News @ M-Media

Blog

  • IS ခေါင်းဆောင်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ဟု အီရတ်ပြော

    IS ခေါင်းဆောင်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ဟု အီရတ်ပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    iraq

    – IS အဖွဲ့ခေါင်းဆောင် အဘူဘာကာရ် အလ်-ဘဂ္ဂဒါဒီ လိုက်ပါလာသည့် ယာဉ်တန်းကို မိမိတို့လေတပ်က တိုက်ခိုက်ခဲ့သည်ဟု အီရတ်စစ်တပ်က ယနေ့တွင် ပြောကြားလိုက်ပြီး ဘဂ္ဂဒါဒီ၏ ကံကြမ္မာကို မသိရသေးဟု ဆိုသည်။

    ကာရ်ဘာလာဒေသတွင် အကြီးတန်း IS ခေါင်းဆောင်များနှင့် အစည်းအဝေးလုပ်ရန် သွားရောက်စဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးလုပ်မည့် နေရာကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ IS ခေါင်းဆောင် အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြသည်ဟု စစ်တပ်မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ယခုနှစ် မတ်လတို့တွင် ဘဂ္ဂဒါဒီမှာ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာများ ရရှိခဲ့သည်ဟု အီရတ်စစ်တပ်က ၂ ကြိမ်တိုင်တိုင် ကြေငြာခဲ့ဖူးသည်။ သို့သော်လည်း ထိုသတင်း ထွက်ပေါ်လာပြီး ရက်အနည်းငယ်ကြာတိုင်း ဘဂ္ဂဒါဒီ၏ အသံဖိုင်များ အွန်လိုင်စာမျက်နှာပေါ်တွင် ပေါ်ထွက်လာတတ်သည်။

    Ref: CNN

  • ယူရိုခြေစစ်ပွဲအောင်ခြင်းမှာ ဝေလ်းအတွက် ကြီးကျယ်သည့် အချိန်ကာလဟု ရမ်ဆေးပြော

    ယူရိုခြေစစ်ပွဲအောင်ခြင်းမှာ ဝေလ်းအတွက် ကြီးကျယ်သည့် အချိန်ကာလဟု ရမ်ဆေးပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    wale

    – ယူရို ၂၀၁၈ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမှာ ဝေးလ်ဘောလုံးလောကအတွက် ကြီးကျယ်သည့် အချိန်အခါဖြစ်သည်ဟု အာဆင်နယ်ကွင်းလယ်လူ အာရွန် ရမ်ဆေးက ပြောကြားခဲ့သည်။

    ယနေ့မနက် ယူရိုခြေစစ်ပွဲတွင် ဘော့စနီးအယားအသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အဓိကပြိုင်ဘက် အစ္စရေးက ဆိုက်ပရက်စ်အား ရှုံးနိမ့်သွားသောကြောင့် ဝေးလ်မှာ ယူရိုခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့ပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်း အဓိကပြိုင်ပွဲတစ်ခုတွင် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းဖြစ်ကာ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့်ကိုလည်း ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်သည်။

    “ဝေးလ်ဘောလုံးလောကအတွက် ကြီးကျယ်တဲ့ အချိန်တစ်ခုပါပဲ။ သမိုင်းတွင်တဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ နောက်ဆုံးတော့ အဓိကပြိုင်ပွဲတစ်ခုမှာ ကျွန်တော်တို့ ၀င်ပြိုင်ရတော့မှာပေါ့ဗျာ။ ခဏလောက် ကျွန်တော် မယုံကြည်နိုင်ခဲ့ပါဘူး။ ကျွန်တော် အရမ်း ဂုဏ်ယူပါတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ ယှဉ်ပြိင်ရတော့မှာပါ” ဟု ဝေးလ်အသင်း၏ အဓိကစားသမားတစ်ဦးဖြစ်သည့် ရမ်ဆေးက ပြောကြားခဲ့သည်။

    ထို့ပြင် အသင်း၏ ကစားသမားများကိုလည်း ချီးကျူးခဲ့ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ ယခုကဲ့သို့ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ကွန်မြူနစ်ပါတီခေါင်းဆောင် နီပေါဝန်ကြီးချုပ်ဖြစ်လာ

    ကွန်မြူနစ်ပါတီခေါင်းဆောင် နီပေါဝန်ကြီးချုပ်ဖြစ်လာ

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    nepal

    – ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြုခဲ့သည့် နီပေါပါလီမန်မှာ ယနေ့တွင် နီပေါ ကွန်မြူနစ်ပါတီခေါင်းဆာင် ကေပီ ရှရ်မာ အိုလီကို တိုင်းပြည်၏ ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့သည်ဟု သိရသည်။

    လက်ရှိဝန်ကြီးချုပ် ဆူရှီ ကီယိုရာလာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အရ ရာထူးမှ ဆင်းပေးခဲ့ရသည်။ အိုလီကို ၁၉၇၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဘုရင်စနစ် အုပ်ချုပ်မှုအတွင်း ကွန်မြူနစ်များအား ချေမှုန်းခြင်းကြောင့် မြေအောက်နိုင်ငံရေးသမားဘ၀တွင် ကျင်လည်ခဲ့ရဖူးသည်။

    ထို့ပြင် ၁၉၇၀ နှင့် ၈၀ ပြည့်နှစ်များတွင် အိုလီမှာ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ၁၄ နှစ်တာလုံးလုံး နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် နေထိုင်ခဲ့ရကာ ၁၉၈၇ ခုနှစ် ထောင်မှလွတ်လာပြီးနောက်ပိုင်း နီပေါကွန်မြူနစ်ပါတီ UML ၏ အဓိက ပါတီဝင်ဦး ဖြစ်လာခဲ့သည်။

    ၁၉၉၁၊ ၁၉၉၉၊ ၂၀၀၈ နှင့် ၂၀၁၃ ခုနှစ်များတွင် ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၁၉၉၄ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီး၊ ၂၀၀၇ ခုနှစ်တွင် နိုငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပါတီက ၎င်းအား ဥက္ကဌအဖြစ် ရွေးချယ်ခဲ့သည်။

    Ref: Aljazeera

  • မန်ယူမှာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ကို ဆွတ်ခူးနိုင်မည်ဟု မာရှယ်ပြော

    မန်ယူမှာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ကို ဆွတ်ခူးနိုင်မည်ဟု မာရှယ်ပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    mu

    – ယခုနှစ်အတွင်း မန်ယူအသင်း ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ဗိုလ်စွဲနိုင်ရန်အတွက် မိမိအနေဖြင့် ကူညီနိုင်မည်ဟု ယုံကြည်ကြောင်း အသင်း၏ လူငယ်ကွင်းလယ်လူ အန်သိုနီ မာရှယ်က ပြောကြားလိုက်သည်။

    မန်ယူမှာ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် မန်စီးတီးအသင်းနှင့် ၂ မှတ်ကွာဟနေပြီး၊ ချန်ပီယံလိဂ် အုပ်စု B ၂ ပွဲ ကစားပြီးချိန်တွင် ၃ မှတ်ရရှိထားကာ ကျန်အသင်းများနှင့် အမှတ်တူနေသည်။

    “ကျွန်တော်တို့ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် နှစ်ခုစလုံး ရနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ နှစ်ခုစလုံးပါ။ (ဥရောပ) ထိပ်တန်း ၅ သင်းမှာ ကျွန်တော်တို့လည်း ပါပါတယ်” ဟု မာရှယ်က ပြောကြားခဲ့သည်။

    လူငယ်ကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းဖြင့် မန်ယူက ခေါ်ယူခဲ့သည့် မာရှယ်မှာ ပွဲထွက်ကစားသည့်ပွဲမှာတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်း ၄ ဂိုး သွင်းပေးထားနိုင်သည်။

    Ref: Goal

  • ထိုက်ကျိကစားခြင်းက နာတာရှည်ရောဂါသည်များအတွက် ကျန်းမာရေးအကျိုးကျေးဇူးရှိ

    ထိုက်ကျိကစားခြင်းက နာတာရှည်ရောဂါသည်များအတွက် ကျန်းမာရေးအကျိုးကျေးဇူးရှိ

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    – ကင်ဆာမှ အဆစ်အမြစ်နာအထိ နာတာရှည်ရောဂါများကို ခံစားနေရသူများအတွက် ထိုက်ကျိသိုင်း ကစားခြင်းက လမ်းပိုလျှောက်နိုင်ခြင်း၊ ခွန်အားတောင့်တင်းစေခြင်းနှင့် နာကျင်မှုကို လျော့ပါစေခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားရနိုင်သည်ဟု သုတေသပြုမှုအရ သိရသည်။

    တရုတ်ရှေးဟောင်း ကိုယ်ခံပညာကို မွမ်းမံထားသည့် ထိုက်ကျိသိုင်း၏ နှေးကွေးပြီး နူးညံ့သည့် လှုပ်ရှားမှုများမှာ ကျန်းမာရေးချူချာသော အလယ်အလတ်အရွယ်များနှင့် လူကြီးများအတွက် သင့်လျော်သည်ဟု ဆေးဘက်ဆိုင်ရာ မဂ္ဂဇင်းတစ်ခုဖြစ်သော British Journal of Sports Medicine ဂျာနယ်တွင် ဖော်ပြထားသည်။

    ကနေဒါနိုင်ငံ ဗန်ကူးဗားရှိ British Columbia တက္ကသိုလ်မှ ယီ-၀မ် ချန် ဦးဆောင်သည့် အဖွဲ့မှာ ကင်ဆာ၊ နှလုံးရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းခြင်း ရောဂါနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကဲ့သို့ နာတာရှည် ရောဂါလေးမျိုးရှိသည့် လူနာများတွင် ထိုက်ကျိ၏ အထောက်အကူပြုမှုနှင့်ပတ်သက်၍ လေ့လာမှု ၃၃ ခုကို ဆန်းစစ်ခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲ့မှ အဖွဲ့ခွဲများမှာ အချို့သောရောဂါများကိုလည်း စမ်းသပ်မှုတွင် ထည့်သွင်းခဲ့သည်။

    ထိုက်ကျိသိုင်းကစားခြင်းမှာ အသက်ရှူမှု ထိန်းချုပ်ခြင်း၊ ဒူးများကို ကွေးရခြင်းနှင့် ပြေပြစ်ဖြေးညှင်းစွာ လှုပ်ရှားခြင်းတို့ကို အာရုံစိုက်ဆောင်ရွက်ရသည့် လေ့ကျင့်ခန်းမျိုး ဖြစ်သည်။ ထို့ပြင် ထိုက်ကျိကစားခြင်းအားဖြင့် ကိုနေဟန်ထား၊ သွေးလေမှန်မှုနှင့် အာရုံစူးစိုက်မှုတို့ကိုလည်း တိုးတက်စေသည်ဟု ထိုလေ့လာမှုအရ သိရသည်။

    Ref: Channelnewsasia