News @ M-Media

Blog

  • ဟဂ်ျပြုရန် ဟင်းခတ်အမွှေးအကြိုင်ရောင်း၍ ၁၅ နှစ် ငွေစုခဲ့သည့် ကင်ညာအဘိုးအို

    ဟဂ်ျပြုရန် ဟင်းခတ်အမွှေးအကြိုင်ရောင်း၍ ၁၅ နှစ် ငွေစုခဲ့သည့် ကင်ညာအဘိုးအို

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    kenya

    – ဟဂ်ျဘုရားဖူးခရီးစဉ် သွားရောက်ရန်အတွက် ဟင်းခတ်အမွှေးအကြိုင်များ ရောင်းချကာ ငွေစုခဲ့သည့် ကင်ညာနိုင်ငံမှ မွတ်စလင်အဖိုးအိုတစ်ဦးမှာ ၁၅ နှစ်တာ ကြာခဲ့ပြီးနောက် ၎င်း၏ အိပ်မက်များ အကောင်အထည် ပေါ်လာခဲ့သည်။

    “ဟဂ်ျခရီးစဉ် မသွားနိုင်ခင်မှာ ဒီလောကကြီးကို မစွန့်ခွာဘူးလို့ ကျွန်တော် ကိုယ့်ကိုယ်ကို ကတိပေးခဲ့ပါတယ်။ “မိုဂါဒစ်ရှူးအသေးလေး” လို့ခေါ်တဲ့ အီတ်စ်လေးမြို့မှာ ကျွန်တော်ဟာ ဟင်းခတ်အမွှေးအကြိုင်တွေ ရောင်းခဲ့ပါတယ်။ အခုဆိုရင် ၁၅ နှစ်တောင် ရှိပါပြီ။ စီးပွားရေးက အမြဲတမ်းတော့ မကောင်းဘူးပေါ့ဗျာ။ တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ ဗိုက်ဆာဆာနဲ့ အိပ်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဟဂ်ျခရီးစဉ်အတွက် အမြဲတမ်း ကျွန်တော် သီးခြား ဘဏ်အကောင့်တစ်ခုနဲ့ ငွေစုခဲ့ပါတယ်” ဟု အသက်
    ၆၂ နှစ်အရွယ်ရှိ အဘ်ဒီ မိုဟာမက်က Anadolu သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    ယခုနှစ်ဟဂ်ျပြုရန်အတွက် ကင်ညာနိုင်ငံမှ လာရောက်သူအရေအတွက်မှာ ၄၅၀၀ ရှိပြီး ထိုအထဲတွင် အဘ်ဒီလည်း ပါဝင်ခဲ့သည်။ ကင်ညာနိုင်ငံ၏ ထိုအရေအတွက်မှာ စံချိန်တင်အရေအတွက်လည်း ဖြစ်သည်။

    “ဟဂ်ျက အစ္စလာမ်ရဲ့ ပဉ္စမမြောက် မဏ္ဍိုင်ကြီးပါ။ တစ်ချိန်မှာ ဒီခရီးကို သေချာပေါက်လာမယ်လို့ တွက်ထားတာပါ။ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ကျွန်တော့်အပေါ်မှာ ကောင်းချီးမင်္ဂလာအဖြာဖြာ ချပေးသနားတော် မူခဲ့ပါတယ်”

    မက္ကာမြို့သို့ သွားရောက်နိုင်သည့် ကြွယ်ဝမှုနှင့် ကျန်းမာရေးအခြေအနေရှိသူ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်းမှာ တစ်သက်လျှင် တစ်ကြိမ် ဟဂ်ျပြုရန် မလုပ်မနေရ တာဝန်ဖြစ်သည်။ အဘ်ဒီကမူ ငယ်ရွယ်စဉ်အခါကတည်းက ဟဂ်ျပြုရန် ဆုံးဖြတ်ချက် ချခဲ့သည်။

    “အသက် ၇၀ ကျော်သူတွေတောင်မှ ဟဂ်ျပြုဖို့ ငွေစုနေကြတုန်းပဲဆိုတာ ကျွန်တော် သိရပါတယ်။ အစိုးရက ကျွန်တော်တို့ကို ကူညီသင့်တယ်။ ဒါမှသာ အနည်းဆုံး အသက်ကြီးသူတွေဟာ ဒီခရီးကို သွားနိုင်မှာပေါ့။ ဟဂ်ျသွားဖို့ အရေအတွက်ကို တိုးမြှင့်ပေးဖို့လည်း အစိုးရက ဆော်ဒီနဲ့ ဆွေးနွေးသင့်ပါတယ်” ဟု အဘ်ဒီက ထပ်လောင်းပြောကြားခဲ့သည်။

    စံချိန်တင်ပမာဏ

    ယခုနှစ်တွင် ကင်ညာနိုင်ငံအတွက် ဟဂ်ျခွဲတမ်းမှာ ၄၅၀၀ ရခဲ့ပြီး ကင်ညာမွတ်စလင်များကမူ ထိုအရေအတွက်ကို တိုးမြှင့်ပေးရန် ဆော်ဒီအာဏာပိုင်များအား တိုက်တွန်းခဲ့သည်။

    “ဆော်ဒီသံရုံးရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဟာ ကျွန်တော်တို့နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပြီးတော့ ကင်ညာပြည်သူ တော်တော်များများဟာ ဟဂ်ျခရီးစဉ်အတွင် နိုင်ရိုဘီကိုသွားရောက်ပြီး ပြင်ဆင်ခဲ့ကြပါတယ်” ဟု ကင်ညာ ဟဂ်ျစေလွှတ်ရေးအဖွဲ့မှ ဒုတိယဥက္ကဌဖြစ်သူ ရှရစ်ဖ် ဟူစိန်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ အဖွဲ့မှာ ဟဂ်ျခွဲတမ်းအတွက် လူ ၅၀၀ ထပ်မံတိုးပေးရန် တောင်းဆိုခဲ့သည်ဟု ဟူစိန်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီကိစ္စကို စဉ်းစားနေတယ်လို့ ဆော်ဒီအစိုးရက ကျွန်တော်တို့ကို အကြောင်းပြန်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ပြောင်းလဲမှုမရှိသေးပါဘူး။ ကင်ညာမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ အရေအတွက်ဟာ တော်တော်မြန်မြန် တိုးလာပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ခွဲတမ်း ထပ်တိုးတောင်းတာပါ”

    Ref: Onislam

  • ဘာကီနာဖာဆိုတွင် အာဏာသိမ်းအဖွဲ့နှင့် အစိုးရတို့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို

    ဘာကီနာဖာဆိုတွင် အာဏာသိမ်းအဖွဲ့နှင့် အစိုးရတို့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    bukina

    – နိုင်ငံရေး မတည်မငြိမ်ဖြစ်နေသည့် အာဖရိကနိုင်ငံငယ် ဘာကီနာဖာဆိုတွင် အာဏာသိမ်း သမ္မတအထူးအစောင့်တပ်ဖွဲ့ ခေါင်းဆောင်များမှာ စစ်တန်လျားပြန်ရန်နှင့် ဖြုတ်ချခဲ့သည့် ကြားဖြတ်အစိုးရအား အာဏာပြန်ပေးရန် အစိုးရကို ထောက်ခံသည့် စစ်တပ်နှင့် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ထိုသဘောတူညီချက်ကို နိုက်ဂျီးရီးယားမြို့တော် အဘူဂျာတွင် ယမန်နေ့ညပိုင်းက ဘာကီနာဖာဆိုမှ ခေါင်းဆောင်များ အလျင်အမြန် ဆွေးနွေးခဲ့ပြီးနောက် ရရှိခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ် ဗုဒ္ဓဟူးနေ့တွင် သမ္မတအထူးအစောင့်တပ်ဖွဲ့ RSP က ကြားဖြတ်အစိုးရမှ သမ္မတနှင့် ၀န်ကြီးချုပ်တို့ကို ဖမ်းဆီးကာ အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး ရက်အနည်းငယ်အကြာတွင် အာဏာလွှဲပြောင်းပေးရန် သဘောတူညီခဲ့သည်။

    ကြားဖြတ်အစိုးရအား ထောက်ခံသည့် စစ်တပ်ကမူ ယမန်နေ့က မြို့တော် အူဂါဒူဂူသို့ ၀င်ရောက်လာခဲ့ပြီး RSP ၏ လှုပ်ရှားမှုကို စောင့်ကြည့်ခဲ့သည်။ RSP မှာ ဖမ်းဆီးထားသည့် ၀န်ကြီးချုပ်ကို လွှတ်ပေးခဲ့သော်လည်း အာဏာလွှဲပြောင်းပေးခြင်း မရှိသောကြောင့် စစ်တပ်က ချေမှုန်းရန် စီစဉ်ခဲ့သည်။

    ယခု သဘောတူညီချက်အရ RSP မှာ အာဏာလွှဲပြောင်းပေးရန် သဘောတူညီခဲ့ပြီး၊ စစ်တပ်ကလည်း အူဂါဒူဂူမှ ကီလိုမီတာ ၅၀ အကွာအဝေးသို့ ဆုတ်ခွာပေးရန်နှင့် RSP အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အာမခံပေးခဲ့သည်။

    သဘောတူညီချက်အား ဘာကီနာဖာဆို၏ မိုဆီမျိုးနွယ်မှ ဘုရင်ဖြစ်သူ မွဂ်ဟို နာဘာအား မီဒီယာများရှေ့မှောက်တွင် ယနေ့နံနက် စောစောပိုင်းက တင်ပြခဲ့သည်။

    Ref: Aljazeera

  • လီဗာပူးလ်နည်းပြ ရော်ဂျာ၏ အနာဂတ် မတည်မငြိမ်ဖြစ်လာ

    လီဗာပူးလ်နည်းပြ ရော်ဂျာ၏ အနာဂတ် မတည်မငြိမ်ဖြစ်လာ

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    rg

    – အသင်းအား ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသည့် နည်းပြ ဘရန်ဒန်ရော်ဂျာ၏ နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်အသင်း ပိုင်ရှင်များမှာ ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီအား ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်လာသည်။

    ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ခုတွင် လီဗာပူးလ်မှာ ရာနှုန်းပြည့်နိုင်ပွဲကို ရယူနိုင်ခဲ့သော်လည်း နောက်ပိုင်း ၃ ပွဲတွင် မန်ယူနှင့် ၀က်စ်ဟမ်းတို့ကို အိမ်ကွင်း၌ပင် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် ယခုတစ်ပတ်တွင်လည်း နော်ဝစ်ခ်ျအား ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ထိန်းမထားနိုင်ခဲ့ဘဲ ချေပဂိုး ပြန်ပေးခဲ့ရကာ တစ်ဂိုးစီ သရေကျခဲ့သည်။

    ထို့ကြောင့် နည်းပြရော်ဂျာမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ဗာပူးလ်တာဝန်ရှိသူများက အန်ဆယ်လော့တီအား ဆက်သွယ်နေသည်ဟူသော သတင်းများမှာ ၎င်းအပေါ် ဖိအားပိုလာစေခဲ့သည်။

    အေစီမီလန်အသင်းတွင် ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ဆုဖလားအများအပြားကို ရရှိခဲ့သည့် အန်ဆယ်လော့တီမှာ ချယ်ဆီးသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်နှင့် FA ဖလားတို့ကို ရရှိခဲ့သည်။ ထို့နောက် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြင်သစ်လီဂူးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    ပီအက်စ်ဂျီမှတစ်ဆင့် ရီးယဲလ်သို့ ရောက်ရှိလာပြီးနောက် အန်ဆယ်လော့တီမှာ ၂၀၁၄ ခုနှစ်တွင် ရီးယဲလ်၏ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားပါအ၀င် ဖလား ၄ လုံးရရှိအောင် ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရီးယဲလ်မှာ မျှော်မှန်းထားသည့် အောင်မြင်မှုများ မရခဲ့ခြင်းကြောင့် အန်ဆယ်လော့တီမှာလည်း ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

    ယခုအချိန်တွင် အန်ဆယ်လော့တီမှာ လန်ဒန်ရှိ ၎င်း၏ အိမ်နှင့် ဗန်ကူးဗားတို့တွင် အနားယူလျက် ရှိနေသည်။

    Ref: Dailymail

  • ဒုက္ခသည်များ ခွဲဝေလက်ခံရေး ဥရောပနိုင်ငံများ သဘောတူ

    ဒုက္ခသည်များ ခွဲဝေလက်ခံရေး ဥရောပနိုင်ငံများ သဘောတူ

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    ref

    – ဥရောပသို့ ၀င်ရောက်လာကြသည့် ဒုက္ခသည်များနှင့် ပတ်သက်၍ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ဒုက္ခသည် ၁၂၀၀၀၀ ကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ ခွဲဝေလက်ခံကြရန်အတွက် ပြည်ထဲရေးဝန်ကြီးများက သဘောတူညီချက်တစ်ခု ရရှိခဲ့သည်ဟု သိရသည်။

    ဥရောပအရှေ့ပိုင်းနိုင်ငံများနှင့် အလယ်ပိုင်းနိုင်ငံအချို့က ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံး ဥရောပ၏ ဒုက္ခသည် ပြဿနာနှင့်ပတ်သက်၍ ဒုက္ခသည်များလက်ခံရန် ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသော်လည်း ယမန်နေ့က ဘရပ်ဆဲလ်၌ ပြုလုပ်ခဲ့သည့် ထိုအစည်းအဝေးတွင် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

    ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘာန်းနာ့ဒ် ကာဇီနျူဗီကမူ အဆိုပါ အစီအစဉ်ကို နိုင်ငံအများစုက လက်ခံအတည်ပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဥရောပက တာဝန်ယူဖို့၊ တိုးတက်အောင်ဆောင်ရွက်ဖို့အတွက် ဒီဆုံးဖြတ်ချက်က ပဋိဥာဏ်ပါပဲ”

    ဒုက္ခသည်များ မျှဝေလက်ခံရေး အစီအစဉ်ကို ဟန်ဂေရီ၊ ချက်၊ ရိုမေးနီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံများက ကန့်ကွက်မဲပေးခဲ့ကြပြီး ဖင်လန်နိုင်ငံက ကြားနေခဲ့သည်။

    အဆိုပါ သဘောတူညီချက်အရ ဥရောပဒေသတွင်းရှိ နိုင်ငံများမှာ အရှေ့အလယ်ပိုင်း၊ အာရှနှင့် အာဖရိကတို့မှ ထပ်မံရောက်ရှိလာသည့် ဒုက္ခသည် ထောင်နှင့်ချီ၍ လက်ခံရမည်ဖြစ်သည်။ အဆိုပါဒုက္ခသည်များမှာ လက်ရှိတွင် ဂရိနှင့် အီတလီနိုင်ငံများသို့ ရောက်ရှိနေသည်။

    ယနေ့တွင် ဥရောပ ခေါင်းဆောင်များမှာ ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပရန် ရှိနေပြီး ထိုအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးများ၏ သဘောတူညီချက်ကို အတည်ပြုရန်ရှိနေသည်။

    ထိုသဘောတူညီချက်တွင် ယခင်က ရောက်ရှိလာခဲ့သည့် ဒုက္ခသည် ၅၄၀၀၀ နှင့် ယခုလက်ရှိ အီတလီနှင့် ဂရိတို့တွင်ရှိနေသည့် ဒုက္ခသည် ၆၆၀၀၀ တို့ အကြုံးဝင်မည်ဖြစ်သည်။

    Ref: Aljazeera

  • ၉ မိနစ် ၅ ဂိုးဖြင့် စံချိန်သစ်များ တင်နိုင်ခဲ့သည့် လီဝန်ဒေါ့စကီး

    ၉ မိနစ် ၅ ဂိုးဖြင့် စံချိန်သစ်များ တင်နိုင်ခဲ့သည့် လီဝန်ဒေါ့စကီး

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    lewan

    – ယခုတစ်ပတ် ၀ုလ်ဖ်ဘာ့ဂ်အသင်းနှင့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ့စကီးမှာ ၉ မိနစ်အတွင်း ၅ ဂိုးသွင်းကာ စံချိန်သစ် ၃ ခုကို တင်နိုင်ခဲ့သည်ဟု သိရသည်။

    ဘွန်ဒစ်လီဂါ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်မှာ ယမန်နှစ်က ဒုတိယရခဲ့သည့် ၀ုလ်ဖ်ဘာ့ဂ်အသင်းအား ပထမပိုင်းတွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်း၌ နည်းပြ ဂွာဒီယိုလာမှာ သီယာဂို အလ် ကန်တာရာအစား ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးကို ထည့်သွင်းခဲ့သည်။

    လူစားဝင်ရောက်လာပြီး ၆ မိနစ်အကြာ ၅၁ မိနစ်မှာပင် လီဝန်ဒေါ့စကီးအမှာ အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ပြီး ထိုနောက်ပိုင်း ၈ မိနစ်အတွင်းတွင် ထပ်မံ၍ လေးဂိုးဆက် သွင်းယူပေးနိုင်ခဲ့သည်။

    ဟက်ထရစ်သွင်းဂိုးကို လေးမိနစ်တာအချိန်အတွင်း သွင်းယူနိုင်ခဲ့သည့် ၎င်းမှာ ဘွန်ဒစ်လီဂါ သမိုင်းတစ်လျှောက်တွင် အမြန်ဆုံး ဟက်ထရစ်သွင်းယူနိုင်သည့် စံချိန်ကို ရရှိခဲ့သည်။ လက်ရှိစံချိန်ရှင်မှာ ဒူစ်ဘာ့ဂ်အသင်းမှ မီခေးလ် တိုအန်နီးစ်ဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် ၆ မိနစ်ဖြင့် ဟက်ထရစ် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ တိုအန်နီးစ်ကလည်း လီဝန်ဒေါ့စကီး၏ ဟက်ထရစ်စံချိန်သစ် တင်နိုင်မှုကို ထိုက်တန်သည်ဟု ပြောကြားခဲ့သည်။

    တစ်ပွဲထဲတွင် ဂိုး ၅ ဂိုးကို အမြန်ဆုံး သွင်းယူနိုင်သည့် လီဝန်ဒေါ့စကီး၏ စံချိန်မှာ ကမ္ဘာ့စံချိန်ဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်က ၀ီဂန်အသင်းအား စပါးမှ ၉ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် တိုက်စစ်မှူး ဒီဖိုး ၅ ဂိုးသွင်းယူခဲ့သည့် ကြာချိန်ထက် ၄ ဆခန့် ပိုမိုမြန်ဆန်နေသည်။

    ထို့ပြင် လီဝန်ဒေါ့စကီးမှာ ဘွန်ဒစ်လီဂါ၌ တစ်ပွဲထဲတွင် ၅ ဂိုး သွင်းယူနိုင်ခဲ့သည့် ပထမဆုံး လူစားဝင်ကစားသမားလည်း ဖြစ်ခဲ့သည်။

    “ကျွန်တော် အရမ်း ကျေနပ်မိပါတယ်။ ရူးသွားနိုင်လောက်တဲ့ မိနစ်တွေပါပဲ။ ၅ ဂိုး သွင်းနိုင်တာက မယုံကြည်နိုင်စရာပါပဲ။ ကျွန်တော် အရမ်းပျော်ပါတယ်” ဟု လီဝန်ဒေါ့စကီးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    နည်းပြဂွါဒီယိုလာကလည်း ၎င်း၏ တိုက်စစ်မှူးကို ချီးကျူးပြောဆိုခဲ့သည်။

    “နောက်ထပ်တွေ့ရတော့မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘောလုံးဆိုတာ တစ်ခါတစ်ရံမှာ ရူးနှမ်းလောက်ပါတယ်”

    ဒေါ့မွန်တိုက်စစ်မှူးဟောင်း လီဝန်ဒေါ့စကီးမှာ ၁၉၈၄ ခုနှစ်နောက်ပိုင်း ဘိုင်ယန်မြူးနစ်အတွက် ပထမဆုံး ၅ ဂိုးသွင်းနိုင်သည့် ကစားသမားလည်း ဖြစ်လာခဲ့သည်။

    Ref: Dailymail