News @ M-Media

Blog

  • လေယာဉ်စက်သုံးဆီ ဖြန့်ဖြူးမှုကို မြန်မာအစိုးရက စင်ကာပူကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်

    လေယာဉ်စက်သုံးဆီ ဖြန့်ဖြူးမှုကို မြန်မာအစိုးရက စင်ကာပူကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်

    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    – မြန်မာနိုင်ငံအတွင်းရှိ လေဆိပ်များသို့ လေယာဉ်စက်သုံးဆီ ဖြန့်ဖြူးရောင်းချရန်အတွက် နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းလုပ်ငန်း MPPE နှင့် Puma Energy Group Pte လိမိတက်တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။

    ခရီးသွားများ ရောက်ရှိမှု တစ်ဟုန်ထိုး မြင့်တက်လာပြီး လေဆိပ်အသစ်များက ၀ယ်လိုအား တက်လာသည့်အချိန်တွင် လေယာဉ်စက်သုံးဆီများ ပိုမိုဖြန့်ဖြူးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် MPPE မှာ ဇကာတင် ကုမ္ပဏီ ၄ ခုမှ Puma Energy ကို ပြီးခဲ့သည့်နှစ်တွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    စင်ကာပူအခြေစိုက်ဖြစ်သော အဆိုပါကုမ္ပဏီနှင့် MPPE တို့မှာ ယမန်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    သဘောတူညီချက်အရ လုပ်ငန်းနှစ်ခုမှာ National Energy Puma Aviation Services အမည်ဖြင့် ကုမ္ပဏီ အသစ်တစ်ခုကို ထူထောင်ကာ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး MPPE က လက်မှတ်ထိုးကြေးအဖြစ် ကန်ဒေါ်လာ သန်း ၂၀ ရရှိခဲ့သည်။

    ကုမ္ပဏီအသစ်တွင် အသုံးပြုမည့် စက်ကိရိယာများအတွက် MPPE က ကန်ဒေါ်လာ ၂၆ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး Puma Energy က ကန်ဒေါ်လာ ၅၁ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

    လက်ရှိတွင် MPPE မှာ နိုင်ငံအတွင်း လေယာဉ်စက်သုံးဆီကို တစ်ဦးတည်း ဖြန့်ဖြူးသူဖြစ်ပြီး နှစ်စဉ် လေဆိပ် ၁၁ ခုသို့ စက်သုံးဆီ ဂါလံ ၂၉ သန်း ဖြန့်ဖြူးပေးပို့လျက် ရှိနေသည်။

    Puma Energy မှာ နိုင်ငံပေါင်း ၄၀ တွင် စွမ်းအင်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်နေပြီး ၎င်းတို့၏ တန်ဖိုးမှာ ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၃.၄ ဘီလီယံအထိ ရှိနေသည်ဟု ကုမ္ပဏီ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထိုကုမ္ပဏီမှာ နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်ပေါင်း ၄၇ ခုသို့ စက်သုံးဆီ ဖြန့်ဖြူးပေးလျက် ရှိသည်။

    မြန်မာနိုင်ငံ၏ လေဆိပ်သုံးခုဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များတွင် လေယာဉ်စက်သုံးဆီ ၀ယ်လိုအားမှာ အလျင်အမြန် မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။ အရပ်သားတစ်ပိုင်းအစိုးရ ၂၀၁၁ ခုနှစ်တွင် အာဏာရပြီးနောက် နိုင်ငံခြားခရီးသွားများ ရောက်ရှိလာမှုမှာ တစ်ဖြည်းဖြည်းဖြင့် တိုးတက်လာခဲ့သည်။

    လေယာဉ်စက်သုံးဆီ တင်သွင်းမှုမှာလည်း မြင့်တက်လာခဲ့ပြီး ၂၀၁၀-၁၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁.၉၂ ဘီလီယံဖိုး၊ ၂၀၁၃-၁၄ တွင် ကန်ဒေါ်လာ ၂.၃ သန်းဖိုး အသီးသီး ရှိခဲ့ရာမှ ၂၀၁၄-၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၂.၄၄ ဘီလီယံဖိုး ရှိလာခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်မှုများအရ သိရသည်။

    Ref: Reuterss

  • ခရိုင်းမီးယားတွင် ဗလီဝတ်ကျောင်းတော်တစ်လုံး စတင်ဆောက်လုပ်

    ခရိုင်းမီးယားတွင် ဗလီဝတ်ကျောင်းတော်တစ်လုံး စတင်ဆောက်လုပ်

    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    mos
    ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းတော် ဒီဇိုင်း

    – ရုရှား၏ အုပ်ချုပ်မှုအောက် ရောက်နေသည့် ခရိုင်းမီးယားကျွန်းဆွယ် မြို့တော် ဆင်ဖီရိုပိုလ်တွင် ဗလီဝတ်ကျောင်းတော် တစ်လုံးကို ယမန်နေ့က စတင် အုတ်မြစ်ချ ဆောက်လုပ်ခဲ့သည်ဟု ကျွန်းဆွယ် အုပ်ချုပ်ရေး အကြီးအကဲ ဆာဂျီ အက်စ်ယိုနော့ဗ်က ပြောကြားခဲ့သည်။

    ထိုဗလီဝတ်ကျောင်းတော်ကို အကျယ်အ၀န်း ၂.၇ ဟက်တာရှိသည့် မြေနေရာတွင် ဆောက်လုပ်မည်ဖြစ်ကာ ၄၉ မီတာရှိသည့် မင်နာရတ် ၄ ခု ပါဝင်ဖြစ်သည်။ ထို့ပြင် ၁၈ မီတာအချင်းရှိမည့် အမိုးခုံးတစ်ခုလည်း ထည့်သွင်းမည်ဖြစ်ပြီး တန်ဖိုးရှိ ကျောက်တုံးများဖြင့် ဆင်ယင် ချယ်သသွားရန် ရှိနေသည်။

    ထိုကဲ့သို့ ဆောက်လုပ်မှုကို “ခရိုင်းမီးယားဒေသ တည်ငြိမ်မှု၊ တိုင်းရင်းသားလူမျိုးများအတွင်း ငြိမ်းချမ်းမှုနှင့် ညီညွတ်မှုကို ပြသသည့် ပြယုဂ်တစ်ခုဖြစ်သည်ဟု အက်စ်ယိုနော့ဗ်က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အဓိက အလုပ်က ဒေသတွင်းမှာရှိတဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအတွက် လေစားသမှုကို ဆက်လက်ထိန်းသိမ်းဖို့ပါပဲ”

    ခရိုင်းမီးယားဒေသတွင်း အစ္စလာမ်ဘာသာဝင်များမှာ အဆိုပါ ဗလီဝတ်ကျောင်းတော်အတွက် ၁၂ နှစ်ကြာ ဆောက်လုပ်ခွင့် တောင်းခံခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်မှု လုပ်ငန်းများမှာ ရုရှားရူဘယ် ၂ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ရုရှားနှင့် တူရကီအစိုးရတို့က ရန်ပုံငွေထောက်ပံ့ပေးသည်။ ဆောက်လုပ်ပြီးပါက ၀တ်ပြုသူပေါင်း ၄၀၀၀ ၀န်းကျင် ၀င်ဆန့်နိုင်မည်ဖြစ်သည်။

    အက်စ်ယိုနော့ဗ်ကမူ ထိုဗလီဝတ်ကျောင်းတော်မှာ ဆင်ဖီရိုပိုလ်နှင့် ခရိုင်းမီးယားကျွန်းဆွယ် တစ်ခုလုံးကို ပိုမို လှပသွားစေမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ခရိုင်းမီးယားဒေသတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ အများစုမှာ ကျွန်းဆွယ်အား ၁၃ ရာစုတွင် ထူထောင်ခဲ့ကြသည့် တူရကီအနွယ်ဝင် တာတာလူမျိုးများ ဖြစ်ကြပြီး ၂၀၀၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ တာတာလူမျိုးများမှာ ခရိုင်းမီးယားလူဦးရေ၏ ၁၂.၁ ရာခိုင်နှုန်း ရှိသည်။

    Ref: RT, Interfax

  • အသင်းသားများမှာ နည်းစနစ်သစ်နှင့် အသားကျသွားပြီဟု မန်ယူကွင်းလယ်လူ ပြော

    အသင်းသားများမှာ နည်းစနစ်သစ်နှင့် အသားကျသွားပြီဟု မန်ယူကွင်းလယ်လူ ပြော

    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    mu

    – မန်ယူအသင်းသားများမှာ နည်းပြဗန်ဂါးလ်၏ နည်းစနစ်များနှင့် လေ့ကျင်မှုနည်းလမ်းများကို ယခုအချိန်တွင် အသားကျသွားပြီဟု ကွင်းလယ်လူမာတာက ပြောကြားလိုက်သည်။

    ဗန်ဂါးလ်မှာ ပြီးခဲ့သည့်နှစ်က ဒေးဗစ်မိုယက်စ်၏လက်မှ အသင်းအား လွှဲပြောင်းယူခဲ့ခြင်းဖြစ်ပြီး ရာသီအစ ၁၀ ပွဲတွင် ၁၃ မှတ်သာ ရရှိကာ ၁၉၈၆-၈၇ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး ရာသီအဖွင့်ကို ကြုံတွေ့ခဲ့ရသည်။ ရာသီပြီးဆုံးချိန်တွင်မူ မန်ယူမှာ အဆင့် ၄ နေရာတွင် ရပ်တည်ခဲ့သည်။

    ယခုနှစ်တွင် ဗန်ဂါးလ်၏ မန်ယူအသင်းမှာ မန်စီးတီး၏ နောက် ၂ မှတ်အကွာ ဒုတိယနေရာဖြင့် ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။ အသင်းသားများနှင့် ဗန်ဂါလ်းတို့အကြား မကျေလည်မှုများ ရှိနေသည်ဟု မကြာသေးခင်က သတင်းများ ထွက်လာခဲ့သော်လည်း မာတာကမူ အသင်းမှာ နည်းပြနှင့် အစေးကပ်သွားပြီဟု ဆိုသည်။

    “နည်ပြတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် လုပ်ပုံကိုင်ပုံတွေ ရှိပါတယ်။ သူက အခြား ဘယ်နည်းပြနဲ့မှ မတူပါဘူး။ သူစရောက်တုန်းက အစပိုင်းမှာ နည်းနည်း ကသီမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ အချိန်လို့ထင်ပြီး၊ အစည်းအဝေးတွေ၊ လေ့ကျင့်မှုတွေ၊ ပွဲတွေကနေတစ်ဆင့် နည်းစနစ်ပိုင်းကို အသားကျအောင် လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဒုတိယနှစ်မှာတော့ ပုံမှန်လိုဖြစ်သွားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ပိုပြီး နားလည်လာပါတယ်။ နည်းပြနဲ့တင်မဟုတ်ပါဘူး။ ကွင်းထဲက တစ်သင်းလုံးနဲ့ပါပဲ” ဟု မာတာက
    ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ ပြီးခဲ့သည့်ရာသီကထက် ပို၍ အတူတကွ ရှိနေသောကြောင့် ပိုကောင်းလာသည်မှာ ဓမ္မတာပင်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မိမိတို့မှာ ပိုမိုတိုးတက်ချင်ကြောင်း မာတာက ထပ်လောင်းပြောကြားခဲ့သည်။ မန်ယူမှာ ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် အဝေးကွင်း၌ ဆန်းဒါးလန်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: Goal

  • ပိုလီယိုဖြစ်ပွားသည့် နိုင်ငံစာရင်းမှ နိုက်ဂျီးရီးယားကို ပယ်ဖျက်

    ပိုလီယိုဖြစ်ပွားသည့် နိုင်ငံစာရင်းမှ နိုက်ဂျီးရီးယားကို ပယ်ဖျက်

    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    nig

    – နိုက်ဂျီးရီးယားနိုင်ငံအား ပိုလီယိုဖြစ်လေ့ရှိသော နိုင်ငံများစာရင်းမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယမန်နေ့တွင် ဖယ်ရှားလိုက်ပြီး ထိုသမိုင်းဝင်အောင်မြင်မှုအတွက်လည်း ချီးကျူးပြောဆိုခဲ့သည်။

    အာဖရိက၏ လူဦးရေအများဆုံး နိုက်ဂျီးရီးယားတွင် လွန်ခဲ့သည့်တစ်နှစ်ကျော်က ပိုလီယိုရောဂါဖြစ်ပွားမှုတစ်ကြိမ် ရှိခဲ့ပြီး နောက်ပိုင်း နောက်ထပ် ဖြစ်ပွားခြင်း မရှိတော့ပေ။

    နယူးယောက်မြို့၌ ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ပိုလီယိုရောဂါ အမြတ်ဖြတ်ရေး ဆောင်ရွက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးတွင် WHO က ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ပိုလီယိုဖြစ်ပွားသော နိုင်ငံများစာရင်းတွင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သာ ကျန်ရှိတော့သည်။

    “ပိုလီယိုဗိုင်းရပ်စ် ပြန့်နှံ့ခြင်းကို နိုက်ဂျီးရီးယားက ရပ်တန့်နိုင်တာ ဒါဟာ ပထမဆုံး အကြိမ်ပါပဲ။ ဒါက နိုက်ဂျီးရီးယားနဲ့ အာဖရိကဒေသကို ပိုလီယိုကင်းစင်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ပိုပြီး နီးကပ်လာတာ ဖြစ်ပါတယ်” ဟု WHO မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    နိုက်ဂျီးရီးယား၌ နောက်ဆုံးဖြစ်ပွားခဲ့သည့် ပိုလီယိုရောဂါမှာ နိုင်ငံမြောက်ပိုင်း ကာနိုပြည်နယ်ရှိ ဆူမိုင်လာခရိုင်တွင် ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ပိုလီယိုဖြစ်လေ့ဖြစ်ထရှိသော နိုင်ငံများစာရင်းမှ ပယ်ဖျက်ရန်အတွက် နိုင်ငံတစ်နိုင်ငံမှာ ရောဂါဖြစ်ပွားမှုမှ ၁၂ လကြာ ကင်းစင်ရမည်ဖြစ်ပြီး၊ ၃ နှစ်တာ ပိုလီယိုရောဂါ ဖြစ်ပွားခြင်း မရှိပါက ရောဂါကင်းစင်နယ်မြေအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

    WHO က နိုက်ဂျီးရီးယားနိုင်ငံအတွင်းရှိ ဓာတ်ခွဲခန်းအားလုံး၏ အချက်အလက်များအရ နိုင်ငံအတွင်း လွန်ခဲ့သည့် ၁၂ လတာကာလ၌ ပိုလီယိုရောဂါဖြစ်ပွားမှု မရှိသည်မှာ သေချာသည်ဟု ဆိုသည်။

    ယခုကဲ့သို့ ကြေငြာမှုမှာ ကမ္ဘာ့တစ်ဝှမ်း ပိုလီယိုရောဂါတိုက်ဖျက်ရေး ဆောင်ရွက်မှုအတွက် နောက်ဆုံး ထွက်ပေါ်လာသည့် သတင်းကောင်းဖြစ်သည်။ ပိုလီယိုရောဂါမှာ ညံ့ဖျင်းသည့် မိလ္လာစနစ်နှင့် ရေဆိုးများကြောင့် ပြန့်နှံ့ခြင်းဖြစ်ပြီး ကုသ၍မရသည့် မသန်စွမ်းအခြေအနေမျိုး ဖြစ်ပွားနိုင်သည်။ ၅ နှစ်အောက် ကလေးငယ်များတွင် ပိုလီယိုရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများသည်။

    ဆိုမာလီယာတွင် ပိုလီယိုရောဂါဖြစ်ပွားမှု မရှိခြင်းမှာ သြဂုတ်လ ၁၂ ရက်နေ့က တစ်နှစ်ပြည့်သွားခဲ့ပြီး အာဖရိကတိုက်အတွင်း ပိုလီယိုရောဂါ အဆုံးသတ်ရေး မျှော်လင့်ချက်မှာ မြင့်တက်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ကွာဟချက်များလည်း ရှိနေပြီး အထူးသဖြင့် သွားရောက်ရန်ခက်ခဲသည့် နေရာများတွင် ဖြစ်သည်။ ထို့ကြောင့် အာဖရိကတိုက်အတွင်း ပိုလီယိုရောဂါ လုံးဝ ကင်းစင်ရေးမှာ နှောင့်နှေးနိုင်ဖွယ် ရှိနေသည်။

    ၂၀၁၅ ခုနှစ်အတွင်း ပိုလီယိုရောဂါကူးစက်မှု ၄၁ မှု ဖြစ်ပွားခဲ့ပြီး ၃၂ ခုမှာ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် ဖြစ်သည်။

    Ref: Channelnewsasia

  • အခွန်ရှောင်မှုအတွက် ဘရာဇီးလ်ရှိ နေးမာ၏ ပိုင်ဆိုင်မှုများ အသိမ်းခံရ

    အခွန်ရှောင်မှုအတွက် ဘရာဇီးလ်ရှိ နေးမာ၏ ပိုင်ဆိုင်မှုများ အသိမ်းခံရ

    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    neymar

    – စပိန်သို့ပြောင်းရွှေ့ခြင်းမပြုမီ အခွန်ရှောင်လွှဲခဲ့မှုနှင့် ပတ်သက်၍ ပေါင် ၃၃.၁ သန်းရှိ နေးမာ၏ ပိုင်ဆိုင်မှုများကို ဘရာဇီးလ်တရားရုံးတစ်ခုက သိမ်းဆည်းလိုက်သည်ဟု သိရသည်။

    ဆော်ပေါ်လိုမြို့ ဖက်ဒရယ်တရားရုံးမှ ဖြစ်ပြီး နေးမာမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အခွန်ငွေ ဘရာဇီးရီယဲလ် ၆၃ သန်း (ပေါင် ၁၀.၅ သန်း) ကို ရှောင်လွှဲခဲ့သည်ဟု ပြောကြားခဲ့သည်။

    တရားသူကြီး ကားလို့စ် မူတာက ထုတ်ပြန်သည့် အမှုတွဲတွင် ၀င်ငွေကြေငြာမှုနှင့် ပတ်သက်၍ နေးမာတစ်ဦးတည်းသာ တာဝန်ရှိပြီး၊ ၎င်းမှာ ဘရာဇီးလ်ရီယဲလ် ၁၉.၅ သန်း (ပေါင် ၃.၂ သန်း) တန်ဖိုးရှိ ပိုင်ဆိုင်မှုများကိုသာ အစိုးရသို့ တင်ပြခဲ့သည်ဟု ဆိုသည်။

    နေးမာ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းမှုနှင့်ပတ်သက်၍ ရှင်းပြထားသော တရားသူကြီး၏ အမိန့်စာတွင် သိမ်းဆည်မှုပမာဏမှာ အခွန်ရှောင်သည့် ပမာဏထက် ပိုမိုသာလွန်နေသည်ကို တွေ့ရှိခဲ့ရသည်။

    သိမ်းဆည်းခဲ့သည့် ပစ္စည်းများတွင် နေးမာ တစ်ကိုယ်ရည်ပိုင်ဆိုင်သော နေအိမ်၊ ကာများ၊ ဖခင်နှင့်အတူ နေးမာပိုင်ဆိုင်သည့် ကုမ္ပဏီ ၃ ခုတို့ ပါဝင်သည်။ သို့သော်လည်း နေးမာမှာ ဘဏ်အကောင့်များနှင့် လက်ဝယ်ပိုင်ဆိုင်ထားသည့် ငွေသားများကိုမူ အသုံးပြုခွင့်ရမည်ဖြစ်သည်။

    Ref: Goal