News @ M-Media

Blog

  • အစွမ်းထက် ရေငုပ်သင်္ဘောငယ်များကို တူရကီက ထုတ်လုပ်ရောင်းချမည်

    အစွမ်းထက် ရေငုပ်သင်္ဘောငယ်များကို တူရကီက ထုတ်လုပ်ရောင်းချမည်

    ဇန်နဝါရီ ၃၀၊ ၂၀၂၂
    M-Media

    -နိုင်ငံရေတပ်မှာ အသုံးပြုဖို့နဲ့ ပြည်ပနိုင်ငံ​တွေကို တင်ပို့ရောင်းချဖို့ ရည်ရွယ်ပြီး တူရကီဟာ စွမ်းဆောင်ရည်မြင့် တိုက်ပွဲဝင် အသေးစား ရေငုပ်သင်္ဘောတွေကို တည်ဆောက်နေပါတယ်။

    STM500 လို့ အမည်ပေးထားတဲ့ အဲဒီရေငုပ်သင်္ဘောက အနာဂတ် ရေကြောင်းတိုက်ပွဲတွေကို အဆုံးအဖြတ်ပေးနိုင်တဲ့အထိ အစွမ်းထက်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    သင်္ဘောမှာ တပ်ဆင်ထားတဲ့ ဒီဇယ်အင်ဂျင်နဲ့ ရေမိုင် ၃၅၀၀ ကို မောင်းနှင်နိုင်မှာဖြစ်ပြီး၊ ဘတ္ထရီက ၇၅ မိုင် မောင်းနိုင်မှာ ဖြစ်ပါတယ်။ AIP (air-independent propulsion) စနစ် တပ်ဆင်နိုင်သလို AIP နဲ့ ဒီဇယ်အင်ဂျင်စနစ်နဲ့ ပေါင်းလိုက်ရင် ရေမိုင် ၄ ထောင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

    ရေအောက်ရေဒါစနစ်ဖြစ်တဲ့ ဆိုနာ (Sonar) စနစ်မျိုးစုံ၊ Optronic Periscopeနဲ့ အီလက်ထရောနစ် စစ်ပွဲဆိုင်ရာ ထောက်ပံ့မှုစနစ် (ESM) ကိုလည်း တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

    STM500 ရေငုပ်သင်္ဘောမှာ သင်္ဘောသား ၁၈ ဦး၊ အထူးတပ်ဖွဲ့ဝင် ၆ ဦး လိုက်ပါနိုင်မှာ ဖြစ်ပါတယ်။ စွမ်းအားမြင့် တော်ပီဒို ဒုံးကျည်၊ ဒါမှမဟုတ် ခရုဇ်ဒုံးကျည် ၈ လုံး တပ်ဆင်အသုံးပြုနိုင်မှာပါ။

    ဒီရေငုပ်သင်္ဘောဟာ ပင်လယ်နက်မှာ ရုရှားရဲ့ဩဇာကို ယှဉ်ပြိုင်နိုင်မှာဖြစ်သလို အနာဂတ် အာဏာတည်ဆောက်ရေးမှာလည်း အရေးပါလာမှာ ဖြစ်ပါတယ်။ ပင်လယ်နက်မှာ ရေငုပ်သင်္ဘော မချရေး တားမြစ်တဲ့ သဘောတူစာချုပ်တစ်ခုလည်း ရှိထားပြီး နေတိုးအဖွဲ့မှာ ရိုမေးနီးယားနဲ့ တူရကီတို့ကသာ ပင်လယ်နက်မှာ ရေငုပ်သင်္ဘော ချထားခွင့်ရှိပါတယ်။

    တူရကီက STM500 ရေငုပ်သင်္ဘောကို ပြည်ပနိုင်ငံတွေအထိ တင်ပို့ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပြီး အမေရိကန်နဲ့ အနောက်နိုင်ငံလုပ် စျေးကြီးတဲ့ ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ မတတ်နိုင်တဲ့ နိုင်ငံတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

    ဒရုန်းထုတ်လုပ်ရောင်းချမှုမှာ တူရကီဟာ အောင်မြင်မှုတစ်ခု ရရှိနေပြီး တူရကီထုတ် Bayraktar TB2 တိုက်ပွဲဝင်ဒရုန်းက နာမည်ကျော်ပါတယ်။

    Ref: Asia Times

  • ကမ္ဘာ့အမြန်ဆုံးနှင့် စျေးအကြီးဆုံး အရေးပေါ်ကားကို ယူအေအီး ထုတ်ပြ

    ကမ္ဘာ့အမြန်ဆုံးနှင့် စျေးအကြီးဆုံး အရေးပေါ်ကားကို ယူအေအီး ထုတ်ပြ

    ဇန်နဝါရီ ၂၉၊ ၂၀၂၂
    M-Media

    -ကမ္ဘာ့အမြန်ဆုံးနဲ့ စျေးအကြီးဆုံး အရေးပေါ်ကားကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က သောကြာနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    HyperSport Responder လို့ အမည်ပေးထားတဲ့ အဲဒီကားကို EXPO 2020 ပြပွဲမှာ ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီကားကို ဒူဘိုင်းအခြေစိုက် ကားကုမ္ပဏီ W Motors က ထုတ်လုပ်တာပါ။

    W Motors ဟာ ဟောလီး၀ုဒ်ရုပ်ရှင် Fast & Furious 7 မှာ အသုံးပြုခဲ့တဲ့ နာမည်ကျော် ပြိုင်ကား Lykan HyperSport ကို ထုတ်လုပ်တဲ့ကုမ္ပဏီလည်း ဖြစ်ပါတယ်။

    HyperSport Responder အရေးပေါ်ကားက ကန်ဒေါ်လာ ၃.၅ သန်း တန်ဖိုးရှိပြီး ၂.၈ စက္ကန့်အတွင်း တစ်နာရီ ၀ ကနေ ကီလိုမီတာ ၁၀၀ အထိ အရှိန်မြှင့်နိုင်ကာ အမြင့်ဆုံး တစ်နာရီ ကီလိုမီတာ ၄၀၀ အထိ မောင်းနိုင်ပါတယ်။

    ရှေ့မီးကြီးမှာ စိန်အလုံးပေါင်း ၄၄၀ ကွပ်ထားပြီး၊ အတွင်းပိုင်းအမိုးက ရွှေပြားခပ်ထားပါတယ်။ ကားမှာအသုံးပြုထားတဲ့ လယ်သာတွေကို ရွှေကြိုးနဲ့ သီချုပ်ထားတာ ဖြစ်ပါတယ်။

    ဒူဘိုင်း အရေးပေါ်ကယ်ဆယ်ရေးဌာန DCAS ရဲ့အကြီးအကဲ ခါလီဖာ ဒါရိုင်က HyperSport Responder ကားရဲ့ မြန်နှုန်းနဲ့ စွမ်းဆောင်နိုင်စွမ်းဟာ အရေးပေါ်အခြေအနေတွေမှာ သွားရောက်ရမယ့်အချိန်ကို လျော့ကျ​စေလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    DCAS ဟာ ယူအေအီးနိုင်ငံတစ်ဝှမ်းမှာ အရေးပေါ်ယာဉ်ပေါင်း ၃၃၁ စီးနဲ့ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖေဖော်ဝါရီတွင် ကျင်းပမည်

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖေဖော်ဝါရီတွင် ကျင်းပမည်

    ဇန်နဝါရီ ၂၉၊ ၂၀၂၂
    M-Media

    -အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စ ဆွေးနွေးသွားမယ်လို့ ကမ္ဘောဒီးယားက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    ကမ္ဘောဒီးယားဟာ ၂၀၂၂ ခုနှစ် အာဆီယံ ဥက္ကဌအဖြစ် တာဝန်ယူမှာပါ။ အစည်းအဝေးမကျင်းပခင် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန် မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ဆိုခွန်ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ်လည်း တာဝန်ယူထားပါတယ်။

    ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာတော့ ဆိုခွန်ရဲ့ခရီးစဉ်မှာ ပြီးခဲ့တဲ့နှစ်က ရရှိတဲ့ အာဆီယံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးကို စစ်ကောင်စီနဲ့ ဆွေးနွေးမှာဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြန်လည်တင်ပြလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

    ဇန်နဝါရီလ အစပိုင်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကိုသွားရောက်ကာ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မကျေနပ်တဲ့အတွက် ဇန်နဝါရီ နှောင်းပိုင်းမှာလုပ်ဖို့ စီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဖျက်သိမ်းခဲ့ရပါတယ်။

    Ref: Reuters

  • ယူကရိန်းကိစ္စ ရုရှားနှင့် အမေရိကန်တို့ ပြေလည်မှုမရသေး

    ယူကရိန်းကိစ္စ ရုရှားနှင့် အမေရိကန်တို့ ပြေလည်မှုမရသေး

    ဇန်နဝါရီ ၂၀၁၉၊ ၂၀၂၂
    M-Media

    -ယူကရိန်းကိစ္စ တင်းမာမှုမှာ အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ဟာ ရုရှားရဲ့ လုံခြုံရေးစိုးရိမ်မှုကို ဖြေရှင်းမှုမရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ပြောကြားလိုက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဥရောပအရှေ့ခြမ်းမှာ တပ်တွေ ထပ်တိုးချမယ်လို့ ကြေငြာလိုက်ပါတယ်။

    ၂၀၁၄ ခု ယူကရိန်းပြည်တွင်း မငြိမ်သက်မှုမှာ ခရိုင်းမီးယားကျွန်းဆွယ်ကို ဝင်သိမ်းခဲ့ပြီး ယူကရိန်းအရှေ့ခြမ်းက ခွဲထွက်ရေးလိုလားတဲ့အဖွဲ့တွေကို လက်နက်ထောက်ပံ့နေတဲ့ ရုရှားဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ယူကရိန်းနဲ့ ကပ်နေတဲ့ နယ်စပ်တစ်၀ိုက် တပ်ဖွဲ့ဝင် သိန်းချီ ချထားခဲ့ပြီး ယူကရိန်းကို တိုက်ခိုက်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

    တင်းမာမှုတွေလျှော့ချရေး ကြိုးစားနေကြပေမယ့် အမေရိကန်နဲ့ နေတိုးအဖွဲ့ဟာ ရုရှားရဲ့ အဓိက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကို ဖြေရှင်းမပေးသေးဘူးလို့ မနေ့က ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်နဲ့ ဖုန်းပြောဆိုမှုမှာ ပူတင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဒီအတွက် အခုတစ်ပတ်အတွင်း အဖြေတိတိကျကျသိရမှ ဘာဆက်လုပ်မလဲဆိုတာ ပြောမယ်လို့လည်း ပူတင်က ဆိုပါတယ်။ ရုရှားသမ္မတဟာ တင်းမာမှုစဖြစ်ကတည်းက နှုတ်ဆိတ်နေခဲ့တာဖြစ်ပြီး မနေ့ကမှ ပထမဆုံး မှတ်ချက်ပေးတာ ဖြစ်ပါတယ်။

    ယူကရိန်းကို နေတို့အဖွဲ့ထဲ ဝင်ခွင့်မပေးဖို့နဲ့ ရုရှားနဲ့ ကပ်နေတဲ့ ဒေသတွေမှာ နေတိုးအဖွဲ့က ထိုးစစ်ဆင်နိုင်မယ့် လက်နက်တွေ မချထားဖို့ ရုရှားက လိုချင်နေတာ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားက ယူကရိန်းကို ကျူးကျော်မှုဟာ မကြာခင် ဖြစ်လာနိုင်တယ်လို့ ကြာသာပတေးနေ့က ပြောကြားခဲ့ပြီး ဥရောပအရှေ့ခြမ်းမှာ နေတိုးအဖွဲ့ရဲ့ တည်ရှိမှုကို ပိုမိုအားကောင်းစေဖို့အတွက် တပ်ဖွဲ့ဝင်အနည်းငယ် စေလွှတ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာ့အရေး နိုင်ငံတကာက ထိထိရောက်ရောက် မတုန့်ပြန်မှုကို ကုလ အကြီးအကဲ ဝေဖန်

    မြန်မာ့အရေး နိုင်ငံတကာက ထိထိရောက်ရောက် မတုန့်ပြန်မှုကို ကုလ အကြီးအကဲ ဝေဖန်

    ဇန်နဝါရီ ၂၉၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိထိရောက်ရောက် တုန့်ပြန်မှုမရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မီရှဲလ် ဘာချလက်က သောကြာနေ့မှာ ဝေဖန်လိုက်ပါတယ်။

    ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းတာ ၁ နှစ်ရှိပါပြီ။ ဘာချလက်က မြန်မာပြည်သူတွေဟာ လွတ်လပ်မှုဆုံးရှုံးတာ၊ အသက်ဆုံးရှုံးတာတွေလို ကြီးကြီးမားမား ပေးဆပ်ခဲ့ရတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲအကြမ်းဖက်မှုတွေကို တစ်ကမ္ဘာလုံးနီးပါးက ရှုတ်ချခဲ့ပေမယ့် တုန့်ပြန်မှုတွေဟာ ထိရောက်မှုမရှိဘဲ၊ ပြဿနာ မြန်မြန်ဆန်ဆန် ပြေလည်သွားအောင် လုပ်ဆောင်လိုတဲ့ စိတ်ဆန္ဒမျိုး မရှိဘူးလို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး၊ လူ့အခွင့်အရေး စနစ်တကျ ချိုးဖောက်မှု၊ ညှင်းပမ်းနှိပ်စက်မှု ကျူးလွန်သူတွေကို အရေးယူနိုင်ရေး နည်းလမ်းသစ်နဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမယ့် အချိန်ပါ”

    မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဝင်ခွင့်ပေးရေး အာဏာသိမ်းစစ်ကောင်စီကို ဖျောင်းဖြဖို့ ကုလ လုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့တို့ကို ဘာချလက်က တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters