News @ M-Media

Blog

  • ယူကရိန်းကိစ္စ ရုရှားနှင့် အမေရိကန်တို့ ပြေလည်မှုမရသေး

    ယူကရိန်းကိစ္စ ရုရှားနှင့် အမေရိကန်တို့ ပြေလည်မှုမရသေး

    ဇန်နဝါရီ ၂၀၁၉၊ ၂၀၂၂
    M-Media

    -ယူကရိန်းကိစ္စ တင်းမာမှုမှာ အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ဟာ ရုရှားရဲ့ လုံခြုံရေးစိုးရိမ်မှုကို ဖြေရှင်းမှုမရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ပြောကြားလိုက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဥရောပအရှေ့ခြမ်းမှာ တပ်တွေ ထပ်တိုးချမယ်လို့ ကြေငြာလိုက်ပါတယ်။

    ၂၀၁၄ ခု ယူကရိန်းပြည်တွင်း မငြိမ်သက်မှုမှာ ခရိုင်းမီးယားကျွန်းဆွယ်ကို ဝင်သိမ်းခဲ့ပြီး ယူကရိန်းအရှေ့ခြမ်းက ခွဲထွက်ရေးလိုလားတဲ့အဖွဲ့တွေကို လက်နက်ထောက်ပံ့နေတဲ့ ရုရှားဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ယူကရိန်းနဲ့ ကပ်နေတဲ့ နယ်စပ်တစ်၀ိုက် တပ်ဖွဲ့ဝင် သိန်းချီ ချထားခဲ့ပြီး ယူကရိန်းကို တိုက်ခိုက်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

    တင်းမာမှုတွေလျှော့ချရေး ကြိုးစားနေကြပေမယ့် အမေရိကန်နဲ့ နေတိုးအဖွဲ့ဟာ ရုရှားရဲ့ အဓိက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကို ဖြေရှင်းမပေးသေးဘူးလို့ မနေ့က ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်နဲ့ ဖုန်းပြောဆိုမှုမှာ ပူတင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဒီအတွက် အခုတစ်ပတ်အတွင်း အဖြေတိတိကျကျသိရမှ ဘာဆက်လုပ်မလဲဆိုတာ ပြောမယ်လို့လည်း ပူတင်က ဆိုပါတယ်။ ရုရှားသမ္မတဟာ တင်းမာမှုစဖြစ်ကတည်းက နှုတ်ဆိတ်နေခဲ့တာဖြစ်ပြီး မနေ့ကမှ ပထမဆုံး မှတ်ချက်ပေးတာ ဖြစ်ပါတယ်။

    ယူကရိန်းကို နေတို့အဖွဲ့ထဲ ဝင်ခွင့်မပေးဖို့နဲ့ ရုရှားနဲ့ ကပ်နေတဲ့ ဒေသတွေမှာ နေတိုးအဖွဲ့က ထိုးစစ်ဆင်နိုင်မယ့် လက်နက်တွေ မချထားဖို့ ရုရှားက လိုချင်နေတာ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားက ယူကရိန်းကို ကျူးကျော်မှုဟာ မကြာခင် ဖြစ်လာနိုင်တယ်လို့ ကြာသာပတေးနေ့က ပြောကြားခဲ့ပြီး ဥရောပအရှေ့ခြမ်းမှာ နေတိုးအဖွဲ့ရဲ့ တည်ရှိမှုကို ပိုမိုအားကောင်းစေဖို့အတွက် တပ်ဖွဲ့ဝင်အနည်းငယ် စေလွှတ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာ့အရေး နိုင်ငံတကာက ထိထိရောက်ရောက် မတုန့်ပြန်မှုကို ကုလ အကြီးအကဲ ဝေဖန်

    မြန်မာ့အရေး နိုင်ငံတကာက ထိထိရောက်ရောက် မတုန့်ပြန်မှုကို ကုလ အကြီးအကဲ ဝေဖန်

    ဇန်နဝါရီ ၂၉၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိထိရောက်ရောက် တုန့်ပြန်မှုမရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မီရှဲလ် ဘာချလက်က သောကြာနေ့မှာ ဝေဖန်လိုက်ပါတယ်။

    ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းတာ ၁ နှစ်ရှိပါပြီ။ ဘာချလက်က မြန်မာပြည်သူတွေဟာ လွတ်လပ်မှုဆုံးရှုံးတာ၊ အသက်ဆုံးရှုံးတာတွေလို ကြီးကြီးမားမား ပေးဆပ်ခဲ့ရတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲအကြမ်းဖက်မှုတွေကို တစ်ကမ္ဘာလုံးနီးပါးက ရှုတ်ချခဲ့ပေမယ့် တုန့်ပြန်မှုတွေဟာ ထိရောက်မှုမရှိဘဲ၊ ပြဿနာ မြန်မြန်ဆန်ဆန် ပြေလည်သွားအောင် လုပ်ဆောင်လိုတဲ့ စိတ်ဆန္ဒမျိုး မရှိဘူးလို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး၊ လူ့အခွင့်အရေး စနစ်တကျ ချိုးဖောက်မှု၊ ညှင်းပမ်းနှိပ်စက်မှု ကျူးလွန်သူတွေကို အရေးယူနိုင်ရေး နည်းလမ်းသစ်နဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမယ့် အချိန်ပါ”

    မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဝင်ခွင့်ပေးရေး အာဏာသိမ်းစစ်ကောင်စီကို ဖျောင်းဖြဖို့ ကုလ လုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့တို့ကို ဘာချလက်က တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters

  • မြန်မာအာဏာသိမ်းစစ်ကောင်စီကိစ္စ ကမ္ဘောဒီးယားဝန်ကြီးချုပ် လေသံပြောင်း

    မြန်မာအာဏာသိမ်းစစ်ကောင်စီကိစ္စ ကမ္ဘောဒီးယားဝန်ကြီးချုပ် လေသံပြောင်း

    ဇန်နဝါရီ ၂၇၊ ၂၀၂၂
    M-Media

    -ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို တိတိကျကျ၊ ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းလိုက်ပါတယ်။

    ဟွန်ဆန်နဲ့ စစ်ခေါင်းဆောင်တို့ဟာ မနေ့က အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သလို၊ အာဆီယံ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့လည်း စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၂၁ ခုနှစ် ဧပြီလ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်သဘောတူခဲ့တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ အာဆီယံအထူးကိုယ်စားလှယ်က မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူအားလုံးကို တွေ့ဆုံကာ ကြားဝင်ညှိနှိုင်းခွင့်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။

    စစ်ကောင်စီဟာ သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်း မရှိပါဘူး။

    ဇန်နဝါရီလ အစောပိုင်း ဟွန်ဆန် မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လူသိရှင်ကြား ကန့်ကွက်မှုတွေ ပြုလုပ်ပြီးတဲ့နောက် ဟွန်ဆန်ဟာ အခုလို လေသံပြောင်းသွားတာ ဖြစ်ပါတယ်။

    စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့ ဟွန်ဆန်က ဖိတ်ကြားခဲ့တဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေက မတက်ရောက်နိုင်ကြောင်း အကြောင်းကြားခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်ကလုပ်ဖို့ရှိတဲ့ ဒီအစည်းအဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရပါတယ်။

    မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားခေါင်းဆောင်တွေက မြန်မာပြဿနာကို ဖြေရှင်းရာမှာ အာဆီယံ သဘောတူညီချက် ၅ ချက်ကိုပဲ အခြေခံရမယ်ဆိုတာနဲ့ ဒါကို အကောင်အထည်မဖော်ရင် မြန်မာစစ်ခေါင်းဆောင်ကို ဘယ်အာဆီယံအစည်းအဝေးမှ တက်ခွင့်မပေးဘူးဆိုတဲ့ မူဝါဒကိုသာ ဆက်လက်ကျင့်သုံးမယ်လို့ ပြီးခဲ့တဲ့တစ်ပတ် ဟွန်ဆန်နဲ့ သီးခြားဆွေးနွေးမှုမှာ အလေးထား ပြောကြားခဲ့ကြပါတယ်။

    မနေ့က မလေးရှားဝန်ကြီးချုပ်နဲ့ ဆွေးနွေးမှုအပြီးမှာ ဟွန်ဆန်က အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်ရင် အခုနှစ် ထိပ်သီးအစည်းအဝေး တက်ခွင့်ပေးမယ်ဆိုပြီး မြန်မာစစ်ခေါင်းဆောင်ကို ပြောထားကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: The Diplomat

  • မြန်မာစစ်ခေါင်းဆောင်အား ထိပ်သီးအစည်းအ၀ေးမဖိတ်ရေးမူကို မလေးရှား ဆက်ကျင့်သုံးမည်

    မြန်မာစစ်ခေါင်းဆောင်အား ထိပ်သီးအစည်းအ၀ေးမဖိတ်ရေးမူကို မလေးရှား ဆက်ကျင့်သုံးမည်

    ဇန်န၀ါရီ ၂၅၊ ၂၀၂၂
    M-Media

    -ပြီးခဲ့နှစ်က ရရှိထားတဲ့ အာဆီယံ သဘောတူညီချက်ကို အကောင်အထည်မဖော်ဘဲ မြန်မာစစ်ခေါင်းဆောင်တွေ အာဆီယံ အစည်းအ၀ေးတက်တာကို လက်ခံမှာ မဟုတ်ဘူးလို့ မလေးရှား၀န်ကြီးချုပ် အစ္စမာအီလ် ဆာဘရီ ယာကွဘ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    မလေးရှား၀န်ကြီးချုပ်ဟာ အခုနှစ် အာဆီယံဥက္ကဌတာ၀န် ထမ်းဆောင်မယ့် ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်နဲ့ ဒီကနေ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ပါတယ်။

    မလေးရှား နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အာဆီယံ သဘောတူညီချက် ၅ ချက်ကို မြန်မာအာဏာသိမ်းစစ်ကောင်စီက အကောင်အထည်မဖော်မချင်း စစ်ခေါင်းဆောင်ကို ထပ်သီးအစည်းအ၀ေး မဖိတ်ဖို့ဆိုတဲ့ မူအတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့ ၀န်ကြီးချုပ်က ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြီးခဲ့တဲ့နှစ် ဧပြီလမှာ တက်ရောက်သဘောတူခဲ့တဲ့ အာဆီယံသဘောတူညီချက်မှာ အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ကာ နိုင်ငံရေနယ်ပယ်က သက်ဆိုင်သူတွေအကြား ကြား၀င်ညှိနှိုင်းပေးရေး စတာတွေ ပါ၀င်ပါတယ်။

    သဘောတူညီချက်ပါ အချက်အလက်တွေကို စစ်ကောင်စီဖက်က အကောင်အထည်မဖော်တဲ့အတွက် ပြီးခဲ့တဲ့နှစ် အာဆီယံထိပ်သီးအစည်းအ၀ေး အနည်းဆုံး ၃ ခုမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ခွင့်မပေးပါဘူး။

    အခုလအစောပိုင်း ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံ ခရီးစဥ်နဲ့ အဲဒီခရီးစဥ်အတွင်း စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီးကို အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေး ဖိတ်ကြားခဲ့မှုနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့၀င်နိုင်ငံတွေက လူသိရှင်ကြား ၀ေဖန်ခဲ့ကြပါတယ်။

    ဟွန်ဆန်ရဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် သဘောထားကို လက်မခံနိုင်တာကြောင့် အာဆီယံအဖွဲ့၀င်နိုင်ငံတွေဟာ ဇန်န၀ါရီလကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးကို အကြောင်းအမျိုးမျိုးပြကာ မတက်ဘူးလို့ ပြောခဲ့ပြီး အစည်းအ၀ေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရပါတယ်။

    ကမ္ဘောဒီယား၀န်ကြီးချုပ် ဟွန်ဆန်က အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်ရင် ထိပ်သီးအစည်းအ၀ေး တက်ခွင့်ပေးမယ်ဆိုတဲ့ ခြွင်းချက်နဲ့ စစ်ကောင်စီကို ဖိတ်ကြားထားကြောင်း ဒီကနေ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    ဟွန်ဆန်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း မနက်ဖြန်နဲ့ ဖုန်းဆက်ဆွေးနွေးဖို့ ရှိနေပါတယ်။

    Ref: Nikkei Asia

  • ဥရောပအရှေ့ခြမ်းတွင် နေတိုးနှင့် အမေရိကန်တို့ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လာ

    ဥရောပအရှေ့ခြမ်းတွင် နေတိုးနှင့် အမေရိကန်တို့ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လာ

    ဇန်နဝါရီ ၂၅၊ ၂၀၂၂
    M-Media

    -ဥရောပအရှေ့ခြမ်းကို တပ်ဖွဲ့ဝင်တွေ ထပ်တိုးချသွားဖို့ရှိနေပြီး၊ ရှိပြီးသားတပ်ဖွဲ့တွေကိုလည်း အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ မြောက်အတ္တလန်တိတ် မဟာမိတ်အဖွဲ့ (နေတိုး) က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

    ရုရှားက နယ်စပ်မှာ စစ်အင်အား ၁ သိန်းလောက် ချထားပြီး ယူကရိန်းကို သိမ်းပိုက်တော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အချိန် နေတိုးအဖွဲ့ကလည်း ယူကရိန်းနိုင်ငံတည်ရှိရာ ဥရောပရှေ့ခြမ်းမှာ စစ်ပြင်ဆင်လာတာပါ။

    အမေရိကန် ကာကွယ်ရေးဌာနက တပ်ဖွဲ့ဝင် ၈၅၀၀ လောက်ကို အသင့်ပြင်ဆင်ထားပြီး အရှေ့ဥရောပမှာ ချထားဖို့အတွက် အမိန့်စောင့်နေတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

    ယူကရိန်းကို ဝင်သိမ်းဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကို ရုရှားဖက်က ငြင်းဆိုထားပြီး အနောက်နိုင်ငံတွေရဲ့ လုပ်ရပ်တွေကိုကြည့်ရင် ရုရှားဟာ ကျူးကျော်သူ၊ ရန်စသူမျိုးမဟုတ်ဘဲ ပစ်မှတ်ထားခံရသူ ဖြစ်တာဆိုတာ ထင်ရှားတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နဲ့ ပိုလန်ခေါင်းဆောင်တွေနဲ့တနင်္လာနေ့က မိနစ် ၈၀ ကျော်ကြာ အွန်လိုင်းက တွေ့ဆုံပြီး ယူကရိန်းကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

    အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာ ရုရှားက ယူကရိန်းအပေါ်ကျူးကျော်မှုကိုတားဆီးဖို့ စီးပွားရေးပိတ်ဆို့တာ၊ နေတိုးရဲ့ အရှေ့ဖက်စစ်မျက်နှာမှာ လုံခြုံရေးဆိုင်ရာ အားဖြည့်မှုတွေလုပ်တာ အပါအဝင် နည်းလမ်းအားလုံးကို ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

    အမေရိကန်ဟာ ယူကရိန်းကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်လက်နက်ပစ္စည်းတွေ ပေးပို့ထားသလို၊ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့က ယူကရိန်းအပေါ် လက်နက်တွေ ထောက်ပံ့ဖို့လည်း အမေရိကန်က ခွင့်ပြုပေးခဲ့ပါတယ်။

    Ref: Reuters