News @ M-Media

Blog

  • သေဆုံးသွားသည့် IS အကြမ်းဖက်အဖွဲ့ ဒုတိယမြောက်ခေါင်းဆောင်က ဘယ်လိုလူစားလဲ?

    သေဆုံးသွားသည့် IS အကြမ်းဖက်အဖွဲ့ ဒုတိယမြောက်ခေါင်းဆောင်က ဘယ်လိုလူစားလဲ?

    ဖေဖောဝါရီ ၄၊ ၂၀၂၂
    M-Media

    -IS အ​ကြမ်းဖက်အဖွဲ့ကို ၂ နှစ်ကျော် တိတ်တဆိတ်ဦးဆောင်ခဲ့တဲ့ အဘူ အီဘရာဟင် အလ်-ဟာရှီမီ အလ်-ကိုရိုက်ရှီတစ်ယောက် ဗုဒ္ဓဟူးနေ့က ဆီးရီးယားမြောက်ပိုင်းမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

    အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်းမှာ အသက် ၄၅ နှစ်အရွယ် ကိုရိုက်ရှီဟာ အသေခံဗုံးခွဲပြီး အဆုံးစီရင်သွားတာ ဖြစ်ပါတယ်။ အဲဒီဗုံးခွဲမှုအတွင်း သူရဲ့ဇနီးနဲ့ သားသမီးတွေပါ သေဆုံးခဲ့ပါတယ်။

    ၂၀၀၃ ခုနှစ် အမေရိကန်က အီရတ်ကို ကျူးကျော်ဝင်ရောက်ကာ အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချခဲ့ပြီး သိပ်မကြာခင်မှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့ Islamic State of Iraq မှာ ကိုရိုက်ရှီဟာ အရေးပါတဲ့ ခေါင်းဆောင်ပါ။ အလ်ကိုင်းဒါးအဖွဲ့ခွဲ Islamic State of Iraq ဟာ IS အကြမ်းဖက်အဖွဲ့ရဲ့ ရှေ့ပြေးလည်း ဖြစ်ပါတယ်။

    ဆီးရီးယားနဲ့ အီရတ်တို့က နေရာအတော်တော်များများကို IS အဖွဲ့က ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့ပြီးတဲ့နောက် ခေါင်းဆောင် အဘူ ဘာကာ အလ် အဂ္ဂဒါဒီက ‘အစ္စလာမ့်ခလီဖိတ်နိုင်ငံ’ အဖြစ် ကြေငြာခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဆီးရီးယားက အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်းမှာ ဘဂ္ဂဒါဒီတစ်ယောက် အသေခံဗုံးခွဲပြီး အဆုံးစီရင်သွားပါတယ်။ အမေရိကန်၊ အီရတ်နဲ့ ဆီးရီးယားတပ်ဖွဲ့တွေ၊ အခြားလက်နက်ကိုင်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် IS အဖွဲ့ဟာ ၂၀၁၆ ခုနှစ်လောက်ကတည်းက နယ်မြေတွေ တစ်စတစ်စ ဆုံးရှုံးလာခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ ချောင်းမြောင်းတိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့ အဆင့်လောက်သာ ရှိပါတော့တယ်။

    ကြမ်းတမ်းခက်ထန်သူ

    ၂၀၁၉ ခုနှစ် ဘဂ္ဂဒါဒီ သေဆုံးပြီးနောက်ပိုင်း ကိုရိုက်ရှီက IS အဖွဲ့ကို ဦးဆောင်ပါတယ်။ လျှို့ဝှက်နေတတ်တာကြောင့် အမေရိကန်နဲ့ အီရတ် ထောက်လှမ်းရေးက IS ခေါင်းဆောင်ဖြစ်မလာခင်အထိ သူ့ကို သိပ်ပြီး သတိမထားမိပါဘူး။

    IS အဖွဲ့ကိုလည်း သူက ၂ နှစ်ကျော်ကြာ တိတ်တဆိတ် ဦးဆောင်ခဲ့ပါတယ်။

    အီရတ်ဒုတိယမြို့တော် မိုဆူးလ်မှာ ၁၉၇၆ ခုနှစ်က မွေးဖွားခဲ့တဲ့ ကိုရိုက်ရှီဟာ လူနည်းစု တက်ခ်မန်မျိုးနွယ်ထဲကဖြစ်ပြီး တရားဟောဆရာတစ်ယောက်ရဲ့ သားပါ။

    အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်ရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖူးပြီး ကျူးကျော်သူ အမေရိကန်ကို လက်နက်ကိုင်ပြန်ချတဲ့ ဆက်ဒမ်ဘက်​တော်သားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

    ၂၀၀၃-၂၀၀၄ မှာ လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်ခဲ့တဲ့ ကိုရိုက်ရှီကို အမေရိကန်တပ်ဖွဲ့က ၂၀၀၈ ခုနှစ်မှာ ဖမ်းဆီးကာ ‘ကမ့်ဘက်ကာ’ လို့ခေါ်တဲ့ အီရတ်က အမေရိကန်စစ်ဖက် ထိန်းသိမ်းရေးစခန်းမှာ အကျဉ်းချထားခဲ့ပါတယ်။ အဲဒီထောင်ထဲမှာပဲ ကိုရိုက်ရှီဟာ အလ်-ဘဂ္ဂဒါဒီအပါအဝင် အလ်ကိုင်းဒါးနဲ့ IS အဖွဲ့က ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ရင်းနှီးခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ် ထောင်ကလွတ်တဲ့အချိန် IS အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ပြီး အရေးပါတဲ့နေရာတွေကို
    အလျင်အမြန် ရခဲ့ကာ ၂၀၁၄ ခုနှစ် IS ရဲ့ မိုဆူးလ်မြို့ သိမ်းပိုက်မှုမှာ ဘဂ္ဂဒါဒီကို အဓိက ကူညီပေးခဲ့ပါတယ်။

    အဖွဲ့အတွင်း ကြမ်းကြုတ်သူလို့ နာမည်ထွက်ပြီး ဘဂ္ဂဒါဒီရဲ့ ခေါင်းဆောင်မှုအပေါ် မနှစ်မြို့သူတွေကို ကိုရိုက်ရှီက ပြင်းပြင်းထန်ထန် နှိပ်ကွပ် သုတ်သင်ခဲ့ပါတယ်။

    အီရတ်နိုင်ငံမြောက်ပိုင်းမှာ ၂၀၁၄ ခုနှစ်က လူနည်းစု ယာဇီဒီတွေအပေါ် IS အကြမ်းဖက်အဖွဲ့က လူမျိုးတုန်း သတ်ဖြတ်မှုမှာ ကိုရိုက်ရှီက အဓိကပါဝင်ခဲ့ပြီး အာဖရိကကနေ အာဖဂန်နစ္စတန်အထိ IS အဖွဲ့ခွဲတွေကိုလည်း သူကပဲ ကွပ်ကဲပါတယ်။

    ၂၀၁၇ ခုနှစ် အီရတ်မှာ IS အဖွဲ့ အမြတ်ပြတ်သွားပြီးတဲ့နောက် ကိုရိုက်ရှီတစ်ယောက် ဆီးရီးယားကို ထွက်ပြေးပြီး အဲဒီနောက်ပိုင်း ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ကိုယ်ယောင်ဖျောက်နေထိုင်ကာ IS အကြမ်းဖက်အဖွဲ့အတွက် လူပြန်စုဖို့ ကြိုးစားခဲ့ပါတယ်။

    ကိုရိုက်ရှီသေဆုံးသွားမှုဟာ IS အဖွဲ့ကို နှိမ်နှင်းမှုမှာ အလွန်အရေးပါတဲ့ အောင်မြင်မှုတစ်ခု ဖြစ်​ပေမယ့် ဒီအဖွဲ့ဟာ ရေရှည်မှာ ဆက်လက်ရှိနေအုံးမယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    Ref: Aljazeera

  • စစ်ကောင်စီကိုစားလှယ်ကို လက်မခံရန် လူ့အခွင့်အရေးအဖွဲ့များက ICJ ကို စာပို့တောင်းဆို

    စစ်ကောင်စီကိုစားလှယ်ကို လက်မခံရန် လူ့အခွင့်အရေးအဖွဲ့များက ICJ ကို စာပို့တောင်းဆို

    ဖေဖော်ဝါရီ ၄၊ ၂၀၂၂
    M-Media

    -မြန်မာစ်တပ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကိစ္စအတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့ ကြားနာမှုမှာ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ဖြေရှင်းခွင့် မပေးသင့်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) ကို ကြာသာပတေးနေ့က စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။

    Legal Action Worldwide(LAW)၊ Fortify Rights နဲ့ Myanmar Accountability Project တို့က စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ကိုယ်စား ချေပခွင့် ပေးလိုက်တာဟာ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုကို အသိအမှတ်ပြုလိုက်သလို ဖြစ်သွားနိုင်တဲ့အန္တရာယ် ရှိတယ်ဆိုပြီး ICJ ဥက္ကဌကို လိပ်မူပေးပို့တဲ့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

    အာဏာသိမ်းစစ်ကောင်စီကို ဒီလို အသိအမှတ်ပြုတဲ့ ပုံစံမျိုးဟာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မူ၀ါဒနဲ့ ဆန့်ကျင်နေကြောင်း၊ ဖြုတ်ချခံ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG အစိုးရကိုသာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ပေးသင့်ကြောင်းလည်း စာထဲမှာ ထောက်ပြထားပါတယ်။

    LAW အဖွဲ့က စစ်တမ်းကောက်ယူခဲ့တဲ့ ရိုဟင်ဂျာ ၈၀၀ ကျော်ကလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပေးပို့တဲ့စာကို အပြည့်အ၀ ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။

    “၂၀၁၉ ခုနှစ် ဒီဇင်ဘာက ကြားနာမှုမှာ မြန်မာဖက်ကပြောခဲ့တဲ့ မုသားတွေအတွက် ကျွန်မ တော်တော်လေး ဒေါသထွက်ခဲ့ရပါတယ်။ ICJ တရားသူကြီးတွေက ဒီမုသားတွေကို လက်မခံခဲ့ပါဘူး။ အခု စစ်တပ်က အာဏာသိမ်းမှု တရားဝင်အောင်လို့ ICJ ကို အသုံးချနေပါပြီ။ တရားရုံးကသာ ဒါကို လက်ခံလိုက်ရင် ကျွန်မတို့ ဘယ်တော့မှ မြန်မာနိုင်ငံ မပြန်နိုင်တော့မှာကို စိုးရိမ်မိပါတယ်” လို့ ၂၀၁၉ ကြားနာမှုကို တက်ရောက်နား​ထောင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီး ဟာဆီနာ ဘေဂွန်က ပြောပါတယ်။

    ပထမအကြိမ် ကြားနာမှုအပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ ICJ က မြန်မာနိုင်ငံက လိုက်နာရမယ့် ကြားဖြတ် အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှု အထောက်အထားတွေ မပျောက်ပျက်အောင် ထိန်းသိမ်းထားဖို့၊ ရိုဟင်ဂျာတွေရဲ့ အခြေအနေ တိုးတက်အောင် ဆောင်ရွက်နေကြောင်း ၆ လတစ်ကြိမ် သတင်းပို့ဖို့ စတာတွေ ပါဝင်ပါတယ်။

    Ref: Scoop NZ

  • အမေရိကန်၏ စီးနင်းမှုတစ်ခုအတွင်း IS အကြမ်းဖက်ခေါင်းဆောင် သေဆုံး

    အမေရိကန်၏ စီးနင်းမှုတစ်ခုအတွင်း IS အကြမ်းဖက်ခေါင်းဆောင် သေဆုံး

    ဖေဖော်ဝါရီ ၄၊ ၂၀၂၂
    M-Media

    -ဆီးရီးယားက အမေရိကန်စစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုတွင်း IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ အီဘရာဟင် အလ် ဟာရှီမီ အလ် ကိုရိုက်ရှီဟာ အသေခံဗုံးခွဲပြီး သေဆုံးသွားတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ကြာသာပတေးမှာ ထုတ်ပြန်ပါတယ်။

    ဆီးရီးယား-တူရကီနယ်စပ် အတ္တမီမြို့က လူနေ ၃ ထပ်တိုက်ခန်းတစ်ခုမှာ ပုန်းအောင်းနေတဲ့ ကိုရိုက်ရှီကို ဖမ်းဆီးနိုင်ဖို့အတွက် လပေါင်းများစွာ ပြင်ဆင်လေ့ကျင့်ခဲ့ရတယ်လို့လည်း ​ဘိုင်ဒန်က ဆိုပါတယ်။

    ၂၀၁၉ ခုနှစ် အမေရိကန်ကွန်မန်ဒိုတွေရဲ့ စစ်ဆင်ရေးအတွင်း IS ခေါင်းဆောင် အဘူ ဘာကာ အလ် ဘဂ္ဂဒါဒီ သေဆုံးခဲ့ပြီးနောက်ပိုင်း ကိုရိုက်ရှီက IS ခေါင်းဆောင်နေရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

    ကိုရိုက်ရှီရဲ့ အသေခံဗုံးခွဲမှုကြောင့် သူရဲ့ဇနီးနဲ့ ကလေးတွေပါ သေဆုံးခဲ့ပါတယ်။ စီးနင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေဖက်ကတော့ ထိခိုက်သေဆုံးမှု မရှိပါဘူး။

    စစ်ဆင်ရေးအစအဆုံးကို သမ္မတဘိုင်ဒန်က အိမ်ဖြူတော်ကနေ တိုက်ရိုက်စောင့်ကြည့်ညွှန်ကြားခဲ့ပါတယ်။

    “ကျွန်တော်တို့တပ်ဖွဲ့တွေရဲ့ သတ္တိဗျတ္တိကြောင့် စက်ဆုပ်ဖွယ်အကြမ်းဖက်ခေါင်းဆောင် ကိစ္စချောသွားပါပြီ” လို့ စစ်ဆင်ရေးအပြီး မိန့်ခွန်းမှာ ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး အာဆီယံအစည်းအ၀ေး တက်ခွင့်မရ

    စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး အာဆီယံအစည်းအ၀ေး တက်ခွင့်မရ

    ဖေဖော်၀ါရီ ၃၊ ၂၀၂၂
    M-Media

    -အခုလ အလယ်ပိုင်းမှာလုပ်မယ့် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးပွဲမှာ မြန်မာအာဏာသိမ်း စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို တက်ရောက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံက ဒီကနေ့ ထုတ်ပြန်ပါတယ်။

    ကမ္ဘောဒီးယားဟာ ၂၀၂၂ ခုနှစ် အာဆီယံဥက္ကအဖြစ် တာ၀န်ယူထားတာပါ။ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်း၀ေးကို အရင်က ဇန်န၀ါရီနှောင်းပိုင်းမှာ ကျင်းပဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။

    ကမ္ဘောဒီယား၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ ဇန်န၀ါရီ အစောပိုင်း မြန်မာနိုင်ငံခရီးစဥ်နဲ့ အဲဒီခရီးစဥ်မှာ ဦး၀ဏ္ဏမောင်လွင်ကို အစည်းအ၀ေးတက်ဖို့ ဖိတ်ကြားမှုကို ကန့်ကွက်တဲ့အနေနဲ့ အဖွဲ့၀င်နိုင်ငံတွေက အစည်းအ၀ေးတက်ဖို့ ငြင်းခဲ့ပြီး အစည်းအ၀ေးကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။

    ဖေဖော်၀ါရီ ၁၆၊ ၁၇ မှာ ကျင်းပဖို့ ပြန်လည်စီစဥ်လိုက်တဲ့ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာတော့ ကမ္ဘောဒီယားက စစ်ကောင်စီနိုင်ငံခြားရေး၀န်းကြီးကို တက်ခွင့်မပေးတော့ပါဘူး။

    ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဖက်က အကောင်အထည်ဖော်မှု မရှိသေးတဲ့အတွက် ဖိတ်ကြားမှုမလုပ်တာလို့ ကမ္ဘောဒီယား နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချမ်ဆွန်နရီက ပြောပါတယ်။

    “အာဆီယံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိတဲ့အတွက် လာမယ့် နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးမှာ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးကို ဖိတ်ကြားဖို့ အဖွဲ့၀င်နိုင်ငံတွေကြားထဲမှာ သဘောတူညီမှု မရခဲ့ပါဘူး”

    စစ်ကောင်စီက နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားသွားမယ်လို့လည်း ဆွန်နရီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အာဆီယံ သဘောတူညီချက် ၅ ချက်မှာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ရေး၊ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ကာ နိုင်ငံရေး နယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပေးရေး စတာတွေ ပါ၀င်ပါတယ်။

    စစ်ကောင်စီဖက်က ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ခြင်း မရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်က အာဆီယံ ထိပ်သီးအစည်းအ၀ေး အနည်းဆုံး ၃ ခုမှာ အာဆီယံက မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားခြင်း မရှိပါဘူး။

    Ref : Reuters

  • ကစားကွင်းများတွင် လက်နက်မကိုင်ရန် တာလီဘန်က အဖွဲ့ဝင်များကို တားမြစ်

    ကစားကွင်းများတွင် လက်နက်မကိုင်ရန် တာလီဘန်က အဖွဲ့ဝင်များကို တားမြစ်

    ဖေဖော်ဝါရီ ၃၊ ၂၀၂၂
    M-Media

    -ကလေးကစားကွင်းတွေ အပန်းဖြေနေရာတွေကို ဝင်ရောက်တဲ့အခါ လက်နက်ကိုင်ဆောင်ခြင်းမပြုဖို့အတွက် တာလီဘန်က အဖွဲ့ဝင်တွေကို အမိန့်ထုတ်တားမြစ်လိုက်ပါတယ်။

    ဒါဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သူတို့ပုံရိပ်ကို ကောင်းမွန်အောင် ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဩဂုတ်လက အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးတဲ့အချိန် တာလီဘန်အဖွဲ့ဝင်တွေဟာ မြို့တော်ကဘူးလ်က ကစားကွင်းတွေ၊ အပန်းဖြေနေရာတွေမှာ ဝင်ရောက်​ဆော့ကစားခဲ့ကြပြီး လက်နက်တွေပါဝင်တာကြောင့် ပြည်သူတွေက ကြောက်ရွံ့တုန်လှုပ်ခဲ့ကြပါတယ်။

    တာလီလန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်က သူတို့အဖွဲ့ဝင်တွေ လက်နက်ကိုင်ပြီး၊ ဒါမှမဟုတ် ယူနီဖောင်းဝတ်၊ စစ်ဖက်ယာဉ်အသုံးပြုကာ ကစားကွင်းတွေဝင်ရောက်မှုကို တားမြစ်လိုက်တယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဖွဲ့ဝင်တွေဟာ ကစားကွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်လို့လည်း ဆိုပါတယ်။

    တာလီဘန်အဖွဲ့ဝင်တွေ အဓိက သဘောကျတဲ့ ကစားကွင်းတွေထဲကတစ်ခုက မြို့တော်ကဘူးလ် အနောက်ပိုင်းမှာရှိတဲ့ Qargha ကစားကွင်းဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနက တွေ့ဆုံခဲ့တဲ့ တာလီဘန်အဖွဲ့ဝင် တော်တော်များများက သူတို့ဟာ ဩဂုတ်လ ကဘူးလ်မြို့ကို မသိမ်းပိုက်ခင်အထိ မြို့တော်ကို မရောက်ဖူးကြဘူးလို့ ဖြေကြားခဲ့ကြပါတယ်။

    Ref: Reuters