News @ M-Media

Blog

  • အာဂျင်တီးနားအသင်း၌ မက်ဆီ၏ နံပါတ် ၁၀ ဂျာစီ အဂူရိုဝတ်မည်

    အာဂျင်တီးနားအသင်း၌ မက်ဆီ၏ နံပါတ် ၁၀ ဂျာစီ အဂူရိုဝတ်မည်

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    aguro

    – အာဂျင်တီးနားအသင်း တိုက်စစ်မှူးမက်ဆီ ၀တ်ဆင်သည့် နံပါတ် ၁၀ ဂျာစီကို ယခုတစ်ပတ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားမည့် အီကွေဒေါနှင့် ပါရာဂွေးတို့၏ပွဲတွင် ၀တ်ဆင်သွားမည်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုက ပြောကြားလိုက်သည်။

    ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ဂန္တ၀င်ကစားသမား မာရာဒိုနာကြောင့် နာမည်ကျော်ခဲ့သည့် အဆိုပါ နံပါတ်ကို နိုင်ငံအသင်းတွင် စတင်ကစားကတည်းက မက်ဆီမှာ ပင်တိုင်ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် မက်ဆီမှာ ဒဏ်ရာကြောင့် အနားယူနေရသည်။

    “(နံပါတ် ၁၀ ဂျာစီဝတ်ဖို့) ကျွန်တော် အင်္ကျီစီစဉ်ပေးတဲ့သူကို ပြောခဲ့ပြီး အသင်းကစားသမားတွေရဲ့ နံပါတ်က ၁ ကနေ ၂၃ ဖြစ်ရမှာကြောင့် နံပါတ် ၁၀ က မ၀တ်မနေရလို့ သူက ပြောပါတယ်။ အမေရိကန်က ဘော့စနီးယားနဲ့ကစားတဲ့ ခြေစမ်းပွဲမှာ ကျွန်တော်ဟာ အဲဒီဂျာစီကို ၀တ်ဆင်ခဲ့ပါတယ်။ လီယို (မက်ဆီ) ကလည်း သူ မပါတဲ့အချိန် ကျွန်တော် ၀တ်လို့ရတယ်လို့ ပြောပါတယ်” ဟု အဂူရိုက ပြောကြားခဲ့သည်။

    Ref: Goal

  • UNHCR ၏ တစ်နှစ်တာဂုဏ်ပြုဆု အာဖဂန်မှ ပညာရေးမြှင့်တင်ပေးသူ အမျိုးသမီး ရရှိ

    UNHCR ၏ တစ်နှစ်တာဂုဏ်ပြုဆု အာဖဂန်မှ ပညာရေးမြှင့်တင်ပေးသူ အမျိုးသမီး ရရှိ

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    un

    – ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ပေးအပ်ချီးမြှင့်သည့် 2015 Nansen Refugee Award ကို ဒုက္ခသည်များ ပညာရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်နေသော အာဖဂန်မှ ကျောင်းဆရာမတစ်ဦးက ရရှိခဲ့သည်ဟု သိရသည်။

    ဆုရရှိခဲ့သူမှာ အကွီလာ အက်စ်အီဖီဖြစ်ပြီး ပါကစ္စတန်နိုင်ငံ မီယန်ဝါလီမြို့မှ အာဖဂန် ဒုက္ခသည်များ နေထိုင်သော ကော့တ် ချန်ဒါနာရွာတွင် မိန်းကလေးငယ်များ ပညာရေးသင်ကြားခွင့်ရရန် ရဲရဲဝင့်ဝင့်နှင့် မမောနိုင်မပမ်းနိုင် ကြိုးပမ်းဆောင်ရွက်ပေးသည့်အတွက် ရွေးချယ်ရခြင်းဖြစ်သည်ဟု UNHCR က ဖော်ပြခဲ့သည်။

    အက်စ်အီဖီမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဒုက္ခသည်ကလေးငယ်များအား ပညာသင်ပေးသည့်အလုပ်ကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ရင်းမြစ်များနည်းပါးပြီး ဓလေ့ထုံးတမ်းဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသော်လည်း ထောင်နှင့်ချီသည့် ဒုက္ခသည်မိန်းကလေးငယ်များကို မူလတန်းပညာ ရရှိအောင် သူမက လမ်းညွှန်သင်ကြားပေးနိုင်ခဲ့သည်။ တနင်္လာနေ့က ဂျီနီဗာ၌ ပြုလုပ်ခဲ့သော ဆုပေးပွဲအခမ်းအနားတွင် ၎င်း၏ ဆောင်ရွက်မှုကို သူမက ဖွင့်ဟခဲ့သည်။

    “ကျွန်မ စပြီး ကျောင်းဖွင့်တုန်းက အရမ်းကြီး အကောင်းမမြင်ခဲ့ပါဘူး။ အောင်မြင်မှုကတော့ ကျွန်မ ထင်ထားတာထက်ကို ကျော်လွန်နေပါတယ်။ ငြိမ်းချမ်းရေးချိုးငှက်လေးတွေက ကျွန်မတို့ရဲ့ သတင်းစကား ပေးပို့သူ ဖြစ်ပါစေ။ စစ်ပွဲနဲ့ လက်နက်ယဉ်ကျေးမှုကို ရှောင်ရှားပြီး၊ ဖောင်တိန်ကိုင်တဲ့ ပညာရေးယဉ်ကျေးမှုကို မြှင့်တင်ကြပါစို့။ ကျွန်မတို့တိုင်းပြည်အတွက် ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုကို ဆောင်ကျဉ်းဖို့ ဒါဟာ တစ်ခုတည်းသော နည်းလမ်းပါပဲရှင်” ဟု အက်စ်အီဖီက ပြောကြားခဲ့သည်။

    UNHCR ကော်မရှင်နာမင်းကြီး အန်တိုနီယို ဂူတီယာရက်စ်ကလည်း သူမ၏ အားထုတ်မှုများအတွက် ချီးကျူးခဲ့သည်။

    “ကလေးတစ်ယောက်ရဲ့ဘ၀က ဆရာတစ်ဦးရဲ့ အခန်းကဏ္ဍဟာ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အက်စ်အီဖီရဲ့ အခန်းကဏ္ဍဟာ အလွန်နက်ရှိုင်းပါတယ်။ သူမဟာ မိန်းကလေးငယ် ရာပေါင်းများစွာကို ပိုကောင်းတဲ့အနာဂတ် အိပ်မက်မက်ဖို့ အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်” ဟု ဂူတီယာရက်စ်က ပြောကြားခဲ့သည်။

    အက်စ်အီဖီမှာ ၁၉၉၂ ခုနှစ်တွင် မိသားစုနှင့်အတူ အာဖဂန်နစ္စတန်အား စွန့်ခွာခဲ့ပြီး ပါကစ္စတန်ရှိ ကော့တ်ချန်ဒါနာ ရွာငယ်လေးတွင် ခိုလှုံခဲ့သည်။ ထိုရွာမှ မိန်းကလေးငယ်များ ပညာရေးချို့တဲ့သည်ကို တွေ့ရှိသည့်အခါ အက်စ်အီဖီမှာ စိုးရိမ်ခဲ့ပြီး ပညာရေးလိုအပ်နေသူများအတွက် အခွင့်အလမ်းရရှိရန် စတင် ဆောင်ရွက်ခဲ့သည်။

    သူမမှာ တဲတစ်ခုကိုတည်ဆောက်ကာ ကိုယ်ပိုင်ကျောင်းကို ထူထောင်ခဲ့ပြီး၊ ကျောင်းသားများအတွက် လေ့ကျင့်ခန်းစာရွက်များကို သူမ၏လက်ဖြင့် ကူးယူရေးသားကာ သင်ကြားပေးခဲ့သည်။ သူမ၏ကျေးဇူးကြောင့် ယခုအချိန်တွင် ထိုရွာမှ ကလေးငယ် ထောင်ကျော်မှာ အမြဲတမ်းပညာရေးကို ရရှိနေပြီဖြစ်သည်။

    Ref: UNHCR

  • ဓာတုဗေဒနိုဘယ်ဆုကို DNA အကြောင်း လေ့လာသူများ ရရှိ

    ဓာတုဗေဒနိုဘယ်ဆုကို DNA အကြောင်း လေ့လာသူများ ရရှိ

     

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    chem

    – ၂၀၁၅ ခုနှစ်အတွက် ဓာတုဗေဒနိုဘယ်ဆုကို DNA ပြင်ဆင်ရေး လေ့လာမှုတွင် ကြိုးပမ်းခဲ့ကြသည့် သိပ္ပံပညာရှင် ၃ ဦးအား ရွေးချယ်လိုက်သည်ဟု ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက ယနေ့တွင် ကြေငြာလိုက်သည်။

    သောမတ်စ် လင်ဒါလ်၊ ပေါလ် မိုဒရစ်ခ်ျနှင့် အဇစ်ဆန်ကာတို့ဖြစ်ပြီး မော်လီကျူးအဆင့်၌ ပျက်ဆီးသွားသော DNA ကို ဆဲလ်များက မည်ကဲ့သို့ ပြင်ဆင်ပေးသည်ဆိုသည်နှင့် မျိုးရိုးဗီဇအချက်အလက်ကို မည်ကဲ့သို့ ထိန်းညှိပေးသည်ဆိုသည်ကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် နိုဘယ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

    “သူတို့ရဲ့ ဖော်ထုတ်မှုက ရှင်သန်နေတဲ့ဆဲလ်တွေ ဘယ်လို အလုပ်လုပ်ကြလဲဆိုတာနဲ့ ကင်ဆာကုထုံးအသစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုသုံးလို့ရလဲဆိုတဲ့ အခြေခံကျတဲ့ အသိကို ပေးပါတယ်” ဟု အကယ်ဒမီက ပြောကြားခဲ့သည်။ ထို့ပြင် ထိုပညာရှင်များ၏ တွေ့ရှိမှုကို ဖော်ပြထားသည့် ရုပ်ပုံများကိုလည်း Twitter စာမျက်နှာတွင် တစ်ဆင့် မျှဝေခဲ့သည်။

    လင်ဒါလ်မှာ ဆွီဒင်နိုင်ငံသားဖြစ်ပြီး မိုဒရစ်ခ်ျမှာ အမေရိကန်ဖြစ်ကာ အဇစ်ကမူ အမေရိကန်-တူရကီနွယ်ဖွား ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ကလည်း ဓာတုဗေဒနိုဘယ်ဆုကို အမေရိကန်နှစ်ဦးနှင့် ဂျာမန်တစ်ဦးက အလင်းနှင့်သက်ဆိုင်သည့် တွေ့ရှိမှုအတွက် ပူးတွဲရရှိခဲ့သည်။ ၁၉၀၁ ခုနှစ်မှစ၍ ယခုအချိန်အထိ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ၁၀၇ ကြိမ်ကို ကော်မတီက ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။

    Ref: CNN

  • ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ ပိုင်ရှင်အပြောင်းအလဲ ဖြစ်နိုင်

    ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ ပိုင်ရှင်အပြောင်းအလဲ ဖြစ်နိုင်

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    f1– ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ၏ အမှုဆောင်အကြီးအကဲဖြစ်သူ ဘာနီအက်လက်စ်တုန်းက ပြိုင်ပွဲ၏ပိုင်ရှင်မှာ ယခုနှစ်ကုန်ပိုင်းတွင် အပြောင်းအလဲဖြစ်ဖွယ် ရှိပြီး အဖွဲ့ ၃ ဖွဲ့က ၀ယ်ယူရန် စိတ်ဝင်စားနေသည်ဟု ပြောကြားလိုက်သည်။

    အဆိုပါ ကားမောင်းပြိုင်ပွဲကို ပုဂ္ဂလိက ရှယ်ယာကုမ္ပဏီတစ်ခုဖြစ်သော CVC Capital Partners က လွန်ခဲ့သည့် ၁၀ နှစ်လုံးလုံး ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ထိုကုမ္ပဏီမှာ ဖော်မြူလာဝမ်း၏ အဓိကရှယ်ယာ ၃၅.၅ ရာခိုင်နှုန်းကို အမေရိကန်-ကာတာ ကုမ္ပဏီတစ်ခုအား ရောင်းချရန် ဆွေးနွေးနေသည်ဟု ပြီးခဲ့သည့် နွေရာသီက သတင်းထွက်ပေါ်ခဲ့သည်။ အက်လက်စ်တုန်းကလည်း ၎င်း၏ ရှယ်ယာ ၅ ရာခိုင်နှုန်းကို ရောင်းချမည်ဟု အတည်ပြုပြောကြားခဲ့ဖူးသည်။

    ယမန်နေ့က သြစတြီးယား၌ ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ထိုကိစ္စနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်ရာ အက်လက်စ်စတုန်းက ပိုင်ရှင်အပြောင်းအလဲ ဖြစ်နိုင်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

    “တော်တော်လေး စိတ်ဝင်စားမှု ရှိပါတယ်။ အခုအချိန်အထိတော့ အဖွဲ့ ၃ ဖွဲ့လောက် ရှိနေပါတယ်။ သူတို့ ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖွဲ့ဟာ ရှယ်ယာတွေကို မ၀ယ်ဘူးဆိုရင်တော့ ကျွန်တော် အံ့သြမိမှာပါပဲ”

    Ref: Dailymail

  • မြေထဲပင်လယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဥရောပ စတင်

    မြေထဲပင်လယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဥရောပ စတင်

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    lyb

    – မြေထဲပင်လယ်အတွင်းရှိ နိုင်ငံတကာရေပိုင်နက်တွင် လူကုန်ကူးသူများအား ရှာဖွေဖမ်းဆီးရန်အတွက် ဥရောပနိုင်ငံ ၆ နိုင်ငံမှ စစ်တပ်များက စစ်ဆေးရေးတစ်ခုကို ယနေ့တွင် စတင်လိုက်ပြီး ကင်းလှည့်စောင့်ကြပ်မှုများ ပြုလုပ်နေသည်။

    ဥရောပသို့ ဒုက္ခသည်များဝင်ရောက်ရာ လမ်းကြောင်းဖြစ်သည့် လစ်ဗျားကမ်းရိုတမ်းမှ စတင်ခြင်းဖြစ်ပြီး လူကုန်ကူးသူများအား နှိမ်နှင်းရေး ဒုတိယအဆင့်ကို ဆောင်ရွက်ခြင်းလည်းဖြစ်သည်။ ပထမအဆင့်မှာ အချက်အလက်များကို ရှာဖွေစုဆောင်းခြင်ဖြစ်ပြီး ယခုစစ်ဆင်ရေးတွင် လူကုန်ကူးသူများကို လိုက်လံဖမ်းဆီးခြင်း၊ ၎င်းတို့၏ သင်္ဘောများအား သိမ်းဆည်းခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။

    စစ်ဆင်ရေးတွင် အီတလီ လေယာဉ်တင်သင်္ဘောတစ်စင်း၊ ပြင်သစ် ဖရီးဂိတ် စစ်ရေယာဉ်တစ်စင်း၊ ဗြိတိန်၊ စပိန်တို့မှ ရေယာဉ်တစ်စင်းစီနှင့် ဂျာမနီနိုင်ငံက ၂ စင်း ပါဝင်မည်ဖြစ်သည်။ လူကုန်ကူးမှု ဗဟိုချက်ဖြစ်သော လစ်ဗျားရေပိုင်နက်ထဲသို့ ၀င်ရောက်ရန်အတွက်မူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် လစ်ဗျားအာဏာပိုင်တို့၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်သည်။

    Ref: Aljazeera