News @ M-Media
Blog
  • ခိုတောင်ကျွန်းလူသတ်မှုတွင် မြန်မာနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြရန် ရှေ့နေက အချိန်ပိုမိုတောင်းဆို
    ခိုတောင်ကျွန်းလူသတ်မှုတွင် မြန်မာနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြရန် ရှေ့နေက အချိန်ပိုမိုတောင်းဆို
    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    thai
    – ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန် ကမ္ဘာလှည့်ခရီးသည် နှစ်ဦးအား သတ်ဖြတ်သည်ဟု စွပ်စွဲခံရကာ တရားရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား ၂ ဦး၏ ရှေ့နေက ၎င်း၏ အမှုသည်များမှာ ဓားစားခံများဖြစ်ပြီး အပြစ်မဲ့များဖြစ်သည်ဆိုသည်ကို သက်သေပြရန်အတွက် အချိန်ပိုပေးရန် ယနေ့တွင် ပြုလုပ်သည့် ကြားနာမှုတွင် တောင်းဆိုလိုက်သည်။
    အသက် ၂၀ ကျော်အရွယ်ရှိသည့် ဟန်နာ ၀ှိုက်ရစ်ဂ်ျနှင့် ဒေးဗစ်မီလာတို့မှာ လွန်ခဲ့သည် တစ်နှစ်ခန့်က ခိုတောင်ကျွန်းတွင် ဆိုးဆိုးဝါးဝါး ရိုက်နှက်သတ်ဖြတ် ခံခဲ့ရခြင်းဖြစ်ပြီး အလောင်းအား စစ်ဆေးမှုများအရ ၀ှိုက်ရစ်ဂ်ျမှာ အဓ္ဓမပြုကျင့် ခံခဲ့ရသည်ကို တွေ့ရှိခဲ့ရသည်။
    ထိုအမှုအတွက် မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးဖြစ်သော ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းတို့မှာ တရားခံများအဖြစ် ဖြောင့်ချက်ပေးထားသည်ဟု ကြေငြာခဲ့သည်။ သို့သော်လည်း ထိုင်းနိုင်ငံ၏ ခရီးသွားစီးပွားရေး ပုံရိပ်ကို ထိခိုက်စေပြီး နိုင်ငံတကာက အာရုံစိုက်လာသည့် ထိုအမှုအား ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံသားနှစ်ဦးမှာ ဓားစားခံဖြစ်ခဲ့ရသည်ဟု သတင်းများ
    ထွက်ပေါ်ခဲ့သည်။
    စွပ်စွဲခံထားရသည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကလည်း ၎င်းတို့မှာ ရဲတပ်ဖွဲ့၏ ဖိအားပေးမှုကြောင့် ဖြောင့်ချက်ပေးခဲ့ရခြင်း ဖြစ်သည်ဟု နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
    ၎င်းတို့နှစ်ဦးမှာ ထိုလူသတ်မှုကို ကျူးလွန်သူများမဟုတ်ဘဲ ဓားစားခံများ ဖြစ်သည်ကို သက်သေပြရန်အတွက် စက်တင်ဘာ ၂၅ ရက်၊ သောကြာနေ့အထိသာ အချိန်ရမည်ဖြစ်ပြီး ရှေ့နေဖြစ်သူ နာခွန် ခွမ်ဖူပတ်က ပြဿနာအချို့ ရှိနေသည်ဟု ဆိုသည်။
    “(သောကြာနေ့ မတိုင်ခင်) သက်သေတွေအားလုံးရမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ကို သတင်းပေးတဲ့သူတွေက သက်သေအဖြစ် ဆောင်ရွက်ပေးဖို့ မ၀ံ့ရဲတဲ့ ပြဿနာ ရှိနေပါတယ်။ ဘာ့ကြောင့်လည်းဆိုတေ့ သူတို့ထဲကတစ်ချို့ဟာ ခိုတောင်ကျွန်းမှာပဲ ဆက်ပြီး အလုပ်လုပ်နေရတာကိုး” ဟု ခွမ်ဖူပတ်က ပြောကြားခဲ့သည်။
    ရှေ့နေအဖွဲ့မှာ စနစ်မကျသည့် စုံစမ်းစစ်ဆေးမှု၊ အငြင်းပွားဖွယ်ရာဖြစ်နေသည့် အလောင်းဆေးစစ်ချက်၊ အခင်းဖြစ်ပွားရာနေရာအား ပုံဖျက်ထားမှု၊ စွပ်စွဲမှုကို ထင်ရှားစေရန် လုံခြုံရေးကင်မရာမှ ဗီဒီယိုများကို ရွေးချယ်အသုံးပြုမှုများနှင့် ပတ်သက်၍ စောဒကတက်ခဲ့သည်။
    လူ့အခွင့်အရေး ကျွမ်းကျင်သူ တစ်ယောက်မှာလည်း ၎င်း၏ ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုများအတွက် ယနေ့တွင် တရားရုံး၌ သက်သေထွက်ဆိုရန် ရှိနေပြီး ထိုစုံစမ်းမှုများအရ သံသယရှိသူများ စစ်ကြောမှုအတွင်း ရဲတပ်ဖွဲ့၏ ညှင်းပန်းမှုများ ခံခဲ့ရသည်ကို တွေ့ခဲ့ရသည်ဟု ရှေ့နေများက ဆိုသည်။ အခြား ရှေ့နေဟောင်းတစ်ဦးကလည်း သံသယရှိသူများမှာ အင်အားသုံးခြင်းကြောင့် ဖြောင့်ချက်ပေးခဲ့ရသည်ဟု ယနေ့တွင် သက်သေထွက်ဆိုမည် ဖြစ်သည်။
    ထိုင်းရဲတပ်ဖွဲ့ကမူ ၎င်း၏ စွပ်စွဲမှုအပေါ် အခိုင်အမာရပ်တည်နေပြီး ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကိုယ်တိုင်က ထိုကိစ္စတွင် ရဲတပ်ဖွဲ့၌ မည်သည့်မသာမှုမှ မရှိဟု ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့၏ ညှင်းပန်းမှုနှင့် လုပ်ထုံးလုပ်နည်းမမှန်မှု စွပ်စွဲချက်များကြောင့် ဗြိတိန်တွင်လည်း မကျေနပ်မှုများ ရှိနေပြီး ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပရာယွတ်နှင့် တွေ့ဆုံစဉ် ထိုကိစ္စအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ပရာယွတ်ကလည်း ထိုအမှုအတွက် လန်ဒန်ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးခွင့် ပေးခဲ့သည်။
    သို့သော်လည်း နောက်ဆုံး ထုတ်ပြန်မည့် အစီရင်ခံစာကို သံသယရှိသူများ၏ မိသားစုများမှလွဲ၍ လူသိရှင်ကြား ထုတ်ပြန်ရန်အတွက်ကိုမူ ငြင်းဆိုခဲ့သည်။
    Ref: Channelnewsasia
  • မက္ကာတွင် ဟဂ်ျပြုသူများ စုပြုံတိုးဝှေ့မှုကြောင့် အနည်းဆုံး လူ ၂၀၀ ကျော်သေဆုံး
    မက္ကာတွင် ဟဂ်ျပြုသူများ စုပြုံတိုးဝှေ့မှုကြောင့် အနည်းဆုံး လူ ၂၀၀ ကျော်သေဆုံး
    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    hagg
    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့အပြင်ဘက် မီနာဒေသတွင် ဟဂ်ျပြုသူ လူအုပ်ကြီးအကြား တိုးဝှေ့မှု ဖြစ်ပွားသောကြောင့် အနည်းဆုံး လူပေါင်း ၂၂၀ ခန့် သေဆုံးခဲ့သည်ဟု ဆော်ဒီ ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ပြောကြားလိုက်သည်။
    ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ၄၅၀ ခန့်ရှိသည်ဟု ဆိုသည်။ အင်္ဂါနေ့မှ စတင်ခဲ့သည့် ဟဂ်ျကျင့်စဉ်အတွင်း ကမ္ဘာတစ်ဝှမ်းမှ လူပေါင်း ၂ သန်းခန့် ပါဝင်ခဲ့သည်။ လူအုပ်တိုးဝှေ့မှုမှာ မီနာမှ ဟဂ်ျပြုသူများ တည်းခိုရာ စခန်းများရှိ လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရအတွက်မှာ တိုးလာနိုင်သည်ဟု ဆိုသည်။
    Ref: Aljazeera
  • လင်းနို့လူသား ၀တ်စုံနဲ့ စတန့်ထွင်ခဲ့တဲ့ တိုင်ဆန်ဖျူရီ
    လင်းနို့လူသား ၀တ်စုံနဲ့ စတန့်ထွင်ခဲ့တဲ့ တိုင်ဆန်ဖျူရီ
    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    box
    – ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီမှာ အောက်တိုဘာလတွင် ကလစ်ရှ်ုကိုနှင့် ထိုးသတ်မည့် လက်ဝှေ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲတွင် လင်းနို့လူသားဝတ်စုံဖြင့် စတန့်ထွင်ခဲ့သည်ဟု သိရသည်။
    ဗြိတိန် လက်ဝှေ့ချန်ပီယံဖြစ်သည့် ဖျူရီမှာ WBA၊ WBO နှင့် IBF ဟဲဗီးဝိတ်ချန်ပီယံ ယူကရိန်းနိုင်ငံသား ဗလာဒီမီရ် ကလစ်ရှ်ကိုအား စိန်ခေါ်သူဖြစ်ပြီး လာမည့် အောက်တိုဘာ ၂၄ ရက်တွင် ဂျာမနီနိုင်ငံ၌ ၎င်းတို့နှစ်ဦး ထိုးသတ်သွားမည်ဖြစ်သည်။
    ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တိုင်ဆန်ဖျူရီမှာ လင်းနို့လူသားဝတ်စုံဖြင့် တက်ရောက်လာခဲ့ပြီး ကလစ်ရှ်ကိုထိုင်နေရာသို့ သွားရောက်ကာ လက်ညှိုးထိုး၍ “နောက်တစ်ခါ ခင်းဗျားအလှည့်” ဟု သုံးကြိမ်တိုင်တိုင် ဒေါသတစ်ကြီး ပြောကြားခဲ့သည်။
    ထို့နောက် သတင်းစာရှင်းလင်းပွဲလုပ်မည့်နေရာတွင် ၀င်ထိုင်ခဲ့ပြီး ရုပ်ရှင်ထဲမှ လင်းနို့လူသား၏ ရန်သူဖြစ်သူ ဂျိုကာမျက်နှာဖုံး ၀တ်ထားသည့် လူတစ်ဦး အရှေ့သို့ ထွက်လာသည့်အခါ ဖျူရီက စားပွဲပေါ်မှ ခုန်ကျော်ကာ ဂျိုကာအား ကြမ်းပြင်ပေါ်သို့ လှဲချခဲ့၍ ကလစ်ရှ်ကို၏ ချန်ပီယံ ခါးပတ်အချို့ကိုလည်း ကြမ်းပြင်ပေါ်သို့ ပစ်ချခဲ့သည်။
    ထိုစတန့်ထွင်မှုအပြီးတွင် ဖျူရီက ကလစ်ရှ်ကိုအား ဒေါသဖြစ်စေမည့် စကားအချို့ကို ပြောင်လှောင်သည့် သဘောဖြင့် ပြောကြားခဲ့ပြီး ကလစ်ရှ်ကိုကလည်း ဖျူရီကို လူရွှင်တော်ဟု သမုတ်ခဲ့သည်။
    နောက်ပိုင်းတွင် ဖျူရီမှာ ပုံမှန် ပွဲတက်အ၀တ်အစားဖြင့် သတင်းစာရှင်လင်းပွဲသို့ ပြန်လည် တက်ရောက်ခဲ့သည်။ ဖျူရီမှာ သတင်းစာရှင်းလင်းပွဲကို သတ်မှတ်ချိန်ထက် ၁၅ မိနစ်နောက်ကျပြီးမှ ရောက်ရှိလာခဲ့သည်။
    သတင်းစာရှင်းလင်းပွဲမစခင် ၎င်းတို့နှစ်ဦးမှာ အပြန်အလှန် စကားစစ်ထိုးခဲ့ကြပြီး နောက်ဆုံးတွင် နွေထွေးစွာ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။
    Ref: Dailymail
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမျှတသော လူ့အဖွဲ့အစည်းထူထောင်ရန် အမေရိကန်ကို ပုပ်ရဟန်းမင်း တိုက်တွန်း
    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမျှတသော လူ့အဖွဲ့အစည်းထူထောင်ရန် အမေရိကန်ကို ပုပ်ရဟန်းမင်း တိုက်တွန်း
    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    us
    – လူ့သမိုင်းတစ်လျှောက်တွင် အရေးပါဆုံးဖြစ်သည့် ယခုအချိန်တွင် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အမေရိကန်သမ္မတ အိုဘားမားအား တိုက်တွန်းပြောကြားလိုက်ပြီး အမေရိကန်များအနေဖြင့် စစ်မှန်သည့် သည်းခံမှုရှိကာ အားလုံး ပူးပေါင်းပါဝင်သော လူ့အဖွဲ့အစည်းတစ်ခု ထူထောင်ရန်လည်း ဆော်သြခဲ့သည်။
    အမေရိကန်သို့ ပထမဆုံးလာရောက်သည့် ပုပ်ရဟန်းမင်းကြီးအား ယမန်နေ့က အိမ်ဖြူတော်တွင် ကြိုဆိုသည့် အခမ်းအနား မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး လေထုညစ်ငြမ်းမှုကို လျှော့ချရေး သမ္မတအိုဘားမား၏ အားထုတ်မှုများကိုလည်း ချီးကျူးခဲ့သည်။
    ထိုအခမ်းအနားသို့ တက်ရောက်သူပေါင်း ၁၅၀၀၀ ခန့် ရှိခဲ့ပြီး သမ္မတအိုဘားမားက ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးမှာ ၎င်း၏ မိန့်ခွန်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။
    အမေရိကန်၏ အကျော်ကြားဆုံး လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းကို ပုပ်ရဟန်းမင်းကြီးက ချီးကျူးခဲ့သည်။ အရင်းရှင်ဝါဒ၏ အမြတ်ထုတ်မှုများကြောင့် ကမ္ဘာ့ဆင်းရဲသူ၊ ဆင်းရဲသားများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာရမှုအတွက် မကြာခဏ ဝေဖန်လေ့ရှိသည့် ပုပ်ရဟန်းမင်းကြီးမှာ ယခုနှစ်အတွင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ရာသီဥတု ပြောင်းလဲမှုအတွက် အလျင်အမြန်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
    ကြိုဆိုသည့် အခမ်းအနားပြီးနောက် အိုဘားမားနှင့် ပုပ်ရဟန်းမင်းကြီးတို့မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရာသီဥတုပြောင်းလဲမှုနှင့် ဆင်းရဲသားများအား ကာကွယ်ပေးရေးတို့ကဲ့သို့ ပြဿနာများတွင် ၎င်းတို့နှစ်ဦးမှာ တူညီသော သဘောထားများ ရှိသော်လည်း ကလေးဖျက်ချခွင့် အခွင့်အရေးနှင့် လိင်တူလက်ထပ်မှုများတွင်မူ ကွဲလွဲခဲ့ကြသည်။
    “အမေရိကန်က ကက်သလစ် ဘာသာဝင်တွေဟာ စစ်မှန်တဲ့၊ သည်းခံမှုရှိပြီး အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့၊ လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်း တစ်ခုချင်းစီရဲ့ အခွင့်အရေးကို ရပ်တည်ကာကွယ်ပေးဖို့၊ ပြီးတော့ တရားမဲ့တဲ့ ခွဲခြားဆက်ဆံမှုတိုင်းကို ဆန့်ကျင်ဖို့ တာဝန်ရှိပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
    အမေရိကန်တွင် ၆ ရက်တာ နေထိုင်မည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှာ ဖီလာဒဲလ်ဖီးယားပြည်နယ်သို့ သွားရောက်၍ ကက်သလစ်ဘာသာဝင်များနှင့် တွေ့ဆုံရန် ရှိနေသည်။
    Ref: Channelnewsasia
  • အာဆင်နယ်၏ လိဂ်ဖလားခြေစွမ်းကို ၀င်းဂါး ကျေနပ်
    အာဆင်နယ်၏ လိဂ်ဖလားခြေစွမ်းကို ၀င်းဂါး ကျေနပ်
    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    arse
    – လိဂ်ဖလား တတိယအဆင့်တွင် ခါးသီးသော မြို့ခံပြိုင်ဘက် စပါးအသင်းအား အနိုင်ရခဲ့ရာတွင် အသင်း၏ စွမ်းဆောင်ရည်ကို အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူး ပြောဆိုလိုက်သည်။
    အာဆင်နယ်မှာ ပြီးခဲ့သည့် ၇ ရက်အတွင်း ချန်ပီယံလိဂ်တွင် ဒိုင်နမိုဇာဂရက်ဘ်အားလည်းကောင်း၊ ပရီးမီးယားလိဂ်တွင် ချယ်ဆီးအသင်းအား လည်းကောင်း ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။
    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် အာဆင်နယ်မှာ ကွင်းလယ်လူ ဖလာမီနီ၏ သွင်းဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ လာမည့်လတွင် စတုတ္ထအဆင့်အဖြစ် ရှက်ဖီးအသင်းနှင့် ကစားရမည်ဖြစ်သည်။ ၀င်းဂါးကမူ အသင်း၏ စွမ်းဆောင်ရည်အား ချီးကျူးပြောဆိုခဲ့သည်။
    “တော်တော်လေး တွန်းတွန်းတိုက်တိုက် ကစားရတဲ့ပွဲပါ။ ကျွန်တော်တို့ ကောင်းကောင်း တုန့်ပြန်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ဓာတ်ပိုင်းဆိုင်ရာ အရရောပေါ့” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထိုပွဲတွင် ဆန်းချက်ဇ်အစား လူစားဝင်လာခဲ့ပြီး ခြေစွမ်းပြခဲ့သည့် ဖလာမီနီကလည်း အသင်းတွင် နေရာတစ်နေရာနှင့် ထိုက်တန်ကြောင်း သက်သေပြချင်သည်ဟု ပြောကြားခဲ့သည်။
    “အသင်းအတွက်ရော၊ ကိုယ့်အတွက်ပါ ကျွန်တော် ကျေနပ်မိပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော် အများကြီး ကြားခဲ့ရပြီး အခု ကျွန်တော် ဒီမှာရှိနေပါတယ်။ အသင်းက ဘယ်သူနဲ့မှ ကျွန်တော် ပြဿနာမရှိပါဘူး။ ပွဲတိုင်းမကစားရတဲ့အချိန်မှာ သိပ်တော့ မလွယ်ပါဘူး။ သက်သေပြဖို့အတွက် ကျွန်တော် အခွင့်အရေးတစ်ခု ရခဲ့ပါတယ်”
    “နွေရာသီမှာ အသင်းကထွက်ခွာဖို့ သူ ဘယ်လောက်နီးစပ်ခဲ့လဲဆိုတာ ကျွန်တော် မသိပါဘူး။ အခွင့်အရေးရဖို့အတွက် စောင့်ရလိမ့်မယ်လို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal