စက်တင်ဘာ ၂၄၊ ၂၀၁၅
M-Media

– လူ့သမိုင်းတစ်လျှောက်တွင် အရေးပါဆုံးဖြစ်သည့် ယခုအချိန်တွင် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အမေရိကန်သမ္မတ အိုဘားမားအား တိုက်တွန်းပြောကြားလိုက်ပြီး အမေရိကန်များအနေဖြင့် စစ်မှန်သည့် သည်းခံမှုရှိကာ အားလုံး ပူးပေါင်းပါဝင်သော လူ့အဖွဲ့အစည်းတစ်ခု ထူထောင်ရန်လည်း ဆော်သြခဲ့သည်။
အမေရိကန်သို့ ပထမဆုံးလာရောက်သည့် ပုပ်ရဟန်းမင်းကြီးအား ယမန်နေ့က အိမ်ဖြူတော်တွင် ကြိုဆိုသည့် အခမ်းအနား မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး လေထုညစ်ငြမ်းမှုကို လျှော့ချရေး သမ္မတအိုဘားမား၏ အားထုတ်မှုများကိုလည်း ချီးကျူးခဲ့သည်။
ထိုအခမ်းအနားသို့ တက်ရောက်သူပေါင်း ၁၅၀၀၀ ခန့် ရှိခဲ့ပြီး သမ္မတအိုဘားမားက ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးမှာ ၎င်း၏ မိန့်ခွန်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။
အမေရိကန်၏ အကျော်ကြားဆုံး လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းကို ပုပ်ရဟန်းမင်းကြီးက ချီးကျူးခဲ့သည်။ အရင်းရှင်ဝါဒ၏ အမြတ်ထုတ်မှုများကြောင့် ကမ္ဘာ့ဆင်းရဲသူ၊ ဆင်းရဲသားများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာရမှုအတွက် မကြာခဏ ဝေဖန်လေ့ရှိသည့် ပုပ်ရဟန်းမင်းကြီးမှာ ယခုနှစ်အတွင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ရာသီဥတု ပြောင်းလဲမှုအတွက် အလျင်အမြန်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
ကြိုဆိုသည့် အခမ်းအနားပြီးနောက် အိုဘားမားနှင့် ပုပ်ရဟန်းမင်းကြီးတို့မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရာသီဥတုပြောင်းလဲမှုနှင့် ဆင်းရဲသားများအား ကာကွယ်ပေးရေးတို့ကဲ့သို့ ပြဿနာများတွင် ၎င်းတို့နှစ်ဦးမှာ တူညီသော သဘောထားများ ရှိသော်လည်း ကလေးဖျက်ချခွင့် အခွင့်အရေးနှင့် လိင်တူလက်ထပ်မှုများတွင်မူ ကွဲလွဲခဲ့ကြသည်။
“အမေရိကန်က ကက်သလစ် ဘာသာဝင်တွေဟာ စစ်မှန်တဲ့၊ သည်းခံမှုရှိပြီး အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့၊ လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်း တစ်ခုချင်းစီရဲ့ အခွင့်အရေးကို ရပ်တည်ကာကွယ်ပေးဖို့၊ ပြီးတော့ တရားမဲ့တဲ့ ခွဲခြားဆက်ဆံမှုတိုင်းကို ဆန့်ကျင်ဖို့ တာဝန်ရှိပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
အမေရိကန်တွင် ၆ ရက်တာ နေထိုင်မည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှာ ဖီလာဒဲလ်ဖီးယားပြည်နယ်သို့ သွားရောက်၍ ကက်သလစ်ဘာသာဝင်များနှင့် တွေ့ဆုံရန် ရှိနေသည်။
Ref: Channelnewsasia