News @ M-Media

Blog

  • နိုဝင်ဘာရွေးကောက်ပွဲနိုင်လျှင် ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးမည်

    နိုဝင်ဘာရွေးကောက်ပွဲနိုင်လျှင် ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးမည်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    usdp

    – မြန်မာနိုင်ငံ၏ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၎င်းတို့အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရပါလျှ စစ်အာဏာရှင်များက ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးသွားမည်ဟု ယမန်နေ့တွင် ကတိပြုပြောကြားလိုက်သည်။

    အဆိုပါ အခြေခံဥပေဒမှ ဒီမိုကရေစီနည်းမကျဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြသော အငြင်းပွားဖွယ် အချက်များကို ပြုပြင်ခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုအတွက် အဓိက သော့ချက်တစ်ခု ဖြစ်နေပြီး နိုဝင်ဘာရွေးကောက်ပွဲတွင် မိမိတို့အနိုင်ရပါက လာမည့်အစိုးရသက်တမ်းအတွင်း အားလုံးပူးပေါင်းပါဝင်သော ပုံစံဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်သွားမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းက ဆိုသည်။

    “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့နဲ့ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကျွန်တော်တို့ဟာ ဖွဲ့စည်းပုံကို ပြင်ဖို့ လိုအပ်ပါတယ်။ လာမယ့် ၅ နှစ်အတွင်းမှာ တိုင်းရင်းသားတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူတွေနဲ့အတူ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ” ဟု နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပါတီအဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် ဦးတင်းနိုင်သိန်းက ပြောကြားခဲ့သည်။

    သို့သော်လည်း ၎င်း၏ပါတီက မည်သည့်အပိုဒ်များကို ပြင်ဆင်ရန် ရည်ရွယ်ထားသည်နှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိချေ။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ပြောင်းလဲခြင်းမှာ နိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စေရန် မိမိတို့၏ အာဏာရပါတီက ဆောင်ရွက်နေသည့် ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်

    Ref: RFA

  • ရှုံးပွဲမရှိ ဗီလာရီးယဲလ် ထိပ်ဆုံးရောက်လာတဲ့ လာလီဂါ ပွဲစဉ် ၆

    ရှုံးပွဲမရှိ ဗီလာရီးယဲလ် ထိပ်ဆုံးရောက်လာတဲ့ လာလီဂါ ပွဲစဉ် ၆

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    laliga 1

    – ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၆ မှာတော့ ရှုံးပွဲမရှိသေးတဲ့ ဗီလာရီးယဲလ် ထိပ်ဆုံးရောက်ခဲ့ပြီး အသင်းကြီးတွေကတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ကြပါဘူး။

    ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြပြီး ရှုံးပွဲမရှိသေးတဲ့ ဗီလာရီးယဲလ်တို့ ကစားရခက်တဲ့ အက်သလက်တီကို ကို အိမ်ကွင်းမှာအနိုင်ယူပြီး ဇယားထိပ်ကို ရောက်လာခဲ့ပါတယ်။ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ တိုက်စစ်ခံစစ် ပြောစရာမရှိခဲ့တဲ့ အိမ်ရှင်တို့ အနိုင်နဲ့ထိုက်တန်ခဲ့ပြီး၊ တစ်လုံးတည်းသော အနိုင်ဂိုးတော့ လီယို ဘက်တစ္စတာအိုက ပွဲအစ ၁၄ မိနစ်မှာ သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

    ရီးယဲလ်ရဲ့ အိမ်ကွင်း ဂိုးမရှိသရေရလဒ်ကတော့ ကံတရားကိုပဲ အပြစ်ပုံချရမှာပါ။ မာလာဂါကို တစ်ဖက်သတ်ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း မရေမတွက်နိုင်ခဲ့ဘဲ နောက်ဆုံး ၁၅ မိနစ်လောက်လည်း တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် လိုချင်တဲ့ဂိုး မရခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ မာလာဂါဂိုးသမား ကာမေနီရဲ့ အံ့ဖွယ်ကာကွယ်မှုကြောင့်လည်း ရီးယဲလ်တို့ ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပါတယ်။

    ပွဲစဉ် ၅ အထိ နိုင်ပွဲမရှိတဲ့ ယူရိုပါချန်ပီယံ ဆီးဗီးလား ဒီတစ်ပတ်မှာတော့ အိမ်ကွင်းမှာ ဗယ်လက်ကာနိုကို နောက်ကျအနိုင်ဂိုးနဲ့ ကံကောင်းစွာ နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်ဂိုးသွင်းထားနိုင်ပေမယ့် ဒုတိယပိုင်းမှာ ၂ ဂိုးပြန်ပေးခဲ့ရပြီး ဂိုးသမား ကောင်းလွန်တာကြောင့်သာ ဆီးဗီးလား အသက်ရှုချောင်ခဲ့တာပါ။ အနိုင်ဂိုးကိုတော့ ၈၆ မိနစ်မှ ရခဲ့တာဖြစ်ပါတယ်။

    ဘာစီလိုနာက laligaတန်းတက်လက်စ်ပါးလ်မက်စ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပေမယ့် ပွဲအစ ၁၀ မိနစ်မှာပဲ မက်ဆီဒဏ်ရာရကာ ပေးဆပ်မှု ကြီးမားခဲ့ပါတယ်။ ဆွာရက်ဇ်က အသင်းရတဲ့ ၂ ဂိုးစလုံးကို သွင်းပေးခဲ့ပြီး ၆၆ မိနစ်မှာ နေးမာက ပင်နယ်တီ မ၀င်ခဲ့ပါဘူး။
    လာလီဂါပွဲစဉ် ၆ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဗလင်စီယာ ၁-၀ ဂရာနာဒါ
    ဘာစီလိုနာ ၂-၁ လက်စ်ပါးလ်မက်စ်
    ရီးယဲလ် ၀-၀ မာလာဂါ
    ဗီလာရီးယဲလ် ၁-၀ အက်သလက်တီကို
    ဆီးဗီးလား ၃-၂ ဗယ်လက်ကာနို
    အိုက်ဘာ ၁-၁ ဆဲလ်တာဗီဂို
    စပို့တင်းဂီဂျွန် ၁-၂ ဘက်တစ်
    ဒီပို့တီဗို ၃-၀ အက်စပန်ညို
    ဂီတာဖေး ၃-၀ လီဗန်တေး
    ဆိုစီဒက် ၀- ၀ ဘီဘာအို

  • အာဖဂန်မြောက်ပိုင်းမြို့တော်ကို တာလီဘန်တို့ သိမ်းပိုက်

    အာဖဂန်မြောက်ပိုင်းမြို့တော်ကို တာလီဘန်တို့ သိမ်းပိုက်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    tar

    – အာဖဂန်နိုင်ငံမြောက်ပိုင်း ပြည်နယ်မြို့တော် ကန်ဒက်ဇ်ကို ရာနှင့်ချီသော တာလီဘန်များက ယမန်နေ့တွင် အရပ်မျက်နှာ ၃ ဖက်မှ ၀င်ရောက်တိုက်ခိုက်ခဲ့ကာ မြို့တော် အစိတ်အပိုင်း အများအပြားကိုလည်း သိမ်းပိုက်ခဲ့သည်။

    မြို့၏ အဓိကရင်ပြင်တွင် တာလီဘန်အလံနှင့် ပိုစတာများကို လွှင့်ထူထားပြီး၊ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနကမူ တာလီဘန်များအား တိုက်ထုတ်ရန်အတွက် အထူးတပ်ဖွဲ့ဝင်များ ပို့ဆောင်ကာ လေကြောင်းပစ်ကူများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    ကန်ဒက်ဇ်မြို့မှာ တာလီဘန်အစိုးရ အာဏာရှိစဉ်က ၎င်းတို့အဖွဲ့၏ မြောက်ပိုင်းခြေကုပ်မြို့ဖြစ်သည်။ ယခုကဲ့သို့ သိမ်းပိုက်မှုမှာ ၂၀၀၁ ခုနှစ် အမေရိကန်က အာဖဂန်အား ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တာလီဘန်တို့က နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်ခြင်းလည်းဖြစ်သည်။

    Ref: Aljazeera

  • ပျော်ပျော်ရွှင်ရွှင်လေးပေါ့

    ပျော်ပျော်ရွှင်ရွှင်လေးပေါ့

    စက်တင်ဘာ ၂၉ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    be happy
    ပြောစရာလိုမယ်တောင် မထင်ပါဘူး။ လောကမှာပျော်ချင်ကြသူတွေချည်းပေါ့။ စိတ်ညစ်စိတ်ရှုပ်ပြီး မှိုင်နိုင်နေချင်သူလို့လည်း မရှိတန်ကောင်းပါဘူး။ ဘဝရဲ့နေ့သစ်တိုင်းကို အပျော်လေးတွေနှင့်ချည်းပြည့်နေစေချင်တာ လူတိုင်းရဲ့ ဆန္ဒလို့ဆိုရမှာပါ။

    ဒါပေမယ့် လက်တွေ့ဘဝမှာတော့ အတွန်းအတိုက်၊ အတိုးအနှက်တွေကို ကံကြမ္မာဆိုတာကြီးက ဖြန့်ဝေနေတယ်။ ဒါကြောင့် ပျော်ချင်တိုင်းပျော် လို့မှ မရတာလို့ လူငယ် အများစုက ယူဆထားကြတယ်။ မှန်ပါတယ်၊ အချိန်ပြည့် တက်ကြွ ပျော်ရွှင်နေသူလို့ ဘဝမှာမရှိနိုင်ဘူးဆိုပေမယ့် အချိန်တော်တော်များများကို ကြည်နူးပျော်ရွှင်နေအောင် လုပ်ယူလို့တော့ရတယ်လို့ ပညာရှင်တွေက ဆိုမိန့်ကြတယ်။ လောကဓံရဲ့အထိုးအနှက်ကို ဥာဏ်ပါပါ တွန်းလှန်ရင်း လွတ်မြောက်မှုကို ကြိုးပမ်းနိုင်တယ်လို့လည်း ဆိုပါတယ်။ အရှိန်မပျက်လည်ပတ်နေတဲ့ ကမ္ဘာကြီးကို ဟန်ချက်နေရာကနေ ရွှေ့ပစ်လိုက်နိုင်တယ်လို့ သိပံပညာရှင်တစ်ခုရဲ့ကြုံးဝါးသံဟာ လက်တွေ့ဖြစ်လာနိုင် မဖြစ်နိုင်ဆိုတာထက်၊ ကိုယ့်ဘဝရဲ့အညှာကို ကိုင်လှုပ်ပြီး ပြောင်းလဲပစ်နိုင်တာကတော့ သူများမဟုတ်ဘူးနော်။ ကိုယ်ကိုယ်တိုင်ပဲဆိုတာတော့ ယုံထားလိုက်ပါ။ ဒါဆိုရင် ဘယ်လိုပုံစံနှင့်များ ပြောင်းလဲပစ်နိုင်ပါလိမ့်လို့ တွေးစရာရှိလာမှာ သေချာတယ်။

    အဖြေကတော့ လွယ်လွယ်ရှင်းရှင်းလေးပါ။ မှန်မှန်ကန်ကန်တွေးတောဆင်ခြင်ခြင်းပဲပေါ့။ ကိုယ့်ဘဝ အတွက် ဖြစ်သင့်တာ၊ ဖြစ်နိုင်တာ ဖြစ်ချေရှိတာတွေကို မှန်မှန်ကန်ကန်နှင့် ဦးဆုံးတွေးခေါ်ဖို့လိုတယ်။ ပြီးမှ တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်တက်လှမ်းသင့်တယ်။ ဘယ်လိုကြိုးစား ကြိုးစားဘာမှဖြစ်လာမှာ မဟုတ်ပါဘူးဆိုတဲ့ အပျက်အတွေးတွေးတာ မျိုးကိုတော့ ရှောင်မှ။ ဘာမှမလုပ်ဘဲ စိတ်ပျက်လက်ပျက်ထိုင်ငိုင်နေပြီး စိတ်ဓါတ် ကျနေတာဟာ နေ့စဉ် ဘဝကိုပျော်ရွှင်ကြည်နူးချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ကန့်လန့်ထိုက်နေတာတော့ အမှန်ပဲ။

    ကောင်းပြီ။ သင့်တော်မှန်ကန်တဲ့အတွေးတွေနဲ့ ဘဝကိုအသစ်စတင်ပြီး ကြိုးပမ်းမယ်လို့တော့ ရည်ရွယ်ရင်ပေါ့။ လူငယ်ဘဝ စိတ်မြန်လက်မြန် ရှိတယ်။ အီလေးဆွဲပြီး ထိုင်စောင့် မနေချင်တော့ဘူး။ ရေတွင်းတူးပြီးပြီဆိုတာနဲ့ ရေကြည်ရေသန့်ကို တစ်ဝကြီးသောက်ပစ် လိုက်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကိုတော့ ထိန်းရမှာဖြစ်တယ်။ သူများတကာ အမြင့်ကြီးကို လှမ်းတက်ချင်သူဟာ သူများတကာ အိပ်ကောင်းကောင်းနှင့် အနားယူနေတုန်းမှာ ဝိရီယရှိရှိ ကြိုးစားတတ်ကြတာကိုလည်း မေ့မထားသင့်ဘူး။

    တစ်ခုရှိတာက ဇွဲရှိခြင်းရဲ့တစ်ဆက်တည်း အနေနှင့် စိတ်ရှည်ကြံ့ခိုင်ခြင်းဆိုတာက ကပ်ပြီးပါနေသင့်တာမျိုး။ ဆိုလိုတာက ကိုယ့်ရဲ့ရည်မှန်းချက်ပြည့်မှီပြီး နေပျော်တဲ့ ဘဝလေးကိုပိုင်ဆိုင်ဖို့အတွက် နေ့မအား ညမနားကြိုးစားပြီး နားချိန်အားချိန်ဆိုတာ လုံးဝမရှိသင့်ဘူးလို့တော့ မဆိုလိုပါဘူး။ တစ်စိုက်မတ်မတ်ကြိုးစားခြင်းဆိုတာမှာ စိတ်ရောလူပါဖြေလျှော့ အနားယူပေးခြင်းဆိုတာ မဖြစ်မနေ လိုအပ်ချက်တစ်ခု။ဘဝမှာခက်ခဲ ပင်ပန်းမှုတွေနဲ့ချည်း ရုန်းကန်မှအောင်မြင်မှုကို ရနိုင်တယ်ဆိုတဲ့ သီအိုရီကို အရိုးစွဲကိုင် မထားသင့်ပါဘူး။ စိတ်ကြည်လင်ပေါ့ပါးမှု အပြည့်နှင့် နားချိန်၊ အားချိန်၊ အလုပ်ကြိုးစားချိန်ဆိုတာတွေကို ဟန်ချက်ညီညီရှိဖို့ကသာ အရေးကြီးဆုံးပါ။

    ယေဘုယျ သဘောပြောရရင် ကိုယ့်ရဲ့ရည်မှန်းချက်ကို အာရုံစူးစိုက်ပြီး စိတ်ဖိစီး တင်းကျပ်မှုတွေကိုဖယ်၊ ဒါမှမဟုတ် လျှော့နိုင် သလောက်လျှော့ချ၊ အပျက်အတွေးတွေဝင် မလာအောင်တားဆီး၊ ဒါတွေဟာ မဖြစ်မနေဆောင်ရွက်သင့်တဲ့ အချက်တွေပါ။ လောကဓံ ဆိုတာကတော့ သူရဲ့လုပ်ရိုးလုပ်စဉ် တာဝန်တစ်ခုအနေနဲ့ တိုက်ခိုက်ထိုးနှက်နေမှာပဲ။ ကိုယ်ကသာ ဖြစ် သင့်တာ၊ ဖြစ်ချင်တာနှင့် ဖြစ်လာနိုင်တာတွေကို ချင့်ချိန်တွေးဆတတ်ဖို့လိုတယ်။ ပြီးတော့ စိတ်ကူးယဉ် အိမ်မက်ချည်းမက်နေတာထက် ပျော်ရွှင်ကြည်နှုးစရာကောင်းတဲ့ ရွှေရောင်နေ့သစ်တွေကို တကယ်ပဲ မျှော်မှန်းပြီး လက်တွေ့ဆန်ဆန်အလုပ်နှင့် သက်သေပြရမှာပါ။

    ဘဝမှာအောင်မြင်ပျော်ရွှင်ချင်တယ်ဆိုရင်ပေါ့။ ကိုယ်မျှော်မှန်းထားတာ တစ်စုံတစ်ရာရှိတယ်။ တွေးတောကြံဆပြီး ကြိုးစားတယ်။ ဒါပေမယ့် စိတ်ထဲမှာသိပ်ပြီး မယုံရဲသလိုဖြစ်နေတာမျိုးဆိုရင်တော့ ကိုယ့်ကိုကိုယ်ဆန်းစစ်ဖို့လိုလာပြီ။ အထူးသဖြင့်တော့ ငယ်ဘဝမှာ မိဘ (အထူးသဖြင့် ဘိုးဘွားတွေက) စိုးရိမ်တကြီးနဲ့ ဟန့်တားခဲ့တာတွေ များတာပဲဖြစ်ဖြစ် “ဟိုမလုပ်နဲ့” “ဒါလုပ်ပါလား” တွေနှင့် တရစပ်ကြားနာပြီး ကြီးပြင်းလာရသူတွေမှာ ဝေခွဲမရ၊ မရေမရာစိတ်တွေဖြစ်လေ့ရှိတယ်။ ဒီတော့ ကိုယ့်ရည်မှန်းချက်ကို ပြည့်မြောက်ဖို့ ကြိုးစားတယ်။ စိတ်ကူးတိုင်းဖြစ်ပါ့မလားဆိုပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြန်ရော။ အဲဒီအကျင့်ကို အရင်ဆုံးဖျောက်ပစ်ဖို့ကလည်း သူများအကူအညီယူစရာမလိုပါဘူး။ ကိုယ်တိုင်ကပဲ စိတ်ဓ်ာနှင့်အမြင်ကိုပြောင်းလဲပစ်နိုင်တာပါ။ ဒါဟာကိုယ့်ဘဝအတွက် အဆင်ပြေချောမွေ့ပြီး ကြည်နှုးစရာနေ့ရက်တွေကို ပိုင်ဆိုင်လာနိုင်တဲ့ အခွင့်အကောင်းတစ်ရပ်လို့ပဲလို့ အသေအချာ သဘောပေါက် လက်ခံလိုက်ရင် ကိုယ့်စိတ်ဓာတ်ကိုအခြေခံဖို့ အဲဒီအခါ တစ်စုံတစ်ယောက်ဆီက ဘာအခွင့်အရေးကောင်းတွေ၊ ဘာအကူအညီတွေများ ရပါ့မလဲ၊ အဲဒါတွေရလာရင်တော့ ပျော်ရွှင်တဲ့ဘဝလေးတစ်ခု ရတန်ကောင်းရဲ့ဆိုတဲ့ အတွေးတွေရှိမလာနိုင်တော့ဘူး။

    လက်တွေ့ကြိုးစားမှုနှင့် တစ်ထပ်တည်းလိုက်နေတာက သင့်တော်မှန်ကန်တဲ့ကိုယ့်ရဲ့စိတ်ဓာတ် ဆိုတာ မေ့မထားပါနှင့်။ ဖြစ်ချင်တာတွေ အတွက် (စိတ်ဓာတ်မကျဘဲနှင့်) ဖြစ်သင့်တာတွေကို တစ်နေ့ချင်းဖြည်းဖြည်းမှန်မှန်  ကြိုးစားသွားဖို့ စိတ်ကူးမယ် ဆိုရင် ပျော်ရွှင်အောင်မြင်မှု ဆိုတာ ကိုယ့်ရဲ့အဝေးကြီးမှာ မဟုတ်။ လက်တစ်ကမ်းတင်ပါပဲ။ အရေးကြီးတာက ခိုင်ခိုင်မာမာ ယုံကြည်မှုရှိရမယ်။ အတွေးအခေါ်မှန်ကန်ပြီး တစ်စိုက်မတ်မတ် ကြိုးစားဖို့ပါပဲ။ ကောက်ရိုးမီး အားထုတ်မှုမျိုးကတော့ ကိုယ့်ဘဝရဲ့ ရည်မှန်းချက်နှင့် ဝေးသည်ထက်ဝေးအောင် တွန်းပို့နေမှာပါဆိုတဲ့အကြောင်း။

    နှင်းဆီခင်

  • အင်္ဂါဂြိုဟ်တွင် ရေတွေ့ပြီ

    အင်္ဂါဂြိုဟ်တွင် ရေတွေ့ပြီ

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    mars

    – အင်္ဂါဂြိုဟ်၏ မျက်နှာပြင်တွင် အရည်အခြေအနေရှိသော ဆားငန်ရေ ရှိနေသည်ဟု နာဆာက ယမန်နေ့တွင် ကြေငြာခဲ့ပြီး ထိုတွေ့ရှိမှုက ဂြိုဟ်နီကြီးအတွင်း သက်ရှိများရှိနိုင်သည့် အလားအလာကို ဖော်ပြခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက ထည့်သွင်းပြောကြားခဲ့သည်။

    အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် တွေ့ရှိရသည့် မည်းနက်ပြီး၊ ကျဉ်းမြောင်းကာ ရှယ်လျားသွယ်တန်းသော အမြှောင်းတန်းများကို နာဆာနှင့် အမေရိကန်တက္ကသိုလ်များမှ သိပ္ပံပညာရှင်များက လေ့လာခဲ့ပြီးနောက် ထိုသမိုင်းဝင်တွေ့ရှိမှုကို ကြေငြာနိုင်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ အမြှောင်းတန်းများမှာ အင်္ဂါဂြိုဟ်၏ နွေရာသီများတွင် အပေါ်မှ အောက်သို့ လျောဆင်းသွားသည့် သဏ္ဍာန်ဖြင့် ထင်ထင်ရှားရှားပေါ်လာသည်ကို စူးစမ်းလေ့လာမှုများအရ တွေ့ခဲ့ရသည်။

    နာဆာမှ သိပ္ပံပညာရှင်များက ရေစိမ့်ထွက်ခြင်း၊ သို့မဟုတ် အားနည်းသည့် ရေစီးကြောင်းကြောင့် ထိုအမြှောင်တန်းများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကမ္ဘာမြေ မျက်နှာပြင်တွင် ရေစီးသည့်အခါ ဖြစ်ပေါ်လာသည့် ပုံသဏ္ဍာန်၊ အနားသတ်များနှင့် တူညီသည်ဟု ပြောကြားခဲ့သည်။

    အင်္ဂါဂြိုဟ်၌ ရေရှိသည်ဆိုသော သီအိုရီအား ၂၀၁၁ ခုနှစ်က အရီဇိုးနားတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ လူဂျန်ဒရာ အို့ဂ်ျဟာက ဂြိုဟ်အတွင်းမှ မည်းနက်ပြီး လက်ချောင်းပုံသဏ္ဍာန်ရှိသည့် အရာများကို လေ့လာပြီးနောက် ပထမဆုံး ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ယခုအချိန်တွင် ဂျော်ဂျီယာနည်းပညာတက္ကသိုလ်၌ ပီအိက်ခ်ျဒီဘွဲ့ တက်ရောက်နေပြီး ယခု လေ့လာမှုအား ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

    ထိုကဲ့သို့ ရေအား အရည်အခြေအနေဖြင့် တွေ့ရခြင်းမှာ ကြီးမာသော ခြေလှမ်းတစ်ခုလည်းဖြစ်သည်။

    “ရေဟာ အသက်ဖြစ်ဖို့အတွက် အရေးပါတဲ့အရာလို့ ကျွန်တော်တို့ သိထားတယ်။ ဒါ့ကြောင့် ရေကိုတွေ့တယ်ဆိုတာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ။ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမဆို ရေရှိပြီဆိုရင် သက်ရှိ ရှိနေပါတယ်။ ဒါပေမယ့် အင်္ဂါဂြိုဟ်ပေါ်မှာတော့ ဒါက မှန်ချင်မှ မှန်မှာပါ” ဟု လေ့လာမှုတွင် ပါဝင်ခဲ့သူ အဇီဇိုးနားတက္ကသိုလ်မှ ပထ၀ီပါမောက္ခ အလဲလ်ဖရဒ် မက်ခ် အီဝမ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုရေ၏ ဆားအလွန်ငံခြင်းနှင့် ဂြိုဟ်ပေါ်မှ ဓာတ်ရောင်ခြည်များကြောင့် သက်ရှိများ ပေါက်ဖွားရန် မဖြစ်နိုင်ကြောင်း၊ ရေတွေ့ရှိခြင်းမှာ ပထမအဆင့်ဖြစ်ပြီး အနာဂတ်တွင် ထိုဒေသများ၌ သက်ရှိကို ရှာဖွေရန် စူစမ်းရမည်ဖြစ်ကြောင်း၊ အင်္ဂါဂြိုတွင် သက်ရှိများရှိပါက ထိုသက်ရှိများမှာ မိုက်ခရုဘ်ပိုးမွှားများပင် ဖြစ်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera