News @ M-Media

Blog

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၃၊ ၂၀၁၅)

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    ဂရိဝန်ကြီးချုပ် ကျမ်းသစ္စာကျိန်ဆို
    ……………………..
    နိုင်ငံ၏ အကြွေးပြဿနာ ဖြေရှင်းရေး ဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ပြီးခဲ့သည့် တနင်္ဂနွေ ရွေးကောက်ပွဲတွင် ပြန်လည် အနိုင်ရရှိခဲ့သည့် ဂရိဝန်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်မှာ အစိုးရသစ်အတွက် ယနေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ၎င်း၏ ၀န်ကြီးအဖွဲ့များတွင်လည်း မျက်နှာသစ်များ အများပြား ပါဝင်ခဲ့သည်။ ၎င်း၏ စီးပွားရေးအဖွဲ့တွင် တီစီပရက်စ်မှာ အကြွေးပြဿနာ ညှိနှိုင်းဆွေးနွေးခဲ့သူ နှစ်ဦးကို အကြီးအကဲဖြစ် ခန့်အပ်ခဲ့သည်။

    အမေရိကန်-တရုတ် ဆက်ဆံရေး ပုံစံသစ်ဖြစ်ရန် ဇီဂျင်ပင်း တောင်းဆို
    …………………………….
    မိမိတို့နှစ်နိုင်ငံ၏ မဟာဗျူဟာ သဘောထားများကို ပိုမိုနားလည်ရန် ဆောင်ရွက်ရမည်ဟု တရုတ်သမ္မတ ဇီဂျင်ပင်းက ဆီယက်တဲတွင်၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပြီး ပိုမိုနားလည်၍ သံသယနည်းသည့် ပုံစံမျိုးဖြင့် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးကို တည်ဆောက်ရန်လည်း တောင်းဆိုလိုက်သည်။ ဇီဂျင်ပင်းမှာ အမေရိကန်တွင် တစ်ပတ်တာ ကြာမြင့်မည်ဖြစ်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ဆိုက်ဘာတိုက်ခိုက်မှုနှင့် လူ့အခွင့်အရေး ကိစ္စများကို အမေရိကန်နှင့်
    ဆွေးနွေးသွားမည်ဖြစ်သည်။

    Instagram သုံးစွဲသူအရေအတွက် Twitter ကို ကျော်တက်
    ………………………………..
    ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Instagram အား ပုံမှန်အသုံးပြုသူမှာ တစ်လလျှင် သန်း ၄၀၀ ကျော် ရှိလာခဲ့ပြီး ပြိုင်ဘက် Twitter ထက် သန်း ၈၀ ပိုများကာ ကျော်တက်သွားပြီဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်တာကာလက စတင်ပေါ်ပေါက်လာခဲ့သည့် အဆိုပါ Instagram မှာ အခြားသော ဆိုရှယ် အက်ပလီကေးရှင်းများထက် ပို၍ ရေပန်းစားလာခဲ့ပြီး အသုံးပြုသူများ၏ ၇၅ ရာခိုင်နှုန်းမှာ အမေရိကန် ပြင်ပမှ ဖြစ်သည်။ Facebook မှာ ၂၀၁၂ ခုနှစ်က Instagram ကို ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ၀ယ်ယူခဲ့ပြီး
    တိုးချဲ့ခဲ့ကာ ၂၀၁၇ ခုနှစ်တွင် ကြော်ငြာထည့်သွင်းသည့် အမြတ်အစွန်းမှ ဒေါ်လာ ၂.၈ ဘီလီယံရမည်ဟု ခန့်မှန်းထားသည်။

    Ref: News Agencies

  • ထိုးခံတဲ့ ခြေတဖက်၊ ကံကြမ္မာ အလှည့်အပြောင်း၊ ဘဝသစ် စခွင့်ရခဲ့တဲ့ ဆီးရီးယားက ဒုက္ခသည် သားအဖ

    ထိုးခံတဲ့ ခြေတဖက်၊ ကံကြမ္မာ အလှည့်အပြောင်း၊ ဘဝသစ် စခွင့်ရခဲ့တဲ့ ဆီးရီးယားက ဒုက္ခသည် သားအဖ

    စက်တင်ဘာ ၂၃ ၊ ၂၀၁၅
    M-Media
    လေးမောင်တင်ဆက်သည်။
    img_55f9f44f1c3ea
    – ပြည်တွင်းစစ်ဖြစ်နေတဲ့ အမိမြေ ဆီးရီးယားကို စွန့်ခွာပြီး ရေကြည်ရာမြက်နုရာ ဥရောပကိုထွက်လာတဲ့အချိန် ဟန်ဂေရီမှာနယ်စပ်မှာ ရဲတပ်ဖွဲ့နဲ့ တိုးတာကြောင့် လက်တစ်ဖက်က အထုပ်ကိုဆွဲ တစ်ဖက်က သားကိုပိုက်လို့ ထွက်အပြေး ဗီဒီယိုရိုက်ကူးနေတဲ့ အမျိုးသမီးတစ်ယောက်က ခြေထိုးခံလိုက်လို့ ရုပ်ပျက်ဆင်းပျက် လဲကြသွားတဲ့ ဆီးရီးယားက ဒုက္ခသည် သားအဖနှစ်ဦးကို လူတိုင်း သိကြပါလိမ့်မယ်။

    ရို့စ်ဇ်ကီရွာလေးမှာ ပြီးခဲ့တဲ့လက ဖြစ်ပျက်ခဲ့တဲ့ အဲဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဟာ ဟန်ဂေရီ မီဒီယာတွေနဲ့ အင်တာနက် စာမျက်နှာမှာ အလျင်အမြန်ပဲ ပြန့်နှံသွားပြီး ကမ္ဘာတစ်ဝှမ်းက ကြည့်ရှုသူတိုင်းဟာ အဲဒီသားအဖနှစ်ဦးကို ဂရုဏာသက်ကာ စုပ်တစ်သပ်သပ် ဖြစ်ခဲ့ပါတယ်။  အဲဒီသားအဖနှစ်ဦးမှာ ဖခင်ရဲ့အမည်က အိုစာမာ အဘ်ဒူလ် မိုဟ်ဆန်ဖြစ်ပြီး သားဖြစ်သူက ဇိုက်ဖြစ်ပါတယ်။
    မိုဟ်ဆန်တို့ သားအဖဟာ နောက်ဆုံးမှာ ဂျာမနီနိုင်ငံကိုရောက်ခဲ့ပြီး သူဟာ ဆီရီးယားက ပထမတန်း ကလပ် အလ်-ဖိုတူဝါအသင်းက နည်းပြဖြစ်တယ်လို့ ဂျာမန်မီဒီယာတွေက ဖော်ပြခဲ့ပြီးတဲ့နောက်မှာတော့ စပိန်နိုင်ငံ ဂီတာဖေးမြို့ ဆင်ခြေဖုံးမှာ နည်းပြတွေကိုလေ့ကျင့်ပေးတဲ့ CENAFE သင်တန်းကျောင်းက သူ့ကို အလုပ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
    7bb553cc06c3468a9924a83954dbb73d_18
    “ကျွန်တော်တို့ဟာ နိုင်ငံအဆင့် နည်းပြသင်တန်းကျောင်းဖြစ်ပြီး အဲဒီနည်းပြ (မိုဟ်ဆန်) ကို ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ အဲဒီ သင်တန်းကျောင်းရဲ့ ဒါရိုက်တာဖြစ်သူ မီဂွဲလ် ဂါလန်က ပြောကြားခဲ့ပါတယ်။

    သင်တန်းကျောင်းက အာရဘီစကားပြော အဖွဲ့ဝင်တစ်ဦးဟာ မိုဟ်ဆန်နဲ့ သားနှစ်ဦးကို ဂျာမနီအထိ သွားရောက်ခေါ်ယူခဲ့ပြီး ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က မက်ဒရစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

    “သူတို့မိသားစုဟာ အရေးပါဆုံးအရာတွေဖြစ်တဲ့ အိမ်ယာ၊ အစားအသောက်၊ အ၀တ်အထည်တွေ ရမှာဖြစ်ပြီး နည်းပြအလုပ်ကိုလည်း သူ့ကို ကျွန်တော်တို့ ပေးမှာပါ” လို့ ဂါလန်က ထပ်လောင်းပြောကြားခဲ့သည်။

    သူတို့ သားအဖနှစ်ယောက်ကို ခြေထိုးခဲ့တဲ့ အမျိုးသမီးကတော့ ဟန်ဂေရီ ရုပ်သံဌာနမှာ အလုပ်လုပ်နေတဲ့ ဗီဒီယိုရိုက်ကူးသူ ပက်ထရာ လက်ဇ်လိုဆိုသူဖြစ်ပြီး နောက်ပိုင်းမှာတော့ ဌာနက အဲဒီအဖြစ်အပျက်ကြောင့်ပဲ သူမကို အလုပ်ထုတ်ခဲ့ပါတယ်။

    မိုဟ်ဆန်ဟာ ဆီးရီးယားမှာ ကျန်ခဲ့တဲ့ သူ့ရဲ့ ဇနီးနဲ့ အခြားကလေးနှစ်ယောက်ကိုလည်း နောက်ပိုင်းမှာ ခေါ်ယူသွားဖို့ အစီအစဉ်ရှိနေပါတယ်။ အာရဘီနဲ့ အင်္ဂလိပ်စကားအနည်းငယ်သာ ပြောတတ်တဲ့ မိုဟ်စင်ရဲ့ အဓိကပြဿနာ ဘာသာစကားဖြစ်ပြီး စပိန်ဘာသာစကားကို သင်ယူရမယ်လို့ နိုင်ငံအဆင့် ဒိုင်လူကြီးဟောင်း ပီဒရာဇာက ပြောခဲ့ပါတယ်။
    file-17-1442472226108575800
    စပိန်နိုင်ငံမှာ တရားဝင်နေထိုင်ခွင့်အတွက် အဲဒီနည်းပြသင်တန်းကျောင်းကပဲ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဥရောပကော်မရှင်က သတ်မှတ်ထားတဲ့ အစီအစဉ်အောက်မှာ စပိန်နိုင်ငံဟာ ဆီးရီးယားနဲ့ အခြားနေရာတွေက ဒုက္ခသည် ၁၇၆၈၀ ကို ဒီနှစ်အတွင်းမှာ လက်ခံဖို့ ရှိနေပါတယ်။

    သားဖြစ်သူ ဇိုက်ကတော့ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်ရဲ့ စနေနေ့က ကစားခဲ့တဲ့ လာလီဂါပွဲမှာ ကမ္ဘာကျော်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့အတူ ကွင်းထဲကို ၀င်ရောက်ခွင့် ရခဲ့ပါတယ်။

    “ဇိုက်ဟာ သူ့ရဲ့ ဟီးရိုး ရော်နယ်ဒိုနဲ့ ဘာနေဗျူးကွင်းထဲကို ၀င်ရောက်ခဲ့ပါတယ်” လို့ ရီးယဲလ်က သူတို့ရဲ့ Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

    ကွင်းထဲကို ရော်နယ်ဒိုနဲ့အတူ ၀င်ရောက်လာတဲ့ ဇိုက်ကလေးကို ပရိတ်သတ်တွေက လက်ခုပ်သံတွေနဲ့ တစ်ခဲနက် ကြိုဆိုအားပေးခဲ့ကြပါတယ်။

    2C8BCB4600000578-0-image-a-47_1442749250665

    မိုဟ်ဆန်၊ သားနှစ်ဦးဖြစ်သူ ဇိုက်နဲ့ မိုဟာမက်တို့ဟာ ရီးယဲလ်နဲ့ ဂရာနာဒါတို့ရဲ့ အဲဒီပွဲကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရပြီး ပွဲမတိုင်ခင်မှာလည်း နှစ်ဖက်ကစားသမားတွေဟာ ဆီးရီးယားစစ်ပွဲကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးကာ ဥရောပကို ၀င်ရောက်လာကြတဲ့ ဒုက္ခသည်တွေကို ထောက်ခံအားပေးတဲ့ စာတန်း ရေးသားထားတဲ့ တီရှပ်အင်္ကျီတွေ ၀တ်ဆင်ကာ ကွင်းထဲကို ၀င်ရောက်ခဲ့ကြပါတယ်။

    မိုဟ်ဆန်တို့ သားအဖတွေဟာ သောကြာနေ့ကလည်း ရီးယဲလ်ရဲ့ လေ့ကျင့်ကွင်းကို သွားရောက်ကြည့်ရှုခွင့် ရခဲ့ပြီး ဇိုက်ကတော့ ရော်နယ်ဒို၊ ပီပီ၊ ကာဆီလာ၊ ချယ်ရီရှက်ဗ်၊ လူကာမိုဒရစ်၊ တိုနီကရုစ်နဲ့ ဗက်ကွက်ဇ်တို့နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။

    ref:aljazeera,independent

  • ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဗလီဝတ်ကျောင်းတော်သစ်ကြီးတစ်ခု ဖွင့်လှစ်

    ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဗလီဝတ်ကျောင်းတော်သစ်ကြီးတစ်ခု ဖွင့်လှစ်

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    russia 2

    – ၁၀ နှစ်ကြာ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီးနောက် ရုရှားနိုင်ငံ မော်စကိုမြို့၌ အဓိက ဗလီဝတ်ကျောင်းတော် တစ်လုံးကို ယနေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ကန်ဒေါ်လာ သန်း ၁၇၀ ကုန်ကျသည့် အဆိုပါ ကက်သဒရယ် ဗလီဝတ်ကျောင်းတော် ဖွင့်ပွဲအခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်၊ တူရကီသမ္မတနှင့် ပါလက်စတိုင်းသမ္မတတို့ တက်ရောက်ခဲ့ကြသည်။ ရုရှားနိုင်ငံ၌ မနက်ဖြန်တွင် အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာ စွန့်လှူဒါနပြုမှု ပွဲတော် ကျရောက်မည်ဖြစ်သည်။ ထိုပွဲတော်ကို ရုရှားတွင် ကိုရ်ဘာန် ဘိုင်ရမ်ဟု သိကြသည်။

    russia

    သမ္မတပူတင်ကမူ အစွန်းရောက် သဘောတရားများ ရုရှားမွတ်စလင်လူ့အဖွဲ့အစည်းအတွင်းသို့ ၀င်ရောက်မလာအောင် တားဆီးနိုင်ခဲ့သည့် ရုရှားမွတ်စလင်ခေါင်းဆောင်များကို ချီးကျူးခဲ့ပြီး နိုင်ငံအတွင်းရှိ ဘာသာရေးခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ချီးကျူးခဲ့သည်။

    “အစွန်းရောက်ဝါဒဖြန့်မှုတွေကို ခုခံတားဆီးဖို့ ရုရှားက မွတ်စလင်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြောင်မြောက်စွာ အသုံးချနေကြပါတယ်။ တကယ့်ကို သူရဲကောင်းဆန်တဲ့ အလုပ်တွေကို လုပ်ဆောင်နေကြတဲ့ အဲဒီခေါင်းဆောင်တွေကို အလွန်ပဲ လေးစားအားထားတယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ပူတင်က ဗလီဝတ်ကျောင်းတော် ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ ရုရှား၌ ဒုတိယအကြီးဆုံး ဘာသာတရားဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အစ္စလာမ်ကို သက်ဝင်ယုံကြည်သူ ဦရေ ၂၃ သန်းခန့်ရှိကာ အများစုမှာ နိုင်ငံမြောက်ပိုင်း ကော့ကေးရှပ်ဒေသတွင် နေထိုင်ကြသည်။ ရုရှားနိုင်ငံမြို့တော် မော်စကိုတွင် အစ္စလာမ်ဘာသာဝင် ၂ သန်းခန့် နေထိုင်လျက်ရှိနေသည်။

    နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် ဗလီဝတ်ကျောင်းတော်မှာ ၂၀၁၁ ခုနှစ်က ဖြိုချခံရပြီးနောက် ထိုနေရာတွင် ပြန်လည်တည်ဆောက်ခဲ့သည့် အဆိုပါ ကက်ဒသရယ် ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုသူပေါင်း ၁၀၀၀၀ အထိ ၀င်ဆန့်ပြီး မော်စကိုမြို့၏ ဆဌမမြောက် ဗလီဝတ်ကျောင်းတော်လည်း ဖြစ်သည်။ ထိုဗလီဝတ်ကျောင်းတော်ကို အစ္စလာမ်ဘာသာဝင်များ၏ အလှူငွေ သက်သက်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • သီလ၀ါအထူးစီးပွားရေးဇုန် ပထမအဆင့် ဖွင့်လှစ်

    သီလ၀ါအထူးစီးပွားရေးဇုန် ပထမအဆင့် ဖွင့်လှစ်

    စက်တင်ဘာ ၂၃၊ ၂၀၁၅

    M-Media

    mya

    – မြန်မာနိုင်ငံ မြို့တော်ရန်ကုန် တောင်ဘက်တွင် ဖော်ဆောင်နေသော သီလ၀ါ အထူးစီးပွားရေးဇုန်၏ ပထမအဆင့်ဖြစ်သည့် ကန်ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိသော စက်မှုဇုန်ကို ယနေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    မြေဧက ၂၄၀၀၀ ဟက်တာ အကျယ်ရှိသည့် အဆိုပါ အထူးစီးပွားရေးဇုန်မှ စက်မှုဇုန် ဖွင့်ပွဲအခမ်းအနားကို ဒုတိယသမ္မတ ဦးဥာဏ်ထွန်းကိုယ်တိုင် တက်ရောက်ခဲ့သည်။ သီလ၀ါ အထူးစီးပွားရေးဇုန်ကို စက်ရုံပေါင်း ၁၀၀ ခန့်ဖွင့်လှစ်နိုင်ရန်နှင့် လူပေါင်း ၄၀၀၀၀ ကျော်ကို အလုပ်အကိုင်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။

    အဆိုပါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်အစိုးရနှင့် ဂျပန်ကုမ္ပဏီများ ကျောထောက်နောက်ခံ ပြုပေးထားခြင်းဖြစ်ပြီး ဦးဥာဏ်ထွန်းကမူ ထိုစီးပွားရေးဇုန်မှာ မြန်မာနှင့် ဂျပန်နိုင်ငံတို့၏ ဆက်သွယ်မှုကို မြှင့်တင်ပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။

    ယခုဖွင့်လှစ်လိုက်သည့် စက်မှူဇုန် အကျယ်အ၀န်းမှာ ၄၀၀ ဟက်တာရှိပြီး ထိုမြေနေရာ၏ ၇၀ ရာခိုင်နှုန်းကျော်တွင် နိုင်ငံ ၁၃ နိုင်ငံမှ ကုမ္ပဏီ ၄၈ ခုက လုပ်ငန်းများကို ဆောင်ရွက်နေကြသည်။

    လူဦးရေ သန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၀၉-၂၀၁၀ ခုနှစ်က ကန်ဒေါ်လာ ၃၂၉.၅ သန်းရှိရာမှ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း ၈.၁ ဘီလီယံအထိ ခုန်တက်လာခဲ့သည်။

    နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကမူ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ယခုနှစ်တွင် ၈.၅ ရာခိုင်နှုန်း တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။

    မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့များတွင်လည်း အထူးစီးပွားရေး ဇုန်များကို ဖော်ဆောင်ရန် အစိုးရက စီစဉ်ထားပြီး၊ သီလ၀ါကိုမူ ဦးစားပေး သတ်မှတ်ထားသည်။

    Ref: Reuters

  • ရှုံးပွဲမရှိသေးသည့် လက်စတာကို နည်းပြချီးကျူး

    ရှုံးပွဲမရှိသေးသည့် လက်စတာကို နည်းပြချီးကျူး

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    las

    – လိဂ်ဖလားပြိုင်ပွဲ ဒုတိယအဆင့် ၀က်စ်ဟမ်းနှင့်ပွဲတွင် အသင်း၏ ထူးခြားပြောင်မြောက်သော စွမ်းဆောင်ရည်အတွက် လက်စတာနည်းပြ ရာနီယေးရီက ချီးကျူး ပြောဆိုလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲ၌ ပရီးမီးယားလိဂ်တွင် အာဆင်နယ်၊ လီဗာပူးနှင့် မန်စီးတီးတို့အား အဝေးကွင်းတွင်အနိုင်ရပြီး အဝေးကွင်းရာနှုန်းပြည့် နိုင်ပွဲရထားသည့် ၀က်စ်ဟမ်းအသင်းကို လက်စတာက အိမ်ကွင်း၌ ဧည့်ခံကစားရခြင်း ဖြစ်သည်။

    လက်စတာမှာ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ချေပဂိုး ပြန်လည်ပေးလိုက်ရပြီး အချိန်ပိုရောက်မှ အန်ဒီကင်း၏ အားပါသော ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရရှိကာ တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

    လက်စတာမှာ ဂိုးသွင်းခွင့်အမြောက်အများ ရခဲ့သော်လည်း ၀က်စ်ဟမ်းဂိုးသမား အက်ဒရီယန် လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ကာ၊ လက်စတာတိုက်စစ်မှူးများကလည်း အဆုံးသတ် မသေချာခဲ့ပေ။ ရာနီယေးရီကမူ ယခုနှစ်ဘောလုံးရသီတွင် ပြိုင်ပွဲအားလုံး၌ ရှုံးပွဲမရှိ စံချိန် ရရှိထားသည့် အသင်း၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

    “ကျွန်တော်တို့ အနိုင်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ လက်ဖျားခါလောက်တဲ့ စွမ်းဆောင်ရည် ရှိခဲ့ပြီး အကောင်းဆုံးဂိုးသွင်းခွင့် ၁၀ ကြိမ်လောက် ရခဲ့ပါတယ်။ သူတို့ဂိုးသမားကတော့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားပါပဲ။ ပထမဆုံး ပင်နယ်တီကန်သွင်းမယ့် ၅ ဦးစာရင်းကိုတောင် ကျွန်တော်တို့ ရေးပြီးခဲ့ပါပြီ။ ဒါပေမယ့် အနိုင်ဂိုးရသွားတာ ထိုက်တန်ပါတယ်။ တော်တော်ကောင်းတဲ့ဂိုးပါပဲ” ဟု ရာနီယေးရီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ထိုပွဲတွင် ကစားသမား ၁၀ ဦး အပြောင်းအလဲလုပ်ခဲ့သော်လည်း ခြေစွမ်းမကျခဲ့ကြောင်း၊ ကစားသမားများမှာ ကြီးကျယ်သောကစားသမားဖြစ်ပြီး ကြိုးစားခဲ့ကြကာ မိမိအနေဖြင့် ပျော်ရွှင်မိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    လက်စတာမှာ လိဂ်ဖလားကို ၃ ကြိမ်ရရှိထားသည့် အသင်းလည်းဖြစ်သည်။

    Ref: Goal