News @ M-Media

Blog

  • ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို

    ဇန်နဝါရီ ၁၁၊ ၂၀၂၂
    M-Media

    -နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ချမှုဟာ တရားဥပဒေစိုးမိုးရေးကို စော်ကားလိုက်တာဖြစ်ပြီး သူမနဲ့ မတရားသဖြင့် ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

    စစ်ကောင်စီတရားရုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ မနေ့က ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့တာပါ။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီလက်အောက်မှာ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရပြီး အခြားအမှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ နဒ်ပရိုက်စ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချမှုဟာ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးမှုကို အတုအယောင် ကျင့်သုံးတာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ဒီမိုကရေစီခေါင်းဆောင်တွေအပါအဝင် မတရားသဖြင့် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “စစ်ကောင်စီဟာ တရားရေးကိုအသုံးချပြီး နိုင်ငံရေးအတိုက်အခံတွေကို တိုက်ခိုက်နေတာပါ။ ပြည်သူလူထုအပေါ် ဆက်လက်အကြမ်းဖက်နေတာကိုကြည့်ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ရောက်ဖို့ လိုပြီဆိုတာ မီးမောင်းထိုးပြနေတာပါပဲ”

    မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်လက်အောက်မှာ တစ်ရက်တောင် မနေချင်တာကို တွေ့ရပြီး မိမိတို့အနေနဲ့ ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့လည်း နက်ပရိုက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး ၉ ထောင်နီးပါးလောက် အဖမ်းခံခဲ့ရပါတယ်။

    Ref: Reuters

  • ခရစ်ယာန်များတည်ရှိမှုကို အစ္စရေးအစွန်းရောက်အဖွဲ့များက ခြိမ်းခြောက်နေဟု အော်သိုဒေါ့စ် ခရစ်ယာန်အကြီးအကဲ ပြော

    ခရစ်ယာန်များတည်ရှိမှုကို အစ္စရေးအစွန်းရောက်အဖွဲ့များက ခြိမ်းခြောက်နေဟု အော်သိုဒေါ့စ် ခရစ်ယာန်အကြီးအကဲ ပြော

    ဇန်နဝါရီ ၁၀၊ ၂၀၂၂
    M-Media

    -မြင့်မြတ်ရာ ဂျေရုစလင်မြို့မှာ ခရစ်ယာန်ဘာသာဝင်တွေ တည်ရှိမှုကို အစ္စရေးမှာရှိတဲ့ ဂျူးအစွန်းရောက်အဖွဲ့တွေက ခြိမ်းခြောက်နေတယ်လို့ ဂရိအော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်ရဲ့ အကြီးအကဲ ရဟန်းမင်း သီယိုဖီလော့စ် ၃ က ပြောကြားလိုက်ပါတယ်။

    အစ္စရေးဟာ ဂျေရုစလင်အပါအဝင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့ကို ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းမှာတော့ အရှေ့ဂျေရုစလင်ကို သူတို့ပိုင်နက်ထဲ ထည့်သွင်းခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကို အသိအမှတ်မပြုပါဘူး။

    Times of London သတင်းစာမှာ စနေနေ့ကဖော်ပြတဲ့ သီယိုဖီလော့စ် ၃ ရဲ့ ဆောင်းပါးမှာ အစ္စရေးက ဂျူးအစွန်းရောက်တွေဟာ ဂျေရုစလင်မြို့ဟောင်းမှာရှိတဲ့ ခရစ်ယာန်လူ့အဖွဲ့အစည်းကို ဖယ်ရှားရေး ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ​ပြောကြားခဲ့ပါတယ်။

    “ဂျေရုစလင်မှာ ကျွန်တော်တို့ရဲ့တည်ရှိမှု ခြိမ်းခြောက်ခံနေရတယ်။ အစ္စရေးက အစွန်းရောက်အဖွဲ့အစည်းတွေဟာ ခရစ်ယာန်အသင်းတော်တွေကို ခြိမ်းခြောက်နေကြပါတယ်။ ဇိုင်ယွန်အစွန်းရောက်တွေရဲ့ လက်မှာ ဂျေရုစလင်က ခရစ်ယာန်လူ့အဖွဲ့အစည်းဟာ ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေရပါတယ်”

    ခရစ်ယာန်ဘာသာဝင်တွေဟာ အမုန်းရာဇဝတ်မှုတွေကို ခံစားနေရပြီး၊ ဘုရားကျောင်းတွေ၊ ခရစ်ယာန်တွေရဲ့ မြင့်​မြတ်ရာနေရာတွေ ပုံမှန်လိုလို တိုက်ခိုက်ဖျက်ဆီး ခံနေရကာ ခရစ်ယာန်ဘုန်းကြီးတွေလည်း ခြိမ်းခြောက်ခံနေရတယ်လို့ ရဟန်းမင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ခရစ္စမတ်မတိုင်ခင် ဂျေရုစလင်က ခရစ်ယာန်အသင်းတော်တွေ စုပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း ခရစ်ယာန်တွေဟာ အစွန်းရောက်အဖွဲ့တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ပုံမှန်လိုလို ခံစားနေရကြောင်း ဖော်ပြထားပါတယ်။

    အစ္စရေးအစိုးရ တာဝန်ရှိသူတစ်ဦးက အော်သိုဒေါ့စ်ရဟန်းမင်း သီယိုဖီလော့စ် ၃ ရဲ့ ပြောဆိုမှုဟာ မြေပြင် အခြေအနေတွေနဲ့ ကွဲပြားခြားနားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    သီယိုဖီလော့စ် ၃ က သူဝေဖန်တဲ့ အစွန်းရောက်အဖွဲ့တွေဟာ အစ္စရေးနိုင်ငံနဲ့ ဂျူးလူမျိုးတွေကို ကိုယ်စားပြုသူတွေ မဟုတ်ဘူးလို့လည်း ဆောင်းပါးမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

    Ref: Middle East Eyes

  • သွေးသောက်ညီနောင် (Godbrother) တော်ချင်သည်ဟု မြန်မာစစ်ခေါင်းဆောင်က ဟွန်ဆန်ကို ပြောခဲ့

    သွေးသောက်ညီနောင် (Godbrother) တော်ချင်သည်ဟု မြန်မာစစ်ခေါင်းဆောင်က ဟွန်ဆန်ကို ပြောခဲ့

    ဇန်နဝါရီ ၁၀၊ ၂၀၂၂
    M-Media

    -မိမိရဲ့ ‘ဂေါ့ဘရားသား’ အဖြစ် ဆောင်ရွက်ပေးဖို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောခဲ့ကြောင်း ဟွန်ဆန်အစိုးရနဲ့ နီးစပ်တဲ့ Fresh News မီဒီယာက ဖော်ပြပါတယ်။

    ဟွန်ဆန်ရဲ့ မိသားစုတွေ အခမ်းအနား​လုပ်တဲ့အခါမှာ အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံလိုတယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဟွန်ဆန်ကို ပြောကြားခဲ့ပါတယ်။

    ဇန်နဝါရီ ၇-၈ ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အာဏာသိမ်းစစ်ကောင်စီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    မြန်မာစစ်ခေါင်းဆောင်က အခုနှစ်ကုန်အထိ သက်တမ်းထပ်တိုးဖို့ စီစဉ်ထားတဲ့ အပစ်ရပ်ရေးကို ထောက်ခံတယ်ကြောင်း၊ ဒါကို ဆန့်ကျင်သူတွေဟာ စစ်ပွဲကြောင့် သေဆုံး၊ ဒဏ်ရာရမှုတွေကို တွေ့မြင်ချင်ကြသူတွေ ဖြစ်ကြောင်း ခရီးစဉ်က အပြန်မှာ ဟွန်ဆန်က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံကို သွားရောက်တာဟာ သူ ကမ္ဘောဒီးယားမှာ ကျင့်သုံးခဲ့တဲ့ အနိုင်-အနိုင် မူဝါဒကို မျှဝေဖို့ ဖြစ်ပြီး၊ ဒီမူဝါဒကြောင့် ကမ္ဘောဒီးယားမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်ခဲ့တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ် အောင်ရွက်မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်ဟာ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်သွားနိုင်တယ်ဆိုပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: UCA News, Phnompenh Post

  • အာရပ်ရိုးရာ ဂီတပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ဆော်ဒီအာရေဗျ ပြင်ဆင်

    အာရပ်ရိုးရာ ဂီတပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ဆော်ဒီအာရေဗျ ပြင်ဆင်

    ဇန်နဝါရီ ၉၊ ၂၀၂၂
    M-Media

    -ဂီတဖက်မှာ ထူးချွန်တဲ့ လူငယ်တွေကို ရှာဖွေကာ မြေတောင်မြှောက်ပေးနိုင်ဖို့အတွက် ဆော်ဒီဂီတကော်မရှင်က Bait Al-Oud လို့ခေါ်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။

    ကမ္ဘာ့ဂီတလောကမှာ Bait Al-Oud စင်တာကို အသိအမှတ်ပြုမှုတစ်ခုရအောင် လုပ်ဆောင်သွားဖို့ ဆော်ဒီ အာဏာပိုင်တွေက စီစဉ်ထားသလို ၁၁ ကြိုးတပ် အာရပ်ဗျပ်စောင်း (Oud) အပါအဝင် အာရပ်ရိုးရာ တူရိယာတွေနဲ့ ဂီတ သမိုင်းအမွေအနှစ်တွေအကြောင်း ကမ္ဘာကို ချပြသွားဖို့လည်း ရည်ရွယ်ပါတယ်။

    Bait Al-Oud စင်တာဟာ ဂီတပါရမီရှိတဲ့ ဆော်ဒီလူငယ်တွေကို အာရပ်ရိုးရာ တူရိယာတွေ ကျွမ်းကျင်ပိုင်ဆိုင်စွာ တီးခတ်လာနိုင်အောင် လေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီး ဒေသတွင်း ဂီတကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါပုံကိုလည်း သင်ကြားပေးမှာ ဖြစ်ပါတယ်။

    “Oud ဗျပ်စောင်း ဟာ အထင်ရှားဆုံး ကြိုးတပ်တူရိယာတွေထဲကတစ်ခု ဖြစ်ပါတယ်။ ‘တူရိယာတွေရဲ့ဘုရင်’ လို့ ခေါ်ဆိုပြီး သီချင်းရေးဆရာတွေဟာ ဒီဗျပ်စောင်းနဲ့ မယ်လိုဒီတွေကို ပုံဖော်ကြတာပါ” လို့ Oud ဗျပ်စောင်းပညာရှင် ဟာဆန် အစ္စကန်ဒါရာနီက ပြောပါတယ်။

    အာရပ်ရိုးရာတူရီယာတွေထဲမှာ ဗျပ်စောင်း (Oud)၊ ဗုံ (Duf)၊ တယော(Rebab)၊ နှံ (Mizmar) စတာတွေ ပါဝင်ပါတယ်။ ဒီတူရိယာတွေကို အာရပ်ဒေသ​တွေမှာသာမက အာဖရိကနဲ့ အရှေ့အာရှ၊ အလယ်အာရှ ဒေသတွေမှာပါ တွေ့မြင်နိုင်ပါတယ်။

    ဆော်ဒီအာရေဗျမှာ ဒေသတွင်း နာမည်ကျော်တဲ့ ရိုးရာ ဂီတပညာရှင်တွေ ရှိနေပြီး ဗျပ်စောင်းပညာရှင် အာဘာဒီ အလ်ဂျိုဟာရ်က အထူးထင်ရှားပါတယ်။ ဂျိုဟာရ်ဟာ ‘ဗျပ်စောင်းရေဘ၀ဲ’ လို့လည်း နာမည်ကျော်ပါတယ်။

    Ref: Arab News

  • စကြ၀ဠာအစကို လေ့လာမည့် Webb တယ်လီစကုပ်၏ ဧရာမမှန်ပြားကို အောင်မြင်စွာ ဖြန့်ချနိုင်

    စကြ၀ဠာအစကို လေ့လာမည့် Webb တယ်လီစကုပ်၏ ဧရာမမှန်ပြားကို အောင်မြင်စွာ ဖြန့်ချနိုင်

    ဇန်နဝါရီ ၉၊ ၂၀၂၂
    M-Media

    -စကြ၀ဠာကြီး စတင်ဖြစ်ပေါ်ချိန်ကို ​လေ့လာဖို့ ရည်ရွယ်လွှတ်တင်ထားတဲ့ Webb တယ်လီစကုပ်ရဲ့ ဧရာမ မှန်ပြားကို အာကာသထဲမှာ အောင်မြင်စွာ ဖြန့်ချနိုင်ခဲ့တယ်လို့ အမေရိကန် အာကာသအေဂျင်စီ နာဆာက ထုတ်ပြန်ပါတယ်။

    Webb တယ်လီစကုပ်ဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံးနဲ့ အဆင့်အမြင့်ဆုံး တယ်လီစကုပ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၇ ဘီလီယံလောက်က ဖြစ်ပေါ်ခဲ့တဲ့ ‘မဟာပေါက်ကွဲမှု’ ကြောင့် ပထမဆုံးပေါ်ထွက်လာတဲ့ ကြယ်တွေ၊ ဂလက်ဆီတွေကို လေ့လာမှာပါ။

    ဒီတယ်လီစကုပ် တပ်ဆင်ထားတဲ့ ဂြိုဟ်တုကို ဒီဇင်ဘာ ၂၅ ရက်နေ့က အာဖရိကတိုက်မှာရှိတဲ့ ပြင်သစ်ပိုင် ဂီယာနာကျွန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ပထမနှစ်ပတ်က ဧရာမမှန်ပြားကြီးကို ဖြန့်ချတဲ့အဆင့် ဖြစ်ပါတယ်။

    သတ္ထုမှာ ရွှေပြားအုပ်ထားပြီး ပန်းပွင့်ပုံစံရှိတဲ့ အဲဒီဧရာမမှန်ပြားကြီးကို ဖြန့်ချတဲ့အဆင့်ဟာ Webb တယ်လီစကုပ်ရဲ့ ရှုပ်ထွေးပြီး အန္တရာယ်ရှိတဲ့အပိုင်း ဖြစ်ပါတယ်။ မနေ့ကတော့ နာဆာရဲ့ မြေပြင်ထိန်းချုပ်ရေးစခန်းဟာ မှန်ပြားရဲ့ နောက်ဆုံးအပိုင်းကို အောင်မြင်စွာ ဖြန့်ချနိုင်ခဲ့ပါတယ်။

    “အင်မတန် စိတ်လှုပ်ရှားစရာကောင်းသလို၊ အံ့ဩစရာကောင်းတဲ့ သမိုင်းမှတ်တိုင်လည်း ဖြစ်ပါတယ်။ အခုဆိုရင် အာကာသမှာ လှပတဲ့ ​ပုံသဏ္ဍာန်တစ်ခုကို ကျွန်တော်တို့ မြင်ရပါပြီ” လို့ နာဆာရဲ့ အကြီးတန်းအင်ဂျင်နီယာ သောမတ်စ် ဇူရ်ဘူချန်က ပြောပါတယ်။

    ဧရာမမှန်​ပြား ဖြန့်ချပြီး နောက်တစ်ဆင့်ဟာ တယ်လီစကုပ်မှာရှိတဲ့ အလင်းနဲ့ သိပ္ပံဆိုင်ရာ ကိရိယာတွေ ချိန်ညှိဖို့ ဖြစ်ပါတယ်။ လေ့လာမှုတွေ စတင်လုပ်ဆောင်မယ့် သတ်မှတ်နေရာကိုရောက်ဖို့ နောက်ထပ် ၅ လခွဲ သွားရမှာဖြစ်ပါတယ်။

    Ref: Aljazeera