အောက်တိုဘာ ၄၊ ၂၀၁၅
M-Media
– ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးတို့က ကျူးကျော်ဆောက်လုပ်ထားသော တရားမ၀င်အိမ်ရာများ၌ နေထိုင်သည့် ဂျူးလူမျိုးများ ၁၂ နာရီအတွင်း ဂျေရုစလင်၌ ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပါလက်စတိုင်းများ ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ ၀င်ရောက်ခွင့်ကို အစ္စရေး ရဲတပ်ဖွဲ့က ပိတ်ပင်လိုက်သည်ဟု သိရသည်။
စနေနေ့ညပိုင်းက ပါလက်စတိုင်းတစ်ဦး၏ ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဂျူးနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် အစ္စရေးက ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ အစ္စရေးဂျူးများ၊ မြို့ဟောင်းအတွင်း နေထိုင်သူများ၊ ကမ္ဘာလှည့်ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောင်းသားများမှလွဲ၍ အခြားလူများ မ၀င်ရန် ကန့်သတ်ခဲ့သည်။
အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကိုလည်း အသက် ၅၀ ကျော်ပါလက်စတိုင်းအမျိုးသားများနှင့် အမျိုးသမီးများသာ ၀င်ရောက်ရမည်ဟု ကန့်သတ်ထားသည်။ ဂျေရုစလင်မြို့ဟောင်းသို့ ၀င်ရောက်မှု ကန့်သတ်ခြင်းမှာ ၂ ရက်တာကြာမည်ဟု အစ္စရေး အာဏာပိုင်များက ပြောကြားခဲ့သည်။
ပါလက်စတိုင်းပိုင်နက်အား ပိတ်ဆို့ခြင်း၊ သိမ်းပိုက်ခြင်း၊ ပါလက်စတိုင်းဒေသအတွင်း အစ္စရေးက တရားမ၀င်အိမ်ရာများ တည်ဆောက်ခြင်း၊ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ၀င်ရောက်စီးနင်းခြင်းတို့ကြောင့် ပါလက်စတိုင်းများအကြားတွင် တင်းမာမှုများ မြင့်တက်လျက်ရှိပြီး အစ္စရေး၏ ကျူးကျော်အိမ်ယာများတွင် နေထိုင်သော ဂျူးများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအား ပစ်မှတ်ထားသော တိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက် ရှိသည်။
Ref: Aljazeera