရှည်ကို ၀တ်လေ့ရှိသည်ဟု ပြောကြားခဲ့သည်။ ပတ်တာဆန် ကျောင်းထွက်ပြီးနောက်တွင် ၎င်း၏ ဆံပင်ကို ညှပ်ပစ်လိုက်ပြီး ဟစ်တလာနှင့် နာဇီဝါဒတို့အား ၀ါဒဖြန့်သည့် ဆိုရှယ်မီဒီယာပေ့ခ်ျများကို Like လုပ်ကာ၊ ဆွီဒင်နိုင်ငံက ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်များ လက်ခံရေးအစီအစဉ်ကို ရပ်တန့်ရန် Facebook မှတစ်ဆင့် ပြုလုပ်သည့် တောင်းဆိုချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ဖူးကြာင်း Aftonbladet သတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။

    ဆွီဒင်နိုင်ငံတွင် ထိုကဲ့သို့ကျူးလွန်မှုမှာ အလွန်အင်မတန်ဖြစ်ခဲပြီး ယခုအဖြစ်အပျက်က တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့သည်။

    Ref: Foxnews, CNN

  • ကာကွယ်ရေးအသုံးစားရိတ် ဥပဒေတစ်ခုကို အိုဘားမား ဗီတိုသုံး၍ ပယ်ချ

    ကာကွယ်ရေးအသုံးစားရိတ် ဥပဒေတစ်ခုကို အိုဘားမား ဗီတိုသုံး၍ ပယ်ချ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    obama

    – အမေရိကန် အထက်လွှတ်တော်မှ ပေးပို့သည့် ကန်ဒေါ်လာ ၆၁၂ ဘီလီယံ တန်ဖိုးရှိ ကာကွယ်ရေးအသုံးစားရိတ် ဥပဒေမူကြမ်းကို သမ္မတအိုဘားမားက ယမန်နေ့တွင် ဗီတိုသုံး၍ ပယ်ချလိုက်ပြီး ထိုဥပဒေအား အထက်လွှတ်တော်က လက်ခံမှုမှာ စိတ်ပျက်စရာဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ထိုမူကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုရန် အင်္ဂါနေ့က အိုဘားမားထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းက ထိုဥပဒေမှာ ထွင်လုံးသာဖြစ်ကာ မလိုအပ်သော အစီအစဉ်များအတွက် ငွေကြေးဖြုန်းတီးခြင်း၊ ဂွာတာနာမို စစ်အကျဉ်းစခန်း ပိတ်ပစ်ရန်အတွက် အတားအဆီးဖြစ်နေခြင်းတို့ကြောင့် ပယ်ချခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုဘက်ဂျက်များက နိုင်ငံ၏ စစ်တပ်အား အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အဟန့်အတားဖြစ်နေသည်ဟုလည်း ၎င်းထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်မှာ ကမ္ဘာပေါ်တွင် စစ်တပ်အတွက် ဘက်ဂျက်အများဆုံး သုံးစွဲသည့် နိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၆၁၀ ဘီလီယံ သုံးစွဲခဲ့သည်။ တရုတ်နိုင်ငံကမူ ၂၁၄ ဘီလီယံဖြင့် ဒုတိယလိုက်ပြီး၊ ရုရှားမှာ ၈၄.၅ ဘီလီယံဖြင့် တတိယနေရာတွင် ရှိနေသည်။

    Ref: PressTV