စက်တင်ဘာ ၂၆၊ ၂၀၁၅
M-Media
သီရိလင်္ကာ မြေပြိုမှု လူ ၇ ဦးသေဆုံး
………………….
သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် ၂ နှစ်သားကလေးငယ် အပါအ၀င် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကာ ၁၈၀ မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု The Hindu သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။ ထို့ပြင် မြို့အတွင်းရှိ အဓိကလမ်မများမှာလည်း ရေမြုပ်ခဲ့သည်။ သီရိလင်္ကာတွင် မေလမှ နိုဝင်ဘာလအထိ ကျရောက်သော မိုးတွင်းကာလ၌ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိပြီး ပြီးခဲ့သည့်နှစ်အတွင်း ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီး အနည်း ၃၀၀ ပျောက်ဆုံးခဲ့သည်။
မက္ကဆီကိုတွင် ကျောင်းသားများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်
…………………………..
မက္ကဆီကိုရှိ မူးယစ်ဂိုဏ်များကြီးစိုးရာ အီဂွလာမြို့၌ တက္ကသိုလ်ကျောင်းသား ၄၃ ဦး ပျောက်ဆုံးသွားခဲ့သည့် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်ရန် ကျောင်းသားများက ဘတ်စ်ကားများဖြင့် မြို့တော်သို့ ချီတက်လာစဉ် မက္ကဆီကိုရဲတပ်ဖွဲ့ဝင်များက တားမြစ်သောကြောင့် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြကြသည်။ ဒဏ်ရာရရှိသူများတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ခြင်း မရှိပေ။
ဘာကီနာဖာဆို အာဏာသိမ်းခေါင်းဆောင်၏ ပိုင်ဆိုင်မှုများ အသိမ်းခံရ
……………………..
ပြီးခဲ့သည့်တစ်ပတ်က ခေတ္တအစိုးရမှ သမ္မတနှင့် ၀န်ကြီးချုပ်တို့ကို ဖမ်းဆီးကာ မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်ခဲ့သည့် ဘာကီနာဖာဆို သမ္မတအထူးအစောင့်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဂီလ်ဘာ့တ် ဒီရန်ဒီရီ အပါအ၀င် အာဏာသိမ်းမှုနှင့် ဆက်စပ်သည်ဟု ယူဆရသော သံသယရှိသူ အခြား ၁၃ ဦး၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်သည်ဟု တရားသူကြီးချုပ်က နေ့တွင် ကြေငြာခဲ့သည်။ သမ္မတ ပြန်ဖြစ်လာသည့် မိုက်ကယ် ကာဖန်ဒိုမှာ လုံခြုံရေးအကြီးအကဲကိုလည်း ယနေ့တွင် ရာထူးမှ
ထုတ်ပယ်လိုက်ပြီး အာဏာသိမ်းမှုအတွက် တာဝန်ရှိသူများကို ဖော်ထုတ်ရန် ကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။
Ref: News Agencies







