News @ M-Media

Blog

  • လီဗာပူးလ်နည်းပြသစ်ကို သောကြာနေ့တွင် တရားဝင်ခန့်အပ်မည်

    လီဗာပူးလ်နည်းပြသစ်ကို သောကြာနေ့တွင် တရားဝင်ခန့်အပ်မည်

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    liver

    – အဲဗာတန်အား ၁ ဂိုးစီသရေကျပြီးနောက် တနင်္ဂနွေနေ့ ညနေပိုင်းက ထုတ်ပယ်ခံလိုက်ရသည့် လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ၏နေရာတွင် အစားထိုးရန် ဂျာမန်ကလပ် ဒေါ့မွန်အသင်းနည်းပြဟောင်း ဂျာဂန် ကလော့ပ်နှင့် လီဗာပူးလ်တို့ သဘောတူညီချက် ရရှိထားပြီး သောကြာနေ့တွင် တရားဝင် ခန့်အပ်သွားမည်ဟု သိရသည်။

    ကလော့ပ်အား လီဗာပူးလ်အသင်းက ဆက်သွယ်နေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်များကတည်းက သတင်းထွက်ပေါ်နေပြီး ၎င်းနှင့် လီဗာပူးလ်တို့အကြား စာချုပ်စာတမ်းများ ချုပ်ဆိုထားခြင်း မရှိသေးသော်လည်း အနည်းဆုံး ၃ နှစ်စာချုပ် ချုပ်ဆိုရန် ရှိနေသည်ဟု Dailymail သတင်းစာက ဖော်ပြခဲ့သည်။

    ဒေါ့မွန်တွင် အတူတွဲလုပ်ခဲ့သော လက်ထောက်နည်းပြ ဇဲလ်က်ဂျို ဘူဗက်စ်နှင့် ပီတာ ကရာဝစ်ဇ်တို့မှာ ကလော့ပ်နှင့်အတူ လီဗာပူးလ်သို့ ပါလာဖွယ် ရှိနေသည်။ လီဗာပူးလ်၏ ဂန္တ၀င်ကစားသမားဖြစ်ပြီး အသင်း၏ သံတမန်အဖြစ် ဆောင်ရွက်နေသူ ရော်ဘီဖောင်လာကလည်း မိမိအနေဖြင့် ကလော့ပ်နှင့် လက်တွဲချင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Dailymail

  • ဂျပန်နှင့် ကနေဒါတို့မှ ပညာရှင်များ ယခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆု ရရှိ

    ဂျပန်နှင့် ကနေဒါတို့မှ ပညာရှင်များ ယခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆု ရရှိ

    အေက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    japan

    – ယခုနှစ် ရူပဗေဒ နယ်ပယ်အတွက် နိုဘယ်ဆုကို ဂျပန်နိုင်ငံမှ တာကာကီ ကာဂျီတာနှင့် ကနေဒါနိုင်ငံမှ အာသာမက်ဒေါ်နယ်တို့က ဆွတ်ခူးရရှိခဲ့သည်ဟု ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    အသက် ၆၅ နှစ်အရွယ် ရှိပြီဖြစ်သည့် ကာဂျီတာမှာ တိုကျိုသဘာဝဓာတ်ရောင်ခြည် သုတေသနဌာန ICRR မှ ဒါရိုက်တာဖြစ်ပြီး နေရောင်ခြည်မှလာကာ ဒြပ်ထုမရှိဟု ယူဆထားကြသည့် နူထရီနိုအမှုန်များတွင် ဒြပ်ထုရှိသည်ကို ဖော်ထုတ်နိုင်သည့် neutrino oscillations ကို တွေ့ရှိခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။

    ကာဂျီတာမှာ ရူပဗေဒနှင့် ပတ်သက်၍ နိုဘယ်ဆုရရှိခဲ့သည့် ၁၁ ဦးမြောက် ဂျပန်နိုင်ငံသားဖြစ်ပြီး နောက်ဆုံး ရရှိခဲ့သူများမှာ ၂၀၁၄ ခုနှစ် နိုဘယ်ဆုရှင်များ ဖြစ်ကြသော အီဆာမူ အာကာဆာကီ၊ ဟီရိုရှီ အေမန်နိုနှင့် ရှူဂျီ နာကာမူရာတို့ ဖြစ်ကြသည်။ အာသာမက်ဒေါ်နယ်မှာ ကာဂျီတာပြုလုပ်ခဲ့သည့် သုတေသနလုပ်ငန်းများကို ဦးဆောင်ခဲ့သူဖြစ်သည်။

    “နှစ်တစ်ထောင်ဝန်းကျင်လောက် ကြာမှ တာကာကီ ကာဂျီတာဟာ လေထုထဲက နျူထရီနိုအမှုန်တွေ ဂျပန်နိုင်ငံက ဆူပါ-ကာမီအိုကန်ဒီ စမ်းသပ်ကိရိယာထဲကို ပုံစံနှစ်မျိုး ပြောင်းလာတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်” ဟု အကယ်ဒမီမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၁၉၈၈ ခုနှစ်တွင် ကာဂျီတာမှာ နျူထရီနိုများ၌ ဒြပ်ထုရှိနိုင်သည်ဆိုသည့် ယူဆချက်ကို ကြေငြာခဲ့သည်။ ကာဂျီတာကို ၁၉၅၉ ခုနှစ်က မွေးဖွားခဲ့ပြီး ဆိုင်တာမာ တက္ကသိုလ်မှ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ကာ ဂျပန်ရူပဗေဒပညာရှင် ပါမောက္ခ မာဆာတိုရှီ ကိုရှီဘာ၏ တိုကျိုက္ကသိုလ် ဓာတ်ခွဲခန်းနှင့် နောက်ပိုင်းတွင် ဆက်သွယ်ကာ သုတေသနလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ကိုရှီဘာကိုယ်တိုင်လည်း
    ၂၀၀၂ ခုနှစ်တွင် ရူပဗေဒဘာသာရပ်ဖြင့် နိုဘယ်ဆုရခဲ့သည်။

    Ref: News.asiaone

  • မြန်မာအစိုးရ စစ်တပ်က ရှမ်းလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်

    မြန်မာအစိုးရ စစ်တပ်က ရှမ်းလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    shan
    ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် ရှမ်းအမျိုးသားနေ့သို့ တက်ရောက်လာသည့် ရှမ်းပြည်နယ် တပ်မတော်

    – မြန်မာအစိုးရတပ်မှာ နိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတစ်စုကို ယမန်နေ့က တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး၊ ထိုအဖွဲ့၏ တာဝန်ရှိသူကမူ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ်ကို လက်မှတ်မထိုးသည့်အတွက် တုန့်ပြန်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မြောက်ပိုင်း ရှမ်းတပ်မတော် SSA-N ဌာနချုပ်ရှိရာ လွိုင်လင်ခရိုင် မုန်းရှူးမြို့အနီး ဖြစ်ပွားခြင်းဖြစ်ပြီး ရွာ ၅ ရွာမှ ရှမ်းပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်ဟု SSPP မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းလက RFA သို့ ပြောကြားခဲ့သည်။

    “(ပြည်နယ်မြို့တော် တောင်ကြီးတွင် အခြေစိုက်သည့်) အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်က အစိုးရတပ် အင်အား ၃၀၀ လောက်ဟာ မနက် ၈ နာရီ မိနစ် ၄၀ ၀န်းကျင်က မုန်းရှူးနားမှာ ကျွန်တော်တို့ကို တိုက်ခိုက်ပြီး တစ်နေ့လုံး ပစ်နေခဲ့ပါတယ်။ နှစ်ဖက်စလုံး အသေအပျောက်၊ ဒဏ်ရာရမှု ရှိလားဆိုတာ ကျွန်တော်တို့ သေချာ မသိသေးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

    တိုက်ခိုက်ခံရသည့် ၎င်းတို့၏စခန်းမှာ ၀မ်ဟိုင်းရွာရှိ SSA-N ဌာနချုပ်သို့သွားရာ လမ်းကြောင်း၏ ရှေ့တန်းစစ်မျက်နှာတွင် ရှိသည်ဟု ဆိုပြီး၊ ယမန်နေ့ နေ့လည်ပိုင်းအထိ အစိုးရတပ်များမှာ ထိုနေရာတွင် ရှိနေသည်ဟု စိုင်းလက ထည့်သွင်းပြောကြားခဲ့သည်။

    “SSPP/SSA-N ဟာ (အစိုးရ ညှိနှိုင်းဆွေးနွေးရေးမှူး) ဦးအောင်မင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ပြုလုပ်ခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ အစည်းအဝေးကို မတက်ခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုဟာ ခြိမ်းခြောက်မှုတစ်ခုလို့ ကျွန်တော်ထင်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက် NCA ကို ကျွန်တော်တို့ လက်မှတ်ထိုးဖို့ သတိပေးလိုက်တာပါပဲ”

    သမ္မတ ဦးသိန်းစိန်အစိုးရမှာ NCA ကို လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်ရန် အပြင်းအထန် ကြိုးစားနေကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလက်နက် ၁၉ ဖွဲ့မှ ၇ ဖွဲ့သာ လက်မှတ်ရေးထိုးရန် သဘောတူညီခဲ့သည်။

    Ref: RFA

  • ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး ၅ နှစ်ဆက်တိုက် ကျဆင်း

    ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး ၅ နှစ်ဆက်တိုက် ကျဆင်း

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    imf

    – ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများ မတည်ငြိမ်မှု၊ တရုတ်နိုင်ငံ၏ လိုက်မမှီသော စီးပွားရေးတိုးတက်မှု နှေးကွေးလာခြင်းတို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏ နှစ်အလိုက် စီးပွားရေးအခြေအနေမှာ ၅ နှစ်ဆက်တိုက်အဖြစ် ကျဆင်းခဲ့သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ကမ္ဘာတစ်ဝှမ်း စစ်တမ်းကောက်ယူမှုများအရ ကုန်စည်ဈေးကွက်များ ပြောင်းလဲခြင်း၊ နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန် ခေတ္တပြုတ်ကျသွားခြင်းတို့မှာ ကမ္ဘာ့နိုင်ငံများမှ ဈေးကွက်များအား ထိခိုက်စေခဲ့သည်ဟု ဆိုသည်။

    ဈေးကွက်ကြီးမားသည့် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် စီးပွားရေးတိုးတက်မှု ၄.၀ ရာခိုင်နှုန်းနှင့် ၄.၅ ရာခိုင်နှုန်း ရှိရမည်ဖြစ်သော်လည်း ဇူလိုင်လတွင်ပြုလုပ်ခဲ့သော ခန့်မှန်းချက်ထက် ၂ ရာခိုင်နှုန်း ကျဆင်းသည်ကို တွေ့ခဲ့ရသည်။

    အဆိုးဝါးဆုံး ကျဆင်းသည့်နိုင်ငံမှာ ရုရှားဖြစ်ပြီး ယခုနှစ်အတွင်း ဂျီဒီပီ ၃.၈ ရာခိုင်နှုန်းနှင့် လာမည့်နှစ်တွင် ၀.၆ ရာခိုင်နှုန်း ကျဆင်းမည့်အလားအလာ ရှိနေသည်။ ဘရာဇီးလ်ကလည်း ယခုနှစ်တွင် ၃ ရာခိုင်နှုန်း၊ လာမည့်နှစ်တွင် ၁ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်သည်။

    တရုတ်နိုင်ငံ၏ စီးပွားရေးမှာလည်း ဆက်လက်ကျဆင်းနေပြီး ကမ္ဘာ့ဈေးကွက်များအတွက် စိုးရိမ်မှုများလည်း ရှိနေသည်။ တောင်အာဖရိက၏ ဂျီဒီပီမှာမူ ယခုနှစ်တွင် ၁.၄ ရာခိုင်နှုန်း တက်လာမည်ဟု ခန့်မှန်းထားပြီး လာမည့်နှစ်တွင် ၁.၃ ရာခိုင်နှုန်း မြင့်တက်ရန် ရှိနေသည်။

    စီးပွားရေးအခြေအနေ အကောင်းဆုံးမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ယခုနှစ်နှင့် လာမည့်နှစ်တွင် ၇.၃နှင့် ၇.၅ ရာခိုင်နှုန်း အသီးသီးတက်ရန် ရှိနေသည်။

    Ref: Channelnewsasisa

  • ကုလတာဝန်ရှိသူဟောင်း လာဘ်ယူမှုဖြင့် အဖမ်းခံရ

    ကုလတာဝန်ရှိသူဟောင်း လာဘ်ယူမှုဖြင့် အဖမ်းခံရ

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    un

    – ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဥက္ကဌဟောင်းဖြစ်ပြီး အန်တီဂွာနှင့် ဘာဘူဒါနိုင်ငံဆိုင်ရာ ကုလ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဂျွန်အက်စ်ဟီမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးထံမှ လာဘ်ငွေ ကန်ဒေါ်လာ ၁.၃ သန်း ရယူမှုအတွက် တရားစွဲဆိုခံခဲ့ရသည်ဟု သိရသည်။

    ၂၀၁၃ ခုနှစ် စက်တင်ဘာလမှစ၍ အထွေထွေညီလာခံဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အက်စ်ဟီမှာ ကုလ၏ ညီလာခံစင်တာကို မက္ကာအိုတွင်ဖြစ်အောင် အဆိုတင်သွင်းပေးမည်ဟုဆိုကာ တရုတ်အိမ်ခြံမြေလုပ်ငန်းရှင် နက်ဂ် လက် ဆန်ထံမှ လာဘ်ယူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွက် အက်စီမှာ အခြားသူများထံမှလည်း လာဘ်ငွေများ ယူခဲ့သည်ဟု ယမန်နေ့က တရားရုံးမှထုတ်ပြန်သော အချက်အလက်များ၌ ဖော်ပြထားသည်။

    နက်ဂ်ကိုယ်တိုင်မှာ အမေရိကန်သို့ ၂ နှစ်အတွင်း ငွေသား ကန်ဒေါ်လာ ၄.၅ သန်း တရားမ၀င် ခိုးသွင်းလာမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်လက နယူးယောက်တွင် အဖမ်းခံခဲ့ရသည်။ အက်စ်ဟီ၏ ကိစ္စနှင့်ပတ်သက်၍ ကုလမှ အခြားသော ၀န်ထမ်းများလည်း ဖမ်းဆီးခံရနိုင်ဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြကြသည်။

    Ref: Aljazeera