News @ M-Media

Blog

  • မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၁)

    မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၁)

    စက်တင်ဘာ ၂၂ ၊ ၂၀၁၅
    M-Media
    အဘာဘီးလ် ပေးပို့သည်။
    .10931366_1916007115290132_8801336087888511394_n
    စက်တင်ဘာလ ၂၂ ရက် တွင် ဟဂ်ျကျင့်စဉ် ပထမရက်အဖြစ် ဟာဂျီလောင်းများ မီနာစခန်းတွင် စခန်းချ တည်းခိုနေကြပြီ ဖြစ်ပါတယ်။
    .
    မီနာတွင် စခန်းချစဉ်တွင် အာရေဗျသဲကန္တာရ ရဲ့ ပူပြင်းသော အပူရှိန်ကို အံတုရင်း အချိန်နှင့် စုပေါင်းဝတ်ပြုခြင်း ကိုယ်စီ ကုရ်အာန်ကျမ်း ရွတ်ဖတ်သရဇ္ဇယ်ခြင်း ကိုးကွယ်ရာအရှင်ကို တမ်းတသတိရခြင်း ဆုမွန်တောင်းခံခြင်းနှင့် တမန်တော်မြတ် မုဟမ္မဒ်သခင်ကို မေတ္တာပို့ခြင်းတို့ကို ကျင့်ကြံလျက်ရှိကြပါတယ်။
    .
    ကမ္ဘာနေရာ အနှံ့မှ မွတ်စလင်မ်များ ဟဂ်ျကျင့်စဉ် အတွက် လာရောက်ကြရာ မြန်မာပြည်မှ မြန်မာ မွတ်စလင်မ်များလည်း ထောင်ချီပါဝင်ကြပါတယ်။
    .
    မင်းတုန်းမင်းကြီး မက္ကာမြို့တွင် ဆောက်လုပ် လှူဒါန်းခဲ့သော ဒေါင်းဇရပ် ကောင်းမှုတော်ကို အကြောင်းခံ၍ ဆော်ဒီအစိုးရ ကူညီမှုဖြင့် ရသော မြန်မာအစိုးရ ကိုယ်တာ ဟာဂျီလောင်း ၂၈၀ တို့ဟာ စခန်းအမှတ် (၁၀) တွင် တည်းခိုလျက် ဟဂ်ျ ကျင့်စဉ်ကို ကျင့်ကြံရင်း မြန်မာပြည်ကြီး ငြိမ်းချမ်းရေး တိုးတက်ရေးတို့ အတွက်ပါ ဆုမွန်တောင်းပေးလျက်ရှိကြပါတယ်။

    12049410_691967207606293_8750174851738042491_n

    11045481_1916007398623437_877459559443280370_n 12004080_1916007155290128_8713314693995315216_n 12006109_1916007288623448_1027473778913862560_n

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၂၊ ၂၀၁၅)

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    ဘာကီနာဖာဆိုတွင် အာဏာသိမ်းတပ်ဖွဲ့ကို စစ်တပ်က ချေမှုန်းတော့မည်
    …………………………………….
    ဘာကီနာဖာဆိုတွင် အာဏာသိမ်း သမ္မတအထူးအစောင့်တပ်ဖွဲ့က အရပ်သား ကြားဖြတ်အစိုးရအား အာဏာပြန်လွှဲရေးနှင့် လက်နက်ချရေး သတ်မှတ်ထားသည့် အချိန်အတိုင်းအတာ ကုန်ဆုံးပြီးနောက် ကြားဖြတ်အစိုးရအား သစ္စာခံသည့် စစ်တပ်က သမ္မတအိမ်တော်နားရှိ အဆိုပါ အထူးအစောင့်တပ်ဖွဲ့ တည်ရှိရာ ကမ့်နာဘာ စစ်အခြေစိုက်စခန်းအား တိုက်ခိုက်သွားမည်ဟု ပြောကြားလိုက်သည်။

    အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် ဂီလ်ဘာ့တ် ဒီယန်ဒီရီမှာ အာဏာလွှဲပြောင်းပေးရေး လွန်ခဲ့သည့်ရက်ပိုင်းက သဘောတူခဲ့သော်လည်း လက်နက်ချရန် နောက်ဆုံး သတ်မှတ်ချိန်ဖြစ်သော ဒေသစံတော်ချိန် ယနေ့နံနက် ၁၀နာရီကျော်သည်အထိ အကောင်အထည်ဖော်ခြင်းမရှိဘဲ ၎င်းသာလျှင် အုပ်ချုပ်ရေးကို ဆက်လက်တာဝန်ယူနေသည်ဟု ပြောကြားခဲ့သည်။ ကြားဖြတ်အစိုးရ ခေါင်းဆောင်ကလည်း သမ္မတအထူးအစောင့်တပ်ဖွဲ့ကို ဖျက်သိမ်းကြောင်း ယနေ့တွင် ကြေငြာခဲ့သည်။

    ယီမင်တွင် အစိုးရနှင့် သူပုန်များ အကျဉ်းသားလဲလှယ်
    …………………………………….
    ယီမင်ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့နှစ်ဖွဲ့မှာ ယနေ့တွင် နိုင်ငံတောင်းပိုင်း၌ အကျဉ်းသားများအား အပြန်အလှန် လွှဲပြောင်းပေးခဲ့ပြီး၊ ထိုအဖြစ်အပျက်ကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက စောင့်ကြည့်ခဲ့ကြသည်။ ဟူသီသူပုန်များကမူ ဒေသတွင်း ပြည်သူ့စစ် ၆၉ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အစိုးရက သူပုန် ၇၄ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

    ယူကရိန်းရေတပ်ကို နေတိုးအဖွဲ့က ပြန်လည်ဖွဲ့စည်းပေးမည်
    ……………………………………….
    နိုင်ငံအရှေ့ပိုင်းတွင် ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံမှ ရေတပ်ကို ပြန်လည်ဖွဲ့စည်းရေး ကူညီရန်အတွက် နေတိုးက အဆင်သင့်ရှိနေသည်ဟု ယူကရိန်းသို့ ရောက်ရှိနေသော အဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂျန်စ် စတိုလ်တန်ဘာ့ဂ်က ယနေ့တွင် ပြောကြားလိုက်သည်။ နေတိုးအဖွဲ့နှင့် ယူကရိန်းတို့မှာ ကြီးကြပ်ကွပ်ကဲရေး၊ လော့ဂျစ်ပိုင်း၊ ဆိုက်ဘာလုံခြုံရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသည်။

    Ref: News Agencies

  • နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းရန် မြန်မာကို တရုတ်တိုက်တွန်း

    နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းရန် မြန်မာကို တရုတ်တိုက်တွန်း

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    china

    – မိမိတို့နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသအား တည်ငြိမ်အောင် ထိန်းသိမ်းရန်အတွက် တရုတ် ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံအား တိုက်တွန်း ပြောကြားခဲ့သည်ဟု တရုတ်ကာကွယ်ရေး ၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

    မြန်မာနိုင်ငံမှာ သမိုင်းဝင်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလတွင် ကျင်းပရန် ရှိနေပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားသည် အာဏာရ ပြည်ထောာင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ၂၀၁၁ ခုနှစ် အာဏာရယူပြီးကတည်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအစိုးရမှာ စစ်တပ်အုပ်ချုပ်ရေးခေတ်ကာလက ကြီးထွားလာခဲ့သည့် တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုမှုကို လျှော့ချရန် ဆောင်ရွက်ခဲ့ကြသည်။

    တရုတ်နိုင်ငံကလည်း အမေရိကန်မှ ပိတ်ဆို့မှုအချို့အား ရုပ်သိမ်းခြင်း၊ အရပ်သားတစ်ပိုင်း မြန်မာအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို သတိထား စောင့်ကြည့်လာခဲ့သည်။ တရုတ်နိုင်ငံမှာ NLD ကဲ့သို့ အခြားသော နိုင်ငံရေးပါတီများနှင့် ဆက်သွယ်ဆောင်ရွက်ရန်လည်း စိတ်အား ထက်သန်နေသည်။

    တရုတ် ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကူအန်က စစ်ဘက်ဆိုင်ရာဆွေးနွေးမှုများအတွက် ဘေဂျင်းသို့ ရောက်ရှိနေသည့် ဒုတိယကာကွယ်ရေး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စိုးဝင်းကို နယ်စပ်ဒေသများ တည်ငြိမ်အောင် ထိန်းသိမ်းရေး မိမိတို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    နှစ်နိုင်ငံနယ်စပ်တွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားတရုတ်လူမျိုးများ၏ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ တို့အကြား ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးမှာ အနည်းငယ် အေးစက်ခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွင်း ဗုံးဆံများနှင့် လမ်းကြောင်းလွဲလာသော အမြှောက်ဆံများမှာ တရုတ်နိုင်ငံ ပိုင်နက်အတွင်းသို့ ကျရောက်ခဲ့ပြီး တရုတ်ပြည်သူများ သေဆုံးခဲ့ရပြီးနောက် ဘေဂျင်းအစိုးရက ဒေါသထွက်ခဲ့သည်။

    “ပြည်တွင်းနိုင်ငံရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံက တိုးမြှင့်လုပ်ဆောင်နေတာ၊ ရေရှည်ခံတဲ့ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိဖို့ သတ်မှတ်ထားတဲ့အစီအစဉ်အတိုင်း ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပတာတွေကို တရုတ်နိုင်ငံက ထောက်ခံအားပေးပါတယ်” ဟု ချန်က ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ပြီး အစိုးရအပြောင်းအလဲက မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေအားလျပ်စစ်စီမံကိန်းများအား ထိခိုက်လာနိုင်မည်ကိုလည်း တရုတ်နိုင်ငံက စိုးရိမ်နေသည်။

    ပြီးခဲ့သည့်ဇွန်လက တရုတ်သမ္မတ ဇီဂျင်ပင်းမှာ မြန်မာနိုင်ငံတွင် မည်သည့် နိုင်ငံရေးပြောင်းလဲမှုမျိုး ဖြစ်လာသည်ဖြစ်စေ နှစ်နိုင်ငံဆက်ဆံရေးတွင် ခိုင်မြဲပြီး အပြုသဘောဆောင်မှု အခြေအနေကို မြန်မာနိုင်ငံက ထိန်းသိမ်းမည်ဟု မျှော်လင့်ကြောင်း ဘေဂျင်းသို့သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ဒုက္ခသည်များကို မက်ဆီဒိုးနီးယားရဲတပ်ဖွဲ့ အကြမ်းဖက်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော

    ဒုက္ခသည်များကို မက်ဆီဒိုးနီးယားရဲတပ်ဖွဲ့ အကြမ်းဖက်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    mec

    – ဥရောပမြောက်ပိုင်းသို့ သွားရောက်ရန်အတွက် မက်ဆီဒိုးနီးယားနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များကို ရဲတပ်ဖွဲ့က အကြမ်းဖက်မှုများနှင့် ဆိုးရွားသည့် ဆက်ဆံမှုများ ရှိခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါအစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မက်ဆီဒိုးနီးယား အာဏာပိုင်များမှာ ဂရိနယ်စပ်တွင် ဒုက္ခသည်များအား ကိုထိလက်ရောက် ရိုက်ပုတ်ခြင်းနှင့် နှုတ်ဖြင့် စော်ကားခြင်းများ ပြုလုပ်ခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။

    ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ ဂါဇီ ဘာဘာရှိ ထိန်းသိမ်ရေးစခန်းတွင် ရဲတပ်ဖွဲ့ဝင်များမှာ ဒုက္ခသည်များအား ဆိုးရွားစွာ ဆက်ဆံခဲ့ပြီး၊ ထိုလုပ်ရပ်များအတွက် တာဝန်ရှိသူများကို အာဏာပိုင်များက အရေးယူရန် ပျက်ကွက်ခဲ့သည်ဟုလည်း HRW က ပြောကြားခဲ့သည်။

    “ခိုလှုံလာသူတွေ၊ ပြောင်းရွှေ့အခြေချလာသူနဲ့ပတ်သက်ပြီး မက်ဆီဒိုးနီးယား ရဲတပ်ဖွဲ့ဟာ ပြဿနာရှိနေတယ်လို့ ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်” ဟု HRW မှ အီမီနာ စီရီမိုဗစ်က ပြောကြားခဲ့သည်။

    ထိုအစီရင်ခံစာတွင် မက်ဆီဒိုးနီးယားသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များမှာ ရဲတပ်ဖွဲ့ဝင်များ လိုင်းစီ၍ နံပါတ်တုတ်ဖြင့် ကျောကုန်း၊ ပုခုံးနှင့် ခေါင်းများကို ရိုက်နှက်မှုများအကြား ပြေးခဲ့ရသည်ဟု ဖော်ပြထားသည်။

    မက်ဆီဒိုးနီးယားမှာ ဥရောပမြောက်ပိုင်းနိုင်ငံများသို့ သွားရောက်လိုသည့် ဒုက္ခသည်မျာအတွက် အဓိက ကျသည့် ခရီးတစ်ထောက် ပြောင်းလဲရာ နေရာဖြစ်သည်။

    Ref: Aljazeera

  • လန်ဒန်ဒါဘီ အဖြစ်အပျက်အတွက် ဒီယေဂိုကော်စတာနှင့် ဂါဘရီယဲလ်တို့ တရားစွဲဆိုခံရ

    လန်ဒန်ဒါဘီ အဖြစ်အပျက်အတွက် ဒီယေဂိုကော်စတာနှင့် ဂါဘရီယဲလ်တို့ တရားစွဲဆိုခံရ

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    chel

    – ပြီးခဲ့သည့် စနေနေ့က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားခဲ့သည့် ချယ်ဆီးနှင့် အာဆင်နယ်တို့၏ လန်ဒန်ဒါဘီပွဲ အဖြစ်အပျက်အတွက် ဒီယေဂိုကော်စတာနှင့် ဂါဘရီယဲလ်တို့ကို FA က တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ထိုပွဲ၏ ပထမပိုင်းတွင် ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ အာဆင်နယ်နောက်ခံလူ ကွန်စီယဲလ်နီ၏ မျက်နှာကို ရိုက်ခဲ့ပြီးနောက် စကားများခဲ့ကာ ဂါဘရီယဲလ်က ၀င်ရောက် ဖြန်ဖြေခဲ့သည်။

    သို့သော်လည်း ဒီယေဂိုကော်စမှာ ဂါဘရီယဲလ်နှင့် ထပ်မံ အချင်းများခဲ့ပြီး ဂါဘရီယဲလ်က ၎င်း၏ ခြေထောက်ကို နောက်ပြန် နင်းခဲ့သောကြောင့် အနီကဒ်ပြ အထုတ်ခံခဲ့ရသည်။ ကော်စတာမှာ နောက်ပိုင်းတွင် ချိန်ဘာလိန်၊ ကွန်စီယဲလ်နီတို့နှင့် ထပ်မံ၍ ပြဿနာတက်ခဲ့သည်။

    ၎င်း၏ လုပ်ရပ်အတွက် ဒီယေဂိုကော်စတာမှာ ဝေဖန်မှုများ ခံခဲ့ရပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကလည်း တရားစွဲဆိုခဲ့ကာ စက်တင်ဘာ ၂၂ ရက်နေ့ (ယနေ့) ညနေ ၆ နာရီ နောက်ဆုံးထား၍ ရင်ဆိုင်ရမည်ဖြစ်သည်။

    ထိုပွဲတွင် အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရသည့် အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ်မှာလည်း တရားစွဲဆိုခြင်း ခံထားရသည်။ ထို့ပြင် ချယ်ဆီးနှင့် အာဆင်နယ် ၂ သင်းစလုံးကို ကစားသမားများအား ထိန်းသိမ်းနိုင်မှု မရှိခြင်းကြောင့် FA က ထပ်မံတရားစွဲဆိုထားသည်။

    Ref: Goal